← Chapters

အခန်း (၅၄၄)

Vol. 39 Ch. 544

အခန်း (၅၄၄)

Vol. 39 Ch. 544

“ဟား သူတော်စင်သခင်ကတော့ လူမှန်ကိုမှ ရွေးမေးလိုက်တာပဲ!”

“ဒီကမ္ဘာမှာ အကြီးအကဲယဲ့ကို ကျွန်တော့်ထက် ပိုနားလည်တဲ့သူ မရှိဘူး!”

ကျိပါရှောင်သည် သူ၏ ရင်ဘတ်ကို ခပ်ပြင်းပြင်းပုတ်လိုက်ပြီး ယင်းယန်သူတော်စင်သခင်၏ အဖြေစောင့်နေသော မျှော်လင့်တကြီး အကြည့်အောက်တွင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မြင်းအီးပေါက်သကဲ့သို့ စတင်ပြောဆိုတော့၏။

“သူက ခန့်ညားတယ်၊ ဆွဲဆောင်မှုရှိတယ်၊ ကျက်သရေရှိတယ်၊ လှပတယ်၊ တစ်လောကလုံးဆီက အချစ်ခံရတယ်၊ နေရာတကာမှာ မျက်နှာပွင့်တယ်၊ ခန့်မှန်းလို့ မရနိုင်လောက်အောင် အစွမ်းထက်တဲ့ ပြီးပြည့်စုံသူ တစ်ယောက်ပါ!”

“မင်း…”

ယင်းယန်သူတော်စင်သခင်သည် ပါးစပ်အဟောင်းသားဖြင့်နားထောင်ရင်း မျက်နှာလည် ပြာနှမ်းသွားကာ သူတော်စင်အသစ်တစ်ဦးကို ခန့်အပ်ရန် အတွေးသည် ဤအချိန်၌ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

“သူတော်စင်သခင် သိပါတယ် ကျွန်တော်က အမှန်တရားကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုတာ” ကျိပါရှောင်က ရိုးရိုးသားသားပြောလိုက်သည်။

“တော်ပြီ မင်းကိုမေးမိတဲ့ငါမှားတာ!”

ယင်းယန်သူတော်စင်သခင်၏ မျက်နှာသည် မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် ဝတ်ရုံလက်ဖျားစကို ဖျတ်ခနဲခါထုတ်ကာ ထထွက်သွားသည်။ စိတ်ထဲတွင်မူ သူတော်စင်အသစ်အတွက် ကိုယ်စားလှယ်လောင်းများကို စတင်စဥ်းစားနေပြီ ဖြစ်သည်။

“တကယ်တော့ အကြီးအကဲယဲ့ကို ကျွန်တော့်ရဲ့ ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုဖို့ ကြိုးစားခဲ့တယ်ဆိုတာတောင် မပြောရသေးဘူးကို…”

ဝှစ်!

ထိုစကားကို ကြားလိုက်သည်နှင့် ယင်းယန်သူတော်စင်သခင်သည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး ကျိပါရှောင်၏ ရှေ့တွင် ပြန်ပေါ်လာကာ သူ၏ ပခုံးကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ အသက်ရှူနှုန်းများမြန်ဆန်ကာ မျက်လုံးများသည်လည်း မီးဝင်းဝင်းတောက်နေသကဲ့သို့။

“မင်း၊ မင်းက၊ အကြီးအကဲယဲ့ကို မင်းရဲ့ ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုခဲ့တာလား?!”

ယင်းယန်သူတော်စင်သခင်သည် သူ၏ သူတော်စင်ကား အကြီးအကဲယဲ့၏ မွေးစားသား ဖြစ်နေခဲ့သည်ဆိုသည်ကို ယုံပင်မယုံနိုင်။ ထိုသတင်းမှာ မိမိတို့ဂိုဏ်းတစ်ခုလုံးအတွက် ကောင်းချီးတစ်ရပ်သာဖြစ်ပေတော့၏။

အနာဂတ်တွင် ယင်းယန်သူတော်စင်နယ်မြေသည် မသေမျိုးဘုရင်တစ်ပါးကို နောက်ခံအဖြစ် အသိအမှတ်ပြုမှီခိုနိုင်ပေတော့မည်။

ကျိပါရှောင် စကားမဆက်နိုင်မီ ဝမ်းသာလုံးဆို့နေသော ယင်းယန်သူတော်စင်သခင်က သူ့ခေါင်းကို အသာပုတ်လိုက်သည်။

“ငါတို့တစ်ဂိုဏ်းလုံးမှာ မင်းက အလိမ္မာဆုံးပဲ၊ မင်း တကယ်ပဲ ငါ့ရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေခဲ့ဘူး! ကျိပါရှောင်! အရမ်းတော်တယ်ကွာ!”

“အမ်”

“အမ်၊ သူတော်စင်သခင်၊ ကျေးဇူးပြုပြီး အရမ်း စိတ်မလှုပ်ရှားပါနဲ့ဦး”

ကျိပါရှောင်သည် ကြောင်တက်တက်ဖြင့် ဆက်လက်ပြောကြားလိုက်သည် “ကျွန်တော် အကြီးအကဲယဲ့ကို ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုဖို့ ကြိုးစားခဲ့ပေမယ့် သူက ချက်ချင်းငြင်းပယ်ခဲ့ပါတယ်လို့"

လေထုသည် ရုတ်တရတ် တိတ်ဆိတ်သွားခဲ့သည်။

ကောင်းကင်၌ ကျီးကန်းအော်သံ တအာ့အာ့ ဖြတ်ပြေးသွားခဲ့၏။

“သူတော်စင်သခင် အဆင်ပြေရဲ့လား?” ကျိပါရှောင်သည် သူ့ရှေ့မှ ဦးခေါင်းထက် အစိမ်းရောင်အခိုးအငွေ့များထွက်လာသော သက်လတ်ပိုင်းအရွယ်လူကို စိုးရိမ်တကြီးမေးလိုက်သည်။

ယင်းယန်သူတော်စင်သခင်သည် ဤလူငယ်ကို ရိုက်သတ်ပစ်လိုသည့် စိတ်အား အတင်းအဓမ္မ ထိန်းချုပ်လိုက်ရ၏။

“မင်းက စကားကို တစ်ခါတည်း အပြည့်အစုံ မပြောနိုင်ဘူးလား?”

“မင်းက တမင်တကာ ငါ့ကို အတွေးများအောင် လုပ်နေတာမလား?

သေချာတာ‌ပေ့ါ၊ ဒီလိုပြိုင်ဘက်ကင်းပုဂ္ဂိုလ်က ငါ့ဂိုဏ်းကငတုံးကောင်ကို ဘယ်လိုလုပ်သဘောကျမှာတဲ့လဲ?

ငါကိုက အတွေးလွန်သွားခဲ့တာပါလား...

ယင်းယန်သူတော်စင်သခင်သည် ပြတ်ပြတ်သားသား လှည့်ထွက်လာလိုက်ပြီး သူတော်စင်နေရာအစားထိုးဖို့ဆုံးဖြတ်ချက်သည်လည်း ပိုလို့ခိုင်မာလာတော့၏။

အစားထိုးရမည်!

အစားထိုးရမည်!

ဝက်တစ်ကောင်ကို အစားထိုးလိုက်တာကမှ သူ့ထက်သာပေဦးမည်။

ရုတ်တရက် ကျိပါရှောင်၏ အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

“အကြီးအကဲယဲ့က ကျွန်တော့်ကို သူ့ရဲ့ မွေးစားသားအဖြစ် လက်မခံခဲ့ပေမယ့် ကံကောင်းစွာနဲ့ သူ့ရဲ့ တပည့်ရင်းကို ကျွန်တော့်ရဲ့ အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပါတယ်၊ ဒါကို အကျိုးအမြတ်တစ်ခုလို့ ယူဆလို့ရတာပေါ့လေ”

“ဟေ?!”

ယင်းယန်သူတော်စင်သခင်သည် ရုတ်တရက် ရပ်လိုက်ပြီး ကျိပါရှောင်၏ ဘေးသို့ နောက်ပြန် လျှောက်လာသည်။ လေသံမှာ သတိပေးချက်အပြည့်ဖြင့် တင်းမာလျက်။

“မင်းက သွေးနီနတ်ဆိုးကို မင်းရဲ့ အကိုကြီးအဖြစ် အသိအမှတ်ပြုနိုင်ခဲ့တာလား?”

အခု အပြင်လောကမှ လူတိုင်းသည် သွေးနီနတ်ဆိုးမှာ အကြီးအကဲယဲ့၏ တပည့်ရင်းဖြစ်ကြောင်း သိရှိထားကြပြီး ဂုဏ်သတင်းသည်လည်း အရင်ကထက် ပိုမိုကြီးမားလာသည်အမှန်ပင်။ ထိုသို့သောပုဂ္ဂိုလ်ကိုသာ အကိုကြီးအဖြစ် အသိအမှတ်ပြုနိုင်ခဲ့လျှင် ယင်းယန်သူတော်စင်နယ်မြေသည်လည်း ထိုဆက်ဆံရေးကိုမှီခို၍ အကျိုးပွားနိုင်မည်ဖြစ်၏။

“မဟုတ်ဘူး”

ကျိပါရှောင် ခေါင်းခါလိုက်သည်။

“ငတုံးကောင်…” ယင်းယန်သူတော်စင်သခင်သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ နဖူးမှ သွေးကြောများ ထောင်ထလာပြီး လက်မြှောက်ကာ အားပါပါရွယ်လျက် တစ်ဖက်လူ၏ခေါင်းကို ရိုက်ခွဲဖို့ပြင်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော် အသိအမှတ်ပြုခဲ့တဲ့ အစ်ကိုကြီးကလည်း အကြီးအကဲယဲ့ရဲ့ တပည့်ပါပဲ။ လီဝူကျယ်လို့ ခေါ်တယ်။ သွေးနီနတ်ဆိုးလို ခွန်အားကြီးတဲ့သူတောင် သူ့ဆီက ဓားနဲ့လိုက်အခုတ်ခံရဖူးတယ် ပြောတာပဲ!”

ချက်ချင်းဆိုသလို ယင်းယန်သူတော်စင်သခင်၏ လက်သည် လေထဲ၌ ရပ်တန့်သွားပြီး ကျိပါရှောင်၏ ခေါင်းမှ နှစ်စင်တီမီတာ အကွာတွင် တန်းလန်းတောင့်ခဲသွားသည်။

“ဒါ အမှန်ပဲလား?”

“စကားလုံး တစ်လုံးတောင် မမှားပါဘူး!”

ကျိပါရှောင်၏ အမူအရာသည် ထူးထူးခြားခြား ခိုင်မာတည်ကြည်လျက်။

“ဟားဟားဟား ငါရဲ့အကဲဖြတ်မှု မမှားယွင်းခဲ့မှန်း ငါသိသားပဲ! မင်းက တကယ်ပဲ ငါတို့ ယင်းယန်သူတော်စင်နယ်မြေကို ပြန်လည် ရှင်သန်စေမယ့် ‌ကောင်းကင်သားတော်ပါပဲ! ငါ နောက်ပိုင်း အနားယူတဲ့အခါ ဒီ သူတော်စင်သခင်ရာထူးက မင်းအတွက်ဖြစ်လိမ့်မယ် ကျိပါရှောင်!”

ယင်းယန်သူတော်စင်သခင်၏ အပြုံးသည် နေ့အလင်းကဲ့သို့ တောက်ပနေပြီး ရိုက်ဖို့ပြင်ထားသောလက်တစ်ဖက်ဖြင့် ကျိပါရှောင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပုံမှာ မျက်နှာဖုံးလဲစွပ်လိုက်သည့်အလား ထင်မှတ်ရ၏။

“သူတော်စင်သခင်၊ စိတ်မပူပါနဲ့၊ ကျွန်တော် ယင်းယန်သူတော်စင်နယ်မြေအတွက် ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်ဖို့ ဆန္ဒရှိပါတယ်!”

“ကောင်းတယ် အရမ်းကောင်းတယ်!”

ယင်းယန်သူတော်စင်၏ ကြင်လင်ရွှင်ပျသောမျက်နှာကိုကြည့်ရင်း၊

ကျိပါရှောင်သည် အကြောင်းရင်းမဲ့စွာ ဦးရေပြားထက် ကြက်သီးထသွားရပြီး ငရဲတံခါးမှ သီသီလေးလွတ်မြောက်ခဲ့သူလို ခံစားနေရသည်။

ငါပဲ အထင်မှားတာနေမှာပါလေ။

All Chapters