လင်းရီစိတ်တိုင်းကျ
Vol. 140 Ch. 2094
ကလင် ကလင် ကလင် …
သုံးယောက်သား စားသောက်နေစဉ်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့သည်။ ယင်းက လျိုဟုန်ထံက ဖြစ်၏။
စားသောက်နေသည်ကို မရပ်တန့်ချင်သည့်အတွက် လင်းရီ စပီကာဖွင့်ပြီး ဖုန်းကို ချထားလိုက်သည်။
“ မင်းတို့ ဘယ်မှာလဲ ….”
“ စားနေတာလေ….”
“ နင်လေးရဲ့ ဒဏ်ရာရော … စိုးရိမ်ရလား ….”
“ အပေါ်ယံလေးတွေပါပဲ … ဘာစိုးရိမ်စရာမှ မရှိဘူး ….”
“ စားနေတာရပ်ပြီး ပြန်ခဲ့တော့ ….”
လင်းရီ ရပ်တန့်သွားခဲ့ပြီး “ တစ်ခုခု ဖြစ်လို့လား …”
“ ငါတို့ စစ်မေးပြီး အချက်အလက် တစ်ချို့ ရထားတယ် … မင်းတို့ ပြန်လာပြီး ကိစ္စတစ်ချို့ ကိုင်တွယ်ဖို့ လိုတယ်….”
“ အဲ့လောက် မြန်လား …”
“ ငါတို့ ကျုံးဝေ့တပ်ဖွဲ့ကို ရေသာချည်း ခိုနေတဲ့ကောင်တွေလို့ မင်းထင်နေတာလား ….”
“ အထင်ကြီးလောက်စရာပဲ … တကယ့်ကို အထင်ကြီးစရာပါပဲ …”
လင်းရီ တွေးတောလိုက်မိသည်။ အကယ်၍ ရှင်းရှန်း ရဲစခန်းက မကိုင်တွယ်နိုင်သည့် လူရှိခဲ့ပါက စစ်မေးရန်အတွက် ကျုံးဝေ့တပ်ဖွဲ့ကို လွှတ်လိုက်ဖို့ သင့်လေသည်။
“ ကောင်းပြီ … အချိန်ဖြုန်းနေတာ တော်ပြီး ပြန်လာခဲ့တော့ …” လျိုဟုန် ပြောလိုက်သည်။
“ အိုး …. ဒါနဲ့ ပေါက်စီ ရှစ်ပေါင်လောက် ဝယ်ခဲ့စမ်းပါ … ပြီးတော့ မတ်ပဲစွပ်ပြုတ်လေးရော … ပေါက်စီကို ဝက်သားအစာသွပ်ထားတာ သေချာ ရွေးဝယ်ခဲ့ …”
“ ချီးပဲ …”
ကျိန်ဆဲပြီးနောက် လင်းရီ ဖုန်းချကာ ကျန်သူများအား ဆော်ဩလိုက်တော့သည်။
“ ကဲ သွားစို့ … ငါတို့ ပြန်ကြမယ်…”
ပိုက်ဆံရှင်းပြီးနောက် သုံးဦးသားလုံး ကျုံးဝေ့တပ်ဖွဲ့သို့ မောင်းနှင်လာခဲ့ကြကာ လျိုဟုန်၏ ရုံးခန်းထဲသို့ ဦးတည်လိုက်ကြသည်။
ထုံးစံအတိုင်း … လျိုဟုန်၏ ရုံးခန်းမှာတော့ ဆန်းကြယ်သည့် မြူခိုးငွေ့တို့ဖြင့် ပြည့်နှက်နေလေသည်။
ချိုးယွီလော့က ဝယ်လာသည့် ပေါက်စီများအား လျိုဟုန်၏ စားပွဲပေါ်တွင် တင်ပေးပြီး မေးလိုက်သည်။
“ ကျွန်မတို့ကို အလျင်စလိုနဲ့ ပြန်ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ …”
“ နောက်ကွယ်ကနေ ထိန်းချုပ်နေတာ ဘယ်အဖွဲ့အစည်းကလဲဆိုတာ ငါတို့ သိသွားပြီ …”
သတင်းက သူတို့ သုံးယောက်လုံးကို အေးခဲသွားစေခဲ့လေသည်။
ဤသည်က သူတို့ တစ်လျှောက်လုံး မျှော်လင့်စောင့်စားနေခဲ့ရသည့် သတင်းပင်။
“ ဘယ် အဖွဲ့အစည်းကလဲ …” နင်ချဲ့ မေးလိုက်သည်။
“ ဖရီးမေဆင် ….”
“ ဖရီးမေဆင် ………”
သုံးယောက်လုံး ငြိမ်ကျသွားခဲ့ကြ၏။ ဤနာမည်ကို သူတို့ နားမစိမ်းပေ။
အွန်လိုင်းပေါ်တွင် ဖရီးမေဆင်နှင့် ပတ်သက်သည့် အယူအဆတို့ မရေမတွက်နိုင်အောင် များပြားလှသည်။
သို့သော် မည်သည့်အချက်အလက်ကမျှ အုပ်စု၏ သဘောသဘာဝအပေါ် ရေရာရှင်းလင်းသည့် ဖြေရှင်းချက်ကို ပေးစွမ်းမနေချေ။
တချို့ ပြောကြသည်မှာတော့ ဖရီးမေဆင်သည် ခေတ်ဟောင်းတွင်သာ ကျန်ရစ်ခဲ့ပြီး ယခုအခါ နာမည်သာလျှင် ရှိတော့သည်ဟု ဆိုကြသည်။ သို့သော် ယခုတွင်တော့ သူတို့က အမှောင်ထဲတွင် နေပြီး ပြဿနာပေါင်းစုံကို ဖန်တီးနေကြလေသည်။
“ အံ့ဩသွားလား ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အင်း … တကယ်ကိုပဲ …. ဒီသတင်းက သေချာလား ….”
“ အမှားမရှိနိုင်ဘူး …” လျိုဟုန် ပေါက်စီတစ်လုံးအား ကိုက်ရင်း ပြောလိုက်ပြီး “ ဟိုကောင်က သတ်ခံလိုက်ရတယ် … သူ့ကိုယ်ပေါ်မှာ ဖရီးမေဆင်ရဲ့ သဲလွန်စတွေ အများကြီး ငါတို့ တွေ့ထားတယ် … သံသယ ဖြစ်စရာ မလိုဘူး …”
“ ကျန်တာရော …..”
“ နည်းနည်းတော့ ထပ်ရှိသေးတယ် .. ဒါပေမယ့် မများဘူး …”
လျိုဟုန် သူ၏ လက်တော့စခရင်ကို လှည့်ပြလာခဲ့ပြီး ၎င်းအပေါ်တွင် လူနှစ်ယောက်၏ ဓာတ်ပုံကို ပြသထားသည်။
တစ်ဦးက ဝေါ်ကာ ဖြစ်ပြီး ကျန်တစ်ဦးကတော့ သူ၏ ပါတနာ --- လူမည်း အီဗန်ပင်။
“ ဖရီးမေဆင်က ငါတို့ထင်ထားတာထက် လျှို့ဝှက်ပြီး အင်အားကြီးတဲ့ အဖွဲ့အစည်းပဲ … အဲ့ကောင်ကို သတ်ပြီးတာတောင် အသုံးဝင်တဲ့ သတင်းအချက်အလက်က သိပ်မရဘူး….” လျိုဟုန် ပြောလိုက်ပြီး “ ဒီပုံကိုတောင် ငါတို့ သူ့ဖုန်းထဲက ရှာတွေ့တာ … အဲ့လူမည်းက သူ့ အဖော်ဖြစ်ရမယ် … နောင် စစ်ဆင်ရေးတွေကျရင် သူ့ကို သတိထားစောင့်ကြည့်ဖို့ မမေ့နဲ့ ….”
“ နားလည်ပြီ …” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။
“ ဖန့်ကျင်းကရော … သူ့ဆီကနေ ဘာသတင်းတွေ ရသေးလဲ …”
“ သူ့အမှုက ရိုးရိုးလေးရယ် … ဒါတွေ အကုန်လုံးက ပိုက်ဆံကြောင့်ပဲ …”
လျိုဟုန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထိုအကြောင်း ဆွေးနွေးရန် အရှက်ရနေဟန်ပင်။
“ ကျုံးတေ့တပ်ဖွဲ့ လစာက မနိမ့်ပါဘူး … ကျုပ် မှတ်မိသလောက်ဆို အာမခံ ခြောက်ခု ၊ ပင်စင် နှစ်ခု ၊ လစာကိုလည်း ဆယ့်လေးလစာ … ပြီးတော့ နေစရာအိမ်လည်း အလကားပဲ … သူ့ရာထူးနဲ့ဆို တစ်နှစ်ကို အနည်းဆုံး ယွမ် သိန်းလေးဆယ် (လေးသန်း) လောက် ရှာနိုင်နေပြီမလား …”
“ ဒါပေမယ့်လည်း ဒေါ်လာ တစ်ဘီလီယမ်နဲ့ အစိမ်းရောင် ကတ်လေး တစ်ကတ်ကိုတော့ မယှဉ်နိုင်ပါဘူး …”
သုံးယောက်လုံး တစ်ဖန် တိတ်ဆိတ်သွားခဲ့၏။ လက်စသတ်တော့ လူတစ်ယောက်ကို ဝယ်ဖို့က ဒေါ်လာ ၁ ဘီလီယမ်နဲ့ အစိမ်းရောင်ကတ်လေး တစ်ကတ်ပဲ လိုတယ်ပေါ့။
“ ဒါနဲ့ ကျုပ်သိချင်တာက မာမွန်း အဖွဲ့အစည်းနဲ့ ဒီရဲ့ ဖရီးမေဆင်က ဆက်စပ်နေလား ဆိုတာပဲ …”
လင်းရီ အဖို့ အနက်ဝတ်နှင့်လူ၏ အရည်အချင်းနှင့် အုတ်မြစ်တို့မှာ အင်မတန် ခိုင်မာလှသည်။ ဇီးရိုးနှင့် ရင်ဆိုင်ချိန်တွင် လင်းရီသည် နိုင်ချေ အခွင့်အလမ်း အနည်းငယ်ပင် မရှိခဲ့ချေ။ စစချင်းတုန်းကတော့ ဆန်းကြယ်သည့် အဖွဲ့အစည်းကြီးသည် မာမွန်း အဖွဲ့အစည်း ဖြစ်လိမ့်မည်ဟု လင်းရီ တွေးထင်နေခဲ့၏။
သို့သော် ယခု သူ့ဘက်က အတွေးလွန်နေခဲ့သည်ကို သတိပြုမိလိုက်သည်။
အကယ်၍ ၎င်းတို့ အဖွဲ့အစည်းကြီး နှစ်ခုကြားတွင် အချိတ်အဆက် တစ်ခုခု ရှိနေခဲ့မည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့အဖို့ ကံကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် အကယ်၍ လုံးလုံးလျားလျား မတူညီသည့် အဖွဲ့အစည်း နှစ်ခု ဖြစ်နေခဲ့မည်ဆိုပါက တိလိရာ့ ကျွန်းပေါ်တွင် ရင်ဆိုင်ရမည်ကား အင်အားကြီး အဖွဲ့အစည်းနှစ်ခု ဖြစ်သွားလိမ့်မည်။
ဤသည်က ကျုံးဝေ့တပ်ဖွဲ့အတွက်တော့ ကပ်ဆိုက်ခြင်းပင်။
“ လောလောဆယ် ငါတို့ဘက်မှာ အဲ့ဒီ အဖွဲ့အစည်းကြီးနှစ်ခုနဲ့ ပတ်သက်ပြီး သတင်းတွေ အများကြီး မရှိသေးဘူး … ဒီတော့ ကောက်ချက်ချဖို့က ခက်ခဲသေးတယ်…” လျိုဟုန် ပြောလိုက်သည်။ “ အချိတ်အဆက် နည်းနည်းလည်း ရှိရင်ရှိမှာပေါ့ … ဒါပေမယ့် ထဲထဲဝင်ဝင်တော့ မဖြစ်နိုင်လောက်ဘူး ….”
လျိုဟုန်၏ အမူအရာက အေးဆေး သက်သက်သာသာပင်။ သို့သော် လင်းရီကတော့ တည်ငြိမ်နိုင်ခြင်း မရှိခဲ့ချေ။
သူ အဓိက စိုးရိမ်နေသည်မှာ ဇီးရိုး အမည်ရသည့် အနက်ဝတ်နှင့် လူကိုပင်။
သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က လင်းရီသည် E အဆင့်မျှသာ ရှိသေးသည်။ သူ့ဘက်က ရှုံးနိမ့်သွားခဲ့သော်လည်းပဲ နိုင်ခြေ နီးကပ်ခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ သူ့ဘက်ကသာ မဆိုစလောက်လေး သန်မာခဲ့မည်ဆိုပါက အနက်ဝတ်နှင့်လူ ရှုံးနိမ့်သွားပေလိမ့်မည်။
သို့သော် .. လင်းရီ ဒီ အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း … ဒီအဆင့် အထိတ်အထိပ်သို့ ရောက်ရှိချိန်၌ ဇီးရိုးနှင့် ဒုတိယအကြိမ် ထိပ်တိုက်ရင်ဆိုင်ရာတွင် နှစ်ဦးမှာ လက်ရည်တူညီခဲ့သေး၏
ယင်းက အကြောင်းမဟုတ်သေး။ သူ စိုးရိမ်ပူပန်နေသည်မှာ ဇီးရိုး၏ လျင်မြန်သည့် စဉ်ဆက်မပြတ် တိုးတက်လာခဲ့ခြင်းပင်။
လင်းရီ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်စဉ်၌ စနစ်က အဓိက ကျသည့် အခန်းကဏ္ဍနေရာမှ ပါဝင်နေခဲ့သည်။ သို့သော် ဇီးရိုးက သာမန်လူတစ်ယောက် ဖြစ်ပြီး မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန်မာနေသည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
ရုတ်ချည်းဆိုသလို လင်းရီ၏ ဆံပင် အစွန်အဖျားတို့ ထောင်ထသွားခဲ့သည်။
ဇီးရိုးလည်း သူကဲ့သို့ ခွန်အားတိုးမြင့်ပေးသည့် စမ်းသပ်မှုတို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။ သို့ပေမယ့် သူတို့နှစ်ဦး ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်က လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်၏။ ဆိုလိုသည်မှာ တစ်ဖက် အဖွဲ့၏ စမ်းသပ်မှု သုတေသန လုပ်ငန်းတို့က ကျုံးဝေ့တပ်ဖွဲ့ထက် ခြေတစ်လှမ်း သာလွန်နေသည်ကို ဖော်ပြနေသည်။ ယခု စမ်းသပ်မှုမှတဆင့် ဇီးရိုးကဲ့သို့သော ထူးချွန်သည့် ကျွမ်းကျင် တိုက်ခိုက်ရေးသမားများကိုပင် အများအပြား မွေးထုတ်ပေးနိုင်နေလောက်ချေသည်။
ကျုံးဝေ့တပ်ဖွဲ့အပေါ် သက်ရောက်နေသည့် ဖိအားက မျှော်လင့်ထားသည်ထက် များစွာ ကြီးမားနေခဲ့၏။
“ လင်းရီ …..”
“ ဟင် … ဘာလဲ ….” လင်းရီ အတွေးနွံထဲက ရုန်းထွက်ပြီး မေးလိုက်သည်။
“ နင် ဘာတွေ အတွေးလွန်နေတာ …”
“ ဒီတိုင်း စဉ်းစားနေတာပါကွာ …” လင်းရီ သူ့ကိုယ်သူ ပြန်လည် ပြင်ဆင်လိုက်ပြီး “ အကြီးအကဲလုနဲ့ အကြီးအကဲလျန်က ဘာညွှန်ကြားချက်တွေ ပေးလာခဲ့သေးလဲ …”
“ အင်း … တစ်ဖက်ကလည်း တုံ့ပြန်လာပြီဆိုတော့ ငါတို့ကလည်း သူတို့လိုပဲ တုံ့ပြန်သင့်တယ်….”
လျိုဟုန် ပြောပြီး သူ၏ လက်တော့ စခရင်ကို တစ်ဖက်သို့ ရွေ့လိုက်ပြီး တိကျသည့် တည်နေရာ အမှတ်အသားကို မှတ်သားထားသည့် လန်ဒန်၏ မြေပုံက စခရင်ပေါ်၌ ထွက်ပေါ်လာသည်။
“ ဒီ အမှတ်အသားက ဘာကြီးလဲ …”
လင်းရီ မျက်ခုံးပင့်၍ မေးလိုက်၏။
“ ကျုပ်ကို ဘုရင်မကြီးရဲ့ သွားအတု ခိုးခိုင်းမလို့တော့ မဟုတ်ဘူးမလား ….”
“ အဲ့မိန်းမကြီးနဲ့ ဝေးဝေးနေ … သူ့ဆီက ထူးဆန်းတဲ့ အနံ့ရတယ်(ထူးဆန်းတယ်)….” လျိုဟုန် သူ၏ ပဲစွပ်ပြုတ်ကို တစ်ဇွန်းခပ်မြည်းရင်း ပြောလိုက်သည်။ “ သူနဲ့ တွေ့ပြီးတော့မှ နိုင်ငံခြားက ရေမွှေးတွေ ဘာကြောင့် ဈေးကြီးလဲ သိသွားရတော့တယ် … လက်စသတ်တော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရနံ့သင်းသင်းနဲ့ ဖုံးအုပ်ဖို့ကိုး ….”
“ လခွမ်း …”
လင်းရီ ချဲ့ကားသည့် မျက်နှာထားတစ်ခုဖြင့် အသံပြုလိုက်သည်။ ချိုးယွီလော့နှင့် နင်ချဲ့တို့ပင် ထူးဆန်းသည့် အမူအရာကို ထိန်းသိမ်းမထားနိုင်ခဲ့ချေ။ သူမတို့တွေ လျိုဟုန်ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်ကြ၏။
“ အဲ့တာ ဘာအကြည့်လဲ ….”
“ ဟေ့ ဟေ့ …. သူ့ အနံ့က အဲ့လို ရှိမှန်း ခင်များ ဘယ်လိုသိနေတာလဲ ပြောလိုက်တော့ ….” လင်းရီ စနောက်လိုက်သည်။ “ ခင်များ … မသင့်တော်တာတွေတော့ မလုပ်ခဲ့ဘူးမလား … “
“ မင်းကြီးတော်ကို သွားလုပ်လေ … မစ်ရှင် တစ်ခုမှာ သူ့ကို မြင်ခဲ့ရုံလောက်ပဲ … ဒါပဲ …” လျိုဟုန် မျက်လုံးကြီး ပြူးပြီး ကြိမ်းမောင်းလာခဲ့၏။
ထို့နောက် သူ စခရင်ဘက်သို့ လက်ညှိုးထိုးပြရင်း “ မြေပုံပေါ်မှာ မှတ်ထားတဲ့ အမှတ်အသားက လန်ဒန်မှာ ရှိတဲ့ ဖရီးမေဆင်ရဲ့ ရုံးချုပ်ပဲ …. နောက်လာမယ့် မင်းသွားရမယ့်နေရာက အဲ့နေရာပဲ ….”
“ ဆိုတော့ …. ကျုပ်က အဲ့ကို ဘာသွားလုပ်ရမှာ …”
လျိုဟုန် ပခုံးတွန့်ပြလိုက်ပြီး လင်းရီနှင့် နင်ချဲ့ကို ကြည့်လိုက်သည်။ “ အဲ့တာ မင်းတို့ဆုံးဖြတ် … အရာရာတိုင်းမှာ အသွားအပြန်ဆိုတာ ရှိတယ်… သူတို့လည်း ငါတို့နေရာလာလည်မှတော့ ငါတို့လည်း သူတို့နေရာ ပြန်သွားလည်ပေးရမှာပေါ့ ဟုတ်တယ်ဟုတ် ….”
ချိုးယွီလော့၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
လင်းရီ၏ အကျင့်စရိုက်ဖြင့်ဆိုပါက အကယ်၍ ထိုကောင့်ကိုသာ သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်မည်ဆိုပါက ဖရီးမေဆင်ရုံးချုပ်ကြီးကို ဖောက်ခွဲပစ်လောက်သည်။