ငါ မသေသရွေ့
Vol. 140 Ch. 2090
“ စိတ်ရှုပ်ဖို့ကောင်းတဲ့ ပိုးကောင် …”
ဝေါ်ကာ ကျိန်ဆဲလိုက်သည်။ သို့သော် သူ နင်ချဲ့အား အာရုံထားမနေချေ။ ရိုးရိုးရှင်းရှင်း သူ၏ လက်မောင်းကို ဆန့်ထုတ်ပြီး သူမ၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်သည်။
သူမ၏ တိုက်ခိုက်မှုများအား အချည်းနှီးဖြစ်အောင် ပြုလုပ်ပြီးနောက် လီဟန်ထံသို့ ချက်ချင်း ပြေးလိုက်သွားခဲ့သည်။
ထိုအချိန်၌ ဝေါ်ကာ သူ၏ ခွန်အားကို ထိမ်ချန်ထားခြင်း မပြုခဲ့ချေ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ လီဟန်အနားသို့ ရောက်ရှိလာခဲ့ပြီး ၎င်း၏ ရင်ဘက်သို့ အင်အားပြင်းစွာ ကန်ကျောက်လိုက်သည်။
ဘုတ် …
လီဟန်က E အဆင့် ဆိုသော်လည်းပဲ သူ၏ သုတေသန အလုပ်များကြောင့် ပုံမှန် လေ့ကျင့်ရေးတို့ ပျက်ကွက်ခဲ့ကာ သာမန် သင်သားတို့လောက်ပင် သန်မာခြင်း မရှိခဲ့ပေ။
ဝေါ်ကာကဲ့သို့ ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသည့် အခါ၌ သူ၏ အရည်အချင်းတို့မှာ သာမန်လူနှင့် ထူးမခြားနားပေ။
“ အဟွတ် အဟွတ် … “
လီဟန် ပြင်းထန်စွာ ချောင်းဟွတ်သွားခဲ့ပြီး ရင်ဘက်ကို ဖိနှိပ်ထား၍ သွေးတစ်လုတ် အန်ထွက်လိုက်၏။ သူ့လက်ထဲရှိ သေနတ်သည်လည်း လွင့်ထွက်သွားခဲ့လေပြီ။
ဝေါ်ကာ၏ ဟန့်တားသည့် အကြံအစည်သည် အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
“ မင်းပုံစံကြည့်ရတာ ထွက်သွားမယ့် အစီအစဉ်မရှိဘူး … ဒီတော့ … မင်းကို အရင်ရှင်းပြီးမှ ငါ လုပ်စရာရှိတာကို လုပ်မယ်….”
ထိုစကားလုံးများ ပြောပြီးသည်နှင့် ဝေါ်ကာသည် နင်ချဲ့ထံသို့ တစ်ဖန် ပြေးဝင်လာခဲ့သည်။
သူမက ဝေါ်ကာ၏ ပြိုင်ဘက် မဟုတ်သည်ကို သိရှိသော်လည်းပဲ နင်ချဲ့ နောက်ဆုတ်မသွားခဲ့ချေ။ လင်းရီအတွက် အချိန်ဆွဲထားပေးရမည်ကို သူမ နားလည်သည်။ မည်မျှအထိ အချိန်ဆွဲထားပေးနိုင်မည်လဲဆိုတာကတော့ ကံတရား၏ လက်ထဲတွင်သာ ရှိသည်။
ဤသည်က ကျုံးဝေ့တပ်ဖွဲ့ဖြစ်ပြီး အပြင်လူတို့ နင်းချေစော်ကားနိုင်သည့် နေရာ မဟုတ်ချေ။
ဘန်း ဘန်း ဘန်း
တိုက်ကွက် သုံးခု ဖလှယ်လိုက်၏။ သို့သော် နင်ချဲ့၏ တိုက်ခိုက်မှုတို့က ဝေါ်ကာထံသို့ ခြိမ်းခြောက်မှု တစ်ရပ် မဟုတ်ခဲ့ချေ။ တစ်ဖက်က သက်တောင့်သက်သာ အမူအရာဖြင့်သာ ခုခံသွားခဲ့လေသည်။
ဤသို့ဖြစ်မည်ကိုလည်း နင်ချဲ့ မျှော်လင့်ထားပြီး ဖြစ်သည်။
လင်းရီသည်ပင် ဒီ အဆင့် အထွတ်အထိပ်၌ ရှိခဲ့စဉ်အခါက ဘီ အဆင့် ကျွမ်းကျင်သူကြောင့် လွင့်စင်သွားခဲ့ရသေး၏။ နင်ချဲ့က စီအဆင့် ဆိုသော်လည်းပဲ ဝေါ်ကာကို စိန်ခေါ်နိုင်ရန်အဖို့ သူမ၏ ခွန်အားက လုံလောက်ခြင်း မရှိသေးချေ။
သူမ အပြတ်သတ် ဖိနှိပ်ထားခံလိုက်ရသည်။
သို့သော်လည်းပဲ လီဟန်၏ အကူအညီဖြင့် နင်ချဲ့ ကူကယ်ရာမဲ့နေသည့် အနေအထားတော့ ရောက်မနေခဲ့ချေ။
သူ၏ တိုက်ပွဲစွမ်းရည်က လက်ရှိ အခြေအနေတွင် အရာမဝင်သော်ငြား တစ်ဖက်ရန်သူကို နှောင့်ယှက်နိုင်စွမ်းတော့ ရှိနေသေးသည်။
ဝေါ်ကာသည်လည်း လီဟန် သတိပေးအချက်ပြစနစ်ကို အသက်သွင်းလိုက်ခြင်းမှ ကာကွယ်ရန်အတွက် သူ့အား သတိထား စောင့်ကြည့်နေရလေသည်။
လက်ရှိ အချိန်၌ လီဟန်သည်လည်း နင်ချဲ့၏ ဘေးကင်း လုံခြုံရေး အပေါ် အာရုံစိုက်နေနိုင်ခြင်း မရှိခဲ့ချေ။ အရေးပေါ် ဖြစ်နေသည့် အခြေအနေက သူ့ကို ထိုသို့ စိုးရိမ်သည့် အတွေးများ ဝင်ရောက်ရန်ပင် ခွင့်မပြုခဲ့ချေ။
“ သေစမ်း ….”
လီဟန် ထပ်ပြီး လှုပ်ရှားလာသည်ကို မြင်တော့ ဝေါ်ကာ ကျိန်ဆဲ၍ နင်ချဲ့ကို တိုက်ခိုက်မည့် ရည်ရွယ်ချက်အား လက်လျှော့ကာ လီဟန်ထပ်သို့ ထပ်ပြီး ပြေးလိုက်သွားခဲ့ပြန်သည်။
ထိုအချိန်မှာပဲ ကာကွယ်မှု ကင်းမဲ့နေသည့် ဝေါ်ကာ၏ နောက်ကျောမှာ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်လုံး ကိုယ်ပေါ် ဆောင်ထားသည့် ခေါက်ဓားကို နင်ချဲ့ ဆွဲထုတ်လိုက်ပြီး ဝေါ်ကာထံသို့ ပစ်လွှတ်လိုက်လေသည်။
သူ့နောက်ကျောမှ အန္တရာယ်ကို အာရုံခံမိသည့်တိုင် ဝေါ်ကာသည် နင်ချဲ့ကို လျစ်လျူရှုထားပြီး လီဟန်ကို အမှောက်သိပ်ရန်သာ စိုင်းပြင်းနေခဲ့သည်။
လီဟန်နှင့် သုံးမီတာမျှသာ အလှမ်းဝေးတော့သည့်အချိန်၌ ဝေါ်ကာသည် လေထဲသို့ ခုန်တက်လိုက်ပြီး ဒူးကွေး၍ လီဟန်၏ ခေါင်းကို တိုက်လိုက်၏။
“ အားးးးးးး “
လီဟန် နာကျင်စွာ ညည်းညူ၍ ခန္ဓာကိုယ်သည်လည်း တစ်ဖန် လွင့်ထွက်သွားခဲ့ပြန်သည်။
သူတို့နှစ်ဦးကြားရှိ အကွာအဝေးက ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ကင်းမဲ့သည်ထိအောင် ဝေးကွာနေခဲ့သည်။
ထိုအချိန်မှာပဲ နင်ချဲ့၏ တိုက်ခိုက်မှုက ကျရောက်လာခဲ့သည်။
အန္တရာယ်ရှိသည်ကို အာရုံခံမိသည်တွင် ဝေါ်ကာ ဆတ်ခနဲ ငုံ့ရှောင်လိုက်သည်။ ဝေ့ဝိုက်လာသည့် ဓားသွားက သူ၏ လည်ပင်းတွင် ခြစ်ရာ တစ်ခု ချန်ထားရစ်ခဲ့ပြီး သွေးတို့ စီးကျလာသည်။
ဒဏ်ရာအား လက်ဖြင့်စမ်းကြည့်ပြီးနောက် ဝေါ်ကာ ချက်ချင်း ဒေါသထွက်လာခဲ့ကပါ နင်ချဲ့၏ ဝမ်းဗိုက်သို့ အရှိန်ပြင်းပြင်းဖြင့် လက်သီး တစ်ချက် ပင့်ထိုးလိုက်၏။
မခံမရပ်နိုင်သည့် နာကျင်မှုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဦးနှောက်သည်ပင် တဝီဝီမြည်ဟည်းသွားခဲ့သည်။
တစ်လှမ်းချင်း တစ်လှမ်း … လီဟန်ထံသို့ ဝေါ်ကာ ချဉ်းကပ်လာခဲ့ပြီး မီတာဝက်မျှအကွာတွင် ရပ်တန့်၍ ၎င်းအား ငုံ့ကြည့်လိုက်သည်။
မည်သည်ကိုမျှ မဆိုချေ။ ခြေထောက် ပင့်မြှောက်၍ အောက်သို့ ပြင်းထန်စွာ ဆောင့်နင်းပစ်လိုက်သည်။
“ အားးးးး “
လီဟန်၏ နာကျင်စွာ အော်ညည်းသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
သူ၏ ညာဘက်ခြေထောက်မှာ ထူးဆန်းသည့် ပုံစံဖြင့် လိမ်ကွေးသွားခဲ့ပြီး ဝေဒနာက သတိလစ်စေလုနီးပါးပင်။
လီဟန်၏ ခြေထောက်ကို ချိုးပစ်ပြီးနောက် ဝေါ်ကာ နောက်သို့ လှည့်သွားခဲ့၏။
နင်ချဲ့မှာ သူ့ခြေထောက်နှင့်သူ ပြန်ထနိုင်နေပြီး နှုတ်ခမ်းမှနေ၍ သွေးစက်တို့ စီးကျနေသည်။ ဝမ်းဗိုက်ကို ဖိနှိပ်ထားရင်း သူမ၏ ကျောသည်လည်း ကွေးညွှတ်နေခဲ့၏။
“ မင်းက စီအဆင့်လေးပဲ … ဒါပေမယ့် ငါနဲ့ ဒီအထိ တိုက်ခိုက်နိုင်တယ်ဆိုတော့ မဆိုးဘူးပြောရမယ် … ကျုံးဝေ့တပ်ဖွဲ့က လူတော့ ရွေးတတ်သားပဲ …”
“ စောက်ပိုတွေ တော်လိုက်တော့ … နင် ဒီနေ့ ဒီကနေ ထွက်သွားနိုင်မယ် ထင်မနေနဲ့ ….”
“ အဲ့တာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး …”
လီဟန်ကို ဖြေရှင်းပြီးသည်နှင့် ဝေါ်ကာ၏ အာရုံစူးစိုက်မှုက နင်ချဲ့ထံသို့ အပြည့်အဝ ကျရောက်သွားခဲ့တော့သည်။
သူ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်၏။
“ တစ်ယောက်တော့ ကျသွားပြီ … မင်းကိုလည်း တစ်မိနစ်ပဲ ….”
အချိန်က ရွှေဖြစ်သည်ကို သိသောကြောင့် ဝေါ်ကာ အပိုစကားတို့ ဆိုရင်း အချိန်ဖြုန်းမနေတော့ဘဲ နင်ချဲ့ထံသို့ ပြေးဝင်လာသည်။
အံကို တင်းတင်းကြိတ်ထားရင်း သူမ၏ ခန္ဓာကိုယ်ထဲရှိ လက်ကျန် ခွန်အားတို့အား စုစည်း၍ ဝေါ်ကာနှင့် ရင်ဆိုင်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူမဘက်က တိုက်စစ် မဟုတ်ခဲ့ချေ။ လီဟန်အတွက် အချိန်ဆွဲပေးထားရန် မလိုတော့သဖြင့် ခံစစ်အနေအထားဖြင့် ဖြစ်သွားခဲ့တော့၏။
သူမ၏ လျင်မြန်မှုက တိုက်ခိုက်မှုများကို အလိုက်သင့် ရှောင်တိမ်းနိုင်စေခဲ့ပြီး တိုတောင်းသည့် အခိုက်အတန့်လေးထဲတွင် ခေတ္တအနားရစေခဲ့သည်။
ဝေါ်ကာက ဘီအဆင့်သို့ ရောက်နေသည့်တိုင် နင်ချဲ့နှင့် ရင်ဆိုင်ရာတွင်တော့ သူ အနည်းငယ် ရုန်းကန်နေခဲ့ရ၏။
ဒါဇင်ချီမျှ အကွက် ဖလှယ်ပြီးနောက် ခံစစ် အနေအထားနှင့် ရှိနေသည့် နင်ချဲ့၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်တို့ ပြည့်နှက်လာသည်။
ခွန်အား မညီမျှသည့် တစ်ဖက်သတ် တိုက်ပွဲ တစ်ခု ဖြစ်နေသည်မှာ အသိသာကြီးပင်။
သူမ မည်မျှပင် လျင်မြန်စေကာမူ အချိန်အကြာကြီး ထိန်းသိမ်းမထားနိုင်ပေ။
“ ငါ့ကို ရပ်တန့်နိုင်မယ်လို့ မင်းကိုယ်မင်း ထင်နေလား …” ဝေါ်ကာ နှာမှုတ်လိုက်သည်။
“ ဒီလို နေရာမျိုးမှာ အချိန်ဆွဲနေတာက အဓိပ္ပာယ် မရှိဘူး …”
ဘုတ် …
ဝေါ်ကာ၏ ခြေထောက်က နင်ချဲ့၏ ဝမ်းဗိုက်သို့ ထောင့်ကျကျ ကျရောက်သွားခဲ့သည်။ သူမ နောက်သို့ လွင့်စင်သွားခဲ့ကာ အနောက်ရှိ အက်လွိုင်းတံခါးနှင့် ထိခိုက်မိသွားခဲ့၏။
နာကျင်မှုက အော့အန်ထွက်လုမတတ် ဖြစ်ပြီး သူမ၏ အရိုးများပင် ကျိုးကြေလုမတတ် ခံစားနေရလေသည်။ နင်ချဲ့ ခွန်အား ကင်းမဲ့သွားခဲ့ရ၏။
အမှန်တကယ်တော့ … ဝေါ်ကာ၏ ခွန်အားဖြင့် နင်ချဲ့နှင့် လီဟန်တို့ နှစ်ဦးကို သတ်လိုက်ရန်က အလွယ်လေးပင်။
သို့သော် သူ ထိုမျှ အထိ လွန်လွန်ကြူးကြူး မလုပ်ဝံ့ပေ။
အကယ်၍ သူသာ ဒေတာများကို ဖျက်စီးခဲ့မည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့က ၎င်းကိစ္စကို လွှတ်ပေးကောင်း လွှတ်ပေးထားနိုင်သည်။
သို့သော် သူတို့၏ စခန်းထဲသို့ ဝင်ရောက်လာပြီး ဒေတာ အချက်အလက်များကို ဖျက်စီးသွားခဲ့ရုံမျှမက ခေါင်းဆောင် အဆင့်ရှိသည့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုက်လျှင် ဤသို့သော စော်ကားမှုမျိုးကို ကျုံးဝေ့တပ်ဖွဲ့က လက်ခံမှာ မဟုတ်ချေ။ တုံးကိုက်ကိုက်၊ ကျားကိုက်ကိုက် လုပ်ဆောင်လာနိုင်သည်။
ထိုသို့ ဖြစ်မည်ဆိုပါက အတော်လေး ပြဿနာများလှ၏။
လုံးဝ မလိုအပ်သရွေ့ သူ အစွန်းရောက်နည်းလမ်းတို့ အသုံးမပြုချင်ပေ။
နှစ်ဦးလုံးအား အမှောက်သိပ်ပြီးသည်နှင့် ဝေါ်ကာ သူ၏ အကြံအစည်ကို ပြီးမြောက်အောင်မြင်သွားခဲ့သည်။
မော်ကွန်းတိုက်ရှိသည့် တံခါးပေါက်ဝရှေ့တွင် ရပ်နေရင်း သံလိုက်ကတ်ကို သော့ဖွင့်သည့် နေရာတွင် ကပ်လိုက်သည်။
‘ ဘိ ‘ ဟူသည့် မြည်သံနှင့်အတူ တံခါးက ဖြည်းညင်းစွာ ပွင့်ဟလာသည်။
ဝိဉာဏ်ပျက်စီးလုမတတ် နာကျင်နေမှုမှတဆင့် လီဟန်သည် ဝေါ်ကာက သံလိုက်ကတ်ကို အသုံးပြုသွားခဲ့သည်အား မြင်တွေ့လိုက်ရသည်။
သူ မင်သက်သွားခဲ့ရ၏။
ဘယ်လိုလုပ်ပြီးတော့လဲ … သူတောင်မှ ကတ်ကို လွန်ခဲ့တဲ့ သုံးရက်တုန်းကမှ ရခဲ့တာလေ … အဲ့ဒီ နိုင်ငံခြားသားရဲ့ လက်ထဲမှာ ဘယ်လိုလုပ် နောက်တစ်ခု ရှိနေတာလဲ ….
အက်လွိုင်းတံခါး ပွင့်လာသည်နှင့် စာရွက်စာတမ်းများ သိုလှောင်ထားသည့် အကန့်ငယ်လေးများနှင့် စတီးလော့ခ် သေတ္တာတို့က မြင်ကွင်းထဲ ဝင်ရောက်လာခဲ့သည်။
မှန်ကန်သည့် လျှို့ဝှက်နံပါတ်တို့ မရှိပါဘဲနှင့် ထိုသေတ္တာတို့အား ဖွင့်ရန်က မဖြစ်နိုင်ပေ။
ဝေါ်ကာ အချိန်ဖြုန်းမနေတော့ချေ။
သူ့ အင်္ကျီ အတွင်းအိတ်ကပ်ထဲက တစ်ဆင့် ရေပုလင်း အရွယ်အစားရှိသည့် ပစ္စည်းတစ်ခုကို ထုတ်ယူလာခဲ့ပြီး မော်ကွန်းတိုက်ထဲသို့ ဝင်သွားခဲ့သည်။
“ ဓာတ်ဆီဗုံး ….”
လီဟန် ထိတ်လန့်စွာ မြည်တမ်းမိသွားခဲ့ပြီး နာကျင်မှုကိုပင် ယာယီမေ့ပျောက်သွားခဲ့ရသည်။
“ ဟမ့် … အနည်းဆုံးတော့ ဘာလဲ သိသားပဲ …”
ဝေါ်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ ဒီအရာတွေက မင်းတို့နဲ့ ဆိုင်တဲ့အရာတွေ မဟုတ်ဘူး … ငါ ဒီကို ဖျက်စီးဖို့လာခဲ့တာ … မင်းတို့ ဟွာရှလူတွေ စကားနဲ့ ပြောရင် မတရားရထားတဲ့ ပစ္စည်းတွေကို ကောင်းကင်ဘုံကိုယ်စား လာစီရင်တာ …”
“ ငါ မင်းကို လုံးဝ ခွင့်မပြုဘူး … ဒီနေရာက ဟွာရှပဲ ….”
မည်သို့ ထွက်လာခဲ့မှန်း မသိသည့် ခွန်အားတို့ဖြင့် လိဟန်သည် ဝေါ်ကာထံသို့ ဒေါသထွက်နေသည့် ကျားသစ်တစ်ကောင်နှယ် ရောက်လာခဲ့ပြီး ဝေါ်ကာ၏ ခြေထောက်ကို တင်းကြပ်စွာ ဆွဲဖက်ထားခဲ့သည်။
“ ငါ မသေသရွေ့ မင်း အထဲဝင်ဖို့ မစဉ်းစားနဲ့ …”