← Chapters

အခန်း (၅၄၂)

Vol. 39 Ch. 542

အခန်း (၅၄၂)

Vol. 39 Ch. 542

“ငါလည်း အကြံကောင်းလို့ထင်တယ်!

ချင်ရူရန် ရှေ့ထွက်ရန် ဆန္ဒရှိသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်သည်လည်း ကျေနပ်သဘောကျဟန် ပြုံးလာသည်။

ထို့နောက် အဖွဲ့သည် နေရာမှထွက်ခွာပြီး ထိုက်ရွှမ်းပြည်နယ်သို့ ဦးတည်သွားကြလေသည်။

လူငယ်လေး၏ သေးမှုန်ပျောက်ကွယ်သွားသော နောက်ကျောကိုကြည့်ရင်း ချင်ရူရန်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလျက်ရှိ၏။

ထိုသို့ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော တည်ရှိမှုမျိုးနှင့် တွေ့ဆုံရခြင်းသည် သူမအတွက် ကံကြမ္မာကဖန်တီးပေးသော အခွင့်အရေးကောင်းသာဖြစ်သည်။

အတွေးများ လှည့်ပတ်လှုပ်ရှားနေစဥ် ချင်ရူရန်သည် ပွစာကြဲပျက်စီးနေသော ထိုက်ချူသူတော်စင်နယ်မြေကို လည်ပြန်ကြည့်လိုက်မိသည်။ သူမ၏ လှပသော မျက်နှာမှာ ဆီးနှင်းကဲ့သို့ အေးစက်သွားတော့၏။

ဤတိုက်ပွဲအပြီဂ ထိုက်ချူ သူတော်စင်နယ်မြေမှ ကျန်ရစ်သူ ကျင့်ကြံသူများမှာ ဆယ်ပုံတစ်ပုံပင်မရှိလေတော့။ စိတ်ဓာတ်ခိုင်မာသည့် တပည့်အချို့ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားလိုလျှင်တောင် မသန့်စင်တော့သောနယ်မြေကို သူတော်စင်နယ်မြေဟု ထပ်ခေါ်စရာအကြောင်း မရှိတော့လေပြီ။

တိတိကျကျ ပြောရရင် ထိုက်ချူ သူတော်စင်နယ်မြေ၏ အနာဂတ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

လက်ရှိ အလယ်ပိုင်းဒေသတွင် သူတော်စင်နယ်မြေ သုံးခုသာ ကျန်ရှိတော့သည်။

“ဟမ့်၊ ထာဝရသွေးမျိုးနွယ်စုနဲ့ ပူးပေါင်းတာ၊ သူတို့ ဒီလို အဆုံးသတ်ရဖို့ ထိုက်တန်ပါတယ်" ချင်ရူရန်က အေးစက်စက်ရေရွတ်လိုက်သည်။

ပြိုကွဲနေသော မှတ်ဉာဏ်အပိုင်းအစများမှတစ်ဆင့် သူမသည် ထာဝရသွေးမျိုးနွယ်စု၏ အန္တရာယ်ရှိပုံကို နက်ရှိုင်းစွာ နားလည်သည်။ ဤမိစ္ဆာများကို ဤမြေပေါ်တွင် ဆက်လက်ကြီးထွားစေပါက အလယ်ပိုင်းဒေသ သာမက ခွင်းလွင်ကမ္ဘာတစ်ခုလုံး ပျက်စီးခြင်းကို ရင်ဆိုင်ရပေမည်။

ကံကောင်းစွာဖြင့် ဦးဆောင်လှုပ်ရှားသူတစ်ဦး ရှိခဲ့၍သာ။

တစ်ဖက်လူတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုး ဘာကြောင့်ပိုင်ဆိုင်ထားရသည်အား ချင်ရူရန် မတွေးတတ်ပါချေ။ သူမသာဆိုလျှင် မသေမျိုးဘုရင် နဝမကောင်းကင်သို့ ထိုးဖောက်တက်ရောက်နိုင်ရင်တောင် သွေးအရှင်ကဲ့သို့ ခွန်အားကြီးမိစ္ဆာမျိုးကို ဤမျှသွက်လက်သန့်ရှင်းစွာ သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်။

ခွန်အားကွာခြားခြင်းကား ကျော်တက်ဖို့ရာ အိပ်မက်မမက်နိုင်လောက်စရာပင်။

မိမိကိုယ်ကိုယ်လည်း စိတ်ပျက်မိရ၏။

မကြာမီပင် ထိုက်ချူ သူတော်စင်နယ်မြေ ပျက်စီးသွားသည့် သတင်းသည် ပင်လယ်ပြင်ကိုမွှေသော ဆူနာမီမုန်တိုင်းကဲ့သို့ အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ချက်ချင်းပင် အမျိုးမျိုးသော တာအိုပြည်နယ်များတွင် ကျွက်ကျွက်ညံဆွေးနွေးမှုများ ကျင်းပကုန်ကြတော့၏။

“ဘာရယ်! ထိုက်ချူ သူတော်စင်နယ်မြေ ကျဆုံးသွားပြီလား? အဲ့ဒါ သူတော်စင်နယ်မြေလေးခုထဲက တစ်ခုနော်!”

“အဲ့ဒါ သွေးနီနတ်ဆိုး လုပ်ခဲ့တာလို့ ပြောတယ်! ထျန်းယွမ်ပြည်နယ်က ကျင့်ကြံသူတွေ ကိုယ်တိုင်မြင်ခဲ့ကြတာပဲ၊ သွေးနီနတ်ဆိုးက ထိုက်ချူ သူတော်စင်နယ်မြေထဲကျူးကျော်ပြီး အကုန်ဇောက်ထိုးလှန်ပစ်ခဲ့တာတဲ့!”

“ဘုရားဘုရား! နတ်ဆိုးလမ်းစဥ်က ဦးဆောင်တော့မယ့် ကာလပါလား၊ ထိုက်ချူ သူတော်စင်နယ်မြေလို အစွမ်းထက်တဲ့ သူတော်စင်နယ်မြေတောင် ဒီနတ်ဆိုးဂိုဏ်းချုပ်လက်က ပြေးမလွတ်နိုင်ဘူးပဲ"

ဆွေးနွေးမှုများ နေရာတိုင်းတွင် ပေါက်ကွဲထွက်လာပြီး ဆူပူအုံကြွမှုများလည်း များပြားလာသည်။

ရေတွက်မရနိုင်သော ကျင့်ကြံသူများသည် ဤဖြစ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်စွာ ဒေါသထွက်မိကြပြီး ထိုက်ချူ သူတော်စင်နယ်မြေ ပျက်စီးခြင်းအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲခဲ့ကြသည်။

ထိုက်ချူ သူတော်စင်နယ်မြေသည် ရှည်လျားသောသမိုင်းကြောင်းနှင့် အမြစ်တည်ထားသည့် အမွေအနှစ်၊ အလယ်ပိုင်းဒေသ၏ မသေမျိုး တာအိုမျိုးနွယ်စင်စစ် ဖြစ်သည်။ ၎င်းသည် ရေတွက်မရနိုင်သော ပြောင်းလဲမှုများနှင့် လောကီဆိုင်ရာ လှုပ်ခတ်မှုများကို ဖြတ်သန်းပြီး ခိုင်မာစွာ ရပ်တည်ခဲ့သော တာအိုတံတိုင်းကြီးတစ်ခုနှယ်။

မမျှော်လင့်ဘဲ ထိုသို့သော ပုံစံဖြင့် အဆုံးသတ်ခဲ့ရသည်။

သို့သော် ထိုအချိန်တွင် မတူညီသောသတင်းများလည်း စတင်ပျံ့နှံ့လာပြန်၏။

“ရောင်းရင်းတာအိုတို့ရေ၊ ထိုက်ချူ သူတော်စင်နယ်မြေက တကယ်တော့ သူ့ကြမ္မာသူဖန်ခဲ့တာပဲတဲ့"

“မင်း ဘာကို ဆိုလိုတာလဲ?”

“အဲဒီနေ့က ပေါ်လာတဲ့ သွေးရောင်ဧရာမသတ္တဝါကြီးကို မင်းတို့ မှတ်မိသေးလား? အဲ့ဒါ ခွင်းလွင်ကမ္ဘာက သတ္တဝါ မဟုတ်ဘူး၊ တစ်ခြားကမ္ဘာရဲ့ ဂြိုလ်သားမျိုးနွယ်ဖြစ်ပြီး ထာဝရသွေးမျိုးနွယ်စုလို့ ခေါ်တယ်။ ဒီမိစ္ဆာက ထိုက်ချူသူတော်စင်သခင်နဲ့ လျှို့ဝှက်ပူးပေါင်းပြီး ငါတို့အလယ်ပိုင်းဒေသကို ကျွန်မျိုးနွယ်အဖြစ်ပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာတဲ့!”

“ဘာရယ်? ဘာတွေဆက်ဖြစ်သေးလဲ? ဆက်ပြော!”

“နောက်ပိုင်းမှာ သွေးနီနတ်ဆိုးရဲ့ ဆရာသခင်က ဝင်တိုက်ပြီး ဒီဘေးအန္တရာယ်ကို တားဆီးနိုင်ခဲ့တယ်တဲ့!”

“သွေးနီနတ်ဆိုးရဲ့ ဆရာသခင်တဲ့လား? ညီလေး၊ မင်းဒီသတင်း ဘယ်ကကြားလာတာလဲ!?”

“ယင်းယန်သူတော်စင်နယ်မြေရဲ့ သူတော်စင် ပြောတာပဲ”

“ဒါဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး၊ မင်း အဲဒီကောင်ရဲ့ စကားကို တကယ်ယုံတာလား? ဒီနှစ်တွေမှာ အလယ်ပိုင်းဒေသက ကောလဟာလတွေရဲ့ တစ်ဝက်လောက်က သူ့ပါးစပ်ကလာတာလေ!”

“မှန်တယ်၊ ယင်းယန်သူတော်စင်နယ်မြေရဲ့ သူတော်စင်ပြောတာဆို ဖြစ်နိုင်ချေလုံးဝမရှိသလောက်ပဲ!”

…

လူအများက ကျိပါရှောင်စကားဆို မယုံတတ်ကြသောကြောင့် ထိုသတင်းကိုလည်း ရယ်စရာမောစရာ အပျင်းပြေအဖြစ်သာ သဘောထားလိုက်ကြ၏။

ချင်ရူရန် ရှေ့ထွက်လာမှသာ လူထုထင်မြင်ချက်က စတင်ပြောင်းလဲလာသည်။

သူမကိုယ်တိုင် အသံလွှင့်ကျောက်ဌာနသို့သွားကာ အမှန်တရားအား မိမိ၏ နာမည်ဂုဏ်သတင်းနှင့် အာမခံထွက်ဆိုခဲ့သည် ဟူ၏။

အသံလွှင့်ကျောက်၏ ထုတ်လွှင့်မှုတွင် သတင်းကြေညာသူအမျိုးသမီး၏ အသံနှင့်အတူ ချင်ရူရန်၏အသံကိုပါ ကြားရသည်။

“နတ်သမီးချင်၊ ထိုက်ချူ သူတော်စင်နယ်မြေဟာ မကောင်းမှုတို့ကွယ်ဝှက်ရာဖြစ်ပြီး ပြင်ပမိစ္ဆာလောကသားများရဲ့ အသိုက်အမြုံဖြစ်နေကြာပြီပေါ့နော်?"

“မှန်ပါတယ်၊ ထိုက်ချူသူတော်စင်သခင်ဟာ ထာဝရသွေးမျိုးနွယ်စုရဲ့ လူယုံဖြစ်နေတာကြာပါပြီ၊ ဒီလူနဲ့ အပြစ်မဲ့ကျင့်ကြံသူပေါင်းများစွာကို အသံတိတ် သတ်ဖြတ်အသုံးပြုနေခဲ့တာပါ။ ကျွန်မတို့ ယောင်ကွမ်းသူတော်စင်နယ်မြေဟာ ထိုက်ချူသူတော်စင်မြေ နေရာဟောင်းမှာ သွေးစုပ်ခံထားရတဲ့ အလောင်းများစွာကို တူးဖော်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်!”

“ကျွန်မတပ်အပ်ပြောနိုင်တာကတော့ မကြာသေးခင်က မသေမျိုးတွေ ပျောက်ဆုံးအစပျောက်သွားတဲ့ ဖြစ်ရပ်တွေရဲ့‌ နောက်ကွယ်ကတရားခံဟာ ထိုက်ချူသူတော်စင်သခင်ပဲ ဖြစ်ပါလိမ့်မယ်!”

“ဘုရားရေ လုံးဝမယုံနိုင်စရာပါပဲလား…”

“ဒါနဲ့ နတ်သမီးချင်၊ ထျန်းယွမ်ပြည်နယ်က မျက်မြင်သက်သေများစွာက ဧရာမဂြိုဟ်သားမိစ္ဆာဟာ ဓားအလင်းတန်းတစ်ခုကြောင့် ပျက်စီးသွားတယ်လို့ ဆိုကြပါတယ်။ ဘယ်သူကများ လှုပ်ရှားခဲ့တာပါလဲ?"

“လှုပ်ရှားခဲ့သူက ရောင်းရင်းတာအိုဟုန်ရဲ့ ဆရာသခင် ဖြစ်ပြီး ကျွန်မတို့အားလုံးက သူ့ကို အကြီးအကဲယဲ့လို့ ခေါ် ကြပါတယ်။ အရှေ့ပိုင်းဒေသက လာတဲ့လူပါပဲ"

"သွေးနီနတ်ဆိုးရဲ့ ဆရာသခင်ဆိုရင် မဟာမိစ္ဆာဂိုဏ်းချုပ်လို့တောင် ဆိုလို့ရတဲ့သဘော မဟုတ်ပါဘူးလားရှင့်?"

“ကျေးဇူးပြုပြီး လေးစားသမှုနဲ့ စကားဆိုပါ။ အကြီးအကဲယဲ့က အလယ်ပိုင်းဒေသတစ်ခုလုံးကို ကယ်တင်ခဲ့တဲ့သူပါ!”

“ကျွန်မ တောင်းပန်ပါတယ်ရှင်…”

အသံလွှင့်သလင်းကျောက်မှ ထုတ်လွှင့်သောအကြောင်းအရာများကား အလယ်ပိုင်းဒေသတစ်ခုလုံးသို့ နေ့တွင်းချင်း ပျံ့နှံ့သွားခဲ့သည်။

အလယ်ပိုင်းဒေသ၏ လွှမ်းမိုးမှုအရှိဆုံး အသံလွှင့်ဌာနမှ အလယ်ပိုင်းဒေသ၏ နတ်သမီးချင်ရူရန်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုသောသတင်းဖြစ်သဖြင့် သံသယဖြစ်စရာ တစ်ကွက်ပင်မရှိလေတော့။

ဤတစ်ကြိမ်ဖော်ထုတ်ခဲ့သော အတွင်‌ရေးကိစ္စများကား အလယ်ပိုင်းဒေသတစ်ခုလုံးကို ကျွက်ကျွက်ညံပေါက်ကွဲစေခဲ့လေ၏။

All Chapters