← Chapters

နင် ငါ့ကို ဆယ်ခါ အကြွေးတင်သွားပြီ

Vol. 140 Ch. 2092

နင် ငါ့ကို ဆယ်ခါ အကြွေးတင်သွားပြီ

Vol. 140 Ch. 2092

ဝေါ်ကာ ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားခဲ့ပြီးမှ သူ၏ ဟန်ချက်အား ပြန်လည် ထိန်းညှိလိုက်နိုင်သည်။ လင်းရီ၏ မင်သက်ဖွယ်အတိဖြစ်သည့် အင်အားအား အံ့ချီးမဆုံး ဖြစ်နေစဉ်တွင် သူ့အား ရှော့ခ်ရစေဆုံးကတော့ သူ့ပြိုင်ဘက်၏ တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝမှုပင်။

ယခင်တစ်ကြိမ်တုန်းက လင်းရီ၏ တိုက်ခိုက်ရေး နည်းဗျူဟာတို့မှာ ဤမျှ ထက်မြက်မနေခဲ့ချေ။

ဝေါ်ကာ သေချာနေခဲ့၏။ ဤသည်က စီ အဆင့် ကျွမ်းကျင်သူတစ်ယောက်တွင် ရှိသင့်ရှိနေနိုင်သည့် စွမ်းအားမျိုး ဟုတ်မနေတော့ချေ။

လဝက်အတွင်းမှာပဲ လင်းရီသည် ထင်သာမြင်သာ ရှိသည်အထိကို သိသိသာသာကြီး ပြောင်းလဲလာခဲ့သည်။ ယင်းက အကြောင်းအရင်း နှစ်ချက်ကြောင့်ဆိုတာကို သူ့ကိုယ်သူ သိနေခဲ့၏။

ပထမ တစ်ချက်က လင်းရီသည် စနစ်၏ မစ်ရှင်ကို ပြီးမြောက်သွားခဲ့ပြီး ဒီ အဆင့် တိုက်ပွဲအတွေ့အကြုံက သူ၏ လုပ်ဆောင်နိုင်စွမ်းကို ကြီးစွာ အထောက်အကူ ပြုစေခဲ့သည်။

ယင်းက သူ့ကို တိုက်ပွဲ အတွင်း၌ ပို၍ ထိန်းချုပ်စေနိုင်ခဲ့ပြီး တစ်ဖက်ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် ပိုမိုများပြားသည့် နည်းပရိယာယ်တို့အား အသုံးချစေနိုင်ခဲ့သည်။

ဒုတိယက ယခုလေးတင် ပြီးဆုံးခဲ့သည့် သူ၏ အလားအလာကို မြင့်တင်ပေးသည့် စမ်းသပ်မှုပင်။ အထူးသဖြင့် သူ၏ ခွန်အားအရာတွင်။ စွမ်းအား မည်မျှ တိုးတက်လာသည်ကို သူ မသေချာသေးသော်လည်း ဝေါ်ကာကို ကိုင်တွယ်နိုင်ရန်အတွက်တော့ လုံလောက်သည်။

သို့သော် ထိုအထဲ အရေးကြီးဆုံးကတော့ ဖရီးမေဆင်က ဖြစ်သည့် ဝေါ်ကာသည် ဘီ အဆင့်ကျွမ်းကျင်သူဆိုသော်လည်း သူက ထောက်လှမ်းရေးဘက်ကို ပိုပြီး အာရုံစူးစိုက်ထားခဲ့သည်။ သူ၏ ခွန်အားက ကြီးမားနေသော်လည်းပဲ အီဗန်ကဲ့သို့သော တစ်စုံတစ်ယောက်နှင့်တော့ ကွာဟနေသေး၏။

မဟုတ်ပါက ယခု တိုက်ပွဲမြင်ကွင်းသည် အခြားပုံစံ တစ်ခု ဖြစ်သွားပေလိမ့်မည်။

“ ကျုံးဝေ့တပ်ဖွဲ့က ဒီနေရာကို ဒီလောက်ထိ တင်းကြပ်ထားတာ မဆန်းတော့ပါဘူး … မင်းတို့က လူတွေ တွေးနိုင်တာထက်ကို ပိုတဲ့အရာတွေ ဝှက်ထားတာပဲ …”

ဝေါ်ကာ မှတ်ချက်ပေးရင်းဖြင့် သူ၏ အမူအရာက လေးနက် တည်ကြည်လာသည်။ သူ့အရှေ့တွင် ရှိနေသည့်လူက ယခင် လဝက်ကနှင့် လုံးဝ မတူညီသည့် လူတစ်ယောက် ဖြစ်သွားခဲ့ပြီကို သတိပြုမိလိုက်သည်။ သူ့ဘက်က လေးလေးနက်နက် တိုက်ခိုက်ရတော့မည် ဖြစ်၏။

နောက်ထပ် အပိုစာသားတို့ ရွတ်မနေတော့ဘဲ လင်းရီထံသို့ တစ်ဖန် ပြေးဝင်လာသည်။

ဘန်း ဘန်း ဘန်း ဘန်း

နှစ်ဖက်မှာ ကြမ်းတမ်းစွာ တိုက်ခိုက်နေကြရင်း သူတို့၏ လက်သီးချက်တို့က တူညီသည့် အင်အားဖြင့် အပြန်အလှန် ကျဆင်းနေခဲ့သည်။ မည်သည့်ဘက်ကမျှ အလျှော့ပေးခြင်း မရှိကြချေ။ မည်သူက အသာစီးရနေလဲဆိုတာကို ဝေခွဲရန် အင်မတန် ခက်ခဲပေသည်။

သို့သော် တိုက်ပွဲက အချိန်ကြာလာသည်နှင့်အမျှ ဝေါ်ကာသည် ပို၍ နိုးနိုးကြားကြား ဖြစ်လာခဲ့တော့သည်။

သူ၏ ခွန်အားအပြည့်နှင့် တိုက်ခိုက်နေသော်ငြားလည်း လင်းရီကို ဖိနှိပ်နိုင်ခြင်း မရှိသေးချေ။

ဤအချင်းအရာကို သူ လက်မခံနိုင်ပေ။ အကယ်၍ သူသာ လင်းရီကို အနိုင်မယူနိုင်ဘူးဆိုပါက သူ၏ ကံကြမ္မာသည်လည်း အဆုံးသတ်ပြီ ဖြစ်၏။

ကြောက်ရွံ့မှုက ဝေါ်ကာ၏ ရင်ဘက်ထဲတွင် ပေါ်ဖွားလာခဲ့ပြီး မြေပြင်အခြေအနေတွင် သူ၏ အားသာချက်ကို တဖြည်းဖြည်း ဆုံးရှုံးလာသည်။

ဘန်း …

လင်းရီ၏ ညာဘက်လက်သီးက ဝေါ်ကာ၏ မျက်နှာနှင့် ပြင်းထန်စွာ မိတ်ဆက်ပေးသွားခဲ့ပြီး ခြေလှမ်းများစွာ နောက်ဆုတ်သွားစေခဲ့သည်။

ထိုအချိန်မှာပဲ ဝေါ်ကာသည် သူ ၊ လင်းရီ၏ ပြိုင်ဘက် မဟုတ်တော့ကြောင်းကို သိရှိသွားခဲ့တော့၏။

“ မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး … ငါက ဘီအဆင့် … ငါက မင်းပြိုင်ဘက် မဟုတ်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

“ မဖြစ်နိုင်တာ မရှိဘူး … ခင်များ လက်တွေ့ အမှန်တရားကို လက်ခံတတ်ဖို့ သင်ယူသင့်တယ်….”

ပြောပြီးသည်နှင့် လင်းရီထပ်ပြီး ပြေးဝင်လာခဲ့၏။ သို့သော် သူ တိုက်ခိုက်တော့မည့် အချိန်မှာပဲ ထင်မှတ်မထားသည့် တစ်စုံတစ်ခုက ဖြစ်ပေါ်လာသည်။

ဝီး ဝီး ဝီး ဝီး ဝီး …..

နားစူးချင်စရာ ကောင်းသည့် သတိပေး အချက်ပြသံက ချက်ချင်းပဲ သူတို့နှစ်ဦး၏ တိုက်ပွဲကို နှောင့်ယှက်လာခဲ့သည်။

လင်းရီကတော့ မတုန်မလှုပ်သာ ရှိနေသည်။

ဝေါ်ကာ၏ မျက်နှာတွင်တော့ အထိတ်တလန့် ဖြစ်သည့် အမူအရာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဤအသံက မည်သည်ကို ဆိုလိုချင်နေလဲ သူသိသည်။ သတိပေး အချက်ပြသည့် စနစ်ကို တစ်စုံတစ်ယောက်က အသက်သွင်းလိုက်ပြီ ဖြစ်၏။

ဝေါ်ကာ ထိတ်လန့်နေစဉ်နေမှာပဲ ကျုံးဝေ့တပ်ဖွဲ့ စခန်းအတွင်း၌ ခရာသံကဲ့သို့ စူးရှကျယ်လောင်သည့် အသံများ ညံလာကာ ပတ်ဝန်းကျင် တစ်ခွင်သည်လည်း အနီရောင် အလင်းတို့ဖြင့် ဝန်းရံထွန်းလင်းလာခဲ့သည်။ မိုးကောင်းကင်ကြီး ပြိုကျတော့မည့်နှယ် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှ၏။

ဤသို့ အလှည့်အပြောင်း ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းက လီဟန်နှင့် ရွှီလန်ကို ဓာတ်ခွဲခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ရွှီလန်ကို နင်ချဲ့ အမြန်လှုပ်နိုးလိုက်သည်။ ပြီးသည့်နောက် သူမ၏ လမ်းညွှန်မှုဖြင့် သတိပေး အချက်ပြသည့် ခလုတ်ကို ရှာတွေ့သွားခဲ့ပြီး အသက်သွင်းလိုက်ခြင်းပင်။

“ ဖက်ခ်ပဲ …”

မစ်ရှင် ကျဆုံးပြီ ဖြစ်ကြောင်း သိလိုက်ရတော့ ဝေါ်ကာ ကျိန်ဆဲလိုက်သည်။ လင်းရီကို ကိုင်တွယ်နေရန်အတွက် သူ့တွင် အချိန်မကျန်တော့ပေ။ အကယ်၍ သူသာ ချက်ချင်း ထွက်မပြေးဘူးဆိုပါက သူ ရင်ဆိုင်ရမည့် အရာကား သေခြင်းတရားပင်။

“ ကောင်လေး … မင်းဒီနေ့ ကံကောင်းသွားတယ် … ဒါပေမယ့် နောက်တစ်ခါကျရင်တော့ သတိထားပြီးနေ ….”

ထိုသို့ ပြောပြီးနောက် ဝေါ်ကာ ဘာမျှ ထပ်မဆိုတော့ဘဲ နောက်သို့လှည့်ကာ မိုးကြိုးအလင်းတန်းနှယ် ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။

“ လာတောင် လာပြီးမှတော့ ထွက်ပြေးဖို့ အဲ့လောက်လွယ်မယ်ထင်လား …”

ဝေါ်ကာ ထွက်ပြေးရန် နောက်သို့ လှည့်လိုက်သော်လည်းပဲ သူ အနည်းငယ် နှောင့်နှေးသွားခဲ့သည်။ လင်းရီ၏ ခြေထောက်က သူ၏ ရင်ဘက်နှင့် ထိတွေ့သွားခဲ့ပြီး နောက်ရှိ သံမဏိတံခါးသို့ လွင့်ထွက်သွားစေခဲ့လေသည်။ နှုတ်ခမ်းထောင့်မှ သွေးတို့ စီးကျလာခဲ့ပြီး မြေပြင်သို့ လဲကျသွားခဲ့၏။

ထိုကဲ့သို့သော တိုက်ခိုက်မှုက ဝေါ်ကာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်းပဲ ဝေါ်ကာ၏ အမူအရာကို ကြည့်ရသည်မှာတော့ လင်းရီနှင့် ခေါင်းချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်ဖို့ကို ရှောင်ရှားနေပုံရသည်။

ဝေါ်ကာ၏ မျက်နှာ ခက်ထန်သွားခဲ့ပြီး ဒေါသတရားတို့က ပေါက်ကွဲထွက်လာသည်။

သူ့အား စောင့်မျှော်နေမည့် ကံကြမ္မာကို သူ နားလည်ထားပြီး ဖြစ်သည်။

ဤသည်က စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းသည့် ကျုံးဝေ့တပ်ဖွဲ့ဖြစ်၏။ ထို့ပြင် သူရောက်နေသည်က ၎င်းတို့၏ ပိုင်နက်ထဲတွင်ပင်။ ၎င်းတို့က သူ့ကို သနားငဲ့ညှာနေမှာ မဟုတ်ချေ။

ထပ်ပြီး ဆုံးရှုံးစရာ မရှိတော့သည်နှင့် ဝေါ်ကာသည် လင်းရီထံသို့ သွေးရူးသွေးနှမ်း ပြေးတက်လာခဲ့သည်။

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး ဝေါ်ကာ၏ လုပ်ရပ်အပေါ် ရှုပ်ထွေးသွားခဲ့သည်။

သူ၏ တိုက်ခိုက်မှုတို့က အရိုင်းဆန်ပြီး တည်ငြိမ်မှု ကင်းမဲ့နေကာ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် တိုက်ခိုက်ရေးသမားတစ်ယောက်နှင့် တူမနေတော့ချေ။ သူ၏ သွင်ပြင်က လင်းရီကို မည်သည့် ရသည့်နည်းနှင့်မဆို အမှောက်သိပ်ရန် ကြံရွယ်နေသည့်ပုံပေါ်သည်။

ဝေါ်ကာ၏ တိုက်ခိုက်မှုတို့က ကြမ်းတမ်းပြီး သနားညှာတာမှု ကင်းမဲ့သော်လည်းပဲ တည်တည်ငြိမ်ငြိမ်ရှိနေသည့် လင်းရီမှာ လွယ်လင့်တကူ ရှောင်ရှားလိုက်နိုင်ဆဲပင်။

ဝေါ်ကာ၏ လုပ်ရပ်တို့က တိုက်ပွဲတွင် အနိုင်တိုက်ရန် ကြံရွယ်ထားခြင်း မရှိသည်မှာ မြင်သာလှ၏။ ၎င်းတို့က သူ၏ နောက်ဆုံးသော ကြိုးစားရုန်းကန်မှုလေးများပင်။

“ ခင်များ လမ်းဆုံးသွားပြီ … ဒီလိုတွေ လုပ်နေလို့ တစ်ခုခုကို ပြောင်းလဲနိုင်မယ် ထင်နေလား ….”

“ ငါ ဘယ်လို အဆုံးသတ်သွားမလဲ ငါသိတယ်… ဒီနေ့ ငါ့မစ်ရှင် ကျဆုံးသွားပြီ … ဒီတော့ ဒီနေ့ ငါ သေမှာပဲ …” ဝေါ်ကာ နှာမှုတ်လိုက်ပြီး “ ဒါပေမယ့် မင်းကိုပါ အပါခေါ်သွားမှာ … သေမယ့်သေ အတူသေကြတာပေါ့ …”

လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ ဝေါ်ကာ မည်သည်ကို ပြုလုပ်ဖို့ ကြံစည်နေလဲ သတိပြုမိသွားခဲ့လေသည်။

ဒူဘိုင်း မစ်ရှင်တစ်ခုတွင် မစ်ရှင် မအောင်မြင်သည့် အနက်ရောင် အဖွဲ့အစည်းဝင်များလည်း ရန်သူ့လက်တွင်းသို့ ကျရောက်သွားသည်ထက် မိမိကိုယ်ကို ဖောက်ခွဲပြီး အဆုံးစီရင်သွားခဲ့ကြသည်။

ထိုကိစ္စကို လုပေချိန်နှင့် ဆွေးနွေးကြည့်ပြီးနောက် ဤသည်က ညှင်းပန်းခြင်းနှင့် စစ်ဆေးမေးမြန်းခံရခြင်းတို့မှ ရှောင်ကြဉ်ရန်အတွက် ထိုအုပ်စုများ အသုံးပြုသည့် သာမန်နည်းလမ်းတစ်ခု ဖြစ်သည်ကို ကြားသိခဲ့ရသည်။

သူတို့ကိုယ်သူတို့ ဖောက်ခွဲပြီး အဆုံးသတ်ရန် ရွေးချယ်ခဲ့ကြ၏။

ဝေါ်ကာလည်း တစ်ထေရာတည်း တူညီသည့် လုပ်ရပ်ကို ပြုလုပ်ရန် ကြိုးစားနေခြင်းပင်။ ထိုနည်းလမ်းဖြင့် လင်းရီကိုပါ သေရွာသို့ အပါခေါ်သွားချင်နေသည်။

မဟုတ်ပါက ကျုံးဝေ့တပ်ဖွဲ့လက်ထဲသို့ ကျရောက်သည်နှင့် သူ၏ ကံကြမ္မာသည် သေသည်ထက်ပင် ဆိုးရွားသွားပေလိမ့်ဦးမည်။

“ သေစမ်း …”

လင်းရီ အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး သူ့ကို တင်းကြပ်စွာ ဖက်ထားသည့် ဝေါ်ကာ၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။

ခွန်အားချင်း ရင်ဘောင်တန်းနိုင်သော်လည်းပဲ လင်းရီ ၎င်း၏ လက်မှ မလွတ်မြောက်နိုင်ဘဲ ဖြစ်နေခဲ့ရ၏။

“ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ … စီ အဆင့် ခွန်အားနဲ့တင် ငါ့ကို ဖိနှိပ်နိုင်နေတယ်… ငါ မင်းလို လူစားမျိုး အရင်က တစ်ခါမှ မကြုံဖူးသေးဘူး …”

ဝေါ်ကာ ကောက်ကျစ်စွာ ပြုံးလိုက်၏။ သူ၏ မျက်နှာထက်တွင် ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။

“ ဒါပေမယ့် ငါဒီနေ့ ငါသေမှာဆိုတာ ငါ့ကိုယ်ငါ သိတယ် .. ဒီတော့ မင်းကိုလည်း ဘုရားသခင်နဲ့ တွေ့ရအောင် အတူခေါ်သွားမယ် … ငါတို့ အတူသေလိုက်ကြစို့ ….”

ဘန်း …

ဝေါ်ကာ သူ၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲသည့် ခလုတ်ကို အသက်သွင်းတော့မည့် အချိန်မှာပဲ သေနတ်သံ တစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူ၏ နတ်ဆိုးဆန်ဆန် ရယ်မောသံကြီးက အတင်းအကျပ် ရပ်တန့်ခံလိုက်ရပြီး သွေးစက်တို့က လင်းရီ၏ မျက်နှာသို့ ဖြန်းပက်လာခဲ့၏။

လင်းရီ လှည့်ကြည့်လိုက်သောအခါ နင်ချဲ့က ဓာတ်လှေကား တံခါးပေါက်ဝတွင် ရပ်နေပြီး နာကျင်သည့် အမူအရာဖြင့် သူ့ထံသို့ ပြုံးပြနေသည်ကို မြင်တွေ့လိုက်ရသည်။

“ ငါ နင့်အသက်ကို ကယ်ခဲ့တယ် … နင် ငါ့ကို အကြွေးဆယ်ခါ တင်သွားပြီနော်….”

All Chapters