နင်ချဲ့ရဲ့ ဂရုစိုက်ပေးမှု
Vol. 140 Ch. 2086
“ ဒါရိုက်တာလီ … ခင်များပြောတာ ကျွန်းပေါ်မှာ ဒေသခံတွေ ရှိတယ်လို့ ပြောတယ်နော်… သူတို့ကို ရှာနေတာရော ဘယ်လို ဖြစ်သွားပြီလဲ …” လင်းရီ မေးမြန်းလိုက်သည်။
“ ဘယ်လိုပဲ ပြောပြော သူတို့လည်း အင်အားကြီးတဲ့ လူ့အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ခဲ့တာပဲလေ… မျိုးတုံး ပျောက်ကွယ်သွားဖို့ဆိုတာ တော်တော်လေးခဲယဉ်းတယ်… ဟုတ်တယ်ဟုတ် …”
လီဟန် ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လျက် နောင်တရသည့် မျက်နှာထားကို လှစ်ဟာပြလာသည်။
“ ဒီနေ့ အချိန်ထိတောင် သူတို့တွေ ဖယ်ရှားခံလိုက်ရတဲ့ အကြောင်းအရင်းကို ငါတို့တွေ ရှာမတွေ့သေးဘူး … ဆန်းကြယ်တဲ့ ဖြစ်ရပ် ဖြစ်နေတုန်းပဲ ….”
“ ကျုပ်သိသလောက်ဆို တိလိရာ့ကျွန်းက သမိုင်းဦး မတိုင်ခင်ကတည်းက တည်ရှိနေခဲ့တဲ့ လူ့အဖွဲ့အစည်းကြီးပါ … အဲ့လူတွေက ထိန်းချုပ်လို့ မရနိုင်တဲ့ သဘာဝ ကပ်ဘေးကြီး တစ်ခုခုနဲ့ ကြုံလိုက်ရလို့ ချေမှုန်းခံလိုက်ရတာရော မဖြစ်နိုင်ဘူးလား … ဥပမာ ဒိုင်နိုဆောတွေ မျိုးတုံးသွားသလိုမျိုးပေါ့ …”
“ အဲ့ဒီဖြစ်နိုင်ချေကို ငါတို့လည်း အရင်က စဉ်းစားဖူးတယ် … ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ ပယ်ဖျက်လိုက်တယ်…” လီဟန် ရှင်းပြလိုက်သည်။ “ တကယ်လို့ ဥက္ကာခဲကြီးသာ တိလိရာ့ကျွန်းပေါ် ကျလာခဲ့မယ်ဆိုရင် ကျွန်းကြီး တစ်ခုလုံး ပိုးစိုးပက်စက် ဖျက်စီးခံလိုက်ရမှာပေါ့ … ဘာခြေရာလက်ရာမှတောင် ကျန်ခဲ့မှာ မဟုတ်ဘူး … ဒါကြောင့်မို့ အဲ့ဒီ သီအိုရီကို ငါတို့ ဖယ်ရှားလိုက်တာပဲ …”
ဤသည်ကို ကြားတော့ လင်းရီနှင့် နင်ချဲ့တို့ တိတ်ဆိတ်သွားခဲ့ကြပြီး အခြေအနေကို ပြန်လည် သုံးသပ်ကြည့်နေကြသည်။
“ ဒါက တကယ်ကို ဆန်းကြယ်နေတာပဲ …”
“ တကယ်ကိုပဲ …” လီန် ပြောလိုက်သည်။ “ ဒါပေမယ့် ငါ့ အမြင်အရတော့ တိလိရာ့ကျွန်းပေါ်မှာ စာမျက်နှာအသစ်ကို ဖွင့်လှစ်နိုင်တော့မယ် … နောင်ကျရင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို မင်းတို့ပဲ ရင်ဆိုင်ရမှာ ….”
“ ကျွန်မကတော့ သေမှာတောင် မကြောက်တာ ဒီလို စိန်ခေါ်မှုမျိုးကို ဂရုစိုက်မနေပါဘူး …” နင်ချဲ့ အပြုံးလေးဖြင့် ပြောလိုက်သည်။
လီဟန်နှင့် ရွှီလန်တို့ နှစ်ဦးလုံး နင်ချဲ့ကို လေးစားရိပ်သမ်းသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။
ခေတ္တ စကားပြောပြီးသည့်နောက် လီဟန်နှင့် ရွှီလန်တို့လည်း ဒေတာများအား စုဆောင်းရန် လိုအပ်သေးသဖြင့် ၎င်းတို့၏ တာဝန်ကို ပြန်လည်လုပ်ဆောင်ကြတော့သည်။
ပထမဦးဆုံး အကြိမ် စမ်းသပ်ခြင်း ဖြစ်သဖြင့် စုဆောင်းရရှိမည့် ဒေတာတို့က အင်မတန် အဖိုးတန်လှပြီး မည်သည့် တစ်စုံတစ်ရာကိုမျှ ကျော်သွားလိုက်၍ မဖြစ်ပေ။
နင်ချဲ့ ထိုင်ခုံတစ်လုံးအား ဆွဲယူ၍ လင်းရီ ဘေးနားလေးတွင် ထိုင်ပြီး သူ့ကို အဖော်လုပ် စကားပြောပေးနေသည်။ သူ့အား ဖျော်ဖြေပေးရန်အတွက် ရုပ်ရှင်တကားကိုပင် ရှာဖွေပေးလိုက်သေးသည်။ မည်မျှ ဂရုစိုက်ပေးတတ်လိုက်သည့် နင်ချဲ့ပေနည်း။
“ ရုတ်တရက်ကြီး ငါ တစ်ခုလောက် မေးချင်လာလို့ ….”
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် လင်းရီ စကားစလာသည်။
“ ဘာကိုလဲ …”
“ တကယ်လို့ တစ်နေ့ ငါတို့တွေ သေဖို့ ၉၀ ရာခိုင်နှုန်းလောက် သေချာနေတဲ့ မစ်ရှင်တစ်ခုကို ဆောင်ရွက်ရပြီး ပြန်လာနိုင်ဖို့ အခွင့်အရေးလည်း မရှိဘူးဆိုရင် မင်းရဲ့နောက်ဆုံး ဆန္ဒက ဘာဖြစ်မလဲ …”
“ ဟယ် … ရုတ်တရက်ကြီး ဘာလို့ အဲ့လောက် စိတ်ဖိအားများစရာ မေးခွန်းချည်းလဲ …”
“ ငါ့စိတ်ထဲ ဖျတ်ခနဲ ပေါ်လာလို့ပါ … တခြား အကြောင်းအရင်းတွေ မပါဘူး …”
“ ဒါဆို ငါ တွေးကြည့်လိုက်ဦးမယ်…”
နင်ချဲ့ ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ တစ်မိနစ်ကျော်ကျော်ခန့်ကြာပြီးသည့်နောက်တွင် သူမ ပြောလာခဲ့သည်။
“ တကယ်လို့ အဲ့နေ့မျိုး ရောက်လာခဲ့မယ်ဆိုရင် ငါ နင်နဲ့ ကလေးယူချင်တယ်….”
“ ဟင် … ငါနဲ့ ကလေးယူမှာလား ….”
“ ဟုတ်တယ် …” နင်ချဲ့ ပြန်ဖြေလိုက်ပြီး “ တကယ်လို့ ငါတို့ သေသွားတော့မယ်ဆိုရင် ဒီ လောကကြီးထဲမှာ တစ်ခုခုတော့ ချန်ထားရစ်ခဲ့ရမယ်မလား … ငါ့မိဘတွေလည်း ကလေးကို မြင်ပြီး မျှော်လင့်ချက် တစ်ချို့ ထားလို့ရတာပေါ့ ….”
“ ဆိုတော့ မင်းက အဲ့လို တွေးတယ်ပေါ့ …” လင်းရီ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ ငါ့ အတွေးက အဲ့လို အချိန်အနေမျိုးကို ခံစားပြီး အခြေခံထားတာ … ပုံမှန်အခြေအနေအောက်မှာဆိုရင်တော့ အဲ့လို မလုပ်ပါဘူး …”
“ ဘာလို့ ….”
“ ဘာလို့ဆို ငါက ငယ်ရွယ်သေးတုန်းပဲလေ … နောက် နှစ် နည်းနည်းလောက် လွတ်လွတ်လပ်လပ် နေလို့ ရသေးတယ်…” နင်ချဲ့ ပြောလိုက်သည်။ “ ဒီနေ့ခေတ်မှာ လူတွေ အိမ်ထောင်ပြုတဲ့ အချိန်က တဖြည်းဖြည်းနဲ့ နောက်ကျလာနေပြီ … ငါ ရည်မှန်းထားတဲ့ အကန့်အသတ်က ၃၅ လောက်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်… အဲ့ခါကျရင် သေချာလေး အခြေချပြီး ကလေးတွေနဲ့ အတူနေမယ်…. ဒါကြောင့်မို့ နင် ငါ့ကို အခွင့်ရေးရလို့ ယူနိုင်တုန်း ယူထား … ငါ အိမ်ထာင်ကျပြီးတာနဲ့ မိသားစုကို ဂရုစိုက်ပေးနေရင်းနဲ့ပဲ အလုပ်များနေတော့မှာ … ပြီးတော့ တိုက်ခိုက်ရေး အသင်းခေါင်းဆောင် ရာထူးကနေလည်း ဆင်းသွားလောက်တယ် … ဒီတော့ နင် ရတုန်း ယူထား …”
“ အာ …..” လင်းရီ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့ရသည်။ သူ တော်တော်လေး အံ့အားသင့်နေမိသည်။
“ မင်းက ငါ့ကို မင်းရဲ့ အနာဂတ် ယောက်ျားဖြစ်လာမယ့်သူအတွက် စိတ်မကောင်းဖြစ်အောင် လုပ်နေတာပဲ …”
“ ဘာစိတ်မကောင်း ဖြစ်စရာ ရှိလို့ … ငါလည်း သူ့ အတိတ်ကို ဂရုစိုက်မှာမှ မဟုတ်တာ … သူ ကျန်းမာနေသရွေ့ လူ ဘယ်နှယောက်နဲ့ပဲ အတူ ရှိခဲ့ ရှိခဲ့ ကိစ္စမရှိဘူး …”
“ မင်း … ရိုးသားတဲ့ လူကောင်းတစ်ယောက်လောက် ရှာပြီး ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ရော စိတ်ကူးမိလား….”
“ ငါ တွေးဖူးတယ်… ဒါပေမယ့် ငါက မတန်ပါဘူး …” နင်ချဲ့ ပြောလိုက်သည်။ “ ငါ့ပုံစံက အရိုင်းဆန်လွန်းတယ်လေ … ရိုးသားတဲ့ကောင်လေး တစ်ယောက်ရဲ့ ဘဝကြီးကို မဖျက်စီးချင်ပါဘူး …”
“ အင်း … အဲ့တာတော့ အမှန်ပဲ ….”
“ လူ့သက်တမ်းက တိုလွန်းတယ် … ဆယ်စုနှစ် လေးငါးခြောက်ခုစာလောက်ပဲ ရှိတာ … ပြီးတော့ ငါတို့က ကျုံးဝေ့တပ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းတွေလည်း ဖြစ်နေတယ် … ငါတို့ရဲ့ အသက်က အမြဲတမ်း ကြိုးတန်းမျှင်ပေါ် လမ်းလျှောက်နေရသလိုပဲ … ဘယ်အချိန် သေသွားနိုင်မှန်းလဲ မသိရဘူး … “ နင်ချဲ့ မတ်တပ်ရပ်ပြီး အညောင်းဆန့်လိုက်သည်။
“ ဒါကြောင့်မို့ တကယ်လို့ မစ်ရှင်က ပြန်လာနိုင်မယ့် အခွင့်အရေး မရှိဘူးဆိုရင် ငါ နင်နဲ့ ကလေးယူချင်တယ်… ဒါပေမယ့် ပုံမှန် အခြေအနေအောက်မှာ ဆိုရင်တော့ ငါ့အနာဂတ် ခင်ပွန်းနဲ့ပဲ ဖြစ်လိမ့်မယ်… ဒါပေမယ့်လည်း ဘယ်သူက ပြောနိုင်မှာ … နင်နဲ့ပဲ ကလေးယူလိုက်ရတာလည်း ဖြစ်နိုင်တာပဲလေ…”
အချိန်အတော်ကြာသည်ထိတိုင်အောင် လင်းရီ တုံ့ပြန်မလာသည်ကို မြင်တော့ နင်ချဲ့ သူ့အား မော့ကြည့်လာခဲ့သည်။
“ ဘာလို့ ငါ့ကို အဲ့ဒီ အမူအရာကြီးနဲ့ ကြည့်နေတာလဲ ….”
“ မပူနဲ့ …. ငါတို့ မစ်ရှင်မှာ အဲ့လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင်တောင် ငါပဲ မင်းထက် အရင်သေခံလိုက်မယ်…” လင်းရီသည် နင်ချဲ့ကို တည့်တည့်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
“ ငါ မသေသေးသရွေ့ ဘယ်သူကမှ မင်းကို မနာကျင်စေရဘူး …”
နင်ချဲ့၏ နှလုံးသားမှာ သိမ့်ခနဲ တုန်သွားခဲ့ရပြီး သူမ၏ မျက်ဝန်းတို့က စွတ်စိုလာသည်။
“ အနည်းဆုံးတော့ နင့်မှာ အသိစိတ် ရှိသေးသားပဲ … ဒီစကားနဲ့တင် ငါ နင့်ဖို့ ဝယ်ခဲ့တဲ့ အတွင်းဝတ်တွေ အကုန် တန်သွားပြီ …”
မသိလိုက်ခင် အချိန်အတွင်းမှာပဲ အချိန်သုံးနာရီခန့် ကုန်ဆုံးသွားခဲ့ကာ ညနေခင်း ခုနစ်နာရီအချိန်သို့ ရောက်လာခဲ့သည်။
သို့သော် စမ်းသပ်မှုကတော့ ယခုမှ စတင်ဆဲ ဖြစ်၏။
“ အစ်ကိုလီ … ခေါင်းဆောင်နင် … နောက်တောင် ကျနေပြီ … ရှင်တို့ တစ်ခုခု သွားစားကြလေ …” ရွှီလန် အကြံပြုလိုက်ပြီး “ ကျွန်မ ဒီမှာ စောင့်နေလိုက်မယ်…”
“ မင်းတို့ နှစ်ယောက်ပဲ အတူသွားလိုက် … ငါ ဒီမှာနေပြီး စောင့်ကြည့်နေလိုက်မယ်…” လီဟန် ပြောလိုက်သည်။
“ ငါ ဗိုက်မဆာဘူး … မစားတော့ဘူး …” နင်ချဲ့ ခွန်းတုံ့ပြန်လိုက်သည်။
“ ခုနစ် နာရီ ကျော်နေပြီကို မဆာဘူးဆိုရင်တောင် တစ်ခုခုတော့ စားသင့်တယ်…” လီဟန် ပြောပြီး ရွှီလန်ကို ကြည့်လိုက်သည်။
“ သွားပြီး တစ်ခုခု ဝယ်ခဲ့လိုက် … အသီးတစ်ခုခုဆိုလည်း အဆင်ပြေတယ် … ခေါင်းဆောင်လင်းလည်း ခွန်အားပြန်ဖြည့်တင်းဖို့ လိုတယ်….”
“ အိုကေ … ကျွန်မ သွားလိုက်မယ်…”
နှုတ်ဆက်ပြီးနောက် ရွှီလန် ထွက်ခွာသွားခဲ့သည်။
လီဟန်နှင့် နင်ချဲ့တို့ကတော့ ၎င်းတို့၏ တာဝန်ကို ဆက်ပြီး ထမ်းဆောင်သည်။
မိနစ် အနည်းငယ်ကြာပြီးသည့်နာက် ရွှီလန်သည် မြေအောက် ဓာတ်ခွဲခန်းထဲက ထွက်လာခဲ့ပြီး ရုံးအဆောက်အဦး ရုံးခန်းထဲသို့ ဦးတည်လိုက်သည်။
ရန်ကျင်း၏ ကောင်ကင်ယံတွင် ကြယ်တာယာတို့ အနည်းငယ် ထွက်စပြုနေပြီ ဖြစ်၏။ ဝန်ထမ်း အများစုလည်း ထွက်ခွာသွားခဲ့ကြပြီ ဖြစ်ကာ အခန်းအနည်းအကျဉ်းကသာလျှင် မီးတို့ လင်းထိန်နေခဲ့သည်။
ရုံးခန်း အခြေအနေကို ရွှီလန် အာရုံထားမနေဘဲ ပစ္စည်းများအား အရင်ဝယ်ယူရန် ဆုံးဖြတ်လိုက်၏။ အစောပိုင်းတုန်းက မည်သို့မျှ မနေသော်လည်းပဲ ယခု သူမ ဗိုက်ဆာသည်ဟု စတင် ခံစားလာရသည်။
“ လန်လန် … နင် တစ်နေ့လုံး ဘယ်တွေ ရောက်နေတာလဲ … ဖုန်းလည်း မကိုင်ဘူး …”
ရွှီလန် အပြင်သို့ ထွက်တော့မည့် အချိန်မှာပဲ အနောက်မှ တစ်စုံတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ ထိုလူက သူမ၏ လုပ်ဖော်ကိုင်ဖက် ဖန့်ကျင်း ဖြစ်၏။
လင်းရီကို ရှော့ခ်တိုက် စမ်းသပ်သည့် စမ်းသပ်မှုတွင် ဖန့်ကျင်းသည်လည်း အရေးပါသည့် အသင်းဝင်တစ်ဦးပင်။
“ ငါ စာတမ်းတစ်ခု ရေးနေတာ … နောက်ဆုံးပေးထားတဲ့ အချိန်ကလည်း နီးလာနေပြီလေ … ဒါကြောင့်မို့ အနှောင့်အယှက်ကင်းအောင်ဆိုပြီး ဖုန်းပိတ်ထားခဲ့တာ …” ရွှီလန် ဆံပင်ကို သပ်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
“ နင် အရင်ကဆို တစ်ခါမှ အချိန်ပို မဆင်းဘူးမလား … ဘာလို့ ဒီမှာ ရှိနေသေးလဲ …”
“ မမေးစမ်းပါနဲ့ဟယ် … အရင် စာတမ်းမှာ အမှားပါနေလို့ အဲ့တာ အခု သတိရလို့ ပြန်ပြင်နေတာ …” ဖန့်ကျင်း ပြောလိုက်ပြီး “ နင့် စာတမ်းရော ဘယ်လိုနေလဲ … ငါ ရီဗျူးကောင်းတဲ့ ဆိုင်တစ်ဆိုင် တွေ့ထားတယ် … အတူ သွားကြရအောင်လား ….”
“ ဒီနေ့တော့ အဆင်မပြေသေးဘူး … စာတမ်း မပြီးသေးတော့ နည်းနည်း ညဉ့်နက်အောင် နေရဦးမှာဟ ….”
ရွှီလန်သည် အချိန်အတော်ကြာကတည်းကရင် ဆင်ခြေအား ပြင်ဆင်ထားပြီး ဖြစ်သည်။
စမ်းသပ်မှုကို လျှို့ဝှက်ထားရမည် ဖြစ်ပြီး သူမနှင့် လီဟန်တို့ပဲ သိထားရပေမည်။ အပြင်လူ တစ်ဦးတစ်ယောက်က မေးလာမည့် အန္တရာယ်ကို တားမြစ်နိုင်ရေးအတွက် ဆင်ခြေပေးမည့် ကိစ္စရပ်ကို သူမ ကြိုတင်ပြီး ပြင်ဆင်ထားခဲ့သည်။
“ ဒါဆိုလည်း ပြီးတာပဲလေ… နောက်ကျအောင် လုပ်မနေနဲ့ဦးနော်… ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး … မဟုတ်ရင် မျက်ကွင်းတွေ ညိုပြီး ဘယ်သူမှ မလိုချင်ဘဲ နေလိမ့်မယ်…” ဖန့်ကျင်း အရွှန်းဖောက်လိုက်၏။
“ အိုး ဒါနဲ့ စကားမစပ် ငါ အခုမှ မှတ်မိတယ် … ခေါင်းဆောင်လင်း ကြည့်ရတာ ရန်ကျင်း ရောက်နေတယ်နဲ့တူတယ်နော်… နင် စိတ်ဝင်စားတယ်ဆိုရင် မြန်မြန် လှုပ်ရှားတော့ … သူ့လို ချောတဲ့လူဆိုတာ တကယ် တွေ့ရခဲတယ်….”