ဒါကျုံးဝေ့တပ်ဖွဲ့ … မင်း ပြဿနာ လာရှာဝံ့နေတယ်
Vol. 140 Ch. 2089
“ လူတွေ ပြောကြတာ ရန်ကျင်းမှာ ရှိတဲ့ ကျုံးဝေ့တပ်ဖွဲ့က ထိုးဖောက်လို့ မရဘူးဆိုပဲ … အခုမှပဲ သူတို့ မမှားဘူးဆိုတာ နားလည်သွားတော့တယ်…”
“ ဒါကြောင့်မို့လို့ ရှင့် အလုပ်ကို မြန်မြန် လက်စသတ်နိုင်ဖို့ လိုတယ်…” ဖန့်ကျင်း ပြောလိုက်ပြီး “ ကျွန်မ အရင်က ပြောခဲ့သလိုပဲ … ရှင့်မှာ နာရီဝက် အချိန်ရတယ် … တကယ်လို့ အဲ့ထက် ပိုကြာသွားခဲ့ရင် ကျွန်မကတော့ ကိုယ့်ဘာကိုယ် ထွက်သွားမှာပဲ ….”
“ စိတ်ချစမ်းပါ … ငါလည်း အဲ့လောက်အချိန်အများကြီး မလိုပါဘူး … အထဲရောက်တာနဲ့ အကုန်လုံးကို မီးရှို့ပြာချပစ်မှာ … ဆယ်မိနစ်ဆို လုံလောက်ပြီ ….”
“ ဘယ်လိုပဲ လုပ်လုပ် အဲ့တာ ရှင့်ကိစ္စ … ကျွန်မနဲ့ မဆိုင်ဘူး …”
ဝေါ်ကာ ပြုံးလိုက်ပြီး “ အခု အချိန်ကျပြီလို့ ထင်တယ် … လှုပ်ရှားကြတာပေါ့ ….”
“ သွားစို့ ….”
………….
မနက် ၂ နာရီ ။ သုတေသန စင်တာ၏ မြေအောက်ခန်း တတိယထပ်တွင် စမ်းသပ်မှု လုပ်ငန်းစဉ်က ဆက်လက် လည်ပတ်နေသည်။
“ ကြည့်ရတာ ငါတို့ ပြီးတော့မယ် ထင်တယ် … မင်း အခု ဘယ်လိုနေလဲ …”
“ ထုံပြီး ရောင်ကိုင်းနေသလိုပဲ … ဒါပေမယ့် ခံသာပါသေးတယ်….”
“ အင်း … စမ်းသပ်မှုက ကြာနေပြီဆိုတော့ မင်းအဲ့လို ဖြစ်နေတာ မဆန်းပါဘူး …” လီဟန် ပြောလိုက်ပြီးနောက် “ ဒါပေမယ့် အဓိက အကြောင်းအရင်းက မင်းလက်မောင်းမှာ ရှိတဲ့ ကြွက်သားတွေ လှုံ့ဆော်ခံလိုက်ရတာကြောင့်ပဲ … ကြွက်သားမျှင်တွေက ချဲ့ထွင်ပြီး ပြန်ပြီး အသစ်တည်ဆောက်နေတာကြောင့် အဲ့လိုမျိုး ခံစားနေရတာ ….”
“ ချဲ့ထွင်တာ ….”
“ ဟုတ်တယ် … ဒီ စမ်းသပ်မှုပြီးသွားရင် မင်းရဲ့ လက်မောင်း ကြွက်သားတွေ ရောင်ရမ်းနေတော့မှာ … ဒါပေမယ့် နှစ်ရက် သုံးရက်လောက်ပါပဲ … ပြီးရင် ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်… ဒါက မင်းရဲ့ အလားအလာတွေလည်း တိုးမြင့်ခံလိုက်ရပြီလို့ သက်သေပြလိုက်တာပဲ ….”
“ နားလည်ပြီ ..”
“ ခေါင်းဆောင်လင်း … နည်းနည်းဆက်ပြီး တောင့်ခံထားဦးနော်.. နာရီဝက်နေရင် စမ်းသပ်မှု ပြီးသွားတော့မှာ ….” ရွှီလန် ပြောလိုက်သည်။
“ ပြဿနာ မရှိဘူး … ကျုပ်လည်း ပုံမှန်ဆို ညဉ့်နက်ပြီး နေနေကြ … ဒီတော့ နေသားကျနေပါပြီ ….”
“ အဲ့တာ မကောင်းဘူးနော် … “ လီဟန် ရယ်မောလိုက်ပြီး “ မင်းက ငယ်ငယ်လေး ရှိသေးတာ … ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်သင့်တယ်…..”
“ ကျန်းကျန်းမာမာ နေတာက ကျုပ်အတွက် ရွေးချယ်စရာ ဟုတ်မနေခဲ့ဘူးလေ … ကျုပ်ရဲ့ စွမ်းအင်တွေကို ထိန်းသိမ်းထားဖို့ပဲ တတ်နိုင်တယ်….”
“ ဟားဟား … မင်းရဲ့ ဒီမျက်နှာပေါက်နဲ့ … ဘာကြောင့်ဆိုတာ ငါ သဘောပေါက်တယ်….”
အနီးနားတွင် ရှိနေသည့် ရွှီလန်ကတော့ မျက်လုံးလှန်မိလိုက်သည်။
ယောက်ျားတွေများ …
သူဒီမှာရှိသေးတာကို မေ့လျော့နေကြလား မသိဘူး …
ဝီး ဝီး ဝီး ဝီး …
လင်းရီနှင့် လီဟန်တို့ စကားကောင်းနေစဉ်မှာပဲ သတိပေး အချက်ပြသံက ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး နံရံရှိ အနီရောင်အလင်းက စတင် တောက်ပလာသည်။
“ ဟင် … ဘာတွေ ဖြစ်နေတာလဲ ….”
“ တစ်ယောက်ယောက် ဝင်လာတယ်နဲ့ တူတယ်…..” လီဟန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ပုံမှန်ဆို ဒီလိုအချိန်ကြီး ကျုပ်တို့ လေးယောက်ပဲ ဝင်လာနိုင်သင့်တာ မဟုတ်ဘူးလား …” လင်းရီ မေးလိုက်၏။
“ အကြီးအကဲလု … ဒါမှမဟုတ် အကြီးအကဲလျန်များလား ….”
“ သူတို့က အသက်ကြီးနေပြီကို တကယ်လို့ လာမယ့်လာ နေ့ဘက်တုန်းကတည်းက လာပြီးနေပြီပေါ့ … ဘာလို့ ဒီအချိန်ကြီးလဲ …” လင်းရီ ပြောဆိုပြီးနောက် အရွှန်းဖောက်လိုက်၏။ “ ဒီအချိန်ထိ လျှောက်လုပ်နေသေးတယ်ဆိုရင် ငရဲမင်းနဲ့ စောစီး ဆုံလိုက်ရမှာပေါ့ ….”
“ ကျွန်မ တစ်ချက် သွားကြည့်လိုက်မယ်….”
ရုတ်ချည်း ထွက်ပေါ်လာသည့် သတိပေး အချက်ပြသံက အုပ်စု၏ သတိစိတ်ကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။
သို့သော်လည်းပဲ မည်သူကမျှတော့ အလွန်အကျွံ စိုးရိမ်နေကြခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ ဤသည်က ကျုံးဝေ့တပ်ဖွဲ့ ဖြစ်၏။ မည်သူက ထိုးဖောက်ဝင်ရောက်လာပြီး ပြဿနာ ရှာဝံ့လိမ့်မည်နည်း။
ရွှီလန် အခန်းထဲက ထွက်သွားခဲ့ပြီး သုံးဦးလုံးက တံခါးပေါက်ဝသို့ စူးစိုက်ကြည့်နေခဲ့ကြကာ သူမထံမှ ဘာတွေ ဖြစ်နေလဲဆိုတာကို သိရှိရန် စောင့်မျှော်နေခဲ့ကြသည်။
အားးးးး
၎င်းနောက် … မည်သည့်နေရာကမှန်းမသိ ၊ အော်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် .. ပကတိ တိတ်ဆိတ်သွားခဲ့တော့၏။
“ အဲ့တာ ရှောင်လန်ရဲ့ အသံပဲ ….”
သုံးဦးသားလုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ တစ်ခုခုတော့ မူမမှန်ချေ။ နင်ချဲ့ အလျင်အမြန် ပြောလိုက်သည်။
“ ရှင်တို့နှစ်ယောက် နေခဲ့ … ကျွန်မ သွားစစ်ကြည့်လိုက်ဦးမယ်…”
“ ငါလည်း လိုက်ခဲ့မယ်…” လီဟန် ပြောလာခဲ့သည်။
“ ငါက သုတေသနပညာရှင် ဖြစ်ရင် ဖြစ်မယ် … ဒါပေမယ့် ငါလည်း E အဆင့်ပဲ … ပြီးတော့ ဓာတ်ခွဲခန်းထဲမှာ သေနတ်တွေ ရှိတယ် … တစ်ခုခုဆို ငါ ကူညီပေးလို့ရတယ် …”
“ ကောင်းပြီလေ …”
“ ငါလည်း လိုက်မယ်…” လင်းရီ ဝင်ပြောလိုက်သည်။
“ မရဘူး …” လီဟန် ချက်ချင်း ငြင်းဆိုလိုက်ပြီး “ ဒီ စမ်းသပ်မှုက အန္တရာယ်မများဘူးဆိုရင်တောင် စလိုက်ပြီဆိုတာနဲ့ အနှောင့်အယှက် ဖြစ်ခံလို့မရဘူး … အခု ရပ်တန့်လိုက်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ် … အဲ့တာက အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိတောင် ဖြစ်လာနိုင်တယ် .. ဘယ်လိုပဲ ဖြစ်ဖြစ် မင်း အဆုံးထိ ဆက်နေရမယ် ….”
“ မပူစမ်းပါနဲ့ … ငါတို့ ဒါကို ကိုင်တွယ်လိုက်ပါမယ် ….”
နင်ချဲ့ သူ့အား နှစ်သိမ့်ပေးလိုက်ပြီး လီဟန်နှင့်အတူ အပြင်သို့ ထွက်ခွာသွားခဲ့သည်။
လီဟန်သည် ဝှက်ထားသည့် အကန့်တစ်ခုထဲမှ သေနတ် တစ်လက်ကို ထုတ်ယူလိုက်ပြီး ဓာတ်ခွဲခန်း အပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။
သူတို့ အပြင်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် မာ့စ်တပ်ထားသည့် လူတစ်ဦးက စင်္ကြံလျှောက်လမ်းတွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ဘေးနားတွင်တော့ ရွှီလန်က လဲလျောင်းနေပြီး သူမကြည့်ရသည်မှာ သတိလစ်မေ့မြောနေဟန်ပင်။ တစ်စုံတစ်ရာ ထိခိုက်ခြင်းကိုတော့ မမြင်တွေ့ရပေ။
ထိုလူက မာ့စ်နှင့် ဦးထုပ်ဆောင်းထားသော်လည်းပဲ အသေးစိတ် တော်တော်များက သူသည် နိုင်ငံခြားသား တစ်ဦး ဖြစ်ကြောင်းကို ညွှန်ပြနေသည်။
“ မင်းက အဲ့ဒီ ဆန်းကြယ်တဲ့ အဖွဲ့အစည်းက လူမဟုတ်လား …” နင်ချဲ့ တီးတိုးရေရွတ်လိုက်၏။
ဝေါ်ကာ၏ အမူအရာမှာ ကွက်ခနဲ ပျက်သွားခဲ့သည်။
သူသည် မည်သူမျှ မရှိတော့မည့် အချိန်ကို မျှော်လင့်၍ ဤနေရာသို့ ရောက်လာခဲ့သော်လည်းပဲ ကံတရားကြီးက အခြားအစီအစဉ်တို့ ရှိနေခဲ့ဟန်ပင်။
သို့ပေမယ့်လည်း ဤနေရာထိတိုင် ရောက်လာခဲ့ပြီးမှတော့ သူ့တွင် နောက်ပြန်ဆုတ်ဖို့ လမ်းစ မရှိတော့ချေ။
“ ဒါတွေ မင်းသိစရာမလိုဘူး .. ငါ့ကို မြင်သွားပြီ ဆိုမှတော့ မင်းတို့ အကုန်လုံး သွားသေလိုက်ကြတော့ ….”
ထိမ်ချန်ထားခြင်း မရှိပါဘဲ ဝေါ်ကာသည် နင်ချဲ့ထံသို့ အလင်းကဲ့သို့ အလျင်နှုန်းဖြင့် ပြေးဝင်လာခဲ့သည်။
နင်ချဲ့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။ တစ်ဖက်သူ၏ ခွန်အားက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို သတိပြုမိလိုက်လေသည်။ သူက ဘီအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင်။
ခွန်အားချင်း ရင်ဆိုင်မည်ဆိုပါက သူမဘက်မှ အနိုင်ယူနိုင်မည့် နည်းလမ်း မရှိပေ။ တစ်ခုတည်းသော ရွေးချယ်စရာက လင်းရီ၏ စမ်းသပ်မှု ဖြစ်စဉ် ပြီးဆုံးသည်အထိ အချိန်ဆွဲထားဖို့ ဖြစ်၏။ သို့မှသာ နှစ်ဦးပူးပေါင်းတိုက်ခိုက်၍ အနိုင်ယူနိုင်ပေမည်။
သူမ အတွေးများနေစဉ်မှာပဲ ဝေါ်ကာ သူမအနားသို့ ရောက်ရှိလာခဲ့သည်။
အားပြင်းသည့် ခြေကန်ချက်တစ်ခုကို နင်ချဲ့၏ မျက်နှာထံသို့ လွှဲရမ်းလာသည်။ နင်ချဲ့ နောက်သို့ ဆုတ်သွားခဲ့ပြီး သူမ၏ လက်မောင်းကို ပင့်မြှောက်၍ ခုခံလိုက်သည်။
သို့သော် ဝေါ်ကာ၏ ခွန်အားက သူမ မကျော်လွှားနိုင်သည်အထိ ကြီးမားလို့နေသည်။ သာမန်ဆန်သည့် တိုက်ခိုက်မှု တစ်ချက်တည်းနှင့် သူမမှာ မီတာများစွာ လွင့်ပျံသွားခဲ့သည်။
“ စီ အဆင့် …. ဟက် …” ဝေါ်ကာ နှာမှုတ်လိုက်၏။
“ မင်းက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် ဖြစ်ရမယ် … ဒါပေမယ့် တော်တော်လေး အားနည်းလွန်းတယ် … မင်းနဲ့ မင်း သူငယ်ချင်း နှစ်ယောက်လုံးကို ဒီနေ့ ဖန်ဆင်းရှင်နဲ့ တွေ့ရအောင် လုပ်ပေးမယ်…”
ပြောပြီးသည်နှင့် ဝေါ်ကာ နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ မအောင်မြင်ခဲ့ချေ။
ဘန်း …
လီဟန် ခလုတ် ဆွဲလိုက်သည်နှင့် သေနတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့၏။ သူ၏ E အဆင့် ခွန်အားဖြင့် ယခု တိုက်ပွဲတွင် များများစားစား မကူညီနိုင်သည်ကို နားလည်သည်။ တစ်ခုတည်းသော မှီခိုစရာက သူ့လက်ထဲရှိ သေနတ်ပဲ ဖြစ်၏။ သူ့ဘက်က အကောင်းဆုံး ကြိုးစားပြီး နင်ချဲ့ တိုက်ခိုက်နိုင်ရန်အတွက် အခွင့်အရေးများ ဖန်တီးပေးသွားမည်။
အန္တရာယ်ရှိသည်ကို အာရုံခံမိတော့ ဝေါ်ကာ သူ၏ တိုက်ခိုက်မည့် ရည်ရွယ်ချက်ကို လက်လျှော့ပြီး ဘေးသို့ ရှောင်တိမ်း၍ ဖြတ်သန်းသွားသည့် ကျည်ဆံကို လက်မတင်လေး ရှောင်တိမ်းလိုက်နိုင်သည်။
“ ခေါင်းဆောင်လီ … သူ့ကို ထားခဲ့လိုက် … သတိပေး ခလုတ်ကို အသက်သွင်းလိုက်တော့ …” နင်ချဲ့ အော်ဟစ်လိုက်သည်။
“ မင်း တစ်ယောက်တည်း ဖြစ်တယ်ဆိုတာ သေချာလား ….”
“ ကျွန်မ သူ့ကို မနိုင်ဘူး … ဒါပေမယ့် အချိန်တစ်ချို့ ဆွဲထားပေးလို့ ရတယ် …”
“ တောင့်ထားဦး ခေါင်းဆောင်နင် …”
လီဟန် စိုးစဉ်းသော်မျှ ချီတုံချတုံ ဖြစ်မနေခဲ့။ သူ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်စဉ်ကတည်းကပင် ယခုလို နေ့မျိုးအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
မစ်ရှင်က သူ့အသက်ထက် ပိုပြီး အရေးကြီးသည်။
လီဟန် အချိန်ဖြုန်းမနေတော့ဘဲ သတိပေးစနစ်ရှိသည့် နေရာသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။
အကယ်၍ ၎င်းတို့သာ သတိပေး အချက်ပြစနစ်ကို အသက်သွင်းလိုက်မည်ဆိုပါက သူ အဆုံးသတ်ပြီ ဖြစ်ကြောင်း ဝေါ်ကာ သိသည်။ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိမှာ မဟုတ်ချေ။ ထို့ကြောင့် သူ ချက်ချင်းပဲ လီဟန်နောက်သို့ ပြေးလိုက်သွားခဲ့သည်။
သို့သော် ထိုအချိန်မှာပဲ နင်ချဲ့က လွှားခနဲ ခုန်တက်လာ၍ ဝေါ်ကာအား စတင် တိုက်ရိုက်တိုက်ခိုက်လာသည်။
“ ဒါ ကျုံးဝေ့တပ်ဖွဲပဲ … နင် ဒီကို ပြဿနာ လာရှာရဲနေတယ်ပေါ့ ….”