← Chapters

အရူးတစ်သိုက်

Vol. 140 Ch. 2097

အရူးတစ်သိုက်

Vol. 140 Ch. 2097

“ လက်စသတ်တော့ အဲ့တာကြောင့်ကိုး …”

“ အစ်မဝမ် .. နောက်မှဆက်ပြောကြတာပေါ့ဟာ … အခု ပြန်သွားလိုက်ဦးမယ်….”

“ အင်းအင်း သွားသွား …”

အတွင်းရေးမှူးက အလျင်စလိုနှင့် အထဲသို့ ပြန်ဝင်သွားခဲ့သည်။ စင်္ကြံလမ်းမှာ တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားခဲ့၏။

“ ကြည့်ရတာ အစည်းအဝေးက သိပ်အဆင်မပြေဘူးနဲ့တူတယ်…”

လင်းရီ ခေါင်းညိတ်ပြီး ပြုံးလျက် “ မန်နေဂျာဝမ် …. မင်းငါ့ကို ဒီမှာ ထားခဲ့လိုက် … သွားပြီး ကိုယ့်အလုပ်ကိုယ် လုပ်တော့ ….”

“ ဟုတ်ကဲ့ပါ .. ဒါဆိုလည်း ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူးနော် ဥက္ကဌလင်း ….”

အပြန်အလှန် နှုတ်ဆက်ပြီးသည်နှင့် ဝမ်နင်သည် လင်းရီကို ချန်ထားပြီး ထွက်ခွာသွားခဲ့သည်။ အစည်းအဝေးခန်းကို လင်းရီ ခဏမျှ တစ်ချက်ကြည့်လိုက်ပြီး ရှန်းရှုရီ၏ ရုံးခန်းထံသို့ ဦးတည်လိုက်၏။

ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက် ရုံးခန်းတံခါး ပွင့်ဟလာခဲ့ပြီး ရှန်းရှုရီ အထဲသို့ ဝင်လာသည်။

သူမက အနက်ရောင် ကိုယ်ကြပ်နှင့် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားကာ ဆံပင်ကိုလည်း အနောက်ဘက်၌ သပ်ရပ်စွာ စုထုံးထားသည်။ အစည်းအဝေးအတွက် အားစိုက်ထုတ်ထားသည်မှာ သိသာပေသည်။

သူမ၏ သွင်ပြင်က ရှိရင်းစွဲ အရွယ်ထက်ပင် ပိုပြီး ငယ်ရွယ်နုပျိုနေတော့သည်။ တည်ငြိမ်နေသည့် အမူအရာကို ကြည့်ရသလောက်ကတော့ အစည်းအဝေးခန်းထဲ အထိကရုဏ်း ဖြစ်ခဲ့သည့် ကိစ္စမှာ သူမ၏ စိတ်အခြေအပေါ် များစွာ သက်ရောက်မှု မရှိသည့်ပုံပင်။

ရုံးခန်းထဲတွင် လင်းရီ ရောက်နေသည်ကို မြင်တော့ သူမ ခေတ္တ အေးခဲသွားခဲ့သည်။

“ နင် ဒီရောက်လာမယ်လို့ ထင်သားပဲ ….”

“ အန်တီရှန်းက ကျွန်တော် ဒီလာမယ်မှန်း သိနေတယ်ပေါ့ …..”

“ နင်ရန်ကျင်း ရောက်နေတယ်လို့ ရှောင်မီ ငါ့ကို ပြောတယ်လေ… နင့်ကိစ္စတွေ ပြီးရင် ဒီကို တစ်ခေါက်တော့ ဝင်လာဦးမှာပါလို့တောင် တွေးနေသေးတယ်…..”

“ အန်တီရှန်းကတော့ ဘာမဆို ကြိုမြင်နေတော့တာပဲ ..” လင်းရီ ရယ်သွမ်းလိုက်ပြီး “ ကျွန်တော်လည်း အချိန်အားနေတာနဲ့ အန်တီနဲ့ လိုက်ဖက်မယ့် ရေမွှေးပုလင်း ဝယ်ခဲ့ပေးတယ်….”

“ ငါ့ကို အချိုလာကျွေးမနေနဲ့ .. နင့် စကားချိုချိုလေးတွေကို ငါ့ သမီးအတွက်ပဲ သိမ်းထားလိုက် ….”

ရှန်းရှုရီသည် သူ့ကို ကြည့်မနေဘဲ ကွန်ပျူတာနှင့်သာ အလုပ်ရှုပ်လျက် စာရွက်စာတမ်း တစ်ချို့ကို ပြန်ပြီး ဆန်းစစ်နေခဲ့သည်။

“ ရေမွှေးကို ယူထားလိုက်မယ် … ဒါပေမယ့် နင်ကတော့ တကယ့် အချိန်မှ ရောက်လာမိတာပဲ …. ငါ ခဏနေကျရင် အစည်းအဝေးပြန်သွားရတော့မှာ … ဘယ်လောက်ကြာမလဲ မသိသေးဘူး … နင် ဒီမှာ ညအိပ်ဦးမှာဆို မနက်ဖြန်မှ လာရင်လာခဲ့ပါလား …..”

“ ကျွန်တော် မနက်ဖြန် တခြား လုပ်စရာတွေ ရှိသေးတယ် … မနက်ဖြန် နေ့လည်ပိုင်းလောက် ထွက်သွားတော့မှာ … ဒါကြောင့်မို့ မလာနိုင်လောက်ဘူး ….”

လင်းရီ အချိန်ကို တစ်ချက် ကြည့်၍ “ လေးနာရီတောင် ကျော်နေပြီ … ဘယ်လောက်ပဲ ကြာကြာ နောက်ဆုံးကျ ပြီးသွားမှာပဲဟာ ကျွန်တော်လည်း အားနေမယ့်အတူတူ ဒီမှာပဲ စောင့်နေလိုက်တော့မယ်….”

“ ကောင်းပြီလေ…” ရှန်းရှုရီ သူမ၏ နာရီကို ကြည့်လိုက်ပြီး “ စောရင်တော့ ခြောက်နာရီလောက်ဆို ပြိးမယ်… နင် ဗိုက်ဆာတယ်ဆို ကန်တင်းမှာ တစ်ခုခု သွားစားထားလိုက် … ငါ အခုသွားရတော့မယ်….”

“ အဲ့ဒီ သက်ကျားအိုကြီးတွေက အန်တီ့ကို အခက်တွေ့အောင် လုပ်နေကြတာလား ….”

ရှန်းရှုရီ ခေတ္တရပ်တန့်သွားခဲ့ပြီး သူ့ကို ကြည့်လာခဲ့သည်။

“ နင် သိနေတယ်ပေါ့ …."

“ အစောပိုင်းတုန်းက အစည်းအဝေးအခန်းရှေ့က ဖြတ်သွားခဲ့တာ အခြေအနေသိပ်မကောင်းသလိုပဲ…” လင်းရီ ပြောလိုက်ပြီး “ နောက် ဒုတိယ မီတင်ကို ကျွန်တော် လိုက်ပေးလို့ရတယ်နော်….”

“ ငါ ကုမ္ပဏီကို ဦးစီးနေတာ နှစ်ပေါင်း နည်းတော့တာ မဟုတ်ဘူး … တကယ်လို့ ဒီလို ကိစ္စလေးနဲ့ နင့်အကူအညီကို ယူရမယ်ဆိုရင် ငါ့ဂုဏ်သိက္ခာ ဘယ်နားသွားထားတော့မှာ ….”

ရှန်းရှုရီ ပြုံးလိုက်သည်။ “ ဒီတိုင်း အသေးအမွှား ကိစ္စလေးပါပဲ … ငါ ကိုင်တွယ်နိုင်ပါတယ် .. နင် စိတ်မပူနဲ့ …”

“ အမ် .....… ဘယ်လိုပဲ ပြောပြော ကျွန်တော်လည်း ဒီမှာ အလကားနေ အလကား ထိုင်နေမယ့် အတူတူ လိုက်ပြီး အကြံဉာဏ်တစ်ချို့ ပေးလို့ရတာပေါ့ ….”

“ ဆုံးဖြတ်ချက် ချတဲ့ကိစ္စနဲ့ မဆိုင်ဘူး …” ရှန်းရှုရီ ရှင်းပြရန် ကြိုးစားလိုက်၏။ “ သူတို့က ငါ့ကို တွန်းချပြီး အာဏာလိုချင်နေတာ … ဒီလိုအစည်းအဝေးမျိုးတွေက တစ်နှစ် လေးကြိမ်လောက် ဖြစ်နေကြပဲ …. ငါလည်း ကျင့်သားရနေပါပြီ ….”

“ ဒါပေမယ့် အန်တီရှန်းရဲ့ အစွမ်းအစတွေနဲ့ဆိုရင် သူတို့မှာသာ ပြန်လှန်နိုင်မယ့် ကိစ္စတစ်ခုခု မရှိရင် အစည်းအဝေးပွဲမှာ အန်တီရှန်းကို ဖီဆန်ဝံ့နေမှာ မဟုတ်ဘူးလေ ဟုတ်တယ်ဟုတ် …”

ရှန်းရှုရီ၏ အကျင့်စရိုက်ကို လင်းရီသိသည်။ သူမက မာရည်ကျောရည်နိုင်ပြီး မှန်နေသည်ဆိုပါက မည်သူ့ကိုမျှ ဂရုမစိုက်တတ်ချေ။

အကယ်၍ သူမဘက်ကသာ အသာစီး ရနေသည်ဆိုပါက ပြိုင်ဘက်ကို မည်သည့်အခွင့်အရေးမျှ ပေးမှာ မဟုတ်ချေ။

“ ကြည့်ရတာ သူတို့တွေ အန်တီ့ရဲ့ ပျော့ကွက်ကို တွေ့သွားခဲ့ကြပုံပဲ …”

“ အမြင်တိမ်တဲ့ သောက်ရူးတစ်သိုက်က ငါ့ရဲ့ ပျော့ကွက်ကို ဘယ်လိုလုပ် နင်းနိုင်မှာ ….” ရှန်းရှုရီ ပြောလိုက်ပြီး “ သဘောထား မတိုက်ဆိုင်ဘဲ အငြင်းပွားနေတာက ကုမ္ပဏီသုံးခုအပေါ် ရေရှည်ရင်းနှီးမြုပ်နှံမယ့် ကိစ္စကြောင့်ပဲ … ရင်းနှီးမယ့်ငွေက ယွမ် တစ် ထရီလီယမ်ကျော်တယ် … ဒါပေမယ့် အစောပိုင်းမှာ အရှုံးပေါ်နေတော့ အဲ့တစ်ကွက်ကို ထောက်ပြီး ငါ့ကို ဆန့်ကျင်နေကြတာပဲ ….”

“ ဘယ်နှနှစ်တာ စီမံကိန်းလဲ ….”

“ ဆယ်နှစ် … ရှစ်နှစ်လောက်နေရင် အရင်းပြန်ရပြီ … အမြတ်ကတော့ ယွမ် ၅၀ ဘီလီယမ်ကနေ ၆၀ ဘီလီယမ်လောက် အထိ ရှိမယ် ..”

လင်းရီ ခေါင်းကုတ်မိလိုက်ပြီး “ အဲ့လိုဆိုရင်တော့ ပရောဂျက်ကြည့်ရတာ အဲ့လောက်ကြီးလည်း မကောင်းသလိုပဲနော်….”

“ တကယ်လို့ ပရောဂျက်တွေထဲ တစ်ခုက ရွှေတွင်း တွေ့ထားတယ် … နောက်တစ်ခုက ယူရေနီယမ် သတ္တုတွင်း တွေ့ထားတယ်… ကျန်တဲ့ နောက်ဆုံးတစ်ခုက ရေနက် ပင်လယ် သင်္ဘောဆိပ် တည်ဆောက်ပြီး ပိုက်ဆံကောက်ရုံပဲလို့ ငါပြောရင် နင်ရော ဒီပရောဂျက်က မတန်ဘူးလို့ ထင်နေသေးလား …”

ဟစ် ….

ဤသည်ကို ကြားတော့ လင်းရီ အဆုတ်ထဲသို့ လေအေးကြီးများ ရှူရှိုက်မိသွားခဲ့ရသည်။

“ အတည်ကြီးလား … ဒါဆို ဒီပရောဂျက်တွေ အောင်မြင်သွားခဲ့ရင် ရလာမယ့် အမြတ်က တွေးကြည့်လို့ မရနိုင်အောင်ပဲလေ….”

လင်းရီ မနေနိုင်ဘဲ ရှန်းရှုရီအား‌ လေးစားသွားခဲ့ရသည်။

“ ဒါပေမယ့် အဲ့တာကို သူတို့ မမြင်ဘူး … သူတို့ မြင်တာ အစောပိုင်းမှာ အရှုံးပေါ်တာက ငါ့ရဲ့ အစီအစဉ်မှာ ချို့ယွင်းချက် ရှိနေတာကြောင့်တဲ့လေ … ဒီလူတွေ ဒီလောက်တုံးမှန်း ငါတောင် မသိခဲ့ဘူး ….”

ရှန်းရှုရီ၏ ကျော့ရှင်းမှုက တကယ်ကို အရိုးစွဲဖြစ်၏။ သူတစ်ပါးကို ပုတ်ခတ်နေသည့် အချိန်၌ပင် စက်ဆုပ်ဖို့ကောင်းသည်ဟု မခံစားရပဲ တစ်ဖက်သူက မှားယွင်းသည်ဟု ခံစားရစေသည်။ အကယ်၍ သူမသာ ယခုထက် ပိုပြီး ငယ်ရွယ်နေခဲ့မည်ဆိုပါက ပြည်ပင် ပျက်လောက်သည့် အလှဘုရင်မ တစ်ပါး ဖြစ်ပေလိမ့်မည်။

ရှန်းရှုရီ ဒေါသထွက်နေရသည့် အကြောင်းအရင်းကို လင်းရီ နားလည်သည်။ ထိုကဲ့သို့သော အရူးတစ်သိုက်နှင့် နေ့တိုင်း ပြောဆိုဆက်ဆံနေရမည်ဆိုပြီး -- အထူးသဖြင့် ထိုသူများက သူမ၏ ကျရှုံးခန်းအတွက် အကွက်ဆင်နေစဉ်တွင် မည်သူကရော မရူးသွပ်ဘဲ နေလိမ့်မည်နည်း။ တွေးကြည့်ရုံမျှနှင့် အတော်လေး ရယ်ချင်စရာ ကောင်းလှ၏။

ရှန်းရှုရီကိုယ်တိုင်လည်း ငိုရအခက် ရယ်ရအခက် အခြေအနေသို့ ရောက်ရှိနေလောက်၏။ သို့သော် ဂရုတစိုက်နှင့် သေချာလေး တွေးကြည့်မည်ဆိုပါက ရှန်းရှုရီ၏ မျက်လုံးထဲ၌ အစည်းအဝေးခန်းထဲရှိ ထိုလူများကို မဆိုထားနှင့်။ သူကိုယ်၌ပင်လျှင် နောက်ထပ် ထူးမခြားနားသည့် သာမန်လူတစ်ယောက် ဖြစ်နေလောက်သည်။

“ ကဲပါ … ငါ အခု အစည်းအဝေးသွားရတော့မယ် … တစ်ခုခု ရှိတယ်ဆိုလည်း ပြန်ရောက်မှ ပြောကြတာပေါ့ …”

လင်းရီ စဉ်းစဉ်းစားစားနှင့် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။

“ ဟုတ်ကဲ့ … ဖြည်းဖြည်းသွားပါ အန်တီရှန်း ….”

အစည်းအဝေးက အရေးကြီးသည့်အတွက်ကြောင့် ရှန်းရှုရီသည် လင်းရီနှင့် လေကြောရှည်မနေတော့ဘဲ သူ့ကို ရုံးခန်းထဲတွင် ထားရစ်ခဲ့ပြီး အစည်းအဝေးခန်းသို့ ထွက်သွားခဲ့သည်။

ယခုတော့ ရုံးခန်းထဲ၌ လင်းရီသည် တစ်ယောက်တည်း။

ဆိုဖာပေါ်တွင် ထိုင်နေရင်း ခြေတင်ချိတ်လျက် ဖုန်းကို ခဏမျှ ကြည့်လိုက်သည်။ ထို့နောက် ရုံးခန်းထဲက ထွက်ပြီး ဝမ်နင်အား လှမ်းခေါ်လိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် ဝမ်နင် သော့သော့ကလေး ရောက်လာပြီး ရှန်းရှုရီ၏ ရုံးခန်းပေါက်ဝတွင် မတ်တပ်ရပ်ကာ ညင်သာစွာ စကားဆိုလာသည်။

“ ဥက္ကဌလင်း … တစ်ခုခု လိုအပ်လို့လားရှင့် …”

လင်းရီ ခေါင်းညိတ်ပြီး “ အင်း … လိုအပ်တယ် … အထဲဝင်ပြောကြတာပေါ့ ….”

“ ကျွန်မကတော့ မဝင်တာဘဲ ကောင်းမယ်ထင်တယ် … ဥက္ကဌရှန်းက စည်းကမ်းတင်းကြပ်တယ် … အတွင်းရေးမှူးကလွဲပြီး သူ့ရုံးခန်းထဲ ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူမှ ဝင်လို့မရဘူး ….”

“ မင်းက ဘာ‌တွေ စိတ်ပူနေတာ … သူက ငါ့ယောက္ခကြီးကိုပဲ … မင်းနောက်မှာ ငါ ရှိပါတယ် …” လင်းရီ ပြောလိုက်ပြီး “ သူ မင်းကို ပြဿနာ ရှာရင် ငါ မင်းကို လင်းယွင် အုပ်စုဆီ ခေါ်သွားမယ် … ဘာမှ မပူနဲ့ ….”

“ ရ … ရပါ့မလားနော်…..” ဝမ်နင် တုံ့ဆိုင်းစွာ မေးမြန်းလိုက်၏။

“ ရတာပေါ့ … ဝင်ခဲ့ ….”

လင်းရီ၏ တိုက်တွန်းမှုအောက်တွင် ဝမ်နင် ဂရုတစိုက်နှင့် အထဲသို့ ဝင်လာခဲ့သည်။

“ ဒီတော့ … ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးရမလဲ ဥက္ကဌလင်းရှင့် …”

“ အစည်းအဝေးကို ဘယ်သူတွေ တက်နေတာ ….”

“ စီနီယာ အမှုဆောင် အဖွဲ့ဝင်တွေ အကုန်လုံးပဲလေ…”

“ နာမည်စာရင်း လုပ်ပေးနိုင်မလား …”

“ နာမည်စာရင်းလား …”

“ အင်း … ဒီတိုင်း အခြေခံ အချက်အလက်လေးပါပဲ… သူတို့ရဲ့ နာမည်နဲ့ ဓာတ်ပုံလောက်ပေါ့ ….”

“ HR မန်နေဂျာ တစ်ယောက်အနေနဲ့ အဲ့ဒီ အချက်အလက်လေးတွေလောက်ကတော့ ပြဿနာမရှိဘူး …” ဝမ်နင် ပြောလိုက်ပြီး အနည်းငယ် အခက်တွေ့နေဟန်ဖြင့် “ ဒါပေမယ့် ဒီလိုလုပ်တာကလည်း စည်းကမ်းနဲ့တော့ မညီဘူး … တစ်ခုခု ဖြစ်လာရင် အကုန်လုံး ကျွန်မခေါင်းပေါ်ပဲ ကျလာမှာရှင့် ….”

“ ငါ ပြောခဲ့ပြီးပြီလေ … တစ်ခုခု ဖြစ်လာခဲ့ရင် ငါ တာဝန်ယူပေးမယ် …” လင်းရီ ပြောလိုက်ပြီး “ သူတို့ မင်းကို ဟွာရန် အုပ်စုကနေ အလုပ်ထုတ်ရဲရင် ငါ မင်းကို လင်းယွင် အုပ်စုဆီ ခေါ်သွားမယ် .. အနည်းဆုံး မင်းလစာ နှစ်ဆ ရှိစေရမယ် … ပြီးတော့ သေချာတွေးကြည့်နော် … ငါတို့သာ ဒီလူတွေကို အမှောက်သိပ်နိုင်မယ်ဆို မင်းက ဟီးရိုး ဖြစ်လာမှာ … ငါ ထပ်ပြောဖို့ လိုသေးလား ….”

All Chapters