← Chapters

လင်းရီကို အဆိုးမဆိုနဲ့

Vol. 140 Ch. 2100

လင်းရီကို အဆိုးမဆိုနဲ့

Vol. 140 Ch. 2100

“ ဟားဟား …” ကျုံးယွီကော် ရယ်မောလိုက်သည်။ သို့ပေမယ့် ထေ့ငေါ့သည့် လေသံဖြင့် ရယ်မောခြင်းပင်။

“ မြင်သာနေတာပဲ မဟုတ်ဘူးလား … ဥက္ကဌရှန်း ဦးဆောင်တဲ့ ဒီရဲ့ ရင်းနှီးမြုပ်နှံမှု ပရောဂျက်တွေက ကုမ္ပဏီရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေနဲ့ မကိုက်ညီဘူး … ဒါကြောင့်မို့ ငါတို့ ကန့်ကွက်နေရတာပဲ ….”

ကျုံးယွီကော် စကားပြောဆိုပြီးသည်နှင့် လူတိုင်း၏ အကြည့်တို့က ရည်ရွယ်၍ပဲ ဖြစ်စေ၊ မရည်ရွယ်၍ပဲ ဖြစ်စေ၊ လင်းရီထံသို့ ကျရောက်သွားခဲ့ကြသည်။

သူတို့အားလုံး လင်းရီ၏ အမည်နာမကို အချိန်အတော်ကြာကတည်းက ကြားဖူးနားဝ ရှိထား၏။ သူနှင့် တွေ့ဆုံဖို့ အခွင့်အရေး မရှိရုံမျှပင်။ မူလတုန်းကတော့ နှစ်အနည်းငယ်အတွင်း semiconductor အင်ပါယာကြီးကို တည်ဆောက်နိုင်သည့်လူတွင် တမူထူးခြားသည့် အစွမ်းအစတစ်ချို့ ရှိနေမည်ဟု ထင်မှတ်ထားခဲ့သော်လည်းပဲ ယခု လူကိုယ်တိုင် ဆုံတွေ့လိုက်ရသည့် အခါ၌ မည်သည့် ထူးထူးခြားခြားမျှ မခံစားရချေ။

ရုပ်ရည် အတော်ချေနေသည်ကတော့ တစ်ကဏ္ဍပင်။

လင်းရီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ ခင်များတို့ ပူပန်နေတာကို ကျုပ်နားလည်တယ် … ခင်များတို့က ဒီပရောဂျက်တွေ အရှုံးပေါ်ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေး လည်ပတ်မှုအပေါ် ထိခိုက်မှု ရှိလာမှာကို စိုးရိမ်နေတာပဲ … ကျုပ် ပြောတာ မမှားဘူးမလား …”

“ အမှန်ပဲ ….” ကျုံးယွီကော် ပြောဆိုလိုက်သည်။

“ အဲ့တာဆို ဖြေရှင်းဖို့ ပိုတောင် လွယ်သွားပြီ … ပိုက်ဆံနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ပြဿနာ လို့ မခေါ်ဘူး …”

“ မင်း ဘာကို ပြောချင်နေတာလဲ ဥက္ကဌလင်း … ငါတို့ကို ရှင်းအောင် ပြော …” ကျုံးယွီကော် တည်ငြိမ်စွာ ဆိုလိုက်၏။

သူနှင့် အခြားသူများလည်း လင်းရီ မည်သို့သော လှည့်ကွက်မျိုး ကစားလာမလဲဆိုတာကို သိချင်စိတ် ပြင်းပြင်နေကြ၏။

“ ကျုပ် အန်တီရှန်းဆီကနေ ကြားတာ ဒါက ထရီလီယမ်တန် ပရောဂျက် … ရှင်းအောင် ပြောရရင် နောက်ဆယ်နှစ်အထိ တစ်ထရီလီယမ်ကျော်ကို ဒီရဲ့ ပရောဂျက်ထဲ ရင်းနှီးမြုပ်နှံမယ် … ကျုပ် စဉ်းစားထားတာက လင်းယွင်အုပ်စုကို ဒီပရောဂျက်တွေအတွက် အာမခံခိုင်းဖို့ပဲ … တကယ်လို့ ပြန်ရတဲ့ အမြတ်က တကယ်ပဲ နည်းနေမယ် … ဒါမှမဟုတ် ဟွာရန်အုပ်စုရဲ့ တခြား ပရောဂျက်တွေကို ရင်းနှီးမြုပ်နှံတဲ့နေရာမှာ သက်ရောက်မှု ရှိလာခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ လျော့နည်းနေပါစေ ကျုပ် ပြန်ပေးမယ်….”

ဤသည်ကို ကြားတော့ အခန်းထဲရှိ လူတိုင်း သူ့အား မယုံကြည်နိုင်စွာ စိုက်ကြည့်လာခဲ့ကြသည်။ လူတစ်ချို့ဆိုလျှင် တည်တည်ငြိမ်ငြိမ်ပင် ထိုင်မနေနိုင်ကြတော့ချေ။

ထိုအချိန်ကျတော့မှာပဲ လင်းရီသည် အမှန်ပင် မတူကွဲပြားသည့် လူတစ်ယောက် ဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့တော့၏။

သူလုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည် ဖြစ်စေ၊ ထိုသို့ ပြောဖို့ လိုအပ်သည့် သတ္တိတို့က နည်းနည်းနောနောတော့ မဟုတ်ပေ။

“ ဥက္ကဌလင်း … ငါတို့အားလုံးက စီးပွားရေး သမားတွေ … ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ယူနိုင်ရတယ် …” ကျုံးယွီကော် ပြောဆိုလိုက်ပြီး “ မင်းတို့ လင်းယွင်အုပ်စုက ပြောစမှတ် ပြုရလောက်တဲ့ အောင်မြင်မှု တစ်ချို့ ရထားပြီး ဟွာရှရဲ့ Semiconductor နယ်ပယ်ရဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို ငါ ဝန်ခံတယ် … ဒါပေမယ့် ယွမ် တစ်ထရီလီယမ်ဆိုတဲ့ ပမာဏက မင်းဒီလိုမျိုး ပေါ့ပေါ့ပါးပါး ပြောနိုင်တဲ့ စကားလား ….”

“ ဒီနယ်ပယ်ထဲမှာ ကျုပ်ရဲ့ ဂုဏ်သတင်းက အခိုင်အမာရှိတယ်… ကျုပ်သာ လိုချင်ရင် ယွမ်နဲ့ မဟုတ်ဘူး ... တစ်ထရီလီယမ် ဒေါ်လာဆိုရင်တောင် ပြဿနာ မရှိဘူး ….” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ရဲ့ လင်းယွင်အုပ်စုကို ဘေးချိတ်ထားလိုက် … DIDI ရဲ့ ရှယ်ယာတွေ တစ်ခုတည်းနဲ့တင် အဲ့လောက် တန်ကြေးရှိနေပြီးသား.. ပြီးတော့ ကျုပ်လက်ထဲရှိတာက ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းနော်….”

ထိုသို့ပြောပြီးနောက် လင်းရီ ခေတ္တရပ်တန့်ကာ ထပ်ပေါင်းပြောဆိုလိုက်သည်။

“ ဒါပေါ့ … စကားနဲ့ ပြောနေလို့တော့ ဘာထူးမှာလဲ ဟုတ်တယ်မလား … လေသပ်သပ် ရှိမှာပေါ့ .... ကျုပ်တို့ အခုချက်ချင်းပဲ အတွင်းရေးမှူးစွန်းကို စာချုပ်ရေးခိုင်းပြီး နေရာမှာတင် လက်မှတ်ထိုးလိုက်လို့ရတယ် … အဲ့တာဆို လူတိုင်းလည်း စိတ်အေးလက်အေး ဖြစ်သွားမယ် ဟုတ်တယ်ဟုတ် ….”

ဘေးတွင် ထိုင်နေသည့် ရှန်းရှုရီမှာတော့ ပြုံးရွှင်လာခဲ့၏။

လင်းရီ၏ ရွေ့ကွက်က ကျုံးယွီကော်နှင့် ကျန်သူများကို အကြီးအကျယ် ရှော့်ရသွားစေခဲ့လေသည်။ ယခုဆို သူတို့အားလုံးမှာ ထိုင်ခုံနေရာမှ ပြုတ်ကျတော့မတတ် လှုပ်လှုပ်ရွရွတွေ ဖြစ်နေခဲ့ကြသည်။

လင်းရီက ရှင်းလင်းစွာ ပြောဆိုလာခဲ့သဖြင့် သူ့ထံတွင် ထိုငွေပမာဏကို ထုတ်ပေးနိုင်သည်မှာ သိသာလှသည်။ သို့သော် သူတို့၏ ရည်မှန်းချက်က ထိုပရောဂျက် သုံးခုကို ကန့်ကွန်ဖို့ မဟုတ်ပါဘဲ ဤအခွင့်အရေးကို အသုံးချ၍ ရှန်းရှုရီကို ထိုင်ခုံနေရာမှ ဆွဲချလိုခြင်းပင်။

သို့ပေမယ့်လည်း လင်းရီ၏ လုပ်ရပ်ကြောင့် ရှန်းရှုရီ ရင်ဆိုင်နေရသည့် ပြဿနာများအားလုံးမှာ ရုတ်ချည်း ဖြေရှင်းနိုင်သွားခဲ့ပြီး သူတို့၏ ကန့်ကွက်မှုများသည်လည်း ယခု သဲထဲရေသွန် ဖြစ်သွားခဲ့ရ၏။

ဤအခွင့်အရေးမှာ အချည်းနှီး ဖြစ်သွားခဲ့လေပြီ။

“ ဥက္ကဌလင်း … မင်း ဒီမှာ နည်းနည်းလေး နားလည်မှု လွဲနေတယ်ထင်တယ် … ဒါက ဟွာရန် အုပ်စုရဲ့ အတွင်းရေး ကိစ္စပဲ … ပြီးတော့ မင်း ဝင်ပါခွင့်မရှိဘူး ….”

လီကျန်းက ကျုံးယွီကော်ထက် လျင်မြန်စွာ တုံ့ပြန်လာခဲ့ပြီး လင်းရီ၏ အဆိုပြုချက်ကို ချက်ချင်း ကန့်ကွက်ကာ သူ့ကို အခွင့်အရေး မပေးပေ။

“ ဘာလဲ … ဥက္ကဌလီက ကျုပ်ကို ဝင်မစွက်ဖက်စေချင်တာလား …” လင်းရီ အပြုံးလေးဖြင့် “ ဒါမှမဟုတ် ကျုပ်ရဲ့ အဆိုပြုချက်က မကောင်းဘူးလို့ ထင်နေတာလား ….”

“ မင်း နားလည်ထားရမှာက ဟွာရန်အုပ်စုရဲ့ သဘောသဘာဝက မင်းတို့လို ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နှိုင်းယှဉ်လို့မရဘူးဆိုတာပဲ …” လီကျန်း စီးကရက် တစ်လိပ်အား မီးညှိ၍ ဂရုမစိုက်စွာ ပြောဆိုလိုက်ပြီး “ ငါတို့ အုပ်စုရဲ့ အတွင်းရေး ကိစ္စတွေဆိုတာ မင်း အသာလေး ဝင်ပါလို့ ရတဲ့ နေရာမဟုတ်ဘူး … မင်းမှာ အဲ့လို အရည်အချင်းမျိုး မရှိဘူး ….”

“ ဥက္ကဌလီ … ကျေးဇူးပြုပြီး စီးကရက်မီးကို ငြိမ်းလိုက်ပါ … ကျုပ် အန်တီရှန်းက ဆေးလိပ်နံ့တွေ မခံနိုင်ဘူး ….” လင်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။

“ မင်းက ကျိုးဟိုင်မှာ လွှမ်းမိုးမှု တစ်ချို့ ရှိတယ်ဆိုတာ ငါသိတယ် … ဒါပေမယ့် ဒါက ရန်ကျင်းကွ …. အင်ပါယာရဲ့ နှာသီးဖျားအောက်ဝမှာ … မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ ကောင်လေး ….”

“ ကျုပ်ကိုယ်ကျုပ် ဘယ်နေရာရောက်နေလဲ သိတယ် … ဒါပေမယ့် ခင်များ ဆေးလိပ်မီးကို အခုချက်ချင်း ငြိမ်းလိုက်ဖို့ အကြံပေးချင်တယ် …”

ချက်ချင်းဆိုသလိုပဲ လင်းရီထံမှ အေးစက်သည့် အရှိန်အဝါတို့ ပျံ့လွှင့်လာကာ လီကျန်းကို ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းသွားစေခဲ့ပြီး နဖူးမှ ခြေဖျားအထိ အေးစိမ့်သွားစေခဲ့၏။

“ ဥက္ကဌရှန်း … ဆောရီးပဲ … စိတ်တော့မရှိနဲ့ … မင်း ဆေးလိပ်ငွေ့တွေ မခံနိုင်တာကို ငါ ခဏမေ့သွားတယ် ….”

လီကျန်း သူ့ကိုယ်သူ အကြောင်းပြချက် တစ်ခုပေးပြီး ဆေးလိပ်မီးကို ငြိမ်းသတ်လိုက်သည်။ သို့သော် လင်းရီနှင့် တစ်ဖန် မျက်နှာချင်းဆိုင်သည်၌ သူ၏ မျက်နှာမှာ ပိုပြီး ပျက်ယွင်းလာသည်။

“ ဥက္ကဌလင်း … မင်းရဲ့ အဆိုပြုချက်က လုံးဝ လက်တွေ့မကျဘူး … မင်းပြောချင်တာ ဒါပဲဆိုရင်တော့ ငါတို့ အစည်းအဝေးဆက်ထိုင်နေစရာ အကြောင်းမရှိတော့ဘူး ….”

“ ကျုပ်တို့ ကုမ္ပဏီ နှစ်ခုလုံးက အရင်တုန်းကလည်း ပရောဂျက်တွေ အများကြီးကို ပူးပေါင်းခဲ့ဖူးနေတာပဲ … ဘာလို့ အခုကျတော့မှ လက်တွေ့မကျရတာ …” လင်းရီ အပြုံးမျက်နှာဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။ “ ဒါမှမဟုတ် ခင်များရဲ့ ရည်မှန်းချက်ကိုက ငွေကြေး အရှုံးအမြတ်နဲ့ မဆိုင်ဘဲ ကျုပ် အန်တီရှန်းကို တွန်းချဖို့လား ….”

လင်းရီ၏ သာမန်လျှံကာ မှတ်ချက်ပြုမိကာ အစည်းအဝေး အခန်းတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

လင်းရီက သူတို့၏ ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နိုင်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

ဘန်း ...

ကျုံးယွီကော် ဒေါသတကြီးနှင့် စားပွဲရိုက်လိုက်၏။

“ မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ … ငါတို့ရဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် အခုလိုတွေ ပြောနေတာ … ငါတို့မှာ အဲ့လိုအတွေးမျိုးတွေ မရှိဘူး ….”

“ ခင်များမှာ မရှိရင်တော့ အကောင်းဆုံး‌ပေါ့ … ဒါဆို ခင်များတို့အားလုံး အစည်းအဝေး ဆက်လုပ်လို့ရပြီ … ကျုပ် ဝင်မပါတော့ဘူး …” လင်းရီ ခါးနောက်ကျောသို့ လက်ကို အသာအယာပို့၍ ကာကွယ်ရေး ဓားမြောင်ကို ဆွဲထုတ်လာခဲ့သည်။ “ ဒါပေမယ့် မဟုတ်မဟတ် အတွေးတွေ ရှိနေခဲ့မယ်ဆိုရင်တော့ ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်ကြနဲ့ပေါ့ ….”

“ မင်း …. မင်း အဲ့တာ ဘာလုပ်တာလဲ ….”

ကျုံးယွီကော် အထိတ်တလန့် ဖြစ်သွားခဲ့ရ၏။

“ ဘာမှမဟုတ်ပါဘူး … ဒီတိုင်း ကျုပ် အန်တီရှန်းနဲ့ ဇယားလာမရှုပ်ဖို့ နည်းနည်းပါးပါး သတိပေးရုံတင်ပါ … မောက်မောက်မာမာ ပြုမူတာက တစ်ကဏ္ဍ … ဒါပေမယ့် မီးနဲ့ကစားတာကတော့ အန္တရာယ်များတယ်နော်….”

ပြောဆိုပြီးသည်နှင့် လင်းရီသည် ဓားမြောင်ကို ပစ်ပေါက်လိုက်ရာ အစည်းအဝေး စားပွဲ အဆုံးရှိ စခရင်ကြီးထက်သို့ ထုတ်ချင်းပေါက်သွားခဲ့သည်။

အခန်းမှာ ငြိမ်ကျသွားခဲ့ပြီး လူတိုင်းမှာ လင်းရီ၏ အပြုအမူကြောင့် အထိတ်ထိတ် အလန့်လန့် ဖြစ်နေခဲ့ကြလေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ အသံတစ်သံ မထွက်ဝံ့ကြချေ။

ရှန်းရှုရီ တစ်ဦးတည်းသာလျှင် ပုံမှန်အတိုင်း သက်တောင့်သက်သာ ရှိနေသည်။

လင်းရီ၏ လုပ်ရပ်က သူမကို အံ့အားသင့်မသွားစေခဲ့ပေ။

သူမ၏ မျက်လုံးထဲတွင် ဤသို့သော လူစားမျိုးများကို ဖြေရှင်းရန်အတွက် ဤသည်က အကောင်းဆုံးသော နည်းလမ်းပင်။

“ ကျုပ် ခင်များတို့ အကုန်လုံးကို ရှင်းအောင် ပြောလိုက်မယ် … ကျုပ်အန်တီရှန်းက သနားကြင်နာတတ်လို့ ခင်များတို့ကို ဘာမှ လုပ်မှာတော့ မဟုတ်ဘူး … ဒါပေမယ့် အဲ့တာကို ယောင့်တက်မလာနဲ့ …” လင်းရီ ဆက်လက်၍ “ ကျုပ် နာမည်လင်းရီ … ဘာမဆို လုပ်ရဲကိုင်ရဲတဲ့ လူမိုက်တစ်ယောက် … ကျုပ်ကို မကောင်းတာတွေ လုပ်ရအောင် တွန်းအားမပေးကြနဲ့ … မဟုတ်ရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး ….”

“ မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ ဒီမှာ လာပြီး ဘယ်လိုတွေတောင် ပြုမူဝံ့နေတာ … ငါ အခုချက်ချင်း ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းလိုက်လို့ရတယ် နားလည်လား …” ကျုံးယွီကော်သည် လင်းရီကို လက်ညှိုးငေါက်ငေါက်ထိုးပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပြောလာခဲ့သည်။

လင်းရီ စကေဘာကို ဆွဲထုတ်၍ သစ်သားစားပွဲပေါ်သို့ တိုက်ရိုက် ပစ်ပေါက်လိုက်ကာ “ ခင်များကြိုက်တဲ့ ရဲခေါ်လိုက် …” လင်းရီ အေးစက်သည့် အပြုံးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ဟိုးအရင် နေ့ရက်တွေတုန်းက ရန်ကျင်းရဲ့ အာဏာရှင် အသေးလေးစားလေးတွေကို ခြေထောက်ရိုက်ချိုးပေးလိုက်တာတောင် သူတို့ထဲ တစ်ယောက်ကမှ အသံတစ်သံ မထွက်ဝံ့ကြဘူး … ဒီလို ခြိမ်းခြောက်တာလေးကို ကျုပ် ကြောက်မယ်ထင်နေလား … ထင်နေရင် ခင်များ ကျုပ်ကို အထင်သေးလွန်းနေပြီ …”

စာစဉ် (၁၄၀) ပြီး၏။

All Chapters