← Chapters

အစ်ကိုကြီးပေးတဲ့ အကျိုးအမြတ်

Vol. 39 Ch. 543

အစ်ကိုကြီးပေးတဲ့ အကျိုးအမြတ်

Vol. 39 Ch. 543

ယင်းယန်သူတော်စင်နယ်မြေ၏ သူတော်စင် ကျိပါရှောင်ကဲ့သို့ ပေါက်လွှတ်ပဲစားမဆန်သော နတ်သမီး ချင်ရူရန်က သူကိုယ်တိုင်၏ အမည်ဖြင့် ဤစကားများကို အသေအချာ နှုတ်ထွက်ပြောဆိုလာသောအခါ ကျင့်ကြံသူများစွာသည် သတင်းအချက်များကို တစ်ခုတလေမျှသံသယမဝင်ဘဲ ယုံကြည်ပေးခဲ့ကြသည်။

ချင်ရူရန်၏ဂုဏ်သတင်းက လူထုကို အဓိကစည်းရုံနိုင်ခဲ့ခြင်းဖြစ်၏။

အလယ်ပိုင်းဒေသရှိ လူအနည်းစုကသာ သူမ၏ နှုတ်ထွက်သတင်းကို သံသယဝင်မိကြပေမည်။ သို့သော် သတင်းဆိုသည်မှာ လူအများစု၏အမြင်ကသာ အမှန်တရားဖြစ်တတ်သည်မဟုတ်လော။

ထိုက်ချူ သူတော်စင်နယ်မြေ ပျက်စီးခြင်း၏ အတွင်းရေးအမှန်ကို ဖော်ထုတ်လိုက်သောအခါ အပြင်ဘက်ရှိ လူထုထင်မြင်ချက်၏ ဦးတည်ချက်သည်လည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။

“ဒါက နတ်သမီးချင်ရဲ့အသံပဲ၊ အရင်လိုသာယာနေတုန်းပါလား”

“ဟေး၊ ဟေး၊ အဲဒါက အဓိကလား? အဓိကက သူကြေညာလိုက်တဲ့ သတင်းပဲလေ!”

“မယုံနိုင်စရာပဲ! ထိုက်ချူ သူတော်စင်သခင်က အတွင်းပိုင်းမှာ ဒီလိုလူယုတ်မာတစ်ယောက် ဖြစ်နေတာလား! ငါတို့ အရင်တုန်းက သူ့ကို သူတော်ကောင်းလမ်းစဥ်ရဲ့ ရှေ့ဆောင်အလင်းရောင်လို့တောင် သတ်မှတ်ခဲ့တာ!”

“အား! ငါတို့ သူတော်ကောင်းကျင့်ကြံသူတွေအတွက်တော့ အရှက်ရစရာပဲ!”

“ဒါဆို၊ ငါ့ဦးလေးဓားသမားကြီး ပျောက်ဆုံးသွားတာလည်း သူ့လက်ချက်ပေါ့! ရိုင်းစိုင်းလိုက်တာ၊ ငါ့ဦးလေးရဲ့အသက်ကြွေးကိုကျ ဘယ်လိုပြန်ဆပ်မှာလဲ!”

“ထိုက်ချူ သူတော်စင်နယ်မြေသာ မပျက်စီးဘူးဆိုရင် ခွင်းလွင်နိယာမတွေပါ တောင့်မခံနိုင်ဘဲ ‌စည်းပေါက်ကုန်ကြလိမ့်မယ်!”

“ကံကောင်းစွာနဲ့ ဒီဘေးအန္တရာယ်ကို တားဆီးပေးခဲ့တဲ့ ပြိုင်ဘက်ကင်းအကြီးအကဲတစ်ယောက် ရှိနေလို့ပေါ့!”

“ဟား သူတော်ကောင်းလမ်းစဥ် ကျင့်ကြံသူတွေသာဆိုတယ်၊ သွေးနီနတ်ဆိုးရဲ့ ဆရာသခင်ဆီက အသက်ကယ်ခံလိုက်ရတာပါလား”

“အကြီးအကဲယဲ့ကိုတော့ တကယ်လေးစားတယ်…”

ဤကာလအတွင်း အလယ်ပိုင်းဒေသရှိ သန်းရာပေါင်းများစွာသော ကျင့်ကြံသူများသည် ကောင်းကင်၏ကောင်းချီးဖြင့် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသည့် ထိုလျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုအတွက် လေးစားစိတ်များ တဖွားဖွားပေါ်‌ပေါက်ကာ “အကြီးအကဲယဲ့” ဟူသော အမည်ကို တိတ်တဆိတ် ရေရွတ်နေမိခဲ့ကြသည်။

အကြီးအကဲယဲ့၏ အမည်နာမသည် အလယ်ပိုင်းဒေသရှိ ပြည်နယ်တစ်ရာ့ရှစ်ခုလုံးသို့ လွှမ်းမိုးခဲ့ပေ၏။

ထိုနာမည်ကို မကြားဖူးသူဟူ၍မရှိ။

တစ်ဖက်တွင် ယင်းယန်သူတော်စင်နယ်မြေရှိ ကျိပါရှောင်မှာတော့ သွေးအန်ချင်လောက်အောင် စိတ်ဓာတ်ကျနေသည်။

“ဘာလို့လဲ? မင်းတို့ ဒီသူတော်စင် ပြောတာကိုကျ မယုံကြဘူး! ဒါပေမယ့် အဲဒီ ချင်ရူရန်ဆိုတဲ့ မိန်းမ ပြောတာကိုတော့ ယုံကြတယ်! ငါ့ကျိပါရှောင်ရဲ့စကားက အဲ့လောက်တောင် မယုံချင်စရာကောင်းနေတာလား?”

ထိုသို့ ပြောဆိုညည်းညူပြီးနောက် သူ့နောက်တွင် သူ့ကို ထူးဆန်းသောမျက်နှာ‌ပေးဖြင့် ရပ်ကြည့်နေသော အဖြူအနက်ဝတ် သက်လတ်ပိုင်းအရွယ်လူအား လှည့်ကြည့်တိုင်တည်သည်။

“သူတော်စင်သခင်၊ ဒီတပည့်အတွက် အရမ်းနစ်နာနေတယ်လို့ မထင်ဘူးလား?”

ယင်းယန်သူတော်စင်သခင်သည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ကျိပါရှောင်၏ မျှော်လင့်ချက်အပြည့်ဖြင့် အကြည့်အောက်တွင် စကားလုံး တစ်လုံးကို ခက်ခက်ခဲခဲ ထုတ်ဖော် ပြောကြားလိုက်သည်။

“နစ်နာတာပေါ့!”

ထိုစကားလုံးကိုကြားမှ ကျိပါရှောင်သည် သက်ပြင်းချကာ ဟက်ထိသွားသောအမူရာဖြင့် ဆိုသည်။ “သူတော်စင်သခင်၊ ကျွန်တော် သိတယ်၊ အရှင်သခင်ကတော့ ကျွန်တော့်ဘက်မှာ ရှိနေမှာမှန်း"

“ဟဲဟဲ၊ မင်းက ငါရွေးချယ်ခဲ့တဲ့ သူတော်စင်ပဲလေ၊ ငါ မင်းကို သေချာပေါက် ယုံကြည်ပေးရမှာပေါ့” ယင်းယန်သူတော်စင်သခင်က ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ အ‌‌တော်လေးတော့ တွန်းအားပေးခံထားရဟန်ရှိ၏။

တကယ်တမ်း သူ့စိတ်ထဲကအတွေးကတော့ တစ်ခြားစီပေ။ “စောက်ကလေး မင်းကိုဘယ်သူက စကားတတ်တိုင်း ပါးစပ်သရမ်းခိုင်းလို့လဲ? အကြောင်းအရာက အမှန်ဖြစ်နေရင်တောင် မင်းပါးစပ်က ထွက်တာနဲ့ မှားသွားတာ မသိဘူးလား!”

ဘာဆိုဘာမှမသိရှာသော ကျိပါရှောင်က အားမလို အားမရစွာ သက်ပြင်းချလိုက်သည်။ "ဒီကိစ္စပြီးသွားတော့ ကျွန်တော့်နှလုံးသားထဲ ကောင်းကောင်းနားလည်လိုက်တာတစ်ခုရှိတယ်"

“လူတွေရဲ့ နှလုံးသားထဲက ဘက်လိုက်မှုက ဟိုးလှမ်းမြင်နေရတဲ့ တောင်တန်းကြီးလိုပဲ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရွှေ့လို့ရမှာမဟုတ်ဘူး…”

ယင်းယန်သူ‌တော်စင်သခင် တိတ်တိတ်လေး လှည့်ထွက်ခဲ့လိုက်သည်။

ဒီ့ထက်တော့ ဆက်မပူးပေါင်းနိုင်တော့ဘူး...

ရိုးရိုးသားသား ပြောရလျှင် ကျိပါရှောင်သာ ယင်းယန်တာအိုကို နက်နက်နဲနဲ နားလည်ထားခြင်း မရှိဘဲ ဂိုဏ်း၏ လူငယ်မျိုးဆက်တွင် တိုက်ရည်ခိုက်ရည် အစွမ်းအထက်ဆုံး မဖြစ်ခဲ့ပါက ယင်းယန်သူတော်စင်သခင်သည် ထိုကဲ့သို့ ထူးဆန်းသည့်အတွေးအခေါ်နှင့်လူကို သူတော်စင်အဖြစ် ရွေးချယ်မည် မဟုတ်ပေ။

နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ထိုသူ၏ လက်လွတ်စပယ် အကျင့်ပျက်လုပ်ရပ် အမျိုးမျိုးကြောင့် ယင်းယန်သူတော်စင်နယ်မြေ၏ ဂုဏ်သတင်းပင် အတော်အတန် ပျက်စီးသွားခဲ့ပြီး အလယ်ပိုင်းဒေသ၏ အစစ်မှန်ဆုံး မသေမျိုး အင်အားစုများထဲမှ တစ်ခုအပါအဝင်နေရာကိုပင် အနိုင်နိုင်ထိန်းထားခဲ့ရလေသည်။

“ဟေး၊ ဟေး၊ သူတော်စင်သခင်၊ ဘာလို့ လှည့်ထွက်သွားတာလဲ? ကျွန်တော်ပြောတာကိုရော နားထောင်နေရဲ့လား?” ကျိပါရှောင်၏ မသင်္ကာစကားသံကာ အနောက်မှထွက်ပေါ်လာသည်။

“အင်း၊ မင်းပြောတာကို ငါ ပြန်စဉ်းစားနေတာ အတော်လေး ဆီလျော်ပါတယ်!” ယင်းယန်သူတော်စင်သခင်က လှည့်ကြည့်ပြီး အလေးအနက် ပြောကြားလိုက်သည်။

“ဟာဟာ၊ သူတော်စင်သခင်ပဲ ကျွန်တော့်ကို နားလည်တယ်!”

“ဪ၊ ဟုတ်သားပဲ အဓိကကိစ္စကို ပြောကြစို့၊ မင်းက အကြီးအကဲယဲ့နဲ့ တွေ့ခဲ့တယ်ဆိုတော့ သူက ဘယ်လိုလူမျိုးလဲ ပြောစမ်းပါဦး"

ယင်းယန်သူတော်စင်သခင်သည် အလျင်အမြန် စကားပြောင်းလိုက်ပြီး မျက်နှာထားကလည်း တည်ကြည်လေးနက်သွားသည်။

ယင်းယန်သူတော်စင်သခင်သည်လည်း လက်ရှိ အလယ်ပိုင်းဒေသ၌ လူပြောအများဆုံး ဖြစ်နေသည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူအကြောင်းကို ပိုမို သိရှိလိုသည်ပင်။

တကယ်တမ်းတွင် စိတ်လည်းနည်းနည်းပူမိသည်။ သူသည် အရင်က အလယ်ပိုင်းဒေသ၌ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ပြီး ခွင်းလွင်၏ ကောင်းကင်မြေကြီးဆိုင်ရာ စွမ်းအင်များ အကြီးအကျယ် ပြောင်းလဲပြီးနောက်ပိုင်း၌ သူသည် အနည်းငယ်မျှပင် မပေါ့ဆရဲဘဲ မိမိ၏ခွန်အားနှင့် ကျင့်ကြံဆင့်တိုးတက်မှုကိုသာ အထူးအလေးပေးထားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ဉာဏ်အလင်းမသေမျိုး ပဉ္စမကောင်းကင်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သောကြောင့် စိတ်အားတက်ကြွလာကာ လက်ရှိခေတ်၏ အမြင့်ဆုံးသောအဆင့်အတန်းတွင် ရပ်တည်နေခြင်းအတွက် မာနနှင့် ဂုဏ်ယူမှုအား ခံစားရသည်။

သူ့အမြင်အရ ဉာဏ်အလင်းမသေမျိုးသည် လက်ရှိ အလယ်ပိုင်းဒေသ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။

သို့သော် အရှေ့ပိုင်းဒေသမှ လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်တစ်ဦးက သူ၏အတွေးအမြင်ကို ပြောင်းပြန်လှန်ပစ်ခဲ့လိုက်၏။

ထိုသူသည် မသေမျိုးဘုရင်ကျင့်ကြံဆင့်၌ တည်ရှိလေရာ သူကိုယ်တိုင်သည်ပင် ပုရွက်ဆိတ်ခပ်ကြီးကြီးတစ်ကောင်ထက် မပိုတော့သောအခြေအနေရှိ၏။

သူ့အတွက် အတော်လေးစိတ်ဓာတ်ကျချင်စရာကောင်းသော သတင်းပင်။

ထို့ကြောင့် ယင်းယန်သူတော်စင်သခင်သည် အကြီးအကဲယဲ့အကြောင်းကို ပိုမိုသိရှိလိုခြင်းဖြစ်သည်။

တစ်ဖက်လူအကြောင်းကို ပိုမိုသိရှိထားပါမှ နှစ်ဦးနှစ်ဖက်တွေ့ဆုံသည့်အခါ အကြိုက်ဆောင်နိုင်မည်။

All Chapters