အခန်း (၅၃၇)
Vol. 39 Ch. 537
အုံး အုံး အုံး...
တိုက်ကွက်နှစ်ခု၏ တွေ့ဆုံမှုတွင် နှစ်ဖက်စလုံး လှိုင်းလုံးကဲ့သို့ သက်ရောက်မှုဖြင့် ပေါက်ကွဲဆူညံကုန်၏။
လေပြင်းမုန်တိုင်းများ အဆက်မပြတ်တိုက်ခိုက်ကာ နေနှင့်လသည် လင်းရောင်ခြည်ကို ယာယီဆုံးရှုံးလိုက်ရပြီး ထျန်းယွမ်ပြည်နယ် တစ်ခုလုံးသည် အသက်ရှူကြပ်စေသည့် ဖိအားဖြင့် လွှမ်းမိုးဖိချခံလိုက်ရသည်။
သွေးအရှင်၏ ထိုးနှက်လိုက်သော လက်တစ်ဖက်မှ လက်မောင်းပေါ်ရှိ အသားများသည် ပြင်းပြင်းထန်ထန် လှုပ်ခါနေကာ အသားစများပင် အဆက်မပြတ်ကွာကျကုန်သည်။ အသွေးအသားတို့မှာ ပင့်ကူပိုးအိမ်မှ ပိုးချည်မျှင်ကို ဆွဲထုတ်လိုက်သကဲ့သို့ ခေါင်းတလားတွင်းနက်ထဲသို့သာ အဆက်မပြတ်စီးဝင်ကုန်ကြ၏။
“အား!”
ပြင်းထန်သည့်နာကျင်မှုကို သည်းခံနေရသော်ပြီး သွေးအလူးလူးဒဏ်ရာများ ရထားသော်ငြား သွေးအရှင်သည် ကြောက်ရွံ့မှု မခံစားရ။ ထိုအစား လမ်းဆုံးသို့လျှောက်ဖို့ ဆုံးဖြတ်လိုက်သည့် အရူးတစ်ယောက်၏အားမာန်ဖြင့် တက်ကြွလျက်ရှိ၏။
“ငါ နာကျင်ပင်ပန်းခံပြီး တည်ဆောက်ထားရတဲ့ ဒီမသေမျိုး ခန္ဓာကိုယ်က မင်းလွယ်လွယ်အလဲထိုးနိုင်မယ့်အရာမျိုး မဟုတ်ဘူး"
သွေးအရှင်၏ မျက်လုံးများမှ အနီရောင်အလင်းတန်းများ စူးထွက်လာကာ ကောင်းကင်ကိုတုန်လှုပ်စေသည့် ဟစ်အော်သံကို အရူးအမူး ထုတ်လွှတ်သည်။
ထိုစဥ် ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်သည်။ သူ့ကိုယ်ပေါ်တွင် လျော့နည်းသွားသည့် အသားများသည် လျင်မြန်စွာ ပြန်လည် ကြီးထွားလာပြီး ပကတိအတိုင်း ပြန်လည်ပြည့်တင်းသွားခြင်းပင်။
အုံး!
ခပ်အုပ်အုပ်ပေါက်ကွဲသံမှာ နားအူလောက်စရာပင်။
ကောင်းကင်သင်္ချိုင်း ခေါင်းတလား၏ ခုခံမှုအားသည် ချက်ချင်း ပြင်းထန်လာပြီး ဖိနှိပ်ခံရသည့် လက္ခဏာများပင် ပြသလာသည်။
“ဒီ ခေါင်းတလားကို မင်းအတွက်မင်းပဲ သိမ်းထားလိုက်တော့!”
သွေးအရှင်သည် ရှုံ့မဲ့နေသောမျက်နှာဖြင့် နောက်ဆုံးသော လက်သီးချက်ကို အားရှိသမျှဖြင့် ထုတ်လွှတ်သည်။
ကောင်းကင်သင်္ချိုင်း ခေါင်းတလားမှာ အတင်းအကျပ် ရိုက်ချခံရပြီး ၎င်း၏ တောက်ပသည့် အရောင်အဆင်းသည်လည်း မှေးမှိန်သွားရ၏။
“အိုးဟိုး!”
ယဲ့ကျွင်းလင် မျက်ခုံးပင့်သည်။
မသေမျိုးဘုရင် အထွတ်အထိပ်အဆင့် မသေမျိုးမှော်ရတနာပင် ဒီဘီလူးကို ဖိနှိပ်နိုင်တော့ဟန်မတူ။
သွေးအရှင်သည် သူ၏ ကြီးမားသော အရွယ်အစားနှင့် အားကောင်းသည့် ကိုယ်တိုင် ကုသနိုင်စွမ်းကြောင့် ကောင်းကင်သင်္ချိုင်း ခေါင်းတလားမှ ဖျက်ဆီးမှုကို တောင့်ခံနိုင်ခြင်းဖြစ်၏။
သာမန် အထွတ်အထိပ် မသေမျိုးဘုရင်တစ်ပါးသာ ဖြစ်ခဲ့ပါက ကောင်းကင်သင်္ချိုင်း ခေါင်းတလားထဲသို့ မဆိုင်းမတွ စုပ်ယူခံရပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်နှစ်ပါးစလုံး မလွဲမသွေ ဖျက်ဆီးခံရပေမည်။
လက်ရှိ သွေးအရှင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေပြီဟုသာ ဆိုနိုင်၏။
မသေမျိုးဧကရာဇ်တစ်ပါးဖြစ်ပင် သတ်မှတ်လို့ရလောက်သည့် အနေအထားဖြစ်သည်။
“ထာဝရသွေးမျိုးနွယ်စုက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်…” စန်းလန်ကျွင်းသည် ထုံကျဥ်နေသောဦးရေပြားဖြင့် ကြက်သီးတဖြန်းဖြန်းထလျက် ရေရွတ်သည်။
တစ်ချိန်က စကြဝဠာ တစ်လွှားတွင် ကိုင်တွယ်ရန် အခက်ခဲဆုံးဟု လူသိများခဲ့သည့် ကြယ်တာရာ မျိုးနွယ်စုတစ်ခုအနေဖြင့် မျှော်လင့်ထားခဲ့သည့်အတိုင်း ပြည့်ဝလွန်းပါပေ၏။
“သွားပြီ၊ အကြီးအကဲယဲ့ ရှုံးရင် အလယ်ပိုင်းဒေသ တစ်ခုလုံး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရတော့မယ်!” လင်တုရှိုက စိုးရိမ်တကြီး ပြောသည်။
ကျိပါရှောင်က စိတ်လွတ်သွားဟန်ဖြင့် သူ့ဆံပင်သူ အရူးအမူးဆွဲကာ သွေးရူးသွေးတန်းအော်သည်။ “ငါ မယုံဘူး၊ အကြီးအကဲယဲ့က မရှုံးနိုင်ဘူး! သူ ရှုံးမှာ မဟုတ်ဘူး!”။
ချင်ရူရန်ကတော့ မျက်ခုံးများကို တင်းကျပ်စွာတွန့်ချိုးလျက်။
သူမ၏ မှတ်ဉာဏ်ထဲရှိ အချက်အလက်များနှင့် ကိုက်ညီစွာပင် သွေးအရှင် ပြသသွားသည့် ကြန်အင်လက္ခဏာ အားလုံးသည် တစ်ဖက်လူမှာ ထာဝရသွေးမျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။ ဤတိုက်ပွဲတွင်သာ မရှုံးနိမ့်ခဲ့ပါက ထိုသူသည် နောင်တွင် ကြီးမြတ်သည့် မသေမျိုးသူတော်စင်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် အသေအချာပင်။
ထိုသို့သော ပုဂ္ဂိုလ်သည် သူ့ထက် ကျင့်ကြံဆင့်မြင့်သည့် စွမ်းအားရှင်များကိုပါ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်စုစွမ်းရည်ဖြင့် ပေါင်းစပ်လိုက်သည့်အခါ အကြီးအကဲယဲ့တော့ ဒီတစ်ခေါက် အကျပ်ရိုက်ရပေဦးမည်။
“ငါက ခုထိ အရမ်း အားနည်းနေသေးတယ်။ ကျင့်ကြံဆင့်သာ ဒီ့ထက်ပိုမြင့်မယ်ဆို ဝင်ကူနိုင်လောက်မှာကို"
ထို့နောက် သူမ၏အကြည့်သည် သွယ်လျဖြောင့်မတ်သည့် ပုံရိပ်ထံဆိုက်ရောက်ကာ မလှုပ်မယှက် ငေးမောမိသွားခဲ့၏။
ထူးဆန်းသည်။
မရှုံးနိမ့်နိုင်သော စွမ်းအားနှင့် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သွေးအရှင်ကို ရင်ဆိုင်နေရသည့်အချိန်တွင်ပင် ထိုလူက အေးဆေးတည်ငြိမ်လျက်သားရှိ၏။ ဘာကြောင့်များပါလဲ?
ချင်ရူရန်၏ အမြင်တွင် ယဲ့ကျွင်းလင်သည် ထိတ်လန့်မှု သို့မဟုတ် အနည်းဆုံးတော့ ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူကို ရင်ဆိုင်နေရသည့် အလေးအနက်အမူအရာလောက်တော့ ပြသသင့်သည်ဟု ထင်မှတ်ထားခဲ့သည်။
သို့တိုင် တစ်ဖက်လူမျာ ပေါ့ပေါ့ပါးပါးပင် ခပ်မတ်မတ်ရပ်လျက်ရှိ၏။
သူ့ဆီမှာ လျှို့ဝှက်လက်နက်တစ်ခုခုများ ရှိနေသေးတာလား?
ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သည့် ပုံရိပ်လေးကို ငုံ့ကြည့်ရင်း သွေးအရှင်သည် လက်တုံ့ပြန်နိုင်တော့မည့် စိတ်ကျေနပ်မှုအား တစ်ဝကြီးခံစားလိုက်ရသည်။
သူ အရင်က ရိုက်နှက်ခံရပြီး ‘ဖေဖေ’ ခေါ်ခဲ့ရသည့် အရှက်တရားကို ဒီနေ့ အပြည့်အဝ ပြန်လည်ပေးဆပ်မည်။
“သေလိုက်!”
သွေးအရှင်သည် ကြောက်မက်ဖွယ်အပြုံးဖြင့် ခြေကိုမြှောက်ပြီး ယဲ့ကျွင်းလင်ကို ပြင်းပြင်းထန်ထန် နင်းချသည်။ ခြေအောက်တွင် ကြေမွသွားစေရန် ရည်ရွယ်ချက်ဖြင့်။
ထို ကြီးမားသည့် ခြေရာသည် ကောင်းကင်ကို ဖုံးလွှမ်းတော့မတတ် ကျယ်ပြန့်ကာ ရေတွက်မရနိုင်သည့် သင်္ကေစာလုံးများ ယှက်နွယ်ပြီး ရစ်ပတ်နေသည်။ လေဟာနယ်သည် လမ်းတစ်လျှောက်လုံး တဝုန်းဝုန်းလဲပြိုကာ ဘေးသို့ ဆုတ်ဆိုင်းရှောင်တိမ်းပေးလိုက်ရ၏။
အဆုံးမရှိသည့် ဖိနှိပ်မှု ခံစားချက်က လူအများကို လွှမ်းခြုံရစ်သိုင်းကာ မဟာပထဝီမြေကြီးသည်ပင် တောင့်မခံနိုင်တော့ဟန် ပြိုကျကြေမွကုန်သည်။
“မြန်မြန်၊ ဆုတ်ခွာကြ!”
လူတိုင်း ထိတ်လန့်တကြားဖြင့် တိုက်ပွဲ၏ဗဟိုမှ ဝေးရာသို့ အသည်းအသန်ရွှေ့ပြောင်းကုန်ကြ၏။
ခေါင်းပေါ်မှ ခြေဖဝါးကြီး လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားလာရသည့်အခါ ယဲ့ကျွင်းလင်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့။
“စနစ်၊ ငါ့ဆုလာဘက်ကို မင်းခိုးထားတာများလား?"
“တင်၊ အောင်မြင်စွာဆိုင်းအင်လုပ်နိုင်တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ နဝမအဆင့် မသေမျိုးစွမ်းအားကို ဆုချလိုက်ပါပြီရှင့်!” စနစ်၏ အကြောင်းကြားသံက ချက်ချင်းမြည်ဟည်းလာသည်။
ဝုန်း!
နောက်တစ်စက္ကန့်တွင် ယဲ့ကျွင်းလင်၏ ကိုယ်ထဲမှ မသေမျိုးစွမ်းအားသည် ကန်ထဲမှငါး နဂါးအဖြစ်ပြောင်းလဲသကဲ့သို့ တရှိန်ထိုး မြင့်တက်လာတော့၏။
“ဟင်းဟင်းဟင်းဟင်းဟင်း...ဟာဟာဟားဟားးးဟားးဟားး..... ဟီးဟီးဟီးဟီးဟီးဟီး.... ဟားးးဟားးဟားးဟားးးဟားးဟားးဟားးးဟားးဟားးဟားးးဟားးဟားးဟားးးဟားးဟားး”
(တချက်တချက် အရူးထဖောက်တဲ့ ဇာတ်လိုက်အရူးကောင်ကို စာဖတ်သူပရိသတ်များ ခွင့်လွှတ်ပေးကြပါ)