← Chapters

လောကစည်းစိမ်ပျက်စီးလေပြီ

Vol. 39 Ch. 541

လောကစည်းစိမ်ပျက်စီးလေပြီ

Vol. 39 Ch. 541

ဂျွတ် ဂျွတ်~

ချက်ချင်းဆိုသလို မှန်သားပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး အဝါရောင်ဆံပင်ရှိ အဘိုးအို၏ အံ့သြတကြီးမျက်လုံးများရှေ့တွင် ဖောင်းခနဲ ပေါက်ကွဲထွက်သွားတော့၏..

“အား!”

“ငါ့ခွေးမျက်လုံးတွေ!”

အဘိုးအိုသည် စူးရှနာကျင်နေသော မျက်လုံးများကို ဖုံးအုပ်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ကျသွားသည်။ အနာသက်သာဖို့ပင် အနိုင်နိုင်ကြိုးစားလိုက်ရပြီး လက်များကိုအောက်ချလိုက်သော် ထွက်ပေါ်လာသော ဖူးယောင်နေသည့်မျက်လုံးများ၌ ကြောက်ရွံ့တုန်လှုပ်မှုတို့ ထင်ဟပ်လျက်ရှိသည်။

သူ့လက်ထဲရှိ မှော်ကြေးမုံသည် မိုင်ထောင်ပေါင်းများစွာ အဝေးမှ မြင်ကွင်းအခြေအနေများကို ရှာဖွေဖော်ထုတ်နိုင်သော ကိုယ်ပျောက်ကြေးမုံဖြစ်သည်။

၎င်း၏ အကြီးမားဆုံးထူးခြားချက်မှာ မည်သူကိုမဆို တိတ်တဆိတ် စောင့်ကြည့်နိုင်ခြင်းဖြစ်သည်။ စောင့်ကြည့်လိုသော တစ်ဖက်လူမှာ မြင့်မြတ်သော မသေမျိုး သူတော်စင်တစ်ပါး ဖြစ်နေလျှင်တောင် ဖော်ထုတ်မခံရဖို့ အပြည့်အဝယုံကြည်နိုင်သော အဖိုးတန်ရတနာတစ်ပါးပင်။

သို့သော် ထိုလူငယ်နှင့် ကြုံဆုံရချိန်တွင် သူအသုံးပြုလာသော သမိုင်းတစ်လျှောက် တစ်ခါမျှ မဖြစ်ဖူးသော ကမောက်ကမဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

သူ ခိုးကြည့်နေခြင်းကို တစ်ဖက်လူက ချက်ချင်း သိရှိရုံသာမက ဘာဆိုဘာမှ မလှုပ်ရှားလိုက်ရဘဲ အကြည့်တစ်ချက်ဖြင့် လက်ထဲရှိ ကိုယ်ပျောက်ကြေးမုံပင်လျှင် အသုံးမဝင်တော့ဘဲ ဖြစ်သွားရသည်။

ထိုအဖြစ်အပျက်သည် လက်ဖျားနှင့်မျှ သွားမထိသင့်သော ဒဏ္ဍာရီလာပုဂ္ဂိုလ်ကို ခိုးကြည့်မိသကဲ့သို့ ခံစားရပြီး တစ်ဖက်လူ၏ မြင့်မြတ်ခမ်းနားသော ကံကြမ္မာနှင့်အရှိန်အဝါအားကြောင့် ဤသို့ချက်ချင်း ပျက်ဆီးသွားရပုံပင်...

အဘိုးအိုသည် တွေးရင်း တွေးရင်း လန့်သည်ထက်လန့်ကာ ချွေးအေးများစိမ့်ထွက်လာသည်။

“ဒီကောင်လေးက ကြောက်စရာ ကောင်းလှချည်ကလား!”

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မှန်ကွဲအပိုင်းအစများကို မြင်သောအခါ အဘိုးအို၏ နှုတ်ခမ်းများ စိတ်ထိခိုက်စွာဖြင့် တုန်ယင်သွားပြီး နှလုံးသားမှာ နာကျင်လွန်း၍ အသက်ပင် မရှူနိုင်တော့။

ယခင်က သူပျင်းရိငြီးငွေ့ချိန်တိုင်း ဤကိုယ်ပျောက်ကြေးမုံကို အသုံးပြု၍ အပြင်ကမ္ဘာသို့ တိတ်တဆိတ်စူးစမ်းလေ့လာတတ်သည်။ အထူးသဖြင့် နတ်သမီးပျိုကညာလေးများ လွတ်လွတ်လပ်လပ် ရေချိုးနေသည်ကို ခိုးကြည့်ရခြင်းက သူ့ဘဝ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်များပါပေ။

ဒါပေမယ့် အခုတော့…

သူသည် ပျော်ရွှင်မှု၏ ရင်းမြစ်ကို ထာဝရ ဆုံးရှုံးရတော့မည်ဟု တွေးမိလိုက်၏။

အဘိုးအိုသည် မြေပြင်ပေါ်တွင် ဒုန်းခနဲ ဒူးထောက်ချလိုက်ပြီး ပြန့်ကျဲနေသော မှန်ကွဲအပိုင်းအစများကို လက်ထဲတွင်ဆုပ်ကိုင်ကာ ဝမ်းနည်းမှုသင်္ကေတအဖြစ် မျက်ရည်နှစ်စက်စီးကျလာပြီး ခပ်တိုးတိုးရှိုက်ငိုသည်။

ဧကရီဖူယောင် ကျဆုံးခဲ့သည့် အချိန်တုန်းကပင် သူ ဒီလောက် ဝမ်းနည်းခဲ့ပုံ မပေါ်။

“ထူးဆန်းတယ်”

တစ်ချိန်တည်းမှာပင် ယဲ့ကျွင်းလင်လည်း မျက်ခုံးပင့်ကာ အတွေးများလျက်ရှိသည်။ လျှို့ဝှက်စောင့်ကြည့်ခံရသည့် ခံစားချက်က ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး သူကိုယ်တိုင်များ ထင်ယောင်ထင်မှားဖြစ်ခဲ့လေသလားဟု အတွေးဝင်မိရ၏။

“ဆရာသခင်၊ ဘာဖြစ်တာလဲ?” လီဝူကျယ်နှင့် ဟုန်ချန်ယဲ့က အကဲခတ်ရင်းမေးလာသည်။

ခုနက ဆရာသခင်က ကောင်းကင်ဘုံ၏ အမျက်ဒေါသကဲ့သို့ ထိတ်လန့်ဖွယ် အရှိန်အဝါဖြင့် ရုတ်တရက် အေးစက်စွာ အော်ဟစ်ခဲ့သည်။ မကြုံစဖူးအမူအရာကြောင့် သူတို့ကို အတော်လေး ကြောက်ရွံ့စေခဲ့သည်ပင်။

“ဘာမှ မဟုတ်ပါဘူး၊ ငါ ဒီတိုင်း ပျင်းလို့လျှောက်အော်တာ”

ယဲ့ကျွင်းလင် ပြီးပြီးရောဆိုလိုက်သည်။

ပျင်းလို့လျှောက်အော်တာလား?

တပည့်နှစ်ဦး၏ အမူအရာကား နဝေတိမ်တောင်ဖြင့်။

သို့သော် ဆရာသခင်၏ အမြဲတစေ ကျွမ်းထိုးမှောက်ခုံဖြစ်နေတတ်သော သဘာဝကို ထည့်သွင်း စဉ်းစားကြည့်သောအခါ ဤအကြောင်းပြချက်သည်လည်း ရုတ်တရတ် အဓိပ္ပာယ်ရှိသွားသလို ခံစားရ၏။

“အဓိကအလုပ် ပြီးသွားပြီဆိုတော့ သွားကြစို့”

“ဟုတ်ကဲ့၊ ဆရာသခင်!”

အဖွဲ့သည် ထိုက်ချူ သူတော်စင်နယ်မြေမှ ပျံသန်း ထွက်ခွာသွားကြသည်။

“အကြီးအကဲယဲ့၊ ကိစ္စပြီးသွားပြီဆိုတော့ ကျွန်တော်တို့ ရွှယ်ထျန်းသူတော်စင်နယ်မြေကို တစ်ခေါက်လောက်လာလည်ပါဦးလား? အကြီးအကဲရဲ့ ဂုဏ်သရေရှိတဲ့လည်ပတ်မှုက ကျွန်တော်တို့ရွှယ်ထျန်းမြေကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေမှာ အမှန်အကန်ပါပဲခင်ဗျာ"

ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြန်လမ်းလှည့်တော့မည့်ဟန်ရှိသော ယဲ့ကျွင်းလင်ကို မြင်သောအခါ လင်တုရှိုသည် သူ့ထံ အလျင်အမြန်ပြေးကာ ခါးညွှတ်အရိုအသေပြုလျက် လျှောက်တင်လာ၏။

ကိုယ်တိုင်မြင်တွေ့ခဲ့ရသော အတွေ့အကြုံများအရ သူသည် ယဲ့ကျွင်းလင်၏ ကောင်းကင်ဧကရာဇ်ဟူသော နောက်ကြောင်းအချက်အလက်ကို ရှစ်ဆယ်ရာခိုင်နှုန်းမျှ ယုံကြည်ပြီး ဖြစ်သည်။ ရွှယ်ထျန်း သူတော်စင်နယ်မြေသာ ထိုသို့သော အဆင့်မြင့်ပုဂ္ဂိုလ်နှင့် အဆက်အသွယ်ကောင်းကောင်း တည်ဆောက်နိုင်ပါက သေချာပေါက် အကျိုးရှိမည်ပင်။

ယဲ့ကျွင်းလင်က မေးစေ့ကိုပွတ်သပ်တွေးတောသည်။ “ကောင်းပြီ၊ ငါလည်းအခု တခြားလုပ်စရာ ဘာမှ မရှိဘူး”

“အကြီးအကဲယဲ့၊ ကြွပါ!”

လင်တုရှို ဝမ်းသာအားရဖြစ်သွားပြီး ဘေးသို့ဆုတ်ကာ လေးစားစွာ လက်ဆန့်လမ်းညွှန်သည်။

“ဒါနဲ့ နောက်ဆက်တွဲကိစ္စကိုကျရော…” ယဲ့ကျွင်းလင် တစ်ခုခုကို တွေးလိုက်မိဟန်ရှိ၏။

ကောလဟာလများဆိုသည်မှာ ပါးစပ်တစ်ပေါက်ဖြင့် တစ်လောကလုံးအနှံ့ ပျံ့နှံ့တတ်သည်။ သို့သော် ၎င်းတို့ကိုချေပရန်အတွက် မနည်းမနော ကြိုးစားအားထုတ်ရလေ့ရှိ၏။

သူလာရောက်လည်ပတ်ခြင်း မပြုချိန်အထိ ထိုက်ချူ သူတော်စင်နယ်မြေသည် ကိုယ်ကျင့်တရား မြင့်မြတ်သန့်စင်သော ရှေ့ဆောင်သူတော်စင်မြေတစ်ခုဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။ ယခု သူတို့တစ်ဖွဲ့လိုက်က နေရာကို ဇောက်ထိုးလှန်လိုက်သောကြောင့် အပြင်ကမ္ဘာတွင် ကောလဟာလများ ပျံ့နှံ့လှည့်လည်နေလောက်ပြီ သေချာ၏။ ဤကိစ္စကို သူတို့ မည်သို့မည်ပုံ ပုံဖော်လောက်မည်မှန်း ခန့်မှန်းလို့မရပေ။

ကျင့်ကြံသူတစ်ဦးအဖို့ ဂုဏ်သတင်းဆိုသည်မှာ အလွန်အရေးကြီးသည်။

ထို့ကြောင့် ယဲ့ကျွင်းလင်သည် အလယ်ပိုင်းဒေသမှ ကျင့်ကြံသူများအား ဒီတစ်ကြိမ်တိုက်ပွဲကို ဆင်နွှဲရမည့် တရားမျှတသော အကြောင်းရင်းတစ်ခုရှိပြီး သူကိုယ်တိုင် ကျင့်ကြံရေးကမ္ဘာအတွက် ကြီးမားသော ဘေးဆိုးကပ်ဆိုးကို ဖယ်ရှားခဲ့သည်အား သိစေလိုသည်။

လင်တုရှို စကားမဆိုနိုင်မီ ကျိပါရှောင်က စိတ်လှုပ်ရှားစွာဖြင့် ရင်ဘတ်ကိုပြင်းပြင်းပုတ်လျက် ဝင်ရောက်ကူညီသည်။

“အကြီးအကဲယဲ့၊ စိတ်မပူပါနဲ့၊ ကျွန်တော် ကျိပါရှောင်က ကျွန်တော့်သိက္ခာကိုယ်ကျင့်တရားနဲ့ အာမခံပါတယ်၊ အကြီးအကဲရဲ့ နာမည်ကို ရှင်းလင်းပေးပါ့မယ်၊ ဪ မှားလို့ ကျွန်တော်ပြောချင်တာ အကြီးအကဲရဲ့နာမည်ကို အထိအခိုက်မရှိအောင် ရှင်းလင်းပေးပါ့မယ်"

လင်တုရှိုက ချောင်းနည်းနည်းဟန့်သည်။ “အဟမ်း၊ မဆိုးပါဘူး၊ အစ်ကိုကျိက ယင်းယန်သူတော်စင်နယ်မြေရဲ့ သူတော်စင်ဆိုတော့ သူ ရှေ့ ထွက်ပြီး ရှင်းပြရင် လူတွေ ယုံကြည်ကိုးစားသင့်ပါတယ်"

လင်တုရှိုသည် “သင့်ပါတယ်” ဟူသော စကားလုံးကို တမင်ဖိပြောသည်။

ကျိပါရှောင်သည် ယင်းယန်သူတော်စင်နယ်မြေ၏ သူတော်စင် ဖြစ်သော်ငြား အပြင်လောကတွင် ကျင်လည်ရာ၌ အတင်းပြောခြင်းနှင့် ကြွားဝါခြင်းကို အလွန်ဝါသနာပါမှန်း လူတိုင်းသိထားသည်။ သူတော်စင်တစ်ပါးအနေဖြင့် ကောင်းမွန်သောပုံရိပ်ကို မတည်ဆောက်နိုင်ရုံသာမက တစ်ခါတစ်ရံ အချက်အလက် မှားများပင် ဖြန့်ဝေတတ်သဖြင့် အပြင်လောကတွင် သူ့ပါးစပ်မှထွက်သည့်စကားကို ယုံသူရှားလှပေ၏။

သူသာ လူထုထင်မြင်ချက်ကို ဦးဆောင်လိုပါက ရလဒ်ကောင်းတော့ ထွက်မလာနိုင်လောက်။

“အိမ်း”

ယဲ့ကျွင်းလင်၏ နဖူးပေါ်တွင် လှိုင်းတွန့်များပေါ်လာသည်။

ဟုတ်ပြီ၊ နောက်တစ်ယောက်ထပ်ရှာသင့်တဲ့ သဘောပဲ။

ထိုအချိန်တွင် ကြည်လင်သော စမ်းရေစီးသံကဲ့သို့သော သာယာသည့် အမျိုးသမီးအသံ တစ်ခုသည် တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

“အကယ်၍ အကြီးအကဲယဲ့ မကန့်ကွက်ဘူးဆိုရင် ကျွန်မချင်ရူရန်က အကြီးအကဲယဲ့ကိုယ်စား ရှေ့ ထွက်ပြီး အဖြစ်အပျက် အစအဆုံးနဲ့ အကြောင်းရင်းတွေကို ရှင်းပြနိုင်ပါတယ်၊ ထိုက်ချူ သူတော်စင်နယ်မြေ နောက်ကွယ်က အတွင်းရေးအမှန်ကို ကမ္ဘာဆီချပြဖို့ ကျွန်မဆန္ဒရှိပါတယ်"

ပြောဆိုသူမှာ ချင်ရူရန် ဖြစ်သည်။

သူမသည် ရိုးရှင်းသော လရောင်ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး အသားအရည်မှာ အဖြူရောင် ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး ကြည်လင်ဝင်းပသည်။ အ‌ရှေ့သို့ထွက်လာချိန်တွင် သိမ်မွေ့လှပသော လမ်းလျှောက်ဟန်မှာ တည်ငြိမ်မှုနှင့် အေးချမ်းမှု၏ အရှိန်အဝါကို ထုတ်လွှတ်သည်။

လင်တုရှို၏ မျက်လုံးများ တောက်ပလာပြီး လက်ခုပ်လက်ဝါးတီးလျက် ရယ်မောထောက်ခံသည်။

“ကျွန်တော်တော့ ဒါကို အကြံကောင်းလို့ထင်တယ်! ဒီ ကိစ္စကို နတ်သမီးချင်သာ ကိုင်တွယ်နိုင်ရင် လူထုယုံကြည်နိုင်မှုက ပိုမြင့်မားလာလိမ့်မယ်!”**

ယုံကြည်၍မရနိုင်သော ဂုဏ်ရောင်ဂုဏ်ဝါမရှိသည့် ကျိပါရှောင်နှင့် နှိုင်းယှဉ်ပါက ယောင်ကွမ်း သူတော်စင်နယ်မြေ၏ သူတော်စင် ချင်ရူရန်သည် အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူလောကအား ဦးဆောင်စည်းရုံနိုင်မည် သေချာသည်။ ရေတွက်လို့မရနိုင်သော ကျင့်ကြံသူများ လေးစားထောက်ခံသော နတ်ဘုရားမကဲ့သို့ ဖြစ်တည်မှုဖြစ်လေရာ သူမ ရှေ့ထွက်ပြီး သက်သေခံကာ လူထုထင်မြင်ချက်ကို လမ်းညွှန်ခြင်းကား အသင့်တော်ဆုံးသာဖြစ်၏။

?

ကျိပါရှောင်၏ ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားတစ်ခု တွဲလွဲချိတ်ထားသလို ထင်ရ၏။

ဒါက ဘာသ‌ဘောလဲ?

မင်းတို့က မျက်နှာလိုက်တာလား?

ငါကျိပါ‌ရှောင်က မင်းရဲ့အစ်ကိုပါကွ!

စိတ်ထဲမှ နာကျည်းစွာ ညည်းညူပြီးနောက် ကျိပါရှောင်သည် ချင်ရူရန်ကို မနာလိုစွာ တစ်ချက်ကြည့်လိုက်ပြီး သည်ကောင်မလေး သူ့နေရာကိုခိုးယူဖို့ တမင်ကြံစည်ကြိုးစားနေသည်ဟု တွေးနေမိသည်။

All Chapters