← Chapters

ကောင်းကင်ကိုဆန့်ကျင်စိန်ခေါ်တဲ့ လက်သီး

Vol. 39 Ch. 538

ကောင်းကင်ကိုဆန့်ကျင်စိန်ခေါ်တဲ့ လက်သီး

Vol. 39 Ch. 538

နဝမအဆင့် မသေမျိုးစွမ်းအားကို ပိုင်ဆိုင်ရရှိထားသူမှာ မသေမျိုးစွမ်းအားရှင်များကြားထဲ သရဖူမတင်ရသေးသော ဘုရင်သာဖြစ်ပါသည်။ အင်အားအကြီးဆုံးဟု တရားဝင်သတ်မှတ်ထားခြင်းမရှိပါသော်ငြား အားလုံး၏စိတ်ထဲတွင် အလိုလိုသိနားလည်ထားသော အထွဋ်အထိပ်စွမ်းအားရှင်တစ်ပါးဖြစ်ပေသည်။

မသေမျိုးဧကရာဇ် အများစုပင် သူတို့၏ တာအိုဘဝတစ်လျှောက်လုံးတွင် သတ္တမအဆင့် မသေမျိုးစွမ်းအားကိုသာ ရရှိနိုင်ကြပြီး အချို့အနည်းစုလောက်ကသာ အဋ္ဌမအဆင့် မသေမျိုးစွမ်းအားသို့ ထိုးဖောက်တက်ရောက်နိုင်ပါသည်။

နဝမအဆင့်သို့ ရောက်ရှိခြင်းသည် ဖားတစ်ကောင်မှ တံခါးဘောင်ကိုခုန်ကျော်လိုက်ပြီး နဂါးအဖြစ် အသွင်ပြောင်းသွားခြင်းနှင့်မခြား။ အားနည်းချက်အားလုံးကို ဖုံးကွယ်ဖာထေးပေးနိုင်သော ထိပ်တန်း မသေမျိုးတစ်ဦး၏ သင်္ကေတဖြစ်သည်။

ယခုအချိန်တွင် ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်ထဲရှိ မသေမျိုးစွမ်းအား အားလုံးသည် နဝမအဆင့် အရည်အသွေးသို့ ပြောင်းလဲသွားလေရာ ထိုမသေမျိုးစွမ်းအား လက်တစ်ဆုပ်စာကပင် ယခင်က သူ၏ရှိရှိသမျှ စွမ်းအားတို့စုပေါင်းထားသည်ထက် ပိုမိုအင်အားကြီးသည်ဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ရပါချေ။

ကွာခြားချက်သည်ကား ကမ္ဘာတစ်ဆုံးမျှ။

“အား၊ ခံစားချက်က မိုက်လိုက်တာ~”

ယဲ့ကျွင်းလင်သည် ကျေကျေနပ်နပ်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ဤခံစားချက်သည် မသေမျိုးဘုရင်အဖြစ်သို့ အဆင့်တက်ခဲ့ရသည့်အချိန်ထက် များစွာ ပိုကောင်းမွန်နေသည်ပင်။

အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုရင် ဟူသည်မှာ အကြားသက်သက်တွင် ခန့်ညားထည်ဝါသော်လည်း ခွင်းလွင်ကမ္ဘာ၏ ခမ်းနားသော ရှေးဟောင်းခေတ်အချိန်ကာလတုန်းက မသေမျိုးဘုရင် အရေအတွက်ဆိုသည်မှာ ကောင်းကင်မှ ကြယ်များကဲ့သို့ ရေတွက်မကုန်နိုင်လောက်အောင် များပြားခဲ့သည်ဟူ၏။ သို့သော် နဝမအဆင့် မသေမျိုးစွမ်းအားသာ ဆိုလျှင်တော့ ခွင်းလွင်ကမ္ဘာ၏ ရှင်သန်တည်မြဲခဲ့သည့် သမိုင်းတစ်လျှောက်လုံးတွင် ၎င်းကို အောင်မြင်ခဲ့သူမှာ အလွန်နည်းပါးလှသည်။

“ဟဲဟဲ၊ အခုတော့ ကြောက်ရကောင်းမှန်းသိပြီလား?” ယဲ့ကျွင်းလင်ထံမှ လှုပ်ရှားမှုမရှိသည်ကို ခံစားမိသောအခါ သွေးအရှင်၏ အပြုံးသည် ပို၍ပင် အသက်ဝင်ရိုင်းစိုင်းလာပြီး သူ့မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့်ရှိ၏။

တုံ့ပြန်မှုမရှိတော့လည်း နင်းသတ်လိုက်ရုံသာ။

မျက်စိတစ်မှိတ်အတွင်းတွင်ပင်။

ယဲ့ကျွင်းလင်၏မျက်နှာ တစ်ဖန်မော့လာချိန်၌ ထိုသူ၏ မျက်စိသူငယ်အိမ်များသည် ရွှေရောင်တဖျတ်ဖျတ် တောက်ပနေပြီး နတ်ဘုရားတစ်ပါးကဲ့သို့အလား ထင်မှတ်မှားရစေသည်။

သူသည် ရှေးကျသော လက်ဝှေ့ကိုယ်ဟန်တစ်ခုကို ဦးစွာပြင်ဆင်လိုက်ပြီး နောက်ကျောဘက်တွင် ကျယ်ပြန့်ကာ အဆုံးမရှိသော ရွှေရောင်ရောင်ခြည်စက်ဝန်းတစ်ခု ပေါ်လာသည်။ ထိုရောင်ခြည်စက်ဝန်းသည် ဖြည်းဖြည်းမှန်မှန် လည်ပတ်နေပြီး အမျိုးမျိုးသော နက်နဲရှုပ်ထွေးသည့် သင်္ကေတများကိုလည်း ဖော်ပြလို့ထား၏။

ကြောက်မက်ဖွယ် အံ့သြဖွယ်ကောင်းသော အရှိန်အဝါသည် ပင်လယ်ကဲ့သို့ ကျယ်ပြန့်စွာမြင့်တက်လာသည်။

“ဒီကိုကြည့်… နဂါးပျံလက်သီး!!”

ယဲ့ကျွင်းလင်သည် စွမ်းအားကို စုစည်းပြီး သူ၏ လက်သီးကို အပေါ်သို့ ဝှေ့ယမ်းထိုးသွင်းလိုက်သော် ထိုးသတ်အားသည် ရွှေဝါရောင်နဂါး၏ ဒေါသမီးတောက်အဖြစ် ပြောင်းလဲကာ အရှေ့သို့ အဆီးအတားမရှိ ထိုးထွက်သွားတော့၏။

ဝုန်း ဝုန်း အုံး အုံး...

သွေးအရှင်၏ ဧရာမခြေထောက်ကြီးမှာ ကြီးမားသော စွမ်းအားလှိုင်းဖြင့် ချက်ချင်း ထိုးဖောက်ခံလိုက်ရပြီး တောင်ကဲ့သို့ အဆုံးမရှိသော ခြေဖဝါးတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားကာ တစ်လက်မ,မကျန် ပြိုကျပျက်စီးသွားရတော့သည်။

“ဘာ?!”

သွေးအရှင်၏ အပြုံးမျက်နှာမှာ တမုဟုတ်ချင်း အေးခဲသွားသည်။

ထို ကြောက်မက်ဖွယ် လက်သီးအားသည် ခြေဖဝါးမှတစ်ဆင့် ခြေသလုံးတစ်လျှောက် ပြေးတက်လာပြီး လမ်းတစ်လျှောက်မှ အသွေးအသားတစ်တို့ကို မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ဖျက်ဆီးပစ်နေသည်။

မကြာမီပင် သူ၏ ပေါင်တစ်ချောင်းလုံး ပျောက်ကွယ်သွားပြီး ခါးတစ်ဝက်လောက်ရောက်သည်အထိ တိုက်စားခံလိုက်ရတော့၏။

“အား အား အား အား!!!” သွေးအရှင်သည် နာကျင်စွာ အော်ဟစ်ပြီး ထိုထိုးသတ်အားထံမှလွတ်မြောက်ရန် သူ၏ အသားတောင်ပံများကို အသည်းအသန် ခတ်နေသည်။

သူ့အမြင်တွင် ထိုလက်သီးတစ်ချက်သည် ပင်လယ်အောက်ခြေတွင် အမြစ်တည်ထားသော ဝဲဂယက်တစ်ခုကဲ့သို့ဖြစ်ပြီး သူ၏ ထာဝရသွေးမျိုးနွယ်စု ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် တိုက်စားမျိုချနေသည်။ အရှိန်အဟုန်နှင့် စွမ်းအားမှာ သူ အရင်က ရင်ဆိုင်ခဲ့ရသော ကောင်းကင်သင်္ချိုင်း ခေါင်းတလား၏ စွမ်းအားထက် များစွာ သာလွန်နေလျက်ရှိ၏။

“မြတ်စွာဘုရား…”

အဝေးရှိ ပွဲကြည့်နေသော လူအုပ်မှာ ပါးစပ် အဟောင်းသားဖြင့် တုန်လှုပ်သွားကြသည်။

သူတို့၏ အမြင်တွင် ပေတစ်သန်းခန့် အမြင့်ရှိသော ကြောက်မက်ဖွယ် နတ်ဘီလူးခန္ဓာကိုယ်သည် ရွှေဝါရောင်တောက်ပေသော နဂါးကဲ့သို့ တွန့်လိမ်ရှည်လျားသည့် လက်သီးအားဖြင့် မဆုတ်မနစ် ဖျက်ဆီးခံလိုက်ရပြီး စက္ကန့်အနည်းငယ်အတွင်း ပေတစ်ထောင်အောက်သို့ ကျုံ့ဝင်သွားကာ ယခုအချိန်ထိ အရှိန်အဟုန်ဖြင့် ဆက်လက်လျော့ကျလျက်ရှိလေသည်။

“နေဦး၊ ဒီ မသေမျိုးစွမ်းအားလှိုင်းရဲ့ အရှိန်အဝါက…”

စန်းလန်ကျွင်းသည် ဦးစွာ ကြောင်အသွားရပြီး ထို့နောက် ပို၍ နီးနီးကပ်ကပ် ခံစားကြည့်လိုက်သောအခါ မျက်နှာအမူအရာတစ်ခုလုံး အပြင်းအထန် ပျက်ယွင်းသွားရလေ၏။ မျက်လုံးများသည် အပြင်သို့ ထွက်ကျလုနီးပါးပြူးထွက်ကာ ကြောက်ရွံ့စွာ သက်ပြင်းတစ်ချက်ရှိုက်လက် ဆိုသည်။

“နဝမအဆင့် မသေမျိုးစွမ်းအားလား?!”

အမှားအယွင်းမရှိ၊ ၎င်းသည် ဂန္တဝင် နဝမအဆင့် မသေမျိုးစွမ်းအား ဖြစ်သည်။

ကျောက်စိမ်းကဲ့သို့ လှပသွယ်လျသော ထိုပြိုင်ဘက်ကင်းပုံသဏ္ဌာန်ကို လှမ်းမျှော်ကြည့်လိုက်မိသောအခါ စန်းလန်ကျွင်း၏ နှလုံးသားထဲဝယ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားသည်။

လာနောက်နေတာလား?

မသေမျိုးဘုရင်တစ်ပါးက နဝမအဆင့် မသေမျိုးစွမ်းအားကို အသုံးပြုနိုင်တယ်ပေါ့?

ကောင်းကင်ကို ဆန့်ကျင်စိန်ခေါ်နေတာပဲမဟုတ်လား!!!

ခွင်းလွင်ကမ္ဘာ၏ ရှေးခေတ်အချိန်ကတည်းက တည်ရှိရှင်သန်လာသော အစွမ်းထက်ကျင့်ကြံသူတစ်ဦးအနေဖြင့် စန်းလန်ကျွင်းသည် နဝမအဆင့် မသေမျိုးစွမ်းအား၏ အရေးပါမှုအား ကောင်းကောင်းကြီးသဘောပေါက်ထားပါ၏။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံရေးလောက၏ ရိုးရာနားလည်မှုအရ မသေမျိုးဧကရာဇ် အများစုပင် သတ္တမ သို့မဟုတ် အဋ္ဌမအဆင့် မသေမျိုးစွမ်းအားကိုသာ ပိုင်ဆိုင်နိုင်ကြပြီး နဝမအဆင့် မသေမျိုးစွမ်းအားသို့ ကျင့်ကြံနိုင်သူမှာ အလွန်ရှားပါးသည်ပင်။

ထိုသို့ ကျင့်ကြံတက်ရောက်နိုင်သည့် တစ်ဦးချင်းစီတိုင်းကို ပြိုင်ဘက်ကင်းတည်ရှိမှု မသေမျိုးတာအို၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် စိန်ခေါ်တိုက်ခိုက်ခြင်းမပြုသင့်သော ပုဂ္ဂိုလ်များဟု သတ်မှတ်ရပေမည်။

ထို့ကြောင့် စန်းလန်ကျွင်း၏ အမြင်တွင် မသေမျိုးဧကရာဇ်တစ်ပါးဖြစ်မှသာ နဝမအဆင့် မသေမျိုးစွမ်းအားကို ရရှိရန် အခွင့်အရေးရှိနိုင်ပြီး ထိုအခွင့်အရေးသည်ပင် အလွန်နည်းပါးလှသေး၏။

သို့သော် မသေမျိုးဘုရင်တစ်ပါးက ထိုကန့်သတ်ချက်ကို ဖျက်ဖောက်‌အောင်နိုင်ခြင်းအား သူတစ်ခါမှ မတွေ့ဘူးချေ။

သမိုင်းဝယ် မှတ်တမ်းမရှိဘူး မတင်ဖူးသည့် အတွေ့အကြုံသစ်သာဖြစ်၏။

“ဆရာသခင်က သူ့စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာ ငါသိနေတယ်” ဟုန်ချန်ယဲ့က တွေ့နေမြင်နေကျကိစ္စတစ်ခုကို ပြောဆိုနေသလို အသာအယာခေါင်းညိတ်ရင်း မှတ်ချက်ပြုသည်။

“ဟူး ငါလည်း အကျင့်ရနေပါပြီကွာ"

လီဝူကျယ်ကလည်း ပခုံးတွန့်ပြလိုက်သည်။

အနီးကပ်တပည့်နှစ်ဦး၏ အလွန်ပုံမှန်ဆန်သော တုံ့ပြန်မှုများကို မြင်သောအခါ စန်းလန်ကျွင်း၏ နဖူးပေါ်တွင် အတွန့်အတက်များစွာဖြစ်ပေါ်လာသည်။

တဆိတ်လောက် ဘာတွေဖြစ်နေကြတာလဲ?

“ဟေ့နှစ်ယောက်၊ ဒါက နဝမအဆင့် မသေမျိုးစွမ်းအား! နဝမအဆင့် မသေမျိုးစွမ်းအားက ဘာကို ဆိုလိုတယ်ဆိုတာ မင်းတို့ သိရဲ့လား?”

စန်းလန်ကျွင်းက စိတ်လှုပ်ရှားစွာ အော်သည်။

"သိသားပဲ"

လီဝူကျယ်က ရိုးရိုးသားသားပြန်ဖြေသည်။ “ဒါက မသေမျိုးစွမ်းအား အရည်အသွေးက နဝမအဆင့် ဖြစ်တယ်ဆိုတာကို ဆိုလိုတာပဲလေ!”

စန်းလန်ကျွင်း: “…”

အဓိပ္ပာယ်မရှိတာ!

အဲ့လေသံကိုက ဘာမှနားမလည်တဲ့လေသံကွ!

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီကမ္ဘာပေါ်မှာ နဝမအဆင့် မသေမျိုးစွမ်းအား ပေါ်ပေါက်လာတာက ဘယ်လောက် အံ့မခန်းစရာ ကောင်းတယ်ဆိုတာ မင်းတို့ တကယ် မသိဘူး!” စန်းလန်ကျွင်းက ကျွဲပါးစောင်းတီးလုပ်ရပ်ကို ဆက်မလုပ်တော့ဖို့သာ ဆုံးဖြတ်လိုက်သည်။

“အဖိုးကြီး၊ လျှောက်အော်မနေနဲ့!”

ဟုန်ချန်ယဲ့က မျက်မှောင်ကြုတ်ပြီး ဆိုသည်။ “ကျုပ်တို့ဆရာသခင်ရဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် နဝမအဆင့် မသေမျိုးစွမ်းအား ရှိတာက ပုံမှန်ပဲမဟုတ်ဘူးလား? ဘာများ ထူးဆန်းနေလို့လဲ!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ နဝမအဆင့် မသေမျိုးစွမ်းအားလေးတင်ပဲကို၊ ဘာများအဲ့လောက်ထူးဆန်းနေလို့လဲ? ဒါများ လောကကြီးကို တစ်ခါမှမမြင်မတွေ့ဖူးတဲ့ ဆယ်ကျော်သက်လေးလို စိတ်တွေလှုပ်ရှားနေသေးတယ်!” လီဝူကျယ်က ခပ်မဲ့မဲ့ရွဲ့သည်။

စန်းလန်ကျွင်း တွေဝေသွားသည်။

ထို မထီမဲ့မြင် ချေပချက်နှစ်ခုက သူကိုယ်တိုင်၏ သိနားလည်မှုကိုပင် ပြန်လည်သံသယဝင်သွားစေ၏။

နဝမအဆင့် မသေမျိုးစွမ်းအား... လေးတင်ပဲ တဲ့လား?!

ငါတို့ တကယ်ပဲ ကမ္ဘာတစ်ခုတည်းမှာ အသက်ရှင်နေကြတာဟုတ်ရဲ့လား?

ဒီခေတ်မှာ ဂန္တဝင် နဝမအဆင့် မသေမျိုးစွမ်းအားအဆင့်ကို ပုံမှန်လိုပဲသတ်မှတ်ခံနေရပြီလား?

စန်းလန်ကျွင်းတစ်ယောက် အတွေးများစွာဖြင့်ရှုပ်ထွေးနေစဥ် တိုက်ပွဲအခြေအနေကတော့ ကြီးကြီးမားမား ပြောင်းလဲနေခဲ့လေပြီ။

ထို ပေတစ်သန်း အမြင့်ရှိသော ထာဝရသွေးမျိုးနွယ်စု ခန္ဓာကိုယ်သည် လေပူဖောင်းလေးပေါက်သွားသလို ဖောက်ခနဲပျောက်ကွယ်သွားခဲ့သည်။

တည်ရှိခဲ့ဖူးသော အမှတ်အသားဟူ၍ အသား‌တောင်ပံများကို ရိုက်ခတ်ရာမှထွက်ပေါ်လာသော လေအဟုန်နှင့် သွေးနံ့ညှီညှီသာ ဝေ့ဝဲကျန်ရစ်ခဲ့ရရှာ၏။

ယခုအချိန်တွင် သနားစရာ သွေးအရှင်ခမျာ မည်မျှထိတ်လန့်တုန်လှုပ်နေရသည်ကို ဖော်ပြရန် ကမ္ဘာပေါ်ရှိ လုံလောက်သောဘာသာစကား မရှိခဲ့ပါချေ။

ယဲ့ကျွင်းလင်၏ လက်သီးတစ်ချက်သည် သူတစ်သက်လုံးစာ နာကျင်ပင်ပန်းစွာ ကျင့်ကြံထားသည့် ဘုရင်အဆင့် ထာဝရသွေးမျိုးနွယ်စု ခန္ဓာကိုယ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်လေသည်။

အချိန်မီသတိဝင်ပြီး စွမ်းအားအလုံးစုံကို အသုံးပြုကာ ရုန်းကန်ထွက်ပြေးခဲ့ခြင်းကြောင့် ဆံချည်မျှင်မျှစာ သီသီလေးလွဲချော်ကာ လွတ်မြောက်လာခဲ့ခြင်းဖြစ်၏။ ထိုလက်သီးအားမှာ သူ့ကိုအသေသတ်နိုင်သော အခြေအနေတွင် ရှိနေသည်ပင်။

“ဘာလို့၊ ဘာလို့ ဒီလိုတွေဖြစ်ရတာလဲ?”

သွေးအရှင်၏ မျက်နှာသွင်ပြင်မှာ ထိတ်လန့်မှုအပြည့်ဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေသည်။ ရရှိခဲ့သော ဒဏ်ရာများ တဖြည်းဖြည်း ပျောက်ကင်းနေသော်လည်း သူ၏ စိတ်ဝိညာဉ်ထိခိုက်မှုမှာတော့ ပြန်လည် ကောင်းမွန်လာမည် မဟုတ်ချေ။

ယနေ့သည် သူ့ဘဝတစ်လျှောက်လုံး၏ အကြီးမားဆုံးသော အိပ်မက်ဆိုးသာပင်။

ဘုရင်အဆင့် ထာဝရသွေးမျိုးနွယ်စု ခန္ဓာကိုယ်အား အသုံးပြုတိုက်ခိုက်ပါလျှင် သူ၏ ပျမ်းမျှခွန်အားသည် ထိပ်တန်း မသေမျိုးဧကရာဇ်များနှင့် နှိုင်းယှဉ်နိုင်ပြီး ဤကမ္ဘာတွင် မည်သည့်အင်အားနှင့်မျှ ဖြေရှင်းဖယ်ရှားလို့မရနိုင်သော တည်ရှိမှုတစ်ခုသာဖြစ်၏။

သို့သော် ရန်သူ၏လက်သီးတစ်ချက်တည်းဖြင့် လေဖြင့်အမှုတ်ခံလိုက်ရသော ဝါဂွမ်းလေးလို့ အစအနမကျန် လွင့်ထွက်သွားရလေပြီ။

တစ်နည်းပြောရလျှင် အစွမ်းထက် မသေမျိုးဧကရာဇ်တစ်ပါး ချက်ချင်းဆင်းသက်လာပြီး သူ့ဘက်က အားလာဖြည့်လျှင်တောင် ခုနက လက်သီးတစ်ချက်စာဖြင့် သေဆုံးသွားလိမ့်မည်။

“ဟင်?”

ယဲ့ကျွင်းလင်လည်း မျက်မှောင်ကြုတ်သည်။

သူသည် ခန္ဓာကိုယ်ထဲရှိ နဝမအဆင့် မသေမျိုးစွမ်းအား အားလုံးကို စုစည်းပြီး ထိုထာဝရသွေးမျိုးနွယ်စုအား တစ်ကြိမ်တည်းဖြင့် ဖြေရှင်းရန် ရည်ရွယ်ထားခဲ့ခြင်းပင်။

မမျှော်လင့်ဘဲ လက်သီးကို ထုတ်လွှတ်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ နဝမအဆင့် မသေမျိုးစွမ်းအား၏ ဆယ်ပုံတစ်ပုံကိုသာ အနိုင်နိုင်ထုတ်လွှတ်နိုင်ပြီး မည်မျှပင် ကြိုးစားစေကာမူ ကျန်စွမ်းအားများမှာ ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးကဲ့သို့ ဆွဲတင်လို့ လုံးဝမရနိုင်ခဲ့။

ဘာလို့လဲ?

ယဲ့ကျွင်းလင် မကြုံစဖူး အလွန်စိတ်ရှုပ်သွားရသည်။

ထို့ကြောင့် စနစ်ကို ချက်ချင်းမေးမြန်းလိုက်ရာ စနစ်က မဆိုင်းမတွ တုံ့ပြန်ဖြေကြားခဲ့သည်။

【တင်၊ ဘာလို့လဲဆိုတော့ ပိုင်ရှင်ရဲ့ မသေမျိုးစွမ်းအား အရည်အသွေးက အလွန်မြင့်မားလွန်းတဲ့အတွက် လက်ရှိ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အပြည့်အဝ လည်ပတ်နိုင်စွမ်းမရှိလို့ပါ။ ပိုပြီးမြင့်မားတဲ့ ကျင့်ကြံဆင့်ကို တက်ရောက်နိုင်မှသာ နဝမအဆင့် မသေမျိုးစွမ်းအားကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်မှာပါရှင်!】

ယဲ့ကျွင်းလင် သဘောပေါက်သွားသည်။

သူ၏ ယခင်မသေမျိုး စွမ်းအားသည် လက်ရှိအနေအထားနှင့်ယှဥ်လျှင် သဲမှုန်သဲစမျှသာဖြစ်သောကြောင့် အားအနည်းငယ်မျှသုံးရုံဖြင့်ဖြင့် အသက်သွင်းနိုင်သည်။ သို့သော် ယခုအခါ သူ၏ မသေမျိုး စွမ်းအားသည် တန်နှင့်ချီလေးလံသော ကျောက်တုံးကြီးကဲ့သို့ဖြစ်လေရာ လက်ရှိကျင့်ကြံဆင့်၏ တတ်နိုင်စွမ်းဖြင့် ကျောက်တုံးအပဲ့အစလေးတစ်ခုမျှကိုသာ ထုတ်ယူနိုင်ခဲ့ခြင်းဖြစ်၏။

ထိုသို့ပင် ဖြစ်လင့်ကစား နဝမအဆင့် မသေမျိုးစွမ်းအား၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော သဘောသဘာဝကို ပြသရန် လုံလောက်သည်။

ထိုစွမ်းအား၏ ဆယ်ပုံတစ်ပုံကိုသာ အသုံးပြု၍ သူတော်စင်လက်သီးနှင့် ပေါင်းစပ်တိုက်ခိုက်ခြင်းဖြင့်ပင် တစ်ဖက်ရန်သူကို ကောင်းကောင်းကြီးအထိနာစေခဲ့ပြီးပြီ။

သူသာ ၎င်းကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်ပါက ယဲ့ကျွင်းလင်သည် မသေမျိုး သူတော်စင်တစ်ပါးကိုပင် လက်သီးတစ်ချက်တည်းဖြင့် အသေသတ်နိုင်လောက်မည်လားဟု ခံစားမိရ၏။

All Chapters