မြင့်မြတ်မြေအပေါ် ညစ်ညမ်းခွင့်မပြု
Vol. 140 Ch. 2091
ဝေါ်ကာသည် လီဟန်ကို ငုံ့ကြည့်လိုက်ပြီး “ ငါ မင်းကို မသတ်ဘူးများ ထင်နေလား …”
“ မင်းငါ့ကို သတ်သွားချင် သတ်သွားလိုက် … ငါ မင်းကို အထဲ ပေးမဝင်နိုင်ဘူး ….”
“ ကျုံးဝေ့တပ်ဖွဲ့က မင်း အသတ် စတေးရလောက်တဲ့အထိ တန်လို့လား …”
“ ဒါငါ့ယုံကြည်မှုပဲ … ငါ့ ယုံကြည်မှုအတွက် အသက်ဆိုလည်း ပေးရဲတယ်….”
“ ဒါဆိုလည်း မင်းတောင်းဆိုတဲ့အတိုင်းပဲပေါ့ …”
ဝေါ်ကာ၏ အသံက အေးစက်နေခဲ့ပြီး သူ၏ အခြား ခြေထောက်တစ်ဖက်ကို မြှောက်လျက် လီဟန်၏ ဦးခေါင်းသို့ ရွှယ်ပြီး ကြမ်းတမ်းစွာ ကန်ကျောက်လိုက်သည်။
ချက်ချင်းဆိုသလို လီဟန်၏ အမြင်တို့ မည်းမှောင်သွားခဲ့ကာ တင်းကြပ်စွာ သူ၏ လက်သည်လည်း ပြေလျော့သွားခဲ့သည်။
“ ထွက်သွားစမ်း …”
လီဟန်၏ ရင်ဘက်ကို ဝေါ်ကာ နောက်တစ်ချက် ပိတ်ကန်လိုက်ပြီး တစ်ဖက်သူကို ဓာတ်ခွဲခန်းထဲရှိ သံမဏိ တံခါးချပ်နှင့် ထိခိုက်သွားစေခဲ့သည်။ သူ၏ ကိုယ်မှာ မလှုပ်မယှက် လဲလျောင်းနေရင်း အခြေအနေကိုလည်း မသိရသေးပေ။
“ ခေါင်းဆောင်လီ …”
နင်ချဲ့ အော်ဟစ်ပြီး ယိုင်တိုင်သည့် ခြေလှမ်းတို့ဖြင့် ဝေါ်ကာထံ ပြေးလာခဲ့သည်။
သူမ မည်မျှကြာသည်အထိ အချိန်ဆွဲထားပေးနိုင်မလဲ မသေချာပေ။
လင်းရီ၏ စမ်းသပ်မှု ပြီးဆုံးဖို့ အချိန် မည်မျှ လိုအပ်သေးလဲ သူမ မသိပေ။ သို့သော် သူမထံတွင် အခြားရွေးချယ်စရာကား မရှိ။
တစ်စက္ကန့်လေးအတွက်ပင် သူမ အဆုံးထိ တိုက်ခိုက်သွားမည်။
ကျုံးဝေ့တပ်ဖွဲ့သည် နိုင်ငံခြားသားများ ဖျက်စီးရမ်းကား၍ ရသည့် နေရာမဟုတ်ပေ။
ဝှစ် …
ဝေါ်ကာ လက်ဆန့်တန်း၍ နင်ချဲ့၏ လည်ပင်းကို ဖျစ်ညှစ်လိုက်ပြီး ကြမ်းပြင်ထက်သို့ ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်သည်။
သူမ၏ မျက်နှာမှာ နီရဲလာခဲ့ပြီး ဝေါ်ကာ၏ ဖျစ်ညှစ်ထားမှုအောက်မှ လွတ်မြောက်ရန်အတွက် ခြေထောက်ကို စုံကန်ပြီး လက်နှစ်ဖက်လုံးကို အသုံးပြုနေသည်။ သို့တိုင် အချည်းနှီးသာ။
“ ငါ မင်းကို မသတ်ရဲဘူး မထင်နဲ့ … ငါက ဒီတိုင်း ခေါင်းမစားချင်ရုံပဲ ….”
“ နင်ငါ့ကို မသတ်ရင် နင်လည်း အောင်မြင်မယ် မထင်နဲ့ …”
လင်းရီနှင့် နင်ချဲ့တို့နှစ်ဦးလုံးက ပုံမှန်အားဖြင့် ကြောင့်ကြမဲ့ပြီး ဂရုမစိုက်သည့် သဘောထားတို့ ရှိသော်လည်းပဲ သူတို့၏ ရင်ဘက်ထဲတွင် ကျုံးဝေ့တပ်ဖွဲ့အပေါ်၌ အတော်လေး အရေးတယူရှိသည်။
သူမတို့ နိုင်ငံ၏ လုံခြုံရေးနှင့် ဂုဏ်ကျက်သရေက ထိပါးစော်ကား၍ မရသည့် မွန်မြတ်သည့်အရာပင်။
မည်သူကမျှ ထိုစည်းကို လာကြူး၍ မရပေ။ ယင်းအတွက်လည်း သူမ၏ အသက်ကိုပင် စတေးဝံ့လေသည်။
ဝေါ်ကာ၏ ရင်ဘက်ထဲတွင် ဒေါသမီးတို့ ဟုန်းခနဲ တောက်လောင်လာခဲ့၏။
“ ဒါဆိုလည်း မင်း ဆန္ဒကို ဖြည့်စည်းပေးရတာပေါ့ ….”
ချက်ချင်း ဆိုသလို ဖျစ်ညှစ်ထားသည့် သူ၏ လက်တွင်းသို့ ခွန်အားထပ်ပေါင်းထည့်လိုက်သည်။
နင်ချဲ့၏ မျက်နှာမှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် နီရာမှ ခရမ်းရောင်သမ်းလာသည်။
သူမ၏ ခြေထောက်ကို လေထုထဲတွင် စုံခါလှုပ်ခတ်နေခဲ့ပြီး ဆန့်ကျင်ရန် ကြိုးပမ်းနေခဲ့၏။ သို့သော်လည်းပဲ ထိုသို့သော အခွင့်အရေးက သူမထံတွင် ရှိမနေခဲ့ချေ။
စက္ကန့်အနည်းငယ် အတွင်းမှာပဲ နင်ချဲ့ သတိလစ်တော့မယောင် ဖြစ်လာသည်။
သူမရှေ့ရှိ မြင်ကွင်းက နှစ်ထပ် ဖြစ်လာခဲ့ပြီး ခေါင်းတစ်ခုလုံးလည်း လေးလံလာခဲ့သည်။
ဝီး ဝီး ဝီး ဝီး ဝီး …
နင်ချဲ့စိတ်ထဲ အရှုံးပေးတော့မည့် အချိန်မှာပဲ သတိပေး အချက်ပြသံက မြည်ဟည်းလာခဲ့သည်။
ဝေါ်ကာ ရင်တစ်ချက် ထိတ်သွားခဲ့ပြီး မသိစိတ်အလျောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ တံခါးပေါက်ဝရှိ မီးလုံးနီက အရောင်တလက်လက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရုတ်ချည်း ဖြစ်ပေါ်လာသည့် အခြေအနေ အလှည့်အပြောင်းက ဝေါ်ကာ၏ စိတ်ကို တင်းကြပ်သွားစေခဲ့၏။ ဘာတွေ ဖြစ်နေလဲဆိုတာကို သူ နားမလည်နိုင်တော့ချေ။
မသိစိတ်အလျောက် တုံ့ပြန်မိရင်း ဝေါ်ကာ သူ၏ ဖျစ်ညှစ်ထားသည့် လက်ကို ရုတ်လိုက်သည်။ ဤမိန်းမက သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့နေပြီ ဖြစ်၏။
သူ၏ လက်ရှိ ဦးစားပေးက ဘာတွေ ဖြစ်နေလဲဆိုတာကို ဖွေရှာ အဖြေထုတ်ရန်ပင်။
ရုတ်ချည်းဆိုသလို လျှပ်စစ်ဖြတ်ပြေးသံတို့ ထွက်ပေါ်လာခဲ့ပြီး စင်္ကြံလမ်း အဆုံးရှိ ဓာတ်ခွဲခန်း တံခါးက ဖြည်းညင်းစွာ ပွင်ဟလာခဲ့သည်။
လင်းရီ တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေလျက် ဝေါ်ကာ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
“ မင်းပဲ ….”
လင်းရီကို မြင်တော့ ဝေါ်ကာ အံ့အားသင့်မှုရော ၊ ရှော့ခ်ရမှုပါ ခံစားသွားခဲ့ရသည်။
လင်းရီ ဤနေရာတွင် ထွက်ပေါ်လာခဲ့လိမ့်မည်ဟု သူ ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့သကဲ့သို့ အောက်ခြေရှိ လျှို့ဝှက်ဓာတ်ခွဲခန်းထဲတွင် လူများ ရှိနေမည်လို့လည်း သူ မျှော်လင့်မထားခဲ့ချေ။
“ လင်းရီ …..”
သူ့ကို မြင်တော့ နင်ချဲ့၏ နှုတ်ခမ်းပါးလေးထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
လင်းရီ ဤနေရာတွင် ရှိနေသဖြင့် မျှော်လင့်ချက် ရှိနေသေးသည်။
“ မင်း လှုပ်ရှားနိုင်သေးလား ….”
“ နည်းနည်းပေါ့ …”
“ သူတို့ကို အထဲခေါ်သွားလိုက် … သူ့ကို ငါနဲ့ လွှဲခဲ့လိုက် ….”
“ အိုကေ ….”
အချိန်ခဏမျှ ခွန်အားစုစည်းပြီးနောက်တွင် နင်ချဲ့ ရုန်းကန်၍ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် လီဟန်နှင့် ရွှီလန်ကို ဓာတ်ခွဲခန်းထဲသို့ ဆွဲခေါ်သွားခဲ့၏။
ဤသည်ကိုမြင်ပါသော်လည်း ဝေါ်ကာ ရပ်ကြည့်နေရုံမျှ ကြည့်နေခဲ့ပြီး သူမ၏ လုပ်ရပ်အား ဟန့်တားရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
သူ၏ အာရုံစူးစိုက်မှုက လင်းရီထံတွင် အပြည့်အဝ ရောက်ရှိနေသည်။
ဤသည်က သူတို့နှစ်ဦး၏ ဒုတိယအကြိမ် တွေ့ဆုံမှုပင်။ သို့သော် လင်းရီက အရင်တစ်ကြိမ်နှင့် မတူညီဘဲ ပြောင်းလဲသွားခဲ့သည်ကို ဝေါ်ကာ သတိပြုမိလိုက်၏။ ယင်းက လူသစ် တစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
သို့ပေမယ့်လည်း ထိုမျှလောက်သော ခံစားချက်က ဝေါ်ကာကို စိုးရိမ်ပူပန်စေဖို့ မလုံလောက်ချေ။
သူက ဘီ အဆင့်ဖြစ်ပြီး လင်းရီကား စီအဆင့်၌သာ ရှိနေသေးဆဲပင်။ နှစ်ဦးကြားတွင် အဆင့်ကြီး တစ်ဆင့်မျှ ကွာဟနေပြီး လင်းရီကို သုတ်သင်ရန်က သူ့အတွက် အချိန်အနည်းငယ် အသုံးပြုရရုံမျှသာ ရှိလိမ့်မည်။
“ ဒီတော့…. မင်းက တစ်ချိန်လုံး အဲ့ထဲမှာ ပုန်းနေခဲ့တယ်ပေါ့ … ငါသာ အစောကြီးကတည်းက သိခဲ့ရင် အထဲဝင်သွားပြီး မင်းကို အရင်သတ်လိုက်တယ်…” ဝေါ်ကာ နှာမှုတ်ပြီး ပြောလိုက်သည်။
“ ခင်များက တိုကျိုက တစ်ယောက်မဟုတ်လား …”
လင်းရီ အသံနိမ့်ပြီး မေးလိုက်၏။
“ မှန်တယ်…” ဝေါ်ကာ တည်ငြိမ်စွာ တုံ့ပြန်ပြီး “ ငါ ဒီကို လာတာ ရည်ရွယ်ချက် နှစ်ခုပဲ ရှိတယ်… တစ်ခုက စီ အဆင့် သွေးရည်ကြည်နဲ့ ပတ်သက်တဲ့ ဒေတာတွေကို ဖျက်စီးဖို့နဲ့ မင်းကို သတ်ဖို့ …. အစကတော့ ဒီက ထွက်ပြီးမှ မင်းကို ရှင်းမလို့ပဲ … ဒါပေမယ့် အခု ကြည့်ရတာတော့ ဘုရားသခင်က ငါ့ကို အခွင့်အရေး ပေးလိုက်ပုံပဲ … မင်း အခု ဒီမှာပဲ သေရတော့မယ်….”
“ မင်းလည်း ဒီနေ့ ဒီကနေ ထွက်သွားလို့မရဘူးဆိုတာ အာမခံပေးလို့ ရတယ် … မသေခင် ဘာပြောခဲ့ချင်လဲ ….”
“ ထွက်သွားလို့ မရဘူးပေါ့ …” ဝေါ်ကာ အထင်သေးသည့် လေသံဖြင့် ရယ်မောလိုက်ပြီး “ မင်းရဲ့ ခွန်အားလေးနဲ့ ငါ့ကို တားလို့ ရမယ် ထင်လား ….”
“ တခြားသူဆိုရင်တော့ မသိဘူး … ဒါပေမယ့် ခင်များကို သတ်ဖို့ကတော့ ကျုပ်တစ်ယောက်တည်းက လုံလောက်တာထက် ပိုတယ်….”
မည်သည့်စကားကိုမျှ ထပ်ပြောဆိုမနေတော့ဘဲ ဝေါ်ကာသည် လင်းရီထံသို့ ပြေးဝင်လာခဲ့၏။
စမ်းသပ်မှုက ယခုလေးတင် ပြီးဆုံးခဲ့ပြီး လင်းရီ၏ လက်မောင်းသည်လည်း စွမ်းအားများကို အပြည့်အဝ စုပ်ယူခြင်း မပြုရသေးချေ။ ယခု ဆည်တာတမံ ကျိုးပေါက်သကဲ့သို့ ခွန်အားများအားလုံးက လျှံကျ ပေါ်ထွက်လာလေသည်။
ထိုအချိန်၌ နှစ်ဖက်လုံးရှိ မည်သူကမျှ ခွန်အားကို ထိမ်ချန်ခြင်း မပြုဘဲ မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြသည်။
လင်းရီနှင့် ရင်ဆိုင်သည့်အချိန်၌ ဝေါ်ကာသည်ပင် မျက်နှာထားက လေးနက်နေရ၏။ သူတို့နှစ်ဦးမှာ ယခင်တုန်းကလည်း တိုကျိုတွင် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးသည်။
ဤလူက အထင်သေး၍ မရသည်ကို ဝေါ်ကာ ကောင်းကောင်းကြီး သိသည်။
လင်းရီက စီအဆင့်ဆိုသော်လည်း သူက အထိတ်အထိပ်အဆင့်ဖြစ်၏။ ခွန်အားကလည်း ဘီအဆင့်များနှင့်ပင် ရင်ဘောင်တန်းနေနိုင်သည်။ ထို့ကြောင့် သူ့ဘက်က အားကုန်ထုတ်ရမည်ကို ဝေါ်ကာ နားလည်ထားခဲ့သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများက ကြမ်းတမ်းပြီး သာမန်ဆန်လွန်းလှသည်။ ရိုးရှင်းပြီး အင်အားပြည့်ဝသည့် လက်သီးတို့က ဆက်တိုက် ယှက်သန်းနေသည်။
ဘန်း …
ခပ်အုပ်အုပ်မြည်သံနှင့်အတူ နှစ်ဖက်လုံးမှာ အတင်းအကြပ် နောက်ဆုတ်သွားခဲ့ကြရ၏။
ဝေါ်ကာ၏ မျက်နှာထက်တွင် ရှော့ခ်ရသည့် အမူအရာတို့ ထွက်ပေါ်လာသည်။ ယခင် တိုက်ခိုက်မှုမှတဆင့် လင်းရီ၏ အစွမ်းအစကို သူ သိနားလည်ထားပြီး ဖြစ်သည်။ သူ၏ လက်ရှိ အင်အားဖြင့် လင်းရီကို လွယ်လင့်တကူ အနိုင်ယူနိုင်မည်ဟုလည်း ယုံကြည်ထားခဲ့သည်။
သို့သော်လည်းပဲ သူ့ကို အံ့အားသင့်သွားစေသည်မှာတော့ လင်းရီသည် ကနေဦးတိုက်ခိုက်မှု၌ပင် သူ့ကို နောက်သို့ ပြန်ဆုတ်သွားစေနိုင်သည်အထိ အစွမ်းထက်လာခဲ့လေသည်။
“ မင်းကိုယ်မင်း ဘာတွေ လုပ်ထားခဲ့တာလဲ … အချိန်တိုလေးထဲမှာ မင်းဒီလောက်ထိ အစွမ်းထက်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး ….”
“ အစွမ်းထက်လာတယ် ဟက် …” လင်းရီ အေးစက်စွာ ဆိုလိုက်ပြီး “ ဒါက အစပဲ ရှိသေးတယ်…”
ထိုစကားလုံးများ ပြောပြီးသည်နှင့် လင်းရီ တစ်ဖန်ပြန်ပြီး တိုက်ခိုက်လာခဲ့သည်။
နှစ်မီတာ အကွာ၌ လေထဲသို့ ခုန်တက်ပြီး ဝေါ်ကာ၏ မျက်နှာတည့်တည့်သို့ ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
သို့သော် ဝေါ်ကာ၏ အစွမ်းအစသည်လည်း သာမညောင်ည မဟုတ်ခဲ့သဖြင့် သူ၏ လက်နှစ်ဖက်လုံးကို ရင်ဘက်ရှေ့သို့ ထုတ်ကာ လင်းရီ ကန်ကျောက်နေစဉ်မှာပဲ ဆုပ်ဖမ်းထားလိုက်သည်။
လင်းရီ ချက်ချင်းပဲ သူ၏ ခါးကို လိမ်၍ ဦးတည်ရာပြောင်းရင်း ဝေါ်ကာ၏ ဟန်ချက်ကို အတင်းအကြပ် ပျက်ပြားစေလိုက်သည်။
ကြမ်းပြင်သို့ ခြေချသည်နှင့် ချက်ချင်း ဘယ်ခြေကို မဏ္ဍိုင်ပြု၍ ညာဘက်ခြေထောက်ကို ကြာပွတ်သဖွယ် အသုံးပြုကာ ဝေါ်ကာ၏ မျက်နှာသို့ တစ်ဖန် ကန်ကျောက်လိုက်သည်။
ဝေါ်ကာမှာ အချိန်မီ ကာကွယ်လိုက်နိုင်သော်လည်းပဲ လင်းရီ၏ ခြေထောက်အားဖြင့် နောက်သို့ လွင့်ထွက်သွားခဲ့ဆဲပင်။