အပေးအယူ
Vol. 140 Ch. 2087
“ တော်စမ်းပါ … ဒီလာပြီး အတင်းလာတုပ်မနေနဲ့ … ငါတို့က လိုက်ဖက်ညီတဲ့ လူတွေ ဟုတ်တာ မဟုတ်ဘူး …” ရွှီလန် ပြောလိုက်ပြီး “ အိမ်ပြန်ပြီး နင့် ယောက်ျား အဝတ်တွေပဲ လျှော်ပေးနေလိုက် …”
“ အေးပါဟယ် အေးပါ … မပြောနဲ့ဆိုလည်း မပြောတော့ဘူး … ဒါပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုတယ်နော်… အလွန်အကျွံ မလုပ်နဲ့ …”
“ ငါ သိတယ်… နောက် နာရီဝက်လောက်ဆို ငါလည်း ရေးပြီးတော့မှာ …”
“ အိုကေ … ငါတော့ သွားပြီ …”
“ ဘိုင့်ဘိုင် ….”
နှစ်ယောက်မှာ ရုံးအဆောက်အဦးထဲက အတူထွက်လာခဲ့ကြလေသည်။ ဖန့်ကျင်း ထွက်သွားခဲ့သည်ကို မြင်တော့ ရွှီလန်လည်း ကားထဲသို့ ဝင်၍ ညစာ သွားဝယ်ရန် ဟန်ပြင်လိုက်၏။
….
ရန်ကျင်း ၊ တတိယ အဝိုင်းပတ်လမ်း ၊ ရှန့်ကျွီး ရပ်ကွက်ဝန်း ။
ရန်ကျင်းကဲ့သို့ ခေတ်မီမြို့ပြကြီး၌ ရှန့်ကျွီး ရပ်ကွက်မှာ အထင်ကြီးစရာ သိပ်မရှိလှပေ။ အိမ်ခြံမြေ နယ်ပယ်၌ ၎င်းက အလယ်အလတ် အဆင့်ထက် မပိုပေ။ ပြောစမှတ် ပြုရလောက်သည့် တစ်ခုတည်းသော အရာကား ၎င်း၏ နေရာပတ်ဝန်းကျင် ဖြစ်၏။
ရန်ကျင်း၌ တတိယ အဝိုင်းပတ်လမ်း နေရာဆိုသည်မှာ အိမ်ခြံမြေလောက၏ အကောင်းဆုံး နေရာများထဲတွင် ပါဝင်သည်။ သို့သော် ရှန့်ကျွီး ရပ်ကွက်၀န်းတစ်ခုတည်းသာလျှင် ကွက်၍ သာမန်ဆန်နေပြီး ၎င်းပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပြီး ကြည့်လိုက်မည်ဆိုပါက အနည်းငယ် အသက်မပါသည့်ပုံရသည်။
သို့ပေမယ့်လည်း အကယ်၍ တစ်စုံတစ်ဦးကသာ အဆင့်အတန်း ၊ သို့မဟုတ် အားကောင်းသည့် အဆက်အသွယ်တို့ ရှိမနေခဲ့ဘူးဆိုပါက မည်သူကမျှ ဤ အသိုင်းအဝိုင်းကို အထင်သေးဝံ့ကြမှာ မဟုတ်ပေ။ ဤရပ်ကွက်ကို ဆောက်လုပ်ခဲ့သည့်လူက အစိုးရနှင့် ဆက်စပ်နေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်၏။
၉၀ ရာခိုင်နှုန်းသော နေထိုင်သူတို့က အစိုးရ သို့မဟုတ် စစ်တပ်နောက်ခံများကို ပိုင်ဆိုင်ထားကြလေသည်။
အပြင်ဘက်မှ ကြည့်ရှုမည်ဆိုပါက သာမန်ဆန်သည့် ရပ်ကွက်လေး တစ်ခုသာ ဖြစ်သော်လည်းပဲ ၎င်း၏ စစ်မှန်သည့်ပုံစံကို သိနားလည်ထားကြသူတို့ကတော့ ‘ ရှုပ်ထွေးသည့် မိသားစု အိမ်ယာ’ ဟု ခေါ်ဆိုကြသည်။
မောက်မာပြီး မဆင်မခြင်နိုင်သည့် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးများပင် ညဘက်၌ ဤဧရိယာသို့ ရောက်လာခဲ့မည်ဆိုပါက အမြန်နှုန်းကို လျှော့ပြီး မောင်းနှင်ကြရသည်အထိပင်။
အနှစ်ချုပ်ရသော် ဤနေရာက အမြင်နှင့် ကောက်ချက်ချလိုက်၍ မရသည့် ပုန်းအောင်းနေသည့် နဂါးနှင့် အင်အားကြီးကျားတို့ စုဝေးရာ ရပ်ကွက်လေး တစ်ခု ဖြစ်ပေသည်။
ကျုံးဝေ့တပ်ဖွဲ့ထဲက ထွက်ခွာလာခဲ့ပြီးနောက် ဖန့်ကျင်းသည် စူပါမားကတ်သို့ သွားပြီး လိုအပ်သည်များ ဝယ်ခြမ်းပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့ အသင်း ၈ ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် အားလျော်စွာ သူမ၏ အဆင့်အတန်းက ဤဧရိယာထဲတွင် အိမ်တစ်လုံးကို လွယ်လင့်တကူ ရရှိစေသည်။
သို့သော် ယနေ့တွင်တော့ ဖန့်ကျင်း၏ စိတ်အခြေအနေမှာ သိပ်ပြီး ပုံမှန် ဖြစ်ဟန်မရပေ။ ဝယ်ခြမ်းလာခဲ့သည်များအား အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် သယ်ဆောင်လာနေခဲ့ရင်း တစ်စုံတစ်ရာကို အတွေးနက်နေပုံပင်။
အစောပိုင်းတွင် ရွှီလန်နှင့် တက်ကြွစွာ စကားပြောခဲ့သည့် မိန်းကလေးဖြစ်ကြောင်းကို ယုံကြည်ရန် ခဲယဉ်းလောက်သည်အထိကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ရပ်ကွက် ဝင်ပေါက်ဝသို့ မောင်းနှင်လာရင်း မြေအောက်ကားပါကင်ထဲသို့ မဝင်မီ မလှမ်းမကမ်း၌ တက္ကစီတစ်စင်း ထိုးရပ်ထားသည်ကို သူမ သတိပြုမိလိုက်သည်။
တက္ကစီကို မြင်တော့ ဖန့်ကျင်း၏ အမူအရာမှာ ပို၍ပင် လေးနက်တင်းမာလာခဲ့ပြီး မလွယ်ကူသယောင် ဖြစ်လာခဲ့ကာ အသက်ရှူဖို့ ခက်ခဲလာခဲ့တော့၏။
အကယ်၍ အနီးကပ် ကြည့်ရှုမည်ဆိုပါက သူမ၏ လက်တို့မှာ ကတုန်ကယင် ဖြစ်နေပြီး နဖူးထက်တွင်လည်း ပုတီးစေ့ခန့် ရှိသည့် ချွေးစေးတို့ စီးကျနေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
လီဗာပေါ်သို့ ခြေထောက် အမြန်တင်ပြီး ဖန့်ကျင်း ကားပါကင်ထဲသို့ တန်းမတ်စွာ မောင်းဝင်သွားခဲ့သည်။
ပါကင်ထိုးရပ်ထားသည့် တက္ကစီကတော့ ၎င်းနေရာတွင်သာ ဆက်လက်တည်ရှိနေရင်း မလှုပ်မယှက် ရပ်တည်နေသည်။
ဖြတ်သွားဖြတ်လာတစ်ချို့က တက္ကစီအား ငှားရမ်းလိုသည့်တိုင် ဒရိုင်ဘာက လက်ဝှေ့ယမ်းပြပြီး မည်သည့် ခရီးသည်ကိုမျှ တင်ဆောင်လိုစိတ် မပြပေ။
အချိန်အတော်ကြာပြီးသည့်နောက် မှိန်ပြသည့် လရောင်အောက်တွင် ဖန့်ကျင်း ရပ်ကွက်ဝန်းလေးထဲက ထွက်လာခဲ့ပြီး ညအမှောင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူမ၏ ဝတ်စုံက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ အလုပ်ပြန်လာတုန်းက ဝတ်ထားခဲ့သည့်အတိုင်း ဝတ်ဆင်ထားသည်။ သို့သော် သူမ၏ အမူအရာမှာတော့ ပိုပြီး လေးလံကြောင့်ကြနေခဲ့၏။
မကောင်းသည့် အရာ တစ်စုံတစ်ခုက မကြာခင် ဖြစ်ပျက်တော့မည့် အလားပင်။
ရပ်ကွက်ဝန်းလေးထဲက ထွက်လာခဲ့ပြီးသည့်နောက် ဖန့်ကျင်း အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး တက္ကစီက ထိုနေရာ၌သာ ဆက်ပြီး ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်မှာပဲ တက္ကစီက ဖြည်းညင်းစွာဖြင့် သူမထံသို့ ဦးတည်လာနေသည်။
ဤသည်ကို မြင်တော့ ဖန့်ကျင်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး မသိစိတ်အလျောက် လက်တွင် ကိုင်ထားသည့် အိတ်အမည်းကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလိုက်သည်။ အဆိုပါ အိတ်လေးထဲ၌ အရေးကြီးသည့် တစ်စုံတစ်ခု ပါဝင်နေခဲ့ဟန်ပင်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ တက္ကစီက သူမ၏ ရှေ့မှောက်တွင် ရပ်တန့်လာခဲ့ပြီး ဖန့်ကျင်းကို လာကြိုသည်ဟု ထင်ရ၏။
အတန်ငယ်ကြာအောင် တုံ့ဆိုင်းပြီးသည့်နောက်တွင် ဖန့်ကျင်းသည် ကားအနောက်တံခါးကို ဖွင့်ပြီး အထဲသို့ တိတ်တိတ်လေး ဝင်ထိုင်နေလိုက်၏။ သူမ၏ ခြေထောက်နှစ်ဖက်ကို အတူစေ့ထားပြီး အိတ်ကို ပေါင်ပေါ်တွင်တင်ကာ လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့၏။
ယင်းက အဆင့်မြင့်သည့် ဇိမ်ခံကားအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ဖူးသည့် မိန်းမငယ်လေး တစ်ယောက်က တစ်စုံတစ်ရာကို ဖျက်စီးမိမှာ စိုးသည့်နှယ် ကြောင့်ကြနေပုံပေါ်သည်။ သို့ပေမယ့်လည်း သာမန် တက္ကစီတစ်စင်းပေါ်တွင် ဝင်ထိုင်နေသည့် ဖန့်ကျင်းက ထိုကဲ့သို့သော အမူအရာ ဖြစ်ပေါ်နေသည်မှာတော့ အနည်းငယ် ထူးဆန်းလှသည်။
ဒရိုင်ဘာက အရပ်အမောင်း အတော်ကောင်းပြီး ၁.၈ မီတာကျော် ရှည်သည်။
သူ့မျက်နှာတွင် မာ့စ်တပ်ထားပြီး လျှာထုပ်ဦးထုပ် တစ်လုံးကို ဆောင်းထားကာ ရန်ကျင်းရှိ သာမန် တက္ကစီယာဉ်မောင်းတို့နှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။
ပုံမှန် မဟုတ်ဆုံး အရာကတော့ ၎င်း၏ မျက်လုံးများ ဖြစ်၏။ သူ့ မျက်လုံးသူငယ်အိမ်တို့က အတော်လေး ကြီးမားနေခဲ့ပြီး အရောင်ပါသည့် မျက်ကပ်မှန် တစ်ခုခုကို ဝတ်ဆင်ထားသကဲ့သို့ပင်။
သူ့လက်မောင်းရှိ ထူထဲသော အမွေးအမျှင်တို့က ထူးဆန်းမှုကို ထပ်ပေါင်းသွားစေခဲ့ပြီး နိုင်ငံခြားသား တစ်ယောက်နှင့် သွားတူနေစေခဲ့သည်။
“ စိတ်လှုပ်ရှားနေစရာ မလိုဘူး … ငါ့ကားထဲမှာ ထောက်လှမ်းရေး စနစ် တပ်ထားတယ်… မင်းသာ အသံနားထောင်တဲ့ ကိရိယာတစ်ခုခု တပ်လာခဲ့တယ်ဆိုရင် ကားထဲဝင်တာနဲ့ alarm က ချက်ချင်း မြည်လာမှာ ….”
ဒရိုင်ဘာက ပီသသည့် အင်္ဂလိပ်လေသံ အသံထွက်ဖြင့် ပြောဆိုလာခဲ့သည်။
ထိုလူကတော့ ဂျပန်တွင် လင်းရီနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သည့် ဝေါ်ကာကလွဲ၍ အခြားသူ မဟုတ်ပါချေ။
ဝေါ်ကာက သက်တောင့်သက်သာ နေရန် ပြောဆိုလိုက်သော်ငြားလည်း ဖန့်ကျင်း၏ စိတ်တင်းကြပ်နေမှုက ပြေလျော့သွားခြင်း မရှိခဲ့ပေ။ သူမဘက်က မည်သည့် စကားကိုမျှ ပြန်ဆိုမလာချေ။
“ မင်းကြည့်ရတာ စကားပြောချင်တဲ့ပုံ မပေါ်ဘူး … အဲ့လိုလည်း ရတယ် … ဘာပဲဆိုဆို ငါတို့လည်း စကားပြောဖို့ လာခဲ့တာမှ မဟုတ်တာ …” ဝေါ်ကာ ပြောလိုက်ပြီး
“ ငါ တောင်းထားတဲ့ အချက်အလက်တွေ စုစည်းထားပြီလား …”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက်တွင် ဖန့်ကျင်း ခေါင်းညိတ်လိုက်သည်။
“ သိပ်ကောင်းတယ်….”
ဝေါ်ကာသည် အလယ်ရှိ ခလုတ်ခုံအား ဖွင့်၍ ကတ်နှစ်ခု ဆွဲထုတ်လာခဲ့သည်။
တစ်ကတ်က အပြာရောင် ဖြစ်ပြီး အမေရိကန် မြေပုံနှင့် အင်္ဂလိပ်စာလုံး တစ်ချို့ကို ခတ်နှိပ်ထားသည်။ ကျန်တစ်ခုက လက်တစ်ဖ၀ါးစာပင် မရှိသည့် အိုင်ဒီကတ်ကဲ့သို့ လေးထောင့်ကတ် အသေးလေး တစ်ခုဖြစ်ပြီး ၎င်းအပေါ်တွင် လေဘာတီ ရုပ်ထုနှင့် ရေစာတစ်ချို့ ပါဝင်ကာ ဖန့်ကျင်း၏ ဓာတ်ပုံ၊ မွေးသက္ကရာဇ်တို့ ပါဝင်သည်။
“ ကတ်ထဲမှာ ဒေါ်လာ တစ်ဘီလီယမ် ထည့်ထားပေးတယ်… ပြီးတော့ မင်းအတွက် green card ( အမြဲတမ်းနေထိုင်ခွင့်ရ နိုင်ငံသားကတ် ) လည်း ပြင်ထားပေးပြီ …”
ပြောပြီးသည်နှင့် ဝေါ်ကာသည် ကတ်နှစ်ခုကို ဖန့်ကျင်း၏ ပေါ်ပေါ်သို့ သာမန်လျှံကာ ပစ်ပေးလိုက်၏။
ထိုကတ်များအား ဖမ်းယူရင်း သူမ၏ လက်နှစ်ဖက်မှာ မိနစ်ရေတွက်နေသည့် ချိန်ကိုက်ဗုံးတစ်လုံးအား လက်ဝယ်ရလိုက်သည့်နှယ် တဆတ်ဆတ် တုန်ခါနေသည်။
ဝေါ်ကာသည် နောက်ကြည့်မှတဆင့် သူမ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ပြီး အမျိုးအမည် မသိရသည့် အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် ဖြစ်ပေါ်လာခဲ့သည်။
“ စီ အဆင့် သွေးရည်ကြည်ကို လေ့လာပြီးသွားပြီ … သူ့ရဲ့ ချို့ယွင်းချက်တွေလည်း ရှာတွေ့ထားတယ်…”
ဝေါ်ကာ၏ အမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့၏။
ဖရီးမေဆင်ဂိုဏ်း၏ ထိပ်ပိုင်း အကြီးအကဲ တစ်ဦးအနေဖြင့် ဆေး၏ ဆိုးကျိုးတို့အား သိရှိထားသည်မှာ သဘာဝပင်။ သို့သော် ထိုအရာကို သူ စိုးရိမ်နေသည်မဟုတ်။ ငါးနှစ်မှ ဆယ်နှစ်ဟူသည့် ကာလအတွင်း အရာများစွာကို ပြုလုပ်၍ ရသည်။
သူ၏ အမူအရာမှာ ပြန်လည် တည်ငြိမ်သွားခဲ့၏။ သို့သော် ကျုံးဝေ့တပ်ဖွဲ့က လျှော့တွက်၍ မရသည့် အဖွဲ့အစည်းကြီး ဖြစ်သည်ကိုတော့ သူ့စိတ်ထဲတွင် အဆက်မပြတ် သတိပေးနေသည်။ ထို့ကြောင့် ၎င်းတို့ လေ့လာနိုင်သည်က ထူးဆန်းသည်တော့ မဟုတ်ပေ။
“ အဲ့တော့ အခု … မင်းရဲ့ ရာထူးနဲ့ဆိုရင် ဖိုင်တွေ ဘယ်နေရာမှာ သိမ်းထားလဲ သိပြီးရောပေါ့ …”
“ သိပြီးပြီ …” ဖန့်ကျင်း လိုတိုရှင်း ပြန်ဖြေလိုက်၏။ သူတို့ဝန်းကျင်တွင် တင်းမာနေသည့် လေထုက မြင်သာနိုင်လောက်သည်အထိ ဖြစ်ပြီး မှောင်မိုက်တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကလည်း လူကို မွန်းကြပ်လာစေသည်။ စကားလုံး အနည်းငယ်ကို ဖျစ်ညှစ်ပြောပြီးသည့်နောက် သူမ ထပ်ပေါင်းပြောဆိုလာခဲ့သည်။
“ ဒါပေမယ့် ကျွန်မ ဝင်လို့မရဘူး …”
“ ဘာလို့ …."
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ လုံခြုံရေးက ဘယ်လောက်ထိ မြင့်လဲ ရှင်လည်း သိရဲ့သားနဲ့ … ကျွန်မကို တကယ်ပဲ ဝင်နိုင်တယ်လို့ ထင်နေလား … ခွင့်ပြုချက် မပါဘဲ အနားကပ်သွားတာနဲ့ စောင့်ကြည့်ရေး စနစ်က ရှင့်ကို တစ်ခါတည်း ဖော်ထုတ်သွားလိမ့်မယ်….”
“ အဲ့တာတွေ ငါ မသိချင်ဘူး … ငါသိချင်တာ ဆေးရဲ့ အဓိက အချက်အလက်တွေကို ဘယ်နေရာမှ သိုလှောင်ထားလဲ ဆိုတာပဲ ….”
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ မြေအောက်မှာ ….” ဖန့်ကျင်း ပြောလိုက်ပြီး “ လုံခြုံရေး တံခါးက သုံးဆင့်ရှိတယ်… ပြီးတော့ အကာအကွယ်ကလည်း မယုံကြည်နိုင်လောက်အောင် တင်းကြပ်ထားတယ်….”
“ မင်း အဲ့မှာ အလုပ်လုပ်နေတာလည်း ကြာနေပြိကို အဲ့ထဲဝင်ဖို့က ပြဿနာ မရှိဘူးမလား ….”
“ မဟုတ်ဘူး … ရှင်မှားနေပြီ …”
ဖန့်ကျင်း ခေါင်းယမ်း၍ “ အဲ့ လုံခြုံရေး တံခါးသုံးချပ်ကို ဖွင့်ဖို့ဆို အထူးသံလိုက်ကတ်ပြား တစ်ခုလိုအပ်တယ်… ပြီးတော့ အဲ့ကတ်က ကျွန်မမှာ မရှိဘူး ….”