← Chapters

ရှန်းရှုရီရဲ့ ပြဿနာ

Vol. 140 Ch. 2096

ရှန်းရှုရီရဲ့ ပြဿနာ

Vol. 140 Ch. 2096

ဆွေးနွေးပြီးနောက်တွင် လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့ထဲက ထွက်ခွာလာခဲ့၏။ သူ ပထမဆုံး လုပ်သည့် အရာက လော့ချီထံသို့ ဖုန်းခေါ်ခြင်းပင်။

သူမက အသင်း ၁ ထဲတွင် D အဆင့် မရောက်ရှိသေးသည့် တစ်ဦးတည်းသော အဖွဲ့ဝင်ဖြစ်သဖြင့် သူမ၏ အဆင့် လျင်မြန်စွာ တိုးတက်လာစေရန်အတွက် အပိုလေ့ကျင့်ရေး ဆင်းပေးရန် အချိန်အခါပင်။

ထို့နောက် လင်းရီ SKP သို့ မောင်းနှင်လာခဲ့ပြီး အချိန်နှစ်နာရီ အသုံးပြု၍ ကောင်းမွန်သည့် ရေမွှေးပုလင်းကို သေချာဂရုတစိုက်နှင့် ရွေးချယ် ဝယ်ယူလိုက်သည်။ သူ ကျေနပ်သွားတော့မှ ဟွာရန်အုပ်စုသို့ မောင်းထွက်လာခဲ့လေသည်။

သူ အရင်က လာလည်ခဲ့ဖူးသော်လည်းပဲ ဤနေရာသို့ မရောက်ဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်သောကြောင့် ဧည့်ကြိုကောင်မလေးပင် သူ့ကို မမှတ်မိတော့ချေ။

သို့သော် ထုံးစံအတိုင်း ဧည့်ကြိုဝန်ထမ်းမိန်းကလေးကတော့ ချိုသာ ယဉ်ကျေးနေဆဲ ဖြစ်၏။

လင်းရီ၏ ချောမောသည့် ရုပ်ရည်က ထိုသို့သော အကျိုးသက်ရောက်မှု ရှိလေသည်။

“ လူကြီးမင်းရှင့် … ကြိုတင်ချိန်းထားတာများ ရှိလား မသိဘူး …”

“ ဥက္ကဌရှန်းနဲ့ တွေ့ချင်လို့ပါ …” လင်းရီ ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

ဧည့်ကြိုဝန်ထမ်း မိန်းကလေး နှစ်ဦးမှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး ဘာပြန်ပြောရမှန်း မသေချာတော့ပေ။

ငါတို့ရဲ့ ဥက္ကဌရှန်းက လူတိုင်း တွေ့လို့ရတဲ့ လူစားမျိုး မဟုတ်ဘူးလေ .. ဒီကောင်ကလည်း တည်ငြိမ်လိုက်တာ … သူ့ကိုယ်သူ ဘယ်သူ ထင်နေလဲ မသိဘူး ….

“ လူကြီးမင်းရှင့် .. ဥက္ကဌရှန်းက အခုလောလောဆယ် အစည်းအဝေး လုပ်နေပါတယ် … ရှင်တွေ့လို့ ရသေးဦးမှာ မဟုတ်ပါဘူး …”

လင်းရီက ခန့်ညားချောမောနေသည့်အတွက် သူ၏ စကားက ရိုက်ချင်စရာ ကောင်းနေသည့်တိုင် မိန်းကလေးနှစ်ဦးမှာ ဗွေမယူခဲ့ချေ။

“ ဒီက စည်းကမ်းတွေကို ငါသိတယ် … ဒါပေမယ့် ငါက သူ့သားမက် … ဒီတော့ အထူး အခွင့်အရေး ရသင့်တယ်ဟုတ် …”

“ သားမက် ….”

ထိုအခါ မိန်းကလေးနှစ်ဦးမှာ လင်းရီကို သံသယ မျက်ဝန်းတို့ဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ကြသည်။

“ လူကြီးမင်း … ဒါ ဟွာရန် အုပ်စုပါ … ကျေးဇူးပြုပြီး လေးစားမှု ရှိပေးပါ …”

“ ငါက လင်းယွင်အုပ်စုရဲ့ ဥက္ကဌပဲ .. ဒီလောက်ဆို သူနဲ့ တွေ့ဖို့ လုံလောက်ပြီလား….”

လင်းရီ သူ၏ နာမည်ကတ်ကို ကမ်းပေးရင်း ပြောလိုက်သည်။

“ မယုံဘူးဆို ဖုန်းဆက်ပြီး အတည်ပြုကြည့်လိုက် ….”

“ လင်းယွင် အုပ်စုရဲ့ ဥက္ကဌလား ….”

မိန်းကလေးနှစ်ဦးမှာ အံ့အားတကြီး ဖြစ်သွားခဲ့ကြသည်။ ဟွာရန် အုပ်စုက လင်းယွင်အုပ်စုနှင့် ပရောဂျက် တော်တော်များများကို ပူးပေါင်းဆောင်ရွက်ဖူးသောကြောင့် သူမတို့လည်း လင်းယွင်အုပ်စု၏ နာမည်နှင့် မစိမ်းပေ။

ထို့ပြင် သူမတို့၏ အထက်အကြီးအကဲများထံမှ ကြားသိခဲ့ရသည်မှာ သူမတို့၏ ဥက္ကဌရှန်းနှင့် လင်းယွင်အုပ်စု၏ ဥက္ကဌတို့က ထူးခြားသည့် ရင်းနှီးပတ်သက်မှုတို့ ရှိထားသည်ဆိုပင်။

အကယ်၍ သူသည်သာ အမှန်တကယ် လင်းယွင်အုပ်စု၏ ဥက္ကဌဆိုပါက အထက်အကြီးအကဲများထံ ချက်ချင်း သတင်းပို့ရမည်။

“ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦးနော် … ကျွန်မတို့ ဖုန်းခေါ်လိုက်ဦးမယ်…”

“ မလိုဘူး ….”

ဧည့်ကြိုကောင်မလေးက ဖုန်းမဆက်နိုင်သေးခင်မှာပဲ ပရော်ဖက်ရှင်နယ် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက မလှမ်းမကမ်းကနေ ရောက်လာခဲ့သည်။

သူမက အသက် သုံးဆယ်ထဲတွင် ရှိပြီး ယုံကြည်မှုပြည့်နှက်နေသည့် အမူအရာနှင့် ဩဇာရှိသည့် အငွေ့အသက်တို့အား ပိုင်ဆိုင်ထားသည်။

လင်းရီ ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့အသိစာရင်းထဲ ရှိမနေသည်ကို သတိထားမိလိုက်၏။

သူမ၏ ရင်ဘက်တံဆိပ်ပြားကို တစ်ချက် ကြည့်လိုက်သောအခါ နာမည်က ဝမ်နင်ဖြစ်ပြီး ဟွာရန်အုပ်စု၏ HR မန်နေဂျာပင်။

ယခင် လည်ပတ်မှုများ၌ လင်းရီသည် ဝမ်နင်ကို မြင်တွေ့ဖူးသော်လည်း ၎င်းတို့က အဝေးမှပင်။

သူမ၏ အဆင့်အတန်းက သူနှင့် တိုက်ရိုက် ပြောဆိုနိုင်သည်အထိ မြင့်မားခြင်း မရှိပေ။ သို့သော် ကုမ္ပဏီကြီး၏ လှေကားထက်သို့ တက်ရောက်လိုသူ တစ်ဦးအနေဖြင့် ဝမ်နင်သည် လင်းရီကို ကောင်းစွာ မှတ်သားထားခဲ့သည်။

“ မန်နေဂျာဝမ် …”

မိန်းကလေး နှစ်ဦးလုံး ကိုယ်ကို အနည်းငယ် ညွှတ်ပြီး နှုတ်ဆက်လိုက်ကြသည်။

ဝမ်နင် ခေါင်းညိတ်လိုက်၏။ “ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌပဲ … အတည်ပြုနေဖို့ မလိုဘူး …”

ထို့နောက် သူမ၏ လက်ကို လင်းရီထံသို့ ဆန့်တန်းလာခဲ့ကာ “ ဥက္ကဌလင်း … တွေ့ရသာ ဝမ်းသာပါတယ် … ကျွန်မတို့ နောက်ဆုံးအကြိမ် တွေ့တုန်းကထက်တောင် ပိုပြီး ခန့်ညားလာသေးတယ်နော်…”

“ ခင်များလည်း ပိုပြီး လှလာတာပဲ မန်နေဂျာဝမ် …”

လင်းရီ မသိသော်ငြား နှုတ်က ချောချောမွေ့မွေ့ ပြောဆိုလိုက်ဆဲပင်။ ဤသည်က သူတို့နယ်ပယ်တွင် လိုအပ်သည့် အရည်အချင်း တစ်ခု ဖြစ်၏။ သူတို့နှစ်ဦး၏ မျက်နှာအမူအရာမှာ မိတ်ဟောင်းဆွေဟောင်းများ ပြန်လည်တွေ့ဆုံနေရသည့်နှယ် ရင်းနှီးကျွမ်းဝင်နေခဲ့ကြသည်။

“ သူတို့နှစ်ယောက်က အသစ်လေးတွေဆိုတော့ ရှင့်ကို မမှတ်မိကြဘူး … ရှင် စိတ်မရှိပါနဲ့နော်…”

တစ်ချိန်တည်းတွင် မိန်းကလေးနှစ်ဦးကလည်း သူ့ကို အလျင်အမြန် ဦးညွှတ်လာသည်။

“ ဥက္ကဌလင်း … ကျွန်မတို့ အနူးအညွှန် တောင်းပန်ပါတယ်ရှင့် … ဒါ ကျွန်မတို့ အမှားပါ …”

“ မလိုပါဘူး … နားလည်ပေးလို့ရပါတယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် မင်းတို့နှစ်ယောက်က ငါတို့အုပ်စုရဲ့ CFO ထက်ပိုပြီး အားကိုးရတယ်လို့ ခံစားရတယ်…”

( CFO - ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ်)

ဟော်ယွမ်ယွမ် “ ချီးပဲဘော့စ် …”

“ ကျေးဇူးတင်ပါတယ်ရှင့် …”

“ မင်းတို့ အားနာလွန်းနေပြီ …” လင်းရီ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

ဝမ်နင်က ဖိတ်မန္တက ပြုသည့် အမူအရာဖြင့် “ ဥက္ကဌလင်း … ကျေးဇူးပြုပြီး ဒီဘက် ကြွပေးပါ ….”

“ ကောင်းပြီ …”

လင်းရီ သူမနောက်သို့ လိုက်ပါလာရင်း ဓာတ်လှေကားထဲသို့ ရောက်လာခဲ့ကာ သာမန်လျှံကာ မေးမြန်းလိုက်၏။

“ ဥက္ကဌရှန်းက အစည်းအဝေး လုပ်နေတာလား ….”

ဝမ်နင် ခေါင်းညိတ်လိုက်သည်။ “ တတိယမြောက် သုံးလပတ် ငွေကြေးရှင်းတမ်း အခြေအနေက သိပ်မဟန်ဘူး … ဒါကြောင့်မို့ ဥက္ကဌရှန်းက ကုမ္ပဏီရဲ့ စီနီယာအကြီးအကဲတွေနဲ့ အစည်းအဝေးထိုင်နေတာ ….”

“ အတက်အကျတွေဆိုတာ ကုမ္ပဏီတွေအတွက် ပုံမှန်ပဲ မဟုတ်လို့လား … မင်းတို့ ကြည့်ရတာလည်း ကမ္ဘာပျက်တော့မတတ် ဖြစ်နေသလိုပဲ …” လင်းရီ စနောက်လိုက်သည်။

“ ငါ့ရဲ့ လင်းယွင်အုပ်စုက အောက်ပြုတ်ကျသွားရင်တောင် မင်းတို့ ဟွာရန် အုပ်စုက အဆင်ပြေနေမှာကိုပဲ ဘာတွေ စိုးရိမ်နေတာ ….”

“ အဓိကပြဿနာက ကုမ္ပဏီရဲ့ အကျိုးအမြတ်နဲ့ မသက်ဆိုင်လို့ပေါ့ရှင် …” ဝမ်နင် ရှင်းပြလိုက်သည်။ “ ရှင်နဲ့ ဥက္ကဌရှန်းကလည်း ထူးခြားတဲ့ ပတ်သက်မှုတွေ ရှိပြီး ကျွန်မကလည်း ဥက္ကဌရှန်းနဲ့ အနီးကပ် အလုပ်လုပ်နေတဲ့လူဆိုတော့ ရှင့်ကို နည်းနည်းလေး ပြောပြလိုက်မယ်…”

လင်းရီ၏ အလိုလိုသိစိတ်က ပြောပြနေသည်မှာ သူမ ပြောလာမည့် စကားက သတင်းကောင်း မဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။ မဟုတ်ပါက ဝမ်နင်သည် ထိုသို့သော အမူအရာဖြင့် သူ့ထံ ချဉ်းကပ်လာခဲ့မှာ မဟုတ်ချေ။

“ အေးဆေးပြောပါ … ငါ အလျင်မလိုပါဘူး …”

“ ရှင်လည်း ကျွန်မတို့ ကုမ္ပဏီရဲ့ ထူးခြားတဲ့ သဘောသဘာဝကို သိထားမှာပါ … ဒီတော့ အတွင်းပိုင်း အာဏာလုပွဲတွေက ရှင် စိတ်ကူးထားတာထက်ကို ပိုပြီး ပြင်းထန်တယ်… ဒီနေ့ အစည်းအဝေးက စီနီယာ အမှုဆောင် ထိပ်သီး အစည်းအဝေးဆိုပေမယ့် ဥက္ကဌရှန်းက အဲ့ဒီလူတွေနဲ့ တုတ်တစ်ပြက်၊ ဓားတစ်ပြက် ကိုင်တွယ်နေရတဲ့ အခြေအနေဆိုလည်း ဟုတ်တယ်…”

“ ငါ အန်တီရှန်းရဲ့ အစွမ်းအစကို သိပါတယ် … သူတို့ကို ကိုင်တွယ်ဖို့က ပြဿနာမရှိလောက်ပါဘူး …”

လင်းရီသည် ရှန်းရှုရီကို သူကြုံတွေ့ဖူးသမျှ လူများထဲ၌ စီးပွားရေးအမြင် အကျွမ်းကျင်ဆုံး လူတစ်ဦးအဖြစ် လေးစားထားခဲ့သည်။

သူမ၏ အကောင်းဆုံးသော စွမ်းရည်က ကြိုတင်ချမှတ်နိုင်သည့် အစီအစဉ်များဖြစ်ပြီး ယင်းက အခြားသူများထက် ခြေနှစ်လှမ်းခန့် သာလွန်သွားစေခဲ့သည်။

ဤကဲ့သို့သော ပါရမီ အရည်အချင်းက သူမကို အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ပြဿနာ တော်တော်များများအား ကြိုမြင်စေနိုင်ခဲ့သည်။ ထို့ကြောင့် အုပ်စု၏ အတွင်းပိုင်း အာဏာလုပွဲတို့က ရှန်းရှုရီအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဟု လင်းရီ ယုံကြည်သည်။

“ ဥက္ကဌလင်းတော့ သတိမပြုမိလောက်ဘူး … ဒါပေမယ့် ကျွန်မတို့ရဲ့ ကုမ္ပဏီမှာ ရှိတဲ့ စီနီယာ အမှုဆောင် အဖွဲ့ဝင်တွေထဲမှာ ဒုတိယမျိုးဆက် ဆက်ခံသူ တစ်ယောက်မှ မပါဘူး … အကုန်လုံးက သူတို့ရဲ့ ကိုယ်စီ နောက်ခံတွေနဲ့ ကုမ္ပဏီမှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့လူတွေကြီးပဲ … တစ်ချို့ဆို ဥက္ကဌရှန်းထက်တောင် အသက်ပိုကြီးသေးတယ် … ဒါကြောင့်မို့ သူတို့ကို ကိုင်တွယ်ရတာက တကယ်မလွယ်ဘူး … ကျွန်မ ဆိုလိုချင်တာကို ရှင် နားလည်ပါတယ်….”

“ အင်း … ငါ သဘောပေါက်တယ်….”

လင်းရီ အလျင်အမြန်ပဲ ဖမ်းဆုပ်မိသွားခဲ့သည်။

ရှန်းရှုရီထံတွင် လျန်မိသားစု၏ နောက်ခံ ရှိနေသော်လည်းပဲ အကယ်၍ တစ်စုံတစ်ယောက်က အားနည်းချက်ကို ရှာတွေ့သွားခဲ့ပြီး ယင်းကို ထောက်ပြလာခဲ့မည်ဆိုပါက သူမကို ပြဿနာ တော်တော်များများ တက်စေနိုင်သည်။

ဝမ်နင် ပြောခဲ့သည့်အတိုင်း ဤလူများအားလုံးတွင် ထူးခြားသည့် နောက်ခံကိုယ်စီ ရှိနေသည်က ပုံမှန် လုပ်ရိုးလုပ်စဉ်တို့မှတဆင့် ၎င်းတို့အား ကိုင်တွယ်ဖို့ကို မည်မျှ ခဲယဉ်းကြောင်း စိတ်ကူးကြည့်နိုင်သည်။

ရှန်းရှုရီကဲ့သို့ ကျွမ်းကျင်သူပင် ထိုကိစ္စနဲ့ စပ်လျဉ်းပြီး ခေါင်းကိုက်ရလိမ့်မည်။

“ ငါ့ကို သူနဲ့တွေ့ဖို့ ခေါ်သွားပေး …” လင်းရီ ပြောလိုက်သည်။

ဝမ်နင် ခေါင်းညိတ်လိုက်၏။ “ ဒါပေမယ့် နည်းနည်းတော့ စောင့်ရမယ်နော်….”

“ အဆင်ပြေတယ် … ငါလည်း အလျင်မလိုဘူး …”

ဓာတ်လှေကားက ၄၆ လွှာသို့ မရောက်ခင်အထိ နှစ်ယောက်မှာ စကားအနည်းငယ် ဆက်ပြောနေခဲ့ကြသည်။

ဆူညံနေသည့် ပထမအလွှာနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ လေထုမှာ ပိုပြီး ဆိတ်ငြိမ်သည်။ စာရိုက်သည့် အသံများကိုသာလျှင် ရံဖန်ရံခါ ကြားရတတ်၏။ ဖြတ်သွားဖြတ်လာ လူအချို့ကို မြင်တွေ့ခဲ့လျှင်ပင် အကုန်လုံးက ခပ်သွက်သွက်သာ လျှောက်သွားခဲ့ကြပြီး အလုပ်များလွန်းသဖြင့် အချိန်ပို မရှိသည်ကို မြင်တွေ့နိုင်လေသည်။

ခလွမ်း …

အစည်းအဝေးခန်း တံခါးပေါက်ဝရှေ့က ဖြတ်သန်းသွားချိန်တွင် ရုတ်ချည်းထွက်ပေါ်လာသည့် စူးရှရှ အသံက သူတို့နှစ်ဦး၏ အကြားအာရုံကို ဖမ်းစားသွားခဲ့သည်။

လင်းရီနှင့် ဝမ်နင်တို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ အတွင်းဘက်ထဲတွင် တစ်ခုခုတော့ မူမမှန်ချေ။

ချလပ် …

ရှန်းရှုရီ၏ ရုံးခန်းထဲသို့ လင်းရီ သွားတော့မည့် အချိန်မှာပဲ အစည်းအဝေးခန်း တံခါးက ပွင့်ဟလာခဲ့သည်။

ရုံးဝတ်စုံနှင့် အမျိုးသမီး အထဲက ထွက်လာပြီး စင်္ကြံလမ်း အဆုံးဘက်သို့ လှမ်းအော်လိုက်၏။

“ အန်တီရေ … ဒီမှာ ဖန်ခွက်တစ်လုံးကွဲသွားလို့ လာရှင်းပေးပါဦး ….”

“ လာနေပြီ လာနေပြီ ….”

သန့်ရှင်းရေး အမျိုးသမီးက တုံ့ပြန်လာခဲ့ပြီး လျင်မြန်စွာဖြင့် သူမ၏ ပစ္စည်းကိရိယာများနှင့်အတူ အစည်းအဝေးခန်း တံခါးပေါက်ဝရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ အတွင်းရေးမှူးစွန်း … အထဲမှာ ဘာဖြစ်နေတာလဲတဲ့ …"

ဝမ်နင် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

“ စတုတ္ထမြောက် သုံးလပတ် အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောထားမတိုက်ဆိုင်မှု တစ်ချို့ ရှိလို့လေ … ပြီးတော့ တတိယမြောက် လပတ် ငွေကြေးရှင်းတမ်းကလည်း ပြဿနာ နည်းနည်းရှိနေတော့ ဥက္ကဌရှန်းနဲ့ တခြား အကြီးအကဲတွေ အငြင်းအခုန် ဖြစ်နေကြတာ … ဟူး … အထဲမှာ နေရတာလည်း မွန်းကြပ်လိုက်တာ … အသက်တောင် ဝဝ မရှူရဲဘူး … ဥက္ကဌရှန်းက မတော်တဆ ဖန်ခွက်ခွဲလိုက်မိလို့ အဲ့တာ သန့်ရှင်းခိုင်းမလို့ ….”

All Chapters