လင်းရီ လှုပ်ရှားလာပြီ
Vol. 140 Ch. 2099
ဘေး၌ ရပ်ကြည့်နေသည့် လင်းရီမှာ ဘဝင်မကျစွာဖြင့် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
အဘိုးကြီးက ဤမျှအထိ စကားဆိုလာခဲ့သည်မှာ ရှန်းရှုရီအပေါ် လုံးလုံးလျားလျား ဆန့်ကျင်နေသည့် သူ၏ သဘောထားကို အတိအလင်း ကြေညာလိုက်ခြင်းပင်။
မသိစိတ်အလျောက် လင်းရီသည် အခြားလူများကို လိုက်ကြည့်ရင်း ၎င်းတို့၏ မျက်နှာနှင့် နာမည်များကို တွဲဖက်ကြည့်ကာ သူတို့၏ အထောက်အထားများအား နားလည်သဘောပေါက်သွားခဲ့ရသည်။
သို့သော် ၎င်းတို့ အကုန်လုံး၏ မျက်နှာများက ပြုံးရွှင်နေပြီး ရှန်းရှုရီ၏ ယခုကဲ့သို့ အခက်တွေ့နေသည့် အနေအထားအား ပွဲကြည့်သကဲ့သို့ ပျော်ပျော်ကြီး ကြည့်ရှုနေခဲ့ကြသည်။
“ ရှင့်လေသံ နားထောင်ရလောက် ရှင့်ကြည့်ရတာ ကျွန်မရဲ့ စီမံခန့်ခွဲမှုကို သဘောမကျတဲ့ပုံပဲ … “
“ အမှားဆိုတာ လူတိုင်း လုပ်တတ်ကြတာပဲလေ … ငါတို့အားလုံးက လူသားတွေဆိုတော့ … အမှားနဲ့ ဘယ်ကင်းနိုင်မှာ… ထွေထူးမဟုတ်ပါဘူး … ငါမင်းကို ထောက်ခံနေဦးမှာပါ …” ကျုံးယွီကော် ပြောလိုက်သည်။
“ ရှင်တို့ အကုန်လုံး . . . . . . . . “
“ ခင်များတို့ရဲ့ သဘောထား အမူအရာကို ကြည့်ရသလောက်တော့ ခင်များတို့က ကျုပ်ရဲ့ အန်တီရှန်းအပေါ် အမြင်ကောင်း သိပ်မရှိတဲ့ပုံပဲ …..”
ရှန်းရှုရီ စကားမပြောနိုင်သေးခင်မှာပဲ လင်းရီ ကြားဖြတ်ပြောဆိုလာခဲ့သည်။
ချက်ချင်းဆိုသလို လင်းရီသည် လူတိုင်း၏ အာရုံစူးစိုက်မှုအောက်သို့ ကျရောက်သွားခဲ့တော့၏။
၎င်းတို့၏ မျက်လုံးများက ပြောဆိုနေသည်မှာတော့
‘ ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲတွေက စကားပြောနေတာကို မင်းလို အပြင်လူလေးက ဝင်ပါစရာလား …’
သို့သော် အမှုဆောင်အဖွဲ့ဝင်များမှာ လင်းရီကို သေချာမြင်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့၏ အစာမကြေဖြစ်နေသည့် ဒေါသများကို လျင်မြန်စွာ ဖိနှိပ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လင်းရီအား မှတ်မိနေသောကြောင့် ဖြစ်၏။
ဤသည်က လင်းယွင်အုပ်စု၏ ဥက္ကဌကြီးပင်။
လင်းရီက သိုသိုသိပ်သိပ်သာ နေလေ့ရှိပြီး သူ၏ အထောက်အထား အစစ်အမှန်ကို လူတော်တော်များများက သိရှိခြင်း မရှိကြချေ။ သို့သော် ထိုအထဲ ဤနေရာတွင် ရှိနေသည့်လူများကတော့ မပါဝင်ပေ။
ဤနေရာတွင် ရှိနေသည့် လူများက ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ဈေးကွက်အပေါ် လွှမ်းမိုးနိုင်သည့် အစွမ်းအစတို့ ရှိကြသည်။ ထို့ကြောင့် လင်းရီအား သိရှိနေသည်မှာ ထူးဆန်းသည်လို့တော့ မဆိုသာပေ။
ထို့ပြင် လင်းယွင်အုပ်စုနှင့် ဟွာရန်အုပ်တို့က လက်ရှိ နှစ်များထဲတွင် ပရောဂျက်များစွာကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြသဖြင့် အနှီ အမှုဆောင် အဖွဲ့ဝင်များကသာ လင်းရီကို မသိဘူးဆိုပါက ဤနေရာတွင် ရှိနေဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ချေ။
အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ အစောပိုင်း ဖြစ်နေသည့် ဒေါသများက ချက်ချင်း ငြိမ်ကျသွားခြင်းပင်။
သုံးနှစ်အတွင်းမှာပဲ သူသည် ကမ္ဘာ့ထိပ်တန်း semiconductor ထိပ်သီး ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့၏။
ဤသူငယ်က မရိုးရှင်းချေ။
ထို့ကြောင့် သူတို့၏ သဘောထား အပြုအမူကို ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ပြုလာခဲ့ကြသည်။
“ ဥက္ကဌလင်း … မင်းကို စောနက သတိမပြုလိုက်တာ စိတ်မရှိပါနဲ့ …” လီကျန်း အပြုံးလေးဖြင့် နှုတ်ဆက်လာခဲ့သည်။ သူ၏ လေသံကတော့ တည်တည်ငြိမ်ငြိမ်ပင်။
အခြေခံအကျဆုံးဖြစ်သည့် လက်ဆွဲနှုတ်ဆက်မှုကိုပင် ပြုလုပ်မလာခဲ့ချေ။
လင်းရီ မည်မျှပင် ထူးချွန်သူတစ်ဦး ဖြစ်စေကာမူ သူတို့၏ မျက်လုံးထဲ၌ လင်းရီသည်ကား သီးသန့်ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမျှသာ။
သူက လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်ခဲ့တယ် …
ဟုတ်လား အဲ့တော့ ဘာဖြစ်လဲ …
ချီးကျူးပေးရမှာလား … လက်ခုပ်တီးပေးရမှာလား …
ဟွာရှတွင် သူက ထိပ်ဆုံးသို့ မြင့်တက်ရန် လိုအပ်နေဆဲပင်။ စစ်မှန်သည့် အာဏာသည်သာလျှင် အသွားထက်သည့် ဓားတစ်စင်းဖြစ်၏။
“ ကျုပ် ဒီနေ့ ရောက်လာခဲ့တာက အန်တီရှန်းနဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ .. ဒါပေမယ့် ကြည့်ရတာ ခင်များတို့ရဲ့ အခြေအနေက တင်းမာနေသလိုပဲ ..”
“ ဒါ ငါတို့ကြားက အတွင်းရေး ကိစ္စပါ .. ဒီတော့ ဥက္ကဌလင်းက အများကြီး ဝင်ပါပြီး စိတ်ပူနေစရာ မလိုပါဘူး ….”
“ မှန်ပါတယ် … ဒါပေမယ့် လင်းယွင်အုပ်စုနဲ့ ဟွာရန်အုပ်စုက ပရောဂျက်တွေ အများကြီးကို လက်တွဲလုပ်ခဲ့ဖူးတာဆိုတော့ ကျုပ်တို့ရဲ့ ကံကြမ္မာက အတူချည်နှောင်ထားတယ်လို့ ပြောလို့ရတယ် … တစ်ဦးက ကြီးပွားရင် ၊ နောက်တစ်ဦးကလည်း ကြီးပွားမယ် … တစ်ဦးက ထိခိုက်ရင် ၊ နောက်တစ်ဦးကလည်း ထိခိုက်မယ် … အုပ်စုနှစ်ခုက ကောင်းအတူတူ၊ ဆိုးအတူတူပဲ.... အခု ကုမ္ပဏီက ဆုံးဖြတ်ချက် ချမှတ်မယ့် ကိစ္စပိုင်းမှာ ပြဿနာ ရှိနေတယ်ဆိုတော့ … ဒါပေါ့ … ကျုပ် သေချာပေါက် စိတ်ပူသင့်တာပေါ့ ….”
“ ဥက္ကဌလင်း ပြောတာ ယုတ္တိရှိပါတယ် … ဒီတော့ မင်းအားတဲ့ အချိန်လေးကို သေချာ အသုံးချပြီး ဥက္ကဌရှန်းကို အဲ့ဒီ ထရီလီယမ်တန် ပရောဂျက်ကို ရပ်ဆိုင်းဖို့ ဖြောင်းဖျလိုက်စမ်းပါ … အဲ့တာက ဟွာရန်အုပ်စုကို ဆွဲချရုံတင် မကဘူး…. မင်းတို့ လင်းယွင်အုပ်စုအပေါ်ကိုပါ သက်ရောက်မှုတွေ ရှိလာလိမ့်မယ် …” ကျုံးကော်ယွီ ပြောဆိုလိုက်သည်။
ရှန်းရှုရီသည် အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ဘေးတွင် ရပ်နေပြီး လင်းရီ၏ အတွေးအမြင်ကို မနှောင့်ယှက်လိုသဖြင့် ၎င်းတို့၏ စကားဝိုင်းထဲတွင် ဝင်မပါခဲ့ချေ။
အခြေအနေကိစ္စရပ်တို့က ဆိုးရွားသည့် ဘက်ခြမ်းသို့ ဦးတည်နေသည်ဟု ခံစားနေရလေသည်။ ဤကိစ္စကို မည်သို့ အဆုံးသတ်ရမလဲဆိုတာ သူမ သေချာ စဉ်းစားဖို့ လိုအပ်၏။
“ ခင်များပြောတာ မှန်တယ်… ကျုပ်တို့ ပိုက်ဆံရှာမယ်ဆိုရင် အတူရှာကြမယ် … ရှုံးမယ်ဆိုလည်း အတူရှုံးမှာပဲ … ဒီတော့ ဒီပြဿနာကို တကယ်ပဲ သေချာ ဆွေးနွေးဖို့လိုတယ် …” လင်းရီ အပြုံးလေးဖြင့် ပြောဆိုလိုက်ပြီး “ ဒီတော့ လူတိုင်းပဲ ကျုပ်ကို မျက်နှာသာ ပေးပြီး ထပ်ဆွေးနွေးပေးနိုင်မလား …”
“ ဥက္ကဌလင်းက ငါတို့ကို အစည်းအဝေး ထပ်လုပ်စေချင်နေတာလား ….”
ကျုံးယွီကော်၏ လေသံက ထီမထင်စွာဖြင့် နည်းနည်းလေးပင် တင်စီးနေခဲ့သည်။
သူ၏ အမြင်တွင် လင်းရီက သူနှင့် စားပွဲတစ်ခုတည်းတွင် အတူထိုင်ဖို့ အရည်အချင်း မမီပေ။
“ ကျုပ်က ဒီတိုင်း ဒီပြဿနာကို ကူဖြေရှင်းပေးချင်ရုံပါပဲ …” လင်းရီ ပြန်ပြောလိုက်သည်။ “ ခင်များတို့ရဲ့ ထရီလီယမ်တန် ပရောဂျက်ကတော့ … ကျုပ် အန်တီရှန်းနဲ့ စကားပြောပြီး လူတိုင်း ကျေနပ်စေနိုင်မယ့် အိုင်ဒီယာတစ်ချို့ ရှိတယ် … ဒီတော့ အကြီးအကဲတို့ … ကျုပ်ကို မျက်နှာသာ နည်းနည်းလောက် ပေးနိုင်မလား ….”
လင်းရီက ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု ပြောဆိုလာသည်အား ကြားသိလိုက်ရတော့ လူတိုင်း အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ ထိုသူငယ်၏ စိတ်ထဲ ဘာတွေ တွေးနေလဲဆိုတာကို သူတို့ သိချင်လာသည်။
ထိုအချိန်မှာပဲ လီကျန်းသည် ကျုံးယွီကော်အနားသို့ တိုးကပ်၍ လက်အုပ်ပြီး တီးတိုးပြောလိုက်သည်။
“ ဒါရိုက်တာကျန်း … မင်း ဒီကိစ္စ ဘယ်လို သဘောရလဲ ….”
“ သူက ရှန်းရှုရီ ဘက်တော်သားပဲ … သေချာပေါက် ငါတို့ဘက်ကနေ ရပ်တည်မှာ မဟုတ်ဘူး … ဘယ်လိုလှည့်ကွက်တွေ ထုတ်လာမလဲ ဘယ်သူက သိမှာမို့လို့ ….”
“ ဒါဆိုလည်း တန်းပြီးပဲ ငြင်းလိုက်ကြတာပေါ့ … ဘာပဲဆိုဆို သူက ငါတို့နဲ့ စားပွဲတစ်ခုတည်း ထိုင်ဖို့ အရည်အချင်းမှ မမီတာ ….”
“ ငါတို့ ငြင်းလို့ မရဘူး …” ကျုံးယွီကော် ပြန်ပြောလိုက်ပြီး “ ငြင်းလိုက်ရင် ရှန်းရှုရီကို ကြောက်သလို ဖြစ်သွားလိမ့်မယ်… ငါတို့ရဲ့ လွှမ်းမိုးမှုအပေါ် ထိခိုက်လာနိုင်တယ်…”
“ ဒါဆိုရင် မင်းက သူ့ကို အစည်းအဝေးတက်ခိုင်းဖို့ စဉ်းစားထားတယ်ပေါ့ …” လီကျန်း သဘောမတူချင်ပေ။
“ သူက တန်လို့လား … ငါတို့နဲ့ တန်းတူထိုင်ပြီး စကားပြောဖို့ သူ့မှာ ဘာရှိလို့ …”
“ သူတန်တာ မတန်တာက အရေးမကြီးဘူး …” ကျုံးယွီကော် ပြောလိုက်ပြီး “ သူက ရှန်းရှုရီ ဘက်တော်သားဆိုတာ အသိသာချည်းပဲ … ဒင်းက ရှန်းရှုရီကိုယ်စား စကားပြောလာမှာ သေချာတယ် .. အဲ့တော့ ဘာဖြစ်လဲ … ငါတို့ ရှန်းရှုရီကို ဖိနှိပ်သလိုမျိုး သူ့ကို ဖိနှိပ်လို့ရနေတာပဲ မဟုတ်ဘူးလား … ရှန်းရှုရီကိုလည်း ငါတို့ရဲ့ သဘောထားက ဘယ်လောက်ထိခိုင်မာလဲဆိုတာ သတိပေးလို့ ရသွားတာပေါ့ ….”
လီကျန်းက ဉာဏ်ကောင်းသည့်လူဖြစ်ပြီး ကျုံးယွီကော် ဆိုလိုချင်သည်အား ချက်ချင်း ဖမ်းဆုပ်လိုက်နိုင်သည်။
“ အဲ့တာ တကယ်မဆိုးတဲ့ အကြံဉာဏ်ပဲ … မင်းနည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့ …”
သူတို့၏ အစီအစဉ် ချမှတ်ပြီးသည်နှင့် ကျုံးယွီကော်သည် လင်းရီထံသို့ အကြည့်ပြန်ပို့လိုက်သည်။
“ ဥက္ကဌလင်း … မင်းမှာ အဲ့လို အတွေးတွေ ရှိနေတယ်ဆိုမှတော့ အထဲဝင်ပြီး ပြောကြတာပေါ့ … ဘာပဲပြောပြော အစည်းအဝေးကလည်း အခုထိ သေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သေးတာ မဟုတ်ဘူးလေ …”
“ ကျုပ်ကို မျက်နှာသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲတို့ ….”
ပြောပြီးသည်နှင့် လင်းရီသည် ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာဖြင့် ဒါဇင်ကျော်သည့် ဟွာရန်အုပ်စု၏ စီနီယာ အမှုဆောင် အဖွဲ့ဝင်တို့အား အစည်းအဝေးခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ရှန်းရှုရီမှာ အသံတိတ်နေသည်။
လင်းရီက မည်သို့သော လူစားမျိုး ဖြစ်သည်ကို သူမ သေချာကြီး သိ၏။ လင်းကျင်ကျန့်ကဲ့သို့ မွေးရပါ ဗျူဟာရှင် ဖြစ်ပြီး မည်သည့် အခြေအနေမျိုးတွင်မဆို ရုန်းထွက်နိုင်သည်။
ကုမ္ပဏီ၏ အတွင်းရေး ပြဿနာက မတိုးမဆုတ်သာ အခြေအနေသို့ ကျရောက်နေသဖြင့် လင်းရီကို ကိုင်တွယ်ခွင့်ပြုလိုက်သည်ကလည်း မဆိုးရွားသည့် အကြံဉာဏ်ပင်။
တစ်ယောက်ပြီး တစ်ယောက် --- ဒါဇင်ချီသည့် စီနီယာ အမှုဆောင် အဖွဲ့ဝင်များအားလုံး အစည်းအဝေးခန်းထဲသို့ တစ်ဖန်ပြန်ရောက်လာခဲ့ကြသည်။
ရှန်းရှုရီနှင့် မျက်နှာချင်းဆိုင်ရင်း လင်းရီသည် အပြစ်ကင်းစင်သည့် အမူအရာဖြင့် အထဲသို့ အရင်ကြွရန် ဖိတ်ခေါ်လိုက်ပြီး လူကြီးလူကောင်းဆန်စွာ ပြုမူနေခဲ့သည်။
လူတိုင်း အစည်းအဝေးခန်းထဲသို့ ရောက်ရှိသည်နှင့် လင်းရီသည် တံခါးပေါက်ဝတွင် မတ်တပ်ရပ်ပြီး လော့ခ်ချထားလိုက်သည်။
ထိုင်ခုံအရေအတွက်က အတိအကျ ဖြစ်နေသဖြင့် ရှန်းရှုရီသည် သူမ၏ အတွင်းရေးမှူးကို လင်းရီအတွက် တစ်ခုံယူလာခဲ့ခိုင်းလိုက်၏။
သို့သော် အတွင်းရေးမှူးက မထွက်ခွာနိုင်ခင်မှာပဲ ကျုံးကော်ယွီက ထပြောလာသည်။
“ ဥက္ကဌလင်း… မင်းမှာ ပြောစရာရှိတယ်ဆို အခုပြောလိုက်တော့ … မင်းသိတဲ့အတိုင်းပဲကွာ … ငါတို့က အတော်လေး အလုပ်များကြတော့ အချိန်က သိပ်ရှိတာမဟုတ်ဘူး ….”
လင်းရီ သူ့နောက်ရှိ ဗလာကျင်းနေသည့် ထိုင်ခုံနေရာအား ကြည့်ရင်း ဤနေရာတွင် သူ့အတွက် ထိုင်ခုံရှိမနေကြောင်းကို သတိပြုမိလိုက်သည်။ ဤလူများ၏ စနက်ကို သူ ချက်ချင်း ရိပ်မိလိုက်၏။
“ ထိုင်ခုံမရှိဘူးလား … အဆင်ပြေပါတယ် … ကျုပ် ရပ်ပြီး ပြောလို့ရတယ် …” လင်းရီ တည်ငြိမ်စွာ ပြောလိုက်၏။ သူ့စိတ်အတွင်းထဲ၌ တွေးနေသည်များအား မျက်နှာထက်တွင် ထွက်ပေါ်လာခြင်း မပြုခဲ့ပေ။
“ တကယ်တော့ ဒီရဲ့ ထရီလီယမ်တန် ပရောဂျက်ကို အန်တီရှန်း ကျုပ်ကို နည်းနည်း ပြောပြဖူးလို့ သိပြီးပြီ … နောင်မှာ ပြန်ရမယ့် အမြတ်ငွေကလည်း မယ်မယ်ရရ ရှိတယ် … ပြီးတော့ အစီအစဉ်က မဟာဗျူဟာအရလည်း သိသာအားကောင်းတယ် … ကျုပ်သိချင်တာ ဒီလောက် ကောင်းတဲ့ ပရောဂျက်ကြီးကို ခင်များတို့က ဘာကြောင့်မို့ ဒီလောက်ထိတောင် ပြင်းပြင်းထန်ထန်နဲ့ ကန့်ကွက်နေရတာလဲ ….”