← Chapters

အခန်း (၅၄၀)

Vol. 39 Ch. 540

အခန်း (၅၄၀)

Vol. 39 Ch. 540

ကျိပါရှောင်သည် နတ်ဘုရားကို ကိုးကွယ်ဆည်းကပ်သကဲ့သို့ ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ မျက်နှာနီနီဖြင့် စိတ်လှုပ်ရှားစွာကြုံးအော်သည်။

သူ၏ နှလုံးသားထဲတွင် ထိုလူငယ်သည် မရှုံးနိမ့်နိုင်သော တည်ရှိမှုသာဖြစ်သည်။

“သူ့စွမ်းအား ဒီလောက် ပြင်းထန်နေတာ ဖြစ်သင့်ရဲ့လား?”

လင်တုရှို တီးတိုးရေရွတ်မိသည်။

ရုတ်တရက် ရွှယ်ထျန်းသူတော်စင်နယ်မြေတွင် လျို့ချင်းမင် ပြောခဲ့ဖူးသော အကြောင်းအရာများစွာကို သူပြန်လည်သတိရမိသည်။

ဓား တစ်ချက်တည်းဖြင့် မသေမျိုး သန်းတစ်ရာကို သတ်ဖြတ်ခြင်း၊ လျှပ်စီးဘေးဒဏ်များကို မောင်းထုတ်ခြင်း၊ အမှောင်မျိုးနွယ်များ၏ ပုန်ကန်ထကြွမှုကို နှိမ်နင်းခြင်း စသည်ဖြင့် အကြောင်းအရာများ။

လင်တုရှို အရင်က မယုံခဲ့ပါ။

သို့သော် ယခုအခါ ထိုစကားများမှာလည်း ဖြစ်နိုင်ချေ အလွန်ရှိသည်ဟု ရုတ်တရက် ခံစားမိ၏။

“ကောင်းကင်ဧကရာဇ်ယဲ့…” အနိုင်ယူဖို့ရာ မဖြစ်နိုင်သော ပုံသဏ္ဌာန်ကို ကြည့်ရင်း လင်တုရှို၏ နှလုံးသားသည် ဆတ်ခနဲတုန်ယင်ကာ ပုံဝတ္ထုဟုသာသတ်မှတ်ထားခဲ့သော ဇာတ်လမ်းများကို ယုံကြည်စပြုလာသည်။

ထိုသို့သော အစွမ်းထက်သည့် နောက်ခံသမိုင်းကြောင်းမျိုး ရှိမှသာ ထိုပုဂ္ဂိုလ်သည် မသေမျိုးဘုရင် အဆင့်တွင် ဤမျှ ပုံမှန်မဟုတ်သော ခွန်အားကို ပိုင်ဆိုင်ထားနိုင်ချေရှိမည်။ တစ်ခြားအကြောင်းရင်းကို တွေးလို့ပင်မရပါချေ။

“ဒါက လုံးဝ မယုံနိုင်စရာပါပဲ…”

ချင်ရူရန်သည် တွေဝေစွာ စိုက်ကြည့်နေရင်း ဖော်ပြလို့မတတ်နိုင်စွာ ရင်တလှပ်လှပ်တုန်နေမိသည်။

သူမ၏ ကနဦး အတွေးများအရ ယဲ့ကျွင်းလင်၏ တိုက်ရည်ခိုက်ရည် မည်မျှအထိ ပြင်းထန်အားကောင်းနေပါစေ၊ ထာဝရသွေးမျိုးနွယ်၏ သခင်အဆင့်ရှိသော သွေးမျိုးဆက် အစစ်အမှန် ထူးချွန်သူကို ရင်ဆိုင်ရာတွင် ခက်ခဲပြီး ပြင်းထန်သော တိုက်ပွဲတစ်ကြောအား ဖြတ်သန်းရလိမ့်ဦးမည်ဟု ခန့်မှန်းထားခဲ့သည်။ နောက်ဆုံးတွင် အနိုင်ရလျှင်တောင် လက်မတင်ကလေးသာ ဖြစ်ပေမည်။

အမှန်တကယ်တွင် တိုက်ပွဲသည် မိနစ်ပိုင်းအတွင်း အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး အစမှအဆုံးအထိ တစ်ဖက်သတ်ချေမှုန်းခြင်းသာဖြစ်ရာ အနိုင်အရှုံးကို သံသယဖြစ်စရာတစိုးတစိပင် မရှိလေခဲ့။

ယှဥ်စရာမဟုတ် ဟုပင် ဆိုနိုင်သည်။

“ဟမ့်၊ မြင်လား? ပြိုင်ဘက်က ဘယ်လောက်ပဲ သန်မာပါစေ၊ ငါ့ ဆရာသခင်ရဲ့ မျက်လုံးထဲမှာတော့ အကုန် အမှိုက်တွေချည်းပဲ!” လီဝူကျယ်က မာနကြီးစွာ ကြွားဝါသည်။

မသိရင် သူနိုင်သွားတဲ့အတိုင်းပဲ။

“ဆရာသခင်ရဲ့ ခွန်အားက သိသိသာသာ ပို အားကောင်းလာပြန်ပြီလို့ ခံစားရတယ်၊ သူ့ရဲ့ မူလစွမ်းအားက တဖြည်းဖြည်း ပြန်နိုးထလာပြီလား…” ဟုန်ချန်ယဲ့ တိတ်တဆိတ် တွေးတောမိသည်။

သွေးအရှင်၏ ညက်ညက်ကျေချေမှုန်းခံရခြင်းကို သူ အံ့ဩခြင်း မရှိပါ။ ဖြစ်သင့်ဖြစ်ထိုက်သည့်အရာ ဖြစ်သွားလေပြီဟုသာ ခံစားရသည်။

ဤပုဂ္ဂိုလ် လှုပ်ရှားလိုက်သည်နှင့် အနိုင်မှလွဲ အခြားအရာမရှိ။

ကောင်းကင်ဧကရာဇ်ယဲ့ ပါတဲ့လေ!

“နောက်ဆုံးတော့ ဖြေရှင်းပြီးပြီ” ယဲ့ကျွင်းလင်က ရယ်ရယ်မောမော ဆိုသည်။

နဝမအဆင့် မသေမျိုးစွမ်းအား + မရှုံးနိမ့်နိုင်သော ဓား နှလုံးသား + ထိပ်တန်း မသေမျိုးဘုရင်အဆင့် လက်နက် + မသေမျိုးနှိမ်နင်း ဓားရေးပညာ၊ ဤအစွမ်းအစ အစုံအလင်ကို ပေါင်းစပ်ထုတ်ဖော်လိုက်သည့် ဖျက်ဆီးနိုင်စွမ်းသည် လက်ရှိ ခွင်းလွင်ကမ္ဘာတွင် တစ်ချက်နှိပ်ရုံဖြင့် ဘာကြီးမဆို အပြတ်ရှင်းနိုင်လောက်သည့် လျှို့ဝှက်လက်နက်သာဖြစ်၏။

မသေမျိုးဘုရင်ပင်မက၊ မသေမျိုးဧကရာဇ် အများစုပင် ထိုဓားချက်ဖြင့် ထိမှန်ပါက ပျက်စီးမှုမှတစ်ပါး အခြားမရှိ။

သွေးအရှင်တွင် ခိုင်မာသော အသက်စွမ်းအင် ရှိနေသော်လည်း ထိုသို့သော ဖျက်ဆီးနိုင်စွမ်း အောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်သည်လည်း အလျင်မမီနိုင်စွာ ပျောက်ကွယ်သွားမည်ဖြစ်ကာ ရှင်သန်ရန် ဖြစ်နိုင်ချေမရှိပါ။

(ပြန်ကောင်းတဲ့နှုန်းက ပျက်စီးတဲ့နှုန်းကို လိုက်မမီတော့တာပေါ့)

တစ်ချိန်တည်းမှာပင်။

မူလက ထျန်းယွမ်ပြည်နယ်သို့ အချောင်အမြတ်ထုတ်ရန် ဝင်ရောက်လာခဲ့သော စစ်ထူယန်သည် မိုးကြိုး ပစ်ခံရသကဲ့သို့ ကြက်သေသေသွားကာ ပြူးကျယ်ဝိုင်းစက်သောမျက်လုံးများဖြင့် တိုက်ပွဲနေရာအား စိုက်ကြည့်နေခဲ့မိသည်။

အဘယ်ကြောင့်ဆိုသော် ခုနကမှ အဝေးတစ်နေရာက သူခံစားခဲ့ရသော သွေးအရှင်၏ အရှိန်အဝါသည် တံမြက်စည်းဖြင့် လှည်းထုတ်ခံလိုက်ရသော ဖုန်မှုန့်များလို ရုတ်တရက် ပျောက်ကွယ်သွားသည်အားသိမြင်ခံစားလိုက်ရ၍ပင်။

လှုပ်ရှားခဲ့သူမှာ သူ၏ မမြင်ချင်မှအဆုံး ရင်းနှီးကျွမ်းဝင်နေသော ရန်သူကြီးဖြစ်သည်။

“သခင်လေး၊ အဲဒီ ထာဝရသွေးမျိုးနွယ်စုက ရှင်နိုင်တော့မယ်မထင်ဘူး…” တာပူသည် ခြောက်သွေ့နေသောလည်ချောင်းဖြင့် အသံတုန်တုန်ကို မနည်းညှစ်ထုတ်ပြောလိုက်ရသည်။

“ဆုတ်!”

စစ်ထူယန်သည် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချပြီး နောက်လှည့်ပြေးသည်။

ထို ထာဝရသွေးမျိုးနွယ်စုသည် အလွန်အင်မတန် အားကောင်းသော်လည်း တစ်ဖက်လူက ထိုသတ္တဝါကို ဤမျှသပ်သပ်ရပ်ရပ်လေး ဖြေရှင်းနိုင်ခဲ့သည်။ ဝတ်ရုံစပင် သွေးတစ်စက်မစွန်းခဲ့။ သူသာ မတော်တဆ သူ၏ တည်နေရာကို ဖော်ထုတ်မိပါက အသက်ရှင်နိုင်ရန် လမ်းရှိတော့မည်မဟုတ်။

“ကောင်းကင်ဧကရာဇ်ယဲ့လိုလူကိုတော့ အမိန့်လက်စွပ်ကို အသုံးပြုပြီး ကျင့်ကြံဆင့်ဖယ်ရှားမှသာ သတ်နိုင်တော့မယ်ထင်တယ်!”

“ဒါကလွဲလို့ တခြားနည်းလမ်း မရှိဘူး!”**

စစ်ထူယန်၏ မျက်လုံးများမှာ မရေရာမှုဖြင့် မှေးမှိန်နေပြီး မျက်နှာအရောင်သည်လည်း ညိုမည်းပုပ်သိုးနေခဲ့သည်။

အကျိုးအမြတ်အရနိုင်ဆုံးအချိန်ကို စိတ်ရှည်ရှည်ထား၍ စောင့်ဆိုင်းရမည်။

သွေးအရှင်၏ အရှိန်အဝါ ပျောက်ကွယ်သွားသည်နှင့်အမျှ အလယ်ပိုင်းဒေသ၏ မသေမျိုးဘုရင်အဆင့် ရှေးဟောင်းပုဂ္ဂိုလ်များ ပုန်းခိုနေထိုင်ရာ နေရာများတွင်လည်း အထိတ်တလန့်ဖြစ်နေကြရ၏။

ထို ထာဝရသွေးမျိုးနွယ်စုကို မည်သည့်တာအိုရောင်းရင်းက ဖယ်ရှားနိုင်ခဲ့ပါသနည်း?

ရွှယ်ထျန်း သူတော်စင်နယ်မြေ။

တားမြစ်နယ်မြေတွင် အဝါရောင် ဆံပင်ရှိသော အဘိုးအိုတစ်ဦးသည် အနက်နှင့် အဝါရောင်ရော တာအို ဝတ်ရုံကို ဝတ်ဆင်ကာ ရှေးကျသော ကြေးသရဖူကို ဆောင်းလျက် တရားထိုင်နေသည်။ သူ၏ နားရွက်များသည် လူပုံသဏ္ဌာန် မရှိဘဲ နှာခေါင်းသည်ပင် ခွေးနှာခေါင်းကဲ့သို့ လက္ခဏာများ ကျန်ရှိနေသေး၏။ ပို၍ နီးကပ်စွာ စစ်ဆေးကြည့်လျှင် တင်ပါးနောက်တွင် အဝါရောင်တောက်ပသော အမြီး တစ်ခုလည်း ရှိနေပြန်သည်။

သူ၏ ပုံစံအစစ်အမှန်မှာ ခွေးသာဖြစ်၏။

လက်ရှိတွင် အဝါရောင် ဆံပင်ရှိသော အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ သူ၏လက်ထဲရှိ မှန်ကို အလေးအနက်စိုက်ကြည့်နေသည်။ ထိုအထဲမှ ဖော်ပြနေသောမြင်ကွင်း၏ အခြေအနေကို လေ့လာနေပုံရသည်။

မှန်မှတစ်ဆင့် သူသည် ဓားတစ်ချက်တည်းဖြင့် သွေးအရှင် အသတ်ခံရသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ အဝါရောင် ဆံပင်ရှိသော အဘိုးအိုမှာ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်စွာ အသက်ရှူ ပင်ရပ်တန့်သွားသည်။

“လက်ရှိ မသေမျိုးဘုရင်တွေထဲမှာ ဘယ်သူက ဒီလို ခွန်အားမျိုး ပိုင်ဆိုင်ထားတာလဲ?”

မိမိ၏မျက်လုံးများကိုပင် သံသယဝင်မိသည်။

သူ၏ ကျယ်ပြန့်သော အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်နိုင်သော အသိဉာဏ်မျက်လုံးဖြင့် ထိုဓားချက်၏ စွမ်းအားသည် မည်မျှကြီးစိုးလွှမ်းမိုးနိုင်သည်ကို မှန်မှတစ်ဆင့်ပင် အကဲဖြတ်လို့ရနိုင်သည်။

မသေမျိုးဧကရာဇ် ကိုးဆယ့်ကိုး ရာခိုင်နှုန်းသည်ပင် ၎င်းကို ပိတ်ဆို့နိုင်မည် မဟုတ်!

သတိပြုရမည့်တစ်ချက်မှာ မသေမျိုးဧကရာဇ်နှင့် မသေမျိုးဘုရင်ကြားရှိ ကွာဟချက်သည် မသေမျိုးအရှင်သခင်နှင့် မသေမျိုးဘုရင် ကြားရှိ ကွာဟချက်ထက် များစွာ ပိုမိုကြီးမားသည်။

ဥပမာအားဖြင့် မသေမျိုးဘုရင်တစ်ပါးသည် နယ်မြေတစ်ခုကို အုပ်ချုပ်သည့် ပဒေသရာဇ်တစ်ပါး ဖြစ်ပါက၊ မသေမျိုးဧကရာဇ်သည် ထိုနယ်မြေအပေါင်းအား စုစည်းထားသော တိုင်းပြည်၏ ဧကရာဇ်နှင့် ညီမျှသည်။ သူတို့၏ အဆင့်အတန်း ကွာဟချက်သည် ကျော်လွှား၍မရသော ချောက်ကမ်းပါးတစ်ခုနှယ်။

သို့သော် တစ်ဖက်လူသည် မသေမျိုးဘုရင်အဆင့်သာ ရှိသော်လည်း မသေမျိုးဧကရာဇ် ကိုးဆယ့်ကိုး ရာခိုင်နှုန်းကို ချေမှုန်းသည့် စွမ်းအား,အား ပိုင်ဆိုင်ထား၏။

“ဧကရီဖူယောင်တောင် မသေမျိုးဘုရင် အဆင့်မှာ ရှိတုန်းက ဒီလောက် အစွမ်းမထက်ခဲ့ဖူးမလား?"

အဘိုးအို ခပ်တိုးတိုး ရေရွတ်မိသည်။

တစ်ချိန်က ခွင်းလွင်ကမ္ဘာကို အုပ်ချုပ်ခဲ့သည့် ပြိုင်ဘက်ကင်း လှပကျော့ရှင်းသော ပုံသဏ္ဌာန်ကို ပြန်လည်မြင်ယောင်မိသောအခါ အဘိုးအိုသည် နှလုံးသားကို ဓားထက်ထက်ဖြင့်ပိုင်းခံရသကဲ့သို့ နာကျင်စွာ မျက်ရည်ဝဲလာမိသည်။

“ဧကရီ…”

သူ အရင်က သစ္စာခံလိုက်ပါခဲ့သည့် ဆရာသခင်သည် ခွင်းလွင်ကမ္ဘာ၏ အပြင်ဘက်တွင် ပျက်သုဥ်းခဲ့ရပြီး မြေမြှုပ်သဂြိုဟ်ဖို့ရာ အရိုးပင်မကျန်ခဲ့သည်ကို တွေးမိသောအခါ အဘိုးအိုခမျာ ဝမ်းနည်းပမ်းနည်း ငိုကြွေးမိရတော့၏။

ဧကရီဖူယောင်သည် အံ့မခန်း ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါသော်ငြား၊ ခွင်းလွင်ကမ္ဘာ၏ အမြင့်ဆုံး ရာဇပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့ပါသော်ငြား၊ ကံမကောင်းစွာဖြင့် သူမသည် အစအနပင်မကျန်ရစ်ခဲ့စွာ ဇာတ်သိမ်းသွားခဲ့ရရှာသည်…

ထိုဖြစ်အင်ကို ပြန်လည်အောက်မေ့မိတိုင်း အဘိုးအို၏ရင်ထဲ နာကျင်စူးနင့်ရမြဲပင်။

ဆံပင်အဝါရောင်ရှိ အဘိုးအိုသည် ငိုကြွေးနေရာမှ တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာကာ မှန်ပြင်ထက် ပြန်လည်အကြည့်ပို့သည်။

“ဒီ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်က ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်သေးတယ်?”

ထို့နောက် မှန်၏ပုံရိပ်သည် ပြောင်းလဲသွားပြီး ယဲ့ကျွင်းလင်ပေါ်တွင် ရပ်တန့်သွားသည်။

လှပသော အနက်ရောင်ရွှေချည်ထိုး ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်ကို ကြည့်ရင်း အဘိုးအိုသည် မျက်မှောင်တင်းတင်းကြုတ်ကာ တီးတိုးရေရွတ်မိ၏။“ထူးဆန်းတယ်၊ တစ်ခါမှလည်း မမြင်ဖူးသူပါလား? ဒီနေ့ခေတ်ရဲ့ ကျင့်ကြံသူအသစ်များလား?"

ရုတ်တရက်။

မှန်ထဲရှိ ယဲ့ကျွင်းလင်သည် တစ်ခုခုကို ခံစားမိသကဲ့သို့ သူ့ထံတည့်တည့်စိုက်ကြည့်လာကာ အေးစက်စက်မေးခွန်းထုတ်သည်။

“ဘယ်သူလဲ!? သေချင်လို့လာချောင်းနေတာလား”

All Chapters