တင်းကြပ်စွာ ကာကွယ်ထားသည့် ကျုံးဝေ့တပ်ဖွဲ့
Vol. 140 Ch. 2088
ဝေါ်ကာ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် စကား ပြောလာခဲ့သည်။
“ ဒါပေမယ့် မင်း ဒီတစ်ခေါက် ငါ့ကို အရင်ဆုံး ဆက်သွယ်လာခဲ့တာ ဒါတွေ ပြောဖို့ သပ်သပ်ပဲတော့ မဟုတ်လောက်ဘူးမလား …”
ဖန့်ကျင်း တစ်ဖန် တိတ်ဆိတ်သွားခဲ့ပြန်သည်။ ကားထဲတွင်လည်း နှစ်ဖက်လုံးက အချိန်အကြာကြီး ငြိမ်သက်သွားခဲ့၏။
“ ကျွန်မကို နောက်ထပ် တစ်ဘီလီယမ် ထပ်ပေး … ယူအက်စ် ဒေါ်လာနဲ့ …..”
“ ဟွာရှမှာ စကားပုံတစ်ခု ရှိတယ် … ရလေလိုလေ အိုတစ္ဆေတဲ့ …. “
“ ရှင်လည်း နားလည်ထားဖို့လိုတယ် … ကျွန်မက အခု ကိုယ့်အသက်နဲ့ လောင်းကြေးထပ်ထားရတာရှင့် …”
“ ကောင်းပြီလေ…”
ဝေါ်ကာ သဘောတူလိုက်သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်၍ အီဗန်ထံ ဆက်သွယ်လိုက်၏။
“ ငါ့ကောင် .. နောက်ထပ် ဒေါ်လာ တစ်ဘီလီယမ်ကို အဲ့ကတ်ထဲ လွှဲလိုက်ဦး …. အမြန်လေး ….”
ညွှန်ကြားချက် ပေးပြီးသည့်နောက် ဝေါ်ကာ ဖုန်းပြန်ချလိုက်သည်။
ငါးမိနစ်အတွင်းမှာပဲ ဝေါ်ကာ၏ ဖုန်းက တုန်ခါလာခဲ့လေသည်။ သူ နောက်သို့လှည့်ပြီး ဖန့်ကျင်းထံသို့ ပြောလိုက်သည်။
“ ပြီးပြီ … ငါ နောက်နေတာ မဟုတ်ဘူး … ဒီတော့ မင်း ပြောတော့ …”
“ ကျွန်မ ကတ်အပွား တစ်ခု ရထားတယ်… ရှင့်ကို အထဲပေးဝင်လို့ရတယ်…”
“ စောင့်ကြည့်ရေး စနစ်ကရော … အဲ့ကောင်ကတော့ နည်းနည်း ကိုင်တွယ်ရခက်မယ် ထင်တယ်….”
“ ဒီရောက်လာပြီးမှတော့ ကျွန်မမှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှိထားလို့ပေါ့ … ဒါပေမယ့် ရှင့်မှာ မိနစ် သုံးဆယ်ပဲ အချိန်ရမယ် … ဒီကိစ္စအတွက်နဲ့ ကျွန်မ အသက်တော့ အသေမခံနိုင်ဘူး … ရှင်လည်း လိုအပ်တာထက်ပိုပြီး အချိန်မဖြုန်းနဲ့ ….”
“ ငါ နားလည်တယ် … တကယ်လို့ ထွေထူး မရှိဘူးဆိုရင် နောက် နာရီအနည်းငယ်အတွင်းမှာ စပြီး လှုပ်ရှားတော့မှာ …”
“ အစီအစဉ်က အဆင်သင့် ဖြစ်နေပြီပေါ့ …”
“ ဒါပေါ့ … သီးသန့်ဂျက်လေယာဉ်ကလည်း လေဆိပ်မှာ အသင့်ပဲ … မစ်ရှင်ပြီးတာနဲ့ မင်း အချိန်မရွေး ထွက်သွားလို့ ရတယ်…” ဝေါ်ကာ ပြောလိုက်သည်။ “ ပြီးတော့ မင်းရဲ့ ယောက်ျားနဲ့ ကလေးလည်း လေဆိပ်မှာပဲ …. တကယ်လို့ လိုအပ်ရင် သူတို့ကို လေယာဉ်ပေါ် တင်ထားပေးပြီး ငါ့ဘက်က ရိုးသားမှုကို ပြဖို့ အသင့်ပဲ ….”
“ ရှင် ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ကျွန်မ မသိဘူး ထင်မနေနဲ့ … ရှင်က သူတို့ကို ဓားစာခံလုပ်ပြီး အသုံးချနေတာ …”
“ မစ္စဖန်း … မင်းက အဓိက အချက်ရဲ့ အစွန်းကို ထွက်နေပြီ … အဓိက ကျတာက ငါတို့ရဲ့ ပူးပေါင်းမှု အောင်မြင်ဖို့ပဲလေ … အဲ့တာကမှ တခြား အရာတွေထက် ပိုပြီး အရေးပါတာ မဟုတ်ဘူးလား …” ဝေါ်ကာ ပြောလိုက်ပြီး “ ပြီးတော့ ငါတို့ရဲ့ အပေးအယူမှာ ဇာတ်လမ်းထဲကလို အချိုးအကွေ့တွေ လာထည့်မယ် မကြံနဲ့ … ငါက ဒီကို ရိုးသားမှု အပြည့်နဲ့ ရောက်လာခဲ့တာ ….”
“ ကျွန်မရဲ့ အမျိုးသားနဲ့ ကလေးကို လေယာဉ်ပေါ် အရင် တင်ထားပေး ….”
“ အိုကေ … ကိစ္စမရှိဘူး ….”
ဝေါ်ကာ ဖုန်းကို တစ်ဖန် ကောက်ကိုင်လိုက်ပြီး နောက်ထပ် ဖုန်းခေါ်ဆိုမှု တစ်ခု ပြုလုပ်လိုက်သည်။
ပြီးသည့်နောက် ကားအတွင်းထဲရှိ လေထုသည်လည်း မွန်းကြပ်ဖွယ် လေထုနှင့်အတူ အသံအတိ တိတ်ဆိတ်သွားခဲ့၏။
ဖန့်ကျင်း၏ ဖုန်းတုန်ခါလာသည့် အခါမှသာ သူမ နောက်ဆုံး၌ စိတ်သက်သာ ရသွားခဲ့လေသည်။ ယင်းက သူမ ခင်ပွန်းထံမှ ဝီချက် မက်ဆေ့ချ် ဖြစ်ပြီး ဘေးကင်းနေကြောင်း သိလိုက်ရတော့ သူမ ရင်ထဲရှိ အလုံးကြီးလည်း ပြုတ်ကျသွားခဲ့တော့သည်။
“ နည်းနည်းလောက် ထပ်စောင့်ရအောင် .. အခုက သိပ်စောလွန်းသေးတယ် .. လှုပ်ရှားဖို့ အချိန် မတန်သေးဘူး …”
ဖန့်ကျင်း ကားပြတင်းပေါက်သို့ ခေါင်းမီလိုက်ပြီး နောက်ထပ် ဘာမျှ ဆက်ပြောမလာတော့ချေ။
“ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ငနဲတစ်ကောင် ရှိတယ် … တော်တော်လေး ချောပြီး တိုက်ရည်ခိုက်ရည်လည်း အတော်ကောင်းတယ် … ငါ ပြောတဲ့လူကို မင်းသိတယ်မလား …” ဝေါ်ကာ မေးမြန်းလာခဲ့၏။
“ ချောတဲ့ ကောင်လေး ….” ဖန့်ကျင်း ရေရွှတ်လိုက်ပြီး “ ရှင်ပြောနေတာ အသင်းခေါင်းဆောင်လင်းကိုလား ….”
“ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သူ ဘယ်ရာထူးရှိလဲ ငါ မသိဘူး … ဒါပေမယ့် တော်တော်လေး ကြည့်ကောင်းတဲ့ လူငယ်ပဲ … ပြီးတော့ စီအဆင့် နောက်ပိုင်းကိုလည်း ရောက်နေပြီ … အထူးသဖြင့် သူ့မျက်လုံးတွေက သိန်းငှက်လိုပဲ စူးရှထက်မြိလွန်းတယ်…”
“ အဲ့ဒါဆိုရင်တော့ ရှင်ပြောတာ သေချာတယ်... ခေါင်းဆောင်လင်းပဲ …” ဖန့်ကျင်း အတည်ပြုပေးလိုက်သည်။ “ သူက ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် …
ပြီးတော့ ခေါင်းဆောင် လေးယောက်ထဲမှာ အင်အားအကြီးဆုံးပဲ … ဒါနဲ့ ရှင်က ဘာလို့ သူ့အကြောင်း မေးနေတာလဲ ….”
“ ဂျပန်မှာတုန်းက သူနဲ့ ကိစ္စလေး တစ်ချို့ ရှိခဲ့လို့ပါ … သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတော့ သူနဲ့ တွေ့ချင်နေတာလေ …” ဝေါ်ကာ ပြောလိုက်ပြီး “ သူ အခု ဘယ်မှာရှိလဲ မင်းသိလား …”
“ ဆောရီးပဲ … ကျွန်မတို့ အပေးအယူကိစ္စထဲမှာ အဲ့အကြောင်း မပါဘူး … “
“ ဒေါ်လာ ၂ သန်း အပိုထပ်ပေးမယ် … သူဘယ်နေရာမှာ ရှိလဲသာ ပြောစမ်းပါ …” ဝေါ်ကာ ကမ်းလှမ်းလိုက်ပြီး “ မင်းရဲ့ ဝိဉာဏ်ကိုတောင် ရောင်းထုတ်ပြီးနေမှတော့ ဘာထပ် ဂရုစိုက်စရာ ရှိသေးလို့လဲ ဟုတ်တယ်မလား …”
ဖန့်ကျင်း လက်သီးကို တင်းကြပ်နေအောင် ဆုပ်ထားလျက် စိတ်ထဲ၌ အတွင်းစစ်ပွဲ ဖြစ်နေသည်မှာ သိသာလှသည်။
“ သူ ရန်ကျင်းမှာ …”
“ ရန်ကျင်းမှာ … မင်း သေချာလား …” ဝေါ်ကာ စိတ်လှုပ်ရှားသွားခဲ့၏။
“ ကျုံးဝေ့တပ်ဖွဲ့က အခု လူရွေးပွဲ ကျင်းပနေတာ … ဒါပေမယ့် သူ့ကြည့်ရတာ တခြား ကိစ္စနဲ့ ရန်ကျင်းရောက်လာတဲ့ပုံပဲ ….”
“ ဆိုတော့ … သူက နောက်သုံးလေးရက်လောက်ထိ ရန်ကျင်းမှာ ရှိနေဦးမယ်.. ပြီးတော့ ကျုံးဝေ့တပ်ဖွဲ့ထဲလည်း မကြာခဏ ဝင်ထွက်သွားလာ လုပ်နေဦးမယ် … မှန်တယ်ဟုတ် …..”
“ အင်း ….”
“ အဲ့လောက်ဆို ရပြီ …”
လင်းရီနှင့် ပတ်သက်၍ ဖန့်ကျင်းလည်း များများစားစား သိရှိထားခြင်း မရှိပေ။ သို့သော် ယခုအချိန်တွင်တော့ သူမတွင် လွတ်လမ်းမရှိတော့ဘူးဆိုတာကို နားလည်သွားခဲ့လေပြီ။ သက်တောင့်သက်သာရှိသည့် အနာဂတ်ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ပိုက်ဆံ အများအပြားရှိဖို့ လိုအပ်၏။
အချိန်က ရေအလျင်နှယ် စီးဆင်းသွားခဲ့ပြီး မသိလိုက်ခင် အချိန်အတွင်းမှာပဲ မနက် တစ်နာရီသို့ ရောက်လာခဲ့၏။
ဖန့်ကျင်းနှင့် ဝေါ်ကာတို့နှစ်ဦးမှာ ဝမ်ကျားကန်း အမည်ရသည့် နေရာတစ်ခုသို့ မောင်းနှင်လာခဲ့သည်။ ယင်းက ရန်ကျင်း၏ မြို့ပြင်ဘက်တွင် တည်ရှိနေပြီး အဆောက်အဦးတို့ ဖြိုချမှုကြောင့် ပြန်လည်နေရာချထားရန် စောင့်ဆိုင်းနေသည့် ဒါဇင်ချီသည့် မိသားစုတို့၏ နေထိုင်ရာလည်း ဖြစ်သည်။
ဤနေရာက ကျုံးဝေ့တပ်ဖွဲ့နှင့် အနီးကပ်ဆုံးနေရာဖြစ်ပြီး သံသယ ကင်းကင်းနှင့် စောင့်ကြည့်နိုင်သည့် နေရာလည်း ဖြစ်ပေသည်။ မဟုတ်ပါက အနီးသို့ သွားပြီး ယောင်လည်လည်သွားလုပ်နေပါက အန္တရာယ်ကို နှိုးဆော်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ကားကို ပါကင်ထိုးပြီးနောက် နှစ်ဦးလုံး ထွက်လာခဲ့ကြသည်။
အဝေးကြည့်မှန်ပြောင်းဖြင့် ကျုံးဝေ့တပ်ဖွဲ့ အတွင်းပိုင်းသို့ လှမ်းကြည့်ပြီး ဝေါ်ကာ ပြောလိုက်သည်။
“ မီးတွေ မှိတ်ကုန်ပြီ .. ကြည့်ရတာ လူတိုင်း ထွက်သွားကုန်ပြီနဲ့တူတယ်….”
“ မဟုတ်ဘူး ..” ဖန့်ကျင်း ပြောလိုက်ပြီး “ စောင့်ကြည့်ရေး အခန်းထဲမှာ လူတွေ ရှိနေတုန်းပဲ …”
“ ငါတို့ ဒီနေရာအထိတောင် ရောက်လာခဲ့ပြီးပြီဆိုတော့ မင်းရဲ့ အစီအစဉ်က ဘာလဲ …”
“ ကျုံးဝေ့တပ်ဖွဲ့ထဲကို ကျွန်မရဲ့ အထောက်အထားသုံးပြီး ဝင်မယ် … ရှင်က ကားထဲမှာ ပုန်းနေရုံပဲ … ဒီလိုနဲ့ ရှင်လည်း အထဲလိုက်ခဲ့လို့ ရမယ်…”
ဖန့်ကျင်း ဖုန်းထဲက ဓာတ်ပုံတစ်ပုံကို ရွေးချယ်ကာ နေရာတစ်ခုအား ထောက်ပြလိုက်သည်။
“ ဒီနေရာက စောင့်ကြည့်ရေးအခန်းပဲ … ရှင်က အဲ့ထဲ ခိုးဝင်ပြီး အစောင့်နှစ်ယောက်ကို မြန်နိုင်သမျှ မြန်မြန် ရှင်းပစ်လိုက် ….”
“ ဒီတော့ ဒါက ကျုံးဝေ့တပ်ဖွဲ့ပေါ့ .. ထင်သလောက်ကြီးလည်း ဟုတ်မနေပါဘူး …” ဝေါ်ကာ ပခုံးတွန့်ပြီး ပြောလိုက်သည်။
“ မမေ့လိုက်နဲ့ … ရှင်က ဘီ အဆင့်ဆိုရင်တောင် ကျွန်မ အကူအညီကြောင့်မို့သာ ဒီအထိ ရောက်လာနိုင်တာကို သတိရ …” ဖန့်ကျင်း ပြန်ချေပလိုက်၏။
“ မဟုတ်လို့ကတော့ ရှင်က အေ အဆင့်ဆိုရင်တောင် ဂိတ်ပေါက်ဝကို ကျော်နိုင်မှာတောင် မဟုတ်ဘူး …”
ဝေါ်ကာ ရယ်သွမ်းလျက် ထိုအကြောင်းကို ဆက်မပြောတော့ချေ။
ဖန့်ကျင်း ပြောသည်မှာလည်းမှန်သည်။ ၃၆၀ ဒီဂရီ လှည့်ပတ်စောင့်ကြည့်နေသည့် ကင်မရာတို့က မဆိုင်သူ မည်သူ့ကိုမျှ အနားကပ်မလာအောင် စောင့်ကြည့်နေလျက် ရှိသည်။
“ ငါ အဲ့ဒီ အစောင့်တွေကို ရှင်းပြီးတာနဲ့ ဘာပြဿနာမှ မရှိတော့ဘူးမလား …”
“ မဟုတ်ဘူး … ရှိသေးတယ်…” ဖန့်ကျင်း ဆက်ပြောလိုက်၏။ “ ရှင် အဲ့ နှစ်ယောက်ကို ဖြေရှင်းပြီးတာနဲ့ ရှင့်ကိစ္စနဲ့ရှင်ပဲ … မော်ကွန်းတိုက် ရှိတဲ့ နေရာကိုလည်း ကျွန်မဘက်က ပြောပြထားပြီးပြီ … ရှင် အထဲဝင်ပြီး လိုချင်တဲ့ ဘယ် စာရွက်စာတမ်းမဆို သွားယူလို့ရတယ် ….”
“ မင်း ငါနဲ့ မလိုက်ခဲ့ဘူးပေါ့ ….”
ဝေါ်ကာ တစ်ဦးတည်း မစွန့်စားလိုပေ။ ဖန့်ကျင်းလည်း သူနှင့်အတူ လိုက်ပါလာခဲ့ဖို့ မျှော်လင့်နေမိသည်။
“ စိတ်အေးအေးထားစမ်းပါ … ကျွန်မတို့က တစ်လှေတည်း စီးနေကြတဲ့လူတွေ ဖြစ်နေပြီပဲမလား … ကျွန်မရဲ့ အမျိုးသားနဲ့ ကလေးကလည်း ရှင့်လက်ထဲမှာ ရှိနေတာပဲကို ရှင့်နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်မျိုး မလုပ်ပါဘူး …”
“ ဒါဆို မင်းက ဘာကို ကြောက်နေတာ …”
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ စောင့်ကြည့်ရေး အခန်းမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ် … ငါးမိနစ်တိုင်းမှာ alarm က လူကိုယ်တိုင် ပြန်ပြီး သတ်မှတ်ဖို့ လိုတယ် … တကယ်လို့ မဟုတ်ဘူးဆိုရင် စနစ်က alarm ကို အလိုအလျောက် အသက်သွင်းပြီး ကျုံးဝေ့တပ်ဖွဲ့က လူတိုင်းကို သတိပေးသလို ဖြစ်သွားမှာပဲ .. အဲ့ခါကျရင် သူတို့တွေ ချက်ချင်း ရောက်ချလာကြလိမ့်မယ်…” ဖန့်ကျင်း ရှင်းပြလိုက်သည်။
“ ပြီးတော့ အပြင်မှာ လက်ရွေးစင် စနိုက်ပါ တပ်သား အယောက် ၄၀ က တစ်ချိန်လုံး စောင့်ကြပ်နေတယ်… သူတို့ တစ်ချက် ပစ်တာနဲ့တင် ရှင် မုန့်ညှက် ဖြစ်သွားလိမ့်မယ်… “
“ အင်း … အခုမှပဲ သေချာ ကာကွယ်ထားတဲ့ ကျုံးဝေ့တပ်ဖွဲ့နဲ့ တူတော့တယ်….”
ဤတစ်ကြိမ်တွင်တော့ ဝေါ်ကာသည် ကျုံးဝေ့တပ်ဖွဲ့၏ ဖြုံချင်စရာကောင်းသည့် ကာကွယ်ထားမှုအား နားလည်သွားခဲ့တော့သည်။ ထို့ပြင် သူ့စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ကြောင့်ကြမှုလည်း ဖြစ်ပေါ်လာသည်။
သူက ဘီ အဆင့် ဆိုသော်လည်းပဲ တစ်စုံတစ်ရာသော အကြောင်းပြချက်တို့ကြောင့် သူ့စိတ်မှာ မသက်မသာ ဖြစ်နေခဲ့ရ၏။