ပါးဖြတ်ရိုက်တာကို နောက်ညထိ စောင့်နေလို့မရဘူး
Vol. 140 Ch. 2095
“ ဘောစ့်လျို … ခင်များ နောက်နေတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်နော်…”
“ ဒီလိုကိစ္စမျိုး မင်းကိုငါ နောက်ပါ့မလား …” လျိုဟုန် ပြန်ပြောလိုက်ပြီး “ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း ပြောပြထားပြီးသား … ဘယ်လိုလုပ်မလဲ မင်းတို့ သုံးယောက်ကြား ဆွေးနွေးလိုက် … ဒါပေမယ့် လူတွေ အများကြီးတော့ ခေါ်မသွားနဲ့ … ဆယ်ယောက်ထက် ပိုခွင့်မပြုဘူး … လူများလွန်းရင် မကောင်းဘူး …”
“ ခင်များအဲ့လိုပြောရင် ကျုပ် စိတ်ချပြီ …” လင်းရီ ပျင်းရိစွာ အညောင်းဆန့်၍ မတ်တပ်ရပ်လိုက်သည်။ “ တခြား မရှိတော့ဘူးဆိုရင် ကျုပ် သွားပြီး ပြင်ဆင်တော့မယ်….”
“ သွားတော့ ….”
လျိုဟုန် လက်ဝှေ့ရမ်းလိုက်ပြီး “ မင်းတို့ဘာမင်းတို့ ကြည့်စီစဉ်ကြ …”
သုံးဦးသားလုံး ထွက်လာခဲ့ကြပြီး ချိုးယွီလော့၏ ရုံးခန်းထဲသို့ ဦးတည်လိုက်ကြသည်။
ပြန်ရောက်သည်နှင့် ချိုးယွီလော့သည် သူမ၏ ကွန်ပျူတာကို ဖွင့်၍ ဖရီးမေဆင်အဖွဲ့အစည်းနှင့် ဆက်စပ်သည့် သတင်းအချက်အလက်တို့အား စတင် ရှာဖွေတော့သည်။
“ ဖရီးမေဆင်ဂိုဏ်းရဲ့ ရုံးချုပ်က ဘုရားရှိခိုးကျောင်း ဖြစ်နေသလိုပဲနော်…”
အတိတ်တွင်တုန်းက လင်းရီသည် ဖရီးမေဆင်နှင့် ပတ်သက်၍ ကောလဟာလတို့လောက်သာ သိထားပြီး ယင်းက ဆန်းကြယ်သည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်၏။
သို့သော် လူအများစုကတော့ ယင်းအဖွဲ့အစည်းကို အန္တရာယ်ကင်းပြီး လူတို့အား အန္တရာယ်မပြုသည့် အဖွဲ့အစည်းကောင်း တစ်ရပ်အဖြစ် မှတ်ယူထားကြ၏။ တစ်ခုတည်းသော ထူးခြားချက်က ၎င်းတို့၏ အဖွဲ့ဝင်များမှာ နိုင်ငံအသီးသီးက ကဏ္ဍနယ်ပယ် အသီးသီးတွင် ထူးချွန်သည့် လူများ ဖြစ်နေခြင်းပင်။
ဖျော်ဖြေရေး အနုပညာကြယ်ပွင့်တို့မှအစ ၊ နိုင်ငံ၏ သမ္မတကြီးများအထိ သူတို့ အဖွဲ့ဝင်များ ရှိနေနိုင်သည်။
အကယ်၍ ဤဖြစ်ရပ်ကြောင့်သာ မဟုတ်ပါက လင်းရီသည် ဖရီးမေဆင် အဖွဲ့အစည်းနှင့် အစက်များအား ဆက်စပ်မိမှာ မဟုတ်ချေ။
“ တကယ်တော့ တစ်ကမ္ဘာလုံး အနှံ့မှာ ဖရီးမေဆင် အဆောက်အဦးနဲ့ အလားတူ အဆောက်အဦးမျိုး အများကြီး ရှိတယ်… ငါ မှတ်မိတာ မမှားရင် ငါတို့ နိုင်ငံမှာလည်း ၁၂ ခုလား မသိဘူး ရှိတယ် … အစောဆုံး တစ်ခုက လန်ဒန်မြို့မှာ လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က ဆောက်လုပ်ခဲ့တဲ့တစ်ခုပဲ …”
“ ဒါပေမယ့် အဲ့နေရာက အခု ချာ့ချ်ကျောင်း ဖြစ်နေပြီ … ဖရီးမေဆင် အဖွဲ့အစည်းအတွက် အဓိပ္ပာယ် မရှိတော့ဘူးမလား …” လင်းရီ မေးမြန်းလိုက်သည်။
“ သူ့ရဲ့ အမှတ်သညာက ဖရီးမေဆင်အတွက် တော်တော် အရေးပါတယ် ….” ချိုးယွီလော့ ပြောလိုက်ပြီး “ ဖရီးမေဆင်ရဲ့ အဖွဲ့အဝင်တွေက ပုံစံမျိုးစုံနဲ့ သာမန် လူ့အဖွဲ့အစည်းကြီးထဲမှာ ရောနှောနေကြတယ် … သူတို့ အများစုက အဲ့ဒီနေရာကိုသွားပြီး ဝတ်ပြုတာ အကျင့်ဖြစ်နေကြပြီ .. ပြီးတော့ ကန့်သတ်ချုပ်ချယ်ထားတာမျိုးလည်း မရှိဘူး … သာမန်လူနဲ့ အဖွဲ့ဝင်တွေကို တန်းတူပဲ ဆက်ဆံတယ် … အထူးအခွင့်အရေး ပေးထားတာမျိုး မရှိဘူး …”
“ ပွင့်ပွင့်လင်းလင်း ပြောကြေးဆို ဘော့စ်လျိုက သူတို့ မျက်နှာကို ဖြတ်ရိုက်ချင်ရုံပဲ ဟုတ် ….”
“ အတိအကျပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ အဓိက အဖွဲ့ဝင်တွေက အဲ့နေရာမှာ အစည်းအဝေး မကျင်းပဘူးဆိုပေမယ့် အဲ့နေရာက ဖရီးမေဆင်ရဲ့ ဦးဆုံး စတင်ခဲ့တဲ့ နေရာပဲလေ… အခုချိန်မှာ ပုံမှန် လည်ပတ်တာမျိုး မရှိတော့ဘူးဆိုရင်တော့ သူတို့အတွက် အထိမ်းအမှတ် အဆောက်အဦး ဖြစ်နေသေးတုန်းပဲ ….”
“ ဒါဆို ပြဿနာက ရှင်းသွားပြီ …” နင်ချဲ့ ပြောလိုက်ပြီး “ နောက်ဆက်တွဲ လုပ်ရမှာက အခု ငါတို့ ဒီကိစ္စ ဘယ်လို လုပ်မလဲဆိုတာ ဆွေးနွေးဖို့ပဲ လိုတယ် …”
မိန်းကလေးနှစ်ဦး၏ မျက်လုံးအကြည့်တို့မှာ လင်းရီထံသို့ ပြိုင်တူ ကျရောက်သွားခဲ့ကြသည်။ ထိုအကောင်၏ လက်မောင်းအိုးထဲတွင် လှည့်ကွက်တို့က မရေမတွက်နိုင်အောင် များပြားလှသဖြင့် ဤကဲ့သို့သော မျက်နှာဖြတ်ရိုက်မည့် ကိစ္စမျိုးကို သူနှင့် လွှဲထားပေးသည်က ပိုပြီး သင့်လျော်သည်။
လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားခဲ့ပြီး “ ဒီလောက် အရေးကြီးတဲ့ ပွဲတော်နေ့မျိုးမှာ မီးရှူးမီးပန်းတွေ မပါဘဲ ဘယ်အထမြောက်မှာလဲ ဟုတ်တယ်မလား …”
“ မီးရှူးမီးပန်းတွေ……”
နောက် ဆယ်မိနစ်ကျော် ကြာသည့်တိုင်အောင် လင်းရီသည် သူစဉ်းစားထားသည့် အကြံဉာဏ်ကို နင်ချဲ့တို့နှင့် ဝေမျှလိုက်သည်။ သူ၏ အကြံကို နားထောင်ပြီးသည့်နောက် နင်ချဲ့နှင့် ချိုးယွီလော့တို့ နှစ်ဦးလုံး နှုတ်ခမ်ထောင့်စွန်းတို့ ကော့တက်သွားခဲ့ကြ၏။
သို့သော် သူ့အကြံကို မည်သူကမျှ ငြင်းပယ်ခြင်း မပြုခဲ့ကြချေ။ လျိုဟုန်က ယုံကြည်ပြီး လင်းရီအပေါ် မည်သည့် ကန့်သတ်မှုမျှ ပြုလုပ်မထားခဲ့ချေ။ ထိုသည်က သူ၏ တန်ပြန်မှုက အစွန်းရောက်မည်ကို နားလည်ထားပြီ ဖြစ်၏။
“ အကြို အစီအစဉ်လည်း ရေးဆွဲပြီးပြီဆိုတော့ အခု လိုအပ်တာက လူရွေးဖို့ပဲ …”
“ မင်းတို့နှစ်ယောက်က လူသုံးယောက်ဆီ ခေါ်ခဲ့ .. ငါ့အသင်းက လော့ချီကို ခေါ်ခ့မယ်… အဲ့ဒါဆို ဆယ်ယောက်ပြည့်ပြီ … ငါတို့ လန်ဒန်ကို သွားပြီး အကြီးကြီး ကစားကြတာပေါ့ ….”
“ ပြဿနာ မရှိဘူး …” နင်ချဲ့ပြောလိုက်သည်။
“ ငါ့ကို အချိန်တစ်ရက်ပိုပေး … အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ပိုပြီး စုံစမ်းလိုက်ဦးမယ်….” ချိုးယွီလော့ ထပ်ပေါင်းပြောလိုက်၏။
“ ငါတို့ မနက်ဖြန်မွန်းတည့် ထွက်မယ် … လေယာဉ်ချိန်က ၁၂ လောက်ပေါ့ … ငါတို့ လန်ဒန်ကို ရောက်တဲ့ အချိန်ကျရင် ဒေသ စံတော်ချိန် ၄ နာရီလောက်ဖြစ်မယ် … ပြဿနာ မရှိဘူးမလား …”
“ ငါတော့ အဆင်ပြေတယ် … နင်ပြောတဲ့ အတိုင်း လုပ်မယ်… ငါတို့ လူတွေကို ပြင်ဆင်ဖို့ အချိန်နည်းနည်း ပေးရမှာ လုံလောက်ပါတယ် …” နင်ချဲ့ ပြောလိုက်သည်.
“ ဒါဆို အတည်ပြုလိုက်ပြီ … အရင်ဆုံး လူတွေကို ဆက်သွယ်လိုက် … “ လင်းရီ ပြောလိုက်ပြီး “ မျက်နှာဖြတ်ရိုက်ဖို့ ညမကူးရဘူး … ဒီကိစ္စ အမြန်လုပ်ရမယ်…”
ပြောပြီးသည်နှင့် သုံးယောက်လုံး ကိုယ်စီ အသင်းသားများထံ ဆက်သွယ်လိုက်ကြသည်။ ချိုးယွီလော့က သတင်း စုဆောင်းရန် ပြင်ဆင်နေပြီး လင်းရီနှင့် နင်ချဲ့တို့ကတော့ ငြိမ်ငြိမ် ထိုင်နေခဲ့ကြ၏။
……..
လန်ဒန်မြို့ ၊ ဖရီးမေဆင် အဖွဲ့အစည်း။
မနက်ခင်း အချိန်အခါဖြစ်ပြီး နွေးထွေးသည့် နေရောင်ချည်နှင့် လတ်ဆတ်သည့် လေထုက လူကို လန်းဆန်းတက်ကြွစေသည်။
အတွင်းပိုင်း အဆောက်အဦးထဲတွင် တေးသီချင်းဆိုသံများကို ကြားနေရပြီး အပြင်ဘက် သစ်ပင်ကိုင်းတွင် နားခိုနေသည့် ငှက်ကလေးများနှင့် အပြိုင် တေးသီနေသည့်အလားပင်။
ဟောခန်းမထဲတွင်တော့ အတန်းလိုက် စီတန်းချထားသည့် ခုံတန်းရှည် ၁၄ ခု ရှိပြီး အနီရောင်ဆေးများအား ခြယ်သထားသည်။
နောက်ဆုံးတန်း ဒုတိနေရာတွင် အီဗန်သည် နံရံကို မှီ၍ ထိုင်နေပြီး ဖုန်းကို လက်ထဲ ကိုင်ထားလျက် အရှေ့တွင် သီချင်းဆိုနေသည့် ကလေးများအား စိုက်ကြည့်နေလျက် ရှိသည်။
မြင်ကွင်းမှာ နွေးထွေးပြီး သဟဇာတ ရှိသော်ငြားလည်း အီဗန်၏ တင်းမာနေသည့် အမူအရာက လေထုကို ဖိစီးလေးလံနေစေသည်။
“ အကြီးအကဲခေါင်းဆောင်ခင်ဗျာ … ဝေါ်ကာဆီကနေ အဆက်အသွယ် မရတာ ဆယ့်နှစ်နာရီ ကျော်နေပြီ … ကျုပ်ကတော့ သူ တစ်ခုခု ဖြစ်နေပြီလို့ သံသယ ရှိတယ်…”
ဖုန်းတစ်ဖက်ခြမ်းတွင် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက် ဖြည်းညင်းသည့် လေသံဖြင့် စကားပြောလာသည်။
“ မင်းတို့ နှစ်ယောက်က အတူထွက်သွားခဲ့တာ မဟုတ်ဘူးလား …”
“ သူပြောတာ သူတစ်ယောက်တည်း ရတယ် ဆိုပြီး ကျုပ်ကို သူနဲ့ အတူ ခေါ်မသွားဘူး ….”
ဖုန်းတစ်ဖက်ခြမ်း၌ ပြန်ပြီး တိတ်ဆိတ်သွားခဲ့ပြန်သည်။
“ ဒီတစ်ကြိမ် ပစ်မှတ်က ကျုံးဝေ့တပ်ဖွဲ့ … သူ တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် နားလည်ပေးလို့ရတယ်… ပြီးတော့ မသေဘူးဆိုရင်တောင် အချိန်အကြာကြီး ပျောက်နေတာက သူ့ကို ဆက်ယုံစားလို့ မရတော့ဘူးလို့ ဆိုလိုတာပဲ ….”
“ နားလည်ပါပြီ … ဒါပေမယ့် ကျုပ်ကတော့ သူသေသွားပြီလို့ ယုံကြည်တယ် … ပြီးတော့ အဆိုးဆုံး ဖြစ်ရင် ကျုပ်တို့ရဲ့ စစ်ဆင်ရေးလည်း ဖော်ထုတ်ခံလိုက်ရပြီ …”
“ ငါ လုပေချိန်အကြောင်း သိတယ် .. သူက ရက်စက်တဲ့ လူပဲ … သူတို့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားလိုက် …”
“ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ … ကျုံးဝေ့တပ်ဖွဲ့က စီအဆင့် သွေးရည်ကြည်ရဲ့ လျှို့ဝှက်ချက်ကို ဖမ်းဆုပ်မိသွားခဲ့ပြီ … အခုလောလောဆယ် ဖန်တီးနိုင်စွမ်း မရှိသေးဘူးဆိုပေမယ့် သူတို့သာ ချို့ယွင်းချက်တွေကို ထုတ်ဖော်လိုက်ရင် ကျုပ်တို့ရဲ့ အစီအစဉ်အပေါ် ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာနိုင်တယ်နော်….”
“ လောလောဆယ်တော့ မဟုတ်သေးဘူး .. လုပေချိန်က ဉာဏ်ကောင်းတဲ့ လူစားမျိုး … အဲ့ ဒေတာက ဘယ်လောက်တောင် အဖိုးတန်လဲဆိုတာ တခြားလူတွေထက် ပိုသိတယ် … လုံးဝ မလိုအပ်သရွေ့ သူ အပြင်ကမ္ဘာကို ပြောပြမှာ မဟုတ်ဘူး ….”
“ နားလည်ပါပြီ … ကျုပ် အဲ့ကို လူတွေလည်း လွှတ်ထားပြီးပြီ .. မကြာခင် သတင်းရလာတော့မှာပါ …” အီဗန် ပြောလိုက်လေသည်။ “ ကျုပ်တို့ ဒေတာတွေကို ယူပြီး လူတွေ ဆက်လွှတ်သင့်သေးလား …”
“ လောလောဆယ်တော့ မလုပ်သေးနဲ့ … ဒီခုလို ဖြစ်ပြီးမှတော့ ကျုံးဝေ့တပ်ဖွဲ့က နောက်ထပ် အခွင့်အရေး ပေးလာမှာ မဟုတ်ဘူး …”
“ နားလည်ပါပြီ …”
“ ကျန်တဲ့ ကိစ္စတွေ ကိုင်တွယ်လိုက် … လက်ရှိ နိုင်ငံတကာ ရေးရာက တင်းမာနေတယ် … မင်းဘက်က ၁၀၀ ရာခိုင်နှုန်း မသေချာသေးသရွေ့ အဲ့ဒေတာတွေ ယူဖို့ မေ့ထားလိုက် …”
“ နားလည်ပါပြီ ….”
ပြောဆိုပြီးနောက် အီဗန် ဖုန်းချလိုက်သည်။ ထို့နောက် အင်္ကျီကို သပ်ရပ်အောင် ပြုလုပ်ပြီး ချာ့ချ်ကျောင်းထဲက ထွက်လာ၍ ပါကင်ထိုးထားသည့် ဖို့ဒ်ကားထဲသို့ ဝင်လာခဲ့သည်။
ဒရိုင်ဘာက အမျိုးသမီး တစ်ဦး ဖြစ်ပြီး --- သူ့လက်ထောက်ပင်။
“ ကျွန်မတို့ ဟွာရှကို သွားကြဦးမလား …”
“ လောလောဆယ်တော့ မသွားသေးဘူး ..”
“ ဝေါ်ကာက သေသွားခဲ့ပြီဆိုတော့ ကျုံးဝေ့တပ်ဖွဲ့က လက်တုံ့ပြန်လာနိုင်တယ် မဟုတ်ဘူးလား ..”
“ မလုပ်လောက်ဘူး … ငါ ဝေါ်ကာအကြောင်း သိတယ် … သူ သေတော့မှာ သိတာနဲ့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး ဘာသဲလွန်စမှ ချန်ထားခဲ့မှာ မဟုတ်ဘူး … ဒီကိစ္စ ဘယ်သူလုပ်သွားခဲ့လဲ ကျုံးဝေ့တပ်ဖွဲ့ သိမှာမဟုတ်ဘူးဆိုတာ ငါပြောရဲတယ်….”
" နားလည်ပါပြီ... အခု ခေါင်းဆောင် ခိုင်းထားတာတွေကို အရင်ပြီးအောင် လုပ်ကြတာပေါ့..... "
" အင်း မောင်းတော့ ..... "