← Chapters

ဓားတစ်ချက်ဖြင့်

Vol. 39 Ch. 539

ဓားတစ်ချက်ဖြင့်

Vol. 39 Ch. 539

ဤအချိန်တွင် သွေးအရှင်သည် ထိတ်လန့်တုန်လှုပ်မှုဖြင့် စတင်လွှမ်းမိုးခံလာရပြီး အစတုန်းက အသေခံ တိုက်ခိုက်မည့် စိတ်ဓာတ်လည်း လုံးဝပျောက်ကွယ်သွားသည်။

သူ၏ ယုံကြည်မှုအားလုံးသည် ပထမဆုံး လက်သီးတစ်ချက်ဖြင့် ပျက်စီးသွားရလေပြီ။

၎င်းသည် စွမ်းအားသက်သက်ဖြင့် ချေမှုန်းခံရခြင်းဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် သတ္တိကိုပါ သိမ်ငယ်လိုက်စေသည့် တိုက်စစ်သာဖြစ်၏။

“ပြေး!”

သူ၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ လက်ခနဲ ပေါ်လာသည်။

သွေးအရှင်သည် အံတင်းတင်းကြိတ်ပြီး သူ၏ ကိုယ်ထဲရှိ အနှစ်သာရသွေးအမြစ်ကို အရူးအမူး လောင်ကျွမ်းစေလိုက်သည်။ မီးမြှိုက်ထားသော တိမ်ထုကဲ့သို့ အခိုးအငွေ့များ ချက်ချင်းထကြွလာကာ လူတစ်ကိုယ်လုံးက သွေးနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲလျက် ဝေးလံရာသို့ အသည်းအသန် ဦးတည်ပျံသန်းသည်။

ထုတ်သုံးလိုက်သော အရှိန်နှုန်းမှာ မသေမျိုးဧကရာဇ် လက်သစ်တစ်ပါးနှင့် ညီမျှ၏။

အကယ်၍ အရင်ကယဲ့ကျွင်းလင်နှင့်သာ ဆိုပါက သူ့အသက်ကလေးတော့ ကံကောင်းထောက်မစွာ လွတ်မြောက်သွားနိုင်သည်။ သို့သော် ကံမကောင်းစွာဖြင့် လက်ရှိ ယဲ့ကျွင်းလင်မှာ မတူတော့ပါ။ နဝမအဆင့် မသေမျိုးစွမ်းအား၏ လောင်စာဖြင့် သူ ထုတ်ဖော်လိုက်သည့် ကျင့်စဥ်များ၏ စွမ်းအားကပါ တစ်ပါတည်းတိုးမြင့်လာသည်။

“မင်းကပဲ ပိုမြန်မလား၊ ဒါမှမဟုတ် ငါ့ဓားကပဲ ပိုမြန်မလားဆိုတာ သိချင်စမ်းတယ်!”

ယဲ့ကျွင်းလင်က ခပ်တိုးတိုးရေရွတ်ရင်း လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ပုံဖော်လိုက်သည်။

ဝှစ်!

ရွှေရောင်တောက်ပသော ဓားပျံသည် ရေကူးနေသော နဂါးကဲ့သို့ လေချွန်သံရွှီခနဲဖြင့် ထွက်ခွာသွားသည်။ လေကိုတိုးတိုက်သွားသော တရွှီရွှီအသံကအစ ထက်ရှလှသဖြင့် ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်မြည်ဟီးလို့သွားတော့၏။

ပင်လယ်ကဲ့သို့ ကျယ်ပြန့်သော အရှိန်အဝါသည် ပတ်ပတ်လည်မှ ဖိအားပေးလာပြီး လေဟာနယ်တစ်လျှောက်လုံးတွင် ဖြစ်ပေါ်လာသော လှိုင်းတွန့်လှိုင်းခတ်များမှာ ဓားပျံ၏ဖြတ်တောက်အားကို သည်းမခံနိုင်ဟန်ပင်။

ရေတွက်မရနိုင်သော အံ့ဩတကြီး အကြည့်များအောက်တွင် ထို တောက်ပသော ရွှေရောင်ဓားအလင်းတန်းသည် ကောင်းကင်ယံထက် လွှားခနဲ ပျံသန်းသွားပြီး ပါးစပ်ဖွင့်ကာ ဟိန်းဟောက်ကြွေးကြော်နေသည့် ရွှေရောင်နတ်နဂါးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ထင်မှတ်ရစေသည်။

“မကောင်းတော့ဘူး!”

ဝေးရာသို့ ထွက်ပြေးရန် ကြိုးပမ်းနေသော သွေးအရှင်သည် ဖြစ်ဖြစ်မြောက်မြောက် မလှုပ်ရှားရသေးမီပင် ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ဦးရေပြားပင် ပေါက်ကွဲလုနီးပါး လန့်ဖျပ်သွားသည်။ အနောက်မှ သေမင်းက ထပ်ကြပ်မကွာလိုက်လာသကဲ့သို့ လှည့်ကြည့်ရန် မဝံ့ရဲဘဲ တောင်ပံများကိုသာ အသည်းအသန် ခတ်ကာ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားသည်။ တစ်ချက်တုံ့ဆိုင်းမိလျှင်ပင် လည်ပင်းကိုပိုင်းဖြတ်ခံလိုက်ရတော့မည့်အလား ခံစားရ၏။

အနောက်မှ ကြီးမားသော အကြောက်တရားသည်ကား မညှာမတာ လျင်မြန်စွာ ချဉ်းကပ်လာပြီး အငြှိုးကြီးသော တစ္ဆေသရဲကဲ့သို့ ကပ်ပါလာသည်။ သူ ပျံသန်းရာ လမ်းကြောင်းကို မည်မျှအခါခါပြောင်းပါစေ၊ သူ၏ ပုံရိပ်မှာ ထိုဓားပျံ၏စက်ကွင်းအောက်ဝယ် ခြံခတ်ခံထားရသကဲ့သို့ မလွတ်မြောက်နိုင်အောင်ရှိ၏။

“မလာပါနဲ့! ငါ့နား မကပ်ပါနဲ့!”

သွေးအရှင်၏ စိတ်အစဥ်သည် ဘုန်းဘုန်းပြိုလဲသွားကာ ဣန္ဒြေပင်မဆယ်နိုင်တော့ဘဲ အသံနက်ဖြင့် အော်ဟစ်သည်။ သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော စိတ်ပျက်အားလျော့မှုကို မြင်နိုင်မည်ဖြစ်ပြီး နှလုံးသားမှာ သေမင်း၏လက်ဖဝါးဖြင့် ဆွဲဆုပ်နှုတ်ယူခံလိုက်ရသည့်အလား။

ဝုန်း!

နောက်ဆုံးတွင် ထို တောက်ပသော ရွှေရောင်ဓားချီသည် သူ၏ ခန္ဓာကိုယ်ကို တည့်တည့်ထိမှန်ပြီး တိုင်တစ်ခုဖြင့် ရိုက်သွင်းလိုက်သည့်အလား ထိုးဖောက်ဝင်ရောက်သွားတော့၏။

ကောင်းကင်တွင် မျက်စိ ကျိန်းစရာ အလင်းပေါက်ကွဲမှုတစ်ခု ပွင့်ထွက်လာပြီး ပြိုကွဲကြေမွနေသော ပုံရိပ်တစ်ခုအား ခပ်ဝါးဝါးမြင်တွေ့နိုင်ပေသည်။

သွေးအရှင်သည် အသည်းအသန် ရုန်းကန်ရန် ကြိုးစားနေပါသော်ငြား နောက်ဆုံးတွင် သူ၏ ကိုယ်တိုင် ကုသနိုင်စွမ်းသည် ပျက်စီးခြင်း၏ အရှိန်ကို မမီနိုင်သည်အား သိလိုက်ရ၏။ သူသည် စိတ်ပျက်လက်ပျက်နှင့် နာကျင်စွာ ညည်းတွားအော်ဟစ်မိတော့သည်။

“အား အား အား အား…”

အော်သံများသည် မယုံနိုင်လောက်အောင် ကျယ်လောင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။

ဆယ်စက္ကန့်ကျော်မျှ ကြာပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း ပြန်လည်ကြည်လင်လာပြီး ရွှေရောင် မသေမျိုးဓားတစ်ချောင်းသာ ဇောက်ထိုးချိတ်ဆွဲထားလျက်ကျန်ရှိကာ ထုတ်သုံးထားသောစွမ်းအားတို့၏ လက်ကျန်အငွေ့အသက်များ ရစ်ဝဲလျက်ရှိသည်။

သွေးအရှင်မှာမူ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။

ဖုန်မှုန့် တစ်စပင် မကျန်ရစ်ခဲ့တော့။

တိတ်ဆိတ်ခြင်း။

သေလောက်အောင် တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေခဲ့သည်။

ရေတွက်မရနိုင်သော ကျင့်ကြံသူများသည် အစအနမကျန်သော လေဟာနယ်ကိုသာ ပါးစပ်အဟောင်းသားဖြင့် တွေဝေစွာ စိုက်ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် မျက်ဝါးထင်ထင်မြင်ခဲ့ရသော အံ့မခန်းမြင်ကွင်းကို ပြန်လည်‌အောက်မေ့လျက် နှလုံးသားအား ပြန်လည်ငြိမ်သက်စေဖို့ အနိုင်နိုင်ကြိုးစားနေခဲ့ရသည်။

“ဒီလိုပဲ သေသွားရောလား?"

စန်းလန်ကျွင်းသည် တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး တုန်တုန်ရီရီဆိုသည်။

သေဆုံးသူမှာ သန့်စင်သော မျိုးရိုးရှိသည့် ထာဝရသွေးမျိုးနွယ်စု ဖြစ်သည်။

ထို့အပြင် ပေါင်းစည်းထားသော အထွတ်အထိပ် မသေမျိုးဘုရင် အဆင့်ကျင့်စဥ်၊ မျိုးနွယ်စု၏ ပြန်လည်ကုသနိုင်စွမ်း အရည်အချင်းတို့ဖြင့်၊ ထိုသို့သောလူကို အနိုင်တိုက်နိုင်ခဲ့လျှင်တောင် ထွက်ပြေးလွတ်မြောက်မှုအား မည်သည့်မသေမျိုးကမှ တားဆီးနိုင်မည်မဟုတ်။

ထွက်ပြေးနေစဉ် တိုက်ခိုက်ခံရရင်တောင် ဒဏ်ရာများကို လျှင်မြန်စွာပျောက်ကင်းစေနိုင်သော အစွမ်းအစဖြင့် အသက်တစ်ချောင်းကိုတော့ အမြဲထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

သို့သော် ဓား တစ်ချက်တည်းဖြင့် ဒီလိုပဲ ချက်ချင်း သေဆုံးသွားသည်တဲ့လေ?!

ဘယ်လောက်တောင် အဓိပ္ပာယ် မရှိလိုက်သလဲ…

လေတိုးသံ ဝှစ်ခနဲ မြည်လာပြီး ဓားပျံသည် ဦးတည်ရာကိုလှည့်ကာ သူ၏ မူလလမ်းကြောင်းအတိုင်း သခင်ဖြစ်သူဆီသို့ နာခံစွာ ပြန်လာသည်။

“သိမ်း!”

ယဲ့ကျွင်းလင်၏ အင်္ကျီလက်ဖျားစ လေတိုးပုံကပင် အလွန်ကျော့ရှင်းခမ်းနားနေခဲ့သည်။

ကြက်တစ်ကောင်ကို သတ်လိုက်သည်နှင့် ဘာမှမခြားသော အမူအရာမျိုးပင်။

“ကောင်းကင်ဧကရာဇ်ယဲ့၏ နတ်ဘုရားတန်ခိုးသည် ပြိုင်ဘက်ကင်းသည်၊ သူ၏ မသေမျိုး စွမ်းအားသည် အဆုံး မရှိ!”

All Chapters