← Chapters

အခန်း (၅၄၆)

Vol. 39 Ch. 546

အခန်း (၅၄၆)

Vol. 39 Ch. 546

လေထုသည် ဓားသံတချွမ်ချွမ်ဖြင့် စတင်တင်းမာလာ၏။

လင်တုရှိုမှာတော့ ရုတ်တရတ်ကြောက်လန့်သွားရပြီး ခန်းမအလယ်သို့ အလျင်အမြန် ပြေးဝင်ကာ သူ၏ လက်များကို ဝှေ့ယမ်းအော်ဟစ်သည်။ “မလုပ်ပါနဲ့! အားလုံး စိတ်အေးအေးထားပါ! သူတော်စင်သခင်က အဲလို ရည်ရွယ်တာ မဟုတ်ပါဘူး!”

“တုရှို၊ မင်းကိုယ်မင်း ဘယ်သူ့ဘက်ကဆိုတာ မမေ့ပါနဲ့။ ဒါက ငါ့ရဲ့ ရွှယ်ထျန်း သူတော်စင်နယ်မြေပါ၊ ပြင်ပလူတွေ ဝင်ရောက်ရမ်းကြားချင်လို့ မရဘူး!” ကျန်းထျန်းမင်သည် အေးစက်စွာ အော်ဟစ်လိုက်သည်။

လင်တုရှိုလည်း တောင့်တင်းသွားပြီး ခေါင်းကို တစ်ဖက်သို့ ခက်ခက်ခဲခဲလှည့်ကာ ကျန်းထျန်းမင်ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ တစ်စုံတစ်ခုကို စစ်ဆေးမေးမြန်းနေသည့်အလား။

“ခင်ဗျား ဘယ်ကသတ္တိတွေနဲ့ အတင့်ရဲနေတာလဲ?!”

လင်တုရှိုသည် ကျန်းထျန်းမင်၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် လုံးဝ စိတ်ရှုပ်ထွေးသွားရခြင်းပင်။

သူတော်စင်သခင်၊ အကြီးအကဲယဲ့လိုလူက ခင်ဗျားရဲ့ရာထူးဂုဏ်သိက္ခာကို အဲ့လောက်ထည့်တွက်ပေးလိမ့်မယ်လို့ တကယ်ထင်နေတာလား?

သာမန် ဉာဏ်အလင်းမသေမျိုး တစ်ပါးကို မသေမျိုးဘုရင်က မျက်လုံးထဲတောင်ထည့်ပါ့မလား?

ခင်ဗျား တကယ်ကြီး ကိုယ့်နေရာကိုယ်မေ့သွားတာလား?

ဒီလုပ်ရပ်က တော်တော်မိုက်မဲလွန်းတယ်။

“ရှို့အာ၊ နောက်ဆုတ်”

ယဲ့ကျွင်းလင်က လက်ယပ်အချက်ပြလိုက်သည်။

ထို့နောက် မမြင်နိုင်သော စွမ်းအားတစ်ခုသည် လင်တုရှိုကို ခန်းမအလယ်မှ တွန်းထုတ်လိုက်သဖြင့် လင်တုရှိုလည်း ကြောက်ကြောက်ဖြင့်ငြိမ်ကုပ်ကာ မည်သည့် ကန့်ကွက်စကားကိုမျှ မပြောရဲမဆိုရဲတော့ပေ။

ယဲ့ကျွင်းလင်သည် အရှေ့မှ သက်လတ်ပိုင်းအရွယ်ပုဂ္ဂိုလက်ကို တည့်တည့်စိုက်ကြည့်ပြီး နောက်သလိုပြောင်သလို ဆိုသည်။ “မင်းကြည့်ရတာ ရှောင်ကျန်းလို့ ခေါ်တာကို အတော်လေးမကြိုက်တဲ့ပုံပေါ်တယ်"

“အဓိပ္ပာယ်မရှိတာ!”

ကျန်းထျန်းမင်က အေးစက်စက်ဆိုသည်။ “ကျွန်‌တော် ကျန်းမျိုးရိုးက သိက္ခာသမာဓိရှိတဲ့ လူတစ်ယောက်ပါ။ ဒီလို မလေးစားတဲ့ အခေါ်အဝေါ်ကို ဘယ်လို လက်ခံနိုင်ပါ့မလဲ? ဒီသတင်းသာ အပြင်လောကကိုပျံ့နှံ့သွားရင် ဒီသူတော်စင်သခင်ရဲ့မျက်နှာကို ဘယ်သွားထားရပါ့မလဲ?"

သူ၏ လေသံသည် အလွန် ခိုင်မာပြတ်သားသည်။

“ဪ အဲ့လို”

“မင်း မျက်နှာကြောင့် မကြိုက်တာဆိုရင် ခွန်အားကရော မျက်နှာနဲ့သက်ဆိုင်တယ်လို့ထင်လား? မင်းရဲ့ ခွန်အားအဆင့်အတန်းနဲ့ ငါ့ကို အော်ဟစ်ကြိမ်းမောင်းဖို့ အရည်အချင်းရှိတယ်လို့ မင်း ထင်သလား?”

ယဲ့ကျွင်းလင်၏ လေသံသည် အလျင်စလို မရှိပါသော်လည်း နောက်ဆုံးတွင် လေသံ၌ ဖိနှိပ်မှု ခံစားချက်တစ်ခု ပါဝင်လာသည်။

ဝုန်း!

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ခန်းမအား ချက်ချင်း ဖုံးလွှမ်းသွားတော့၏။

ကျန်းထျန်းမင်၏ ခန္ဓာကိုယ်သည် ထိုဖိအားအောက်တွင် နစ်မြုပ်သွားပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျလျက်သား ဖြစ်သွားသည်။ သူ၏ နဖူးတွင် ချွေးစက်ကြီးများ သီးထလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားတောင်ကိုထမ်းထားရသကဲ့သို့ မလှုပ်မရှားနိုင် လေးလံတောင့်တင်းနေရ၏။

“အု အား”

ကျန်းထျန်းမင်၏ မျက်နှာသည် နီမြန်းမို့အစ်လာပြီး ခပ်တိုးတိုးညည်းညူလိုက်မိသည်။ သူ၏ မျက်လုံးများ၌ ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေလေပြီ။

“အလိုလေး” လင်တုရှို ‌ဘေးမှကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူတော်စင်သခင်ရယ် ဘာကြောင့်သေလမ်းကိုမှ ရွေးသလဲ?

ဂုဏ်‌ဖော်ချင်တယ်ဆိုလည်း အခြေအနေ အချိန်အခါလေးတော့ ကြည့်ဦးမှာပေါ့။

“အခုရော မင်းစိတ်ပြောင်းသွားပြီလား?” ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

“မင်း၊ ယဲ့မျိုးရိုးကောင်၊ မင်းရဲ့ ကျင့်ကြံမှုက နက်နဲတာသိတယ်၊ ငါ မင်းနဲ့ မယှဉ်နိုင်တာလည်းသိတယ်၊ ဒါပေမယ့် ငါ ကျန်းမျိုးရိုးက လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရတဲ့ ဖော့တုံးတစ်တုံးမဟုတ်ဘူး၊ အခုလက်ရှိနေရာက ငါ့အပိုင်း ရွှယ်ထျန်းသူတော်စင်နယ်မြေပဲ…”

“တော်တော့ တော်တော့၊ မင်းမှာ နောက်ခံရှိနေရင်လည်း အမြန်ထွက်လာခိုင်းလိုက်။ မင်းတို့ကြိမ်းဝါးတဲ့စကားတွေကရှည်လွန်းလို့ နားထောင်ရတာပင်ပန်းတယ်"

ယဲ့ကျွင်းလင်သည် လက်ကို ဝှေ့ယမ်းကာ ကျန်းထျန်းမင်၏ စကားများကို ဖြတ်တောက်လိုက်ပြီး လိုရင်းကိုသာအမြန်သွားလိုက်သည်။

အမှန်တော့ သူ ရွှယ်ထျန်း သူတော်စင်နယ်မြေသို့ ဝင်ရောက်ခါစကတည်းက ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိခဲ့သည်ပင်။ ဤပရဝုဏ်တွင် ရှေးဟောင်းစွမ်းအားတစ်ခု ပုန်းအောင်းနေသည်ဟု ခံစားရပြီး စွမ်းအားအငွေ့အသက်သည်ကား သူ ယခင်က တွေ့ဆုံခဲ့ဖူးသော ပြန်လည်ရှင်သန်နိုးထသူများနှင့် ညီမျှသည်။

နှစ်ခါပြန်တွေးစရာပင်မလို။ ရွှယ်ထျန်း သူတော်စင်နယ်မြေ၌လည်း မသေမျိုးဘုရင်အဆင့် သတ္တဝါ တစ်ဦး စောင့်ရှောက်တည်ရှိနေခြင်းပင်။

သိလိုစိတ်တို့ကြောင့် ယဲ့ကျွင်းလင်သည် ကျန်းထျန်းမင်ကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ထိုသူကို ဆွဲထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် လူတိုင်း တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။

လင်တုရှိုသည်လည်း လုံးဝ အံ့အားသင့်နေရသည်။ သူတော်စင်သခင်သည် အကြီးအကဲယဲ့ကို ဆန့်ကျင်ဖို့ ဤမျှရဲဝံ့နေရသည့် အကြောင်းရင်းမှာ နောက်ခံလူတစ်ဦး ရှိနေသောကြောင့်သာ။

မေးခွန်းမှာ ထိုအားကောင်းသော နောက်ခံလူသည် အကြီးအကဲယဲ့နှင့် နှိုင်းယှဉ်နိုင်ပါသလား?

“ကောင်းပြီ ကောင်းပြီ။ မင်းဘက်က သိသွားပြီဆိုတော့ ငါလည်း အချိန်ဆွဲနေတော့မှာ မဟုတ်ဘူး"

ကျန်းထျန်းမင်သည် ဒေါသထွက်နေသော်လည်း တဟားဟားရယ်မောလိုက်ပြီး လက်နှစ်ဖက်ဖြင့်ထောက်ကာ ကိုယ်ကိုကြွလျက် အားကြိုးမာန်တက် အော်ဟစ်လိုက်သည်။

“အကြီးအကဲကောင်း၊ ကျေးဇူးပြုပြီး ရှေ့ထွက်လာခဲ့ပါ၊ ဒီ တပည့်အတွက် တရားမျှတမှုကို ရယူပေးပါ!!!”

အားကုန်ထုတ်အော်လိုက်သော အသံသည် နားကွဲမတတ် ကျယ်လောင်ပြီး ကြီးမားသော မသေမျိုးချီများ စိမ့်ဝင်နေကာ ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ တားမြစ်နယ်မြေ အနက်ရှိုင်းဆုံးသို့ ပျံ့နှံ့သွားသည်။

အော်ဟစ်ပြီးနောက် ကျန်းထျန်းမင်သည် အေးအေးဆေးဆေးဆိုသည်။ “ခဏစောင့်နေလိုက်၊ အကြီးအကဲကောင်း မကြာခင်ရောက်လာလိမ့်မယ်"

သူသည် အကြီးအကဲကောင်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို သေချာသိရှိထား၏။ ထိုသူ ပထမဆုံး ပေါ်လာချိန်၌ ကျင့်ကြံမှုသည် မသေမျိုးဘုရင် နဝမကောင်းကင်၌ ရှိနေရုံသာမက သူ၏ ဇာတိသည်လည်း ထိပ်တန်း နတ်ဘုရားမျိုးနွယ်ဖြစ်သောကြောင့် နတ်ဘုရားသားရဲများဖြင့်ပင် နှိုင်းယှဥ်နိုင်လောက်သော ဝမ်းတွင်းပါရမီရှိသည်။

ဤမျှ ကျင့်ကြံဆင့်မြင့်သော ထူးကဲသည့်သတ္တဝါမျိုးကို အလယ်ပိုင်းဒေသတွင် မည်သူက ယှဥ်ပြိုင်နိုင်မည်နည်း?

ထို့ကြောင့် သူသည် ယဲ့ကျွင်းလင် အလွန် ခွန်အားကြီးသည်ကို သိရှိထားသော်ငြား အကြီးအကဲကောင်းသည်လည်း သူ့ထက် မနိမ့်ကျပါဟု ခံစားရသည်။

သရေကျဖို့က ဖြစ်နိုင်ချေအများဆုံးပင်!

“ဒါက ရှေးခေတ်က ဘယ်တာအိုရောင်းရင်းလဲ?” စန်းလန်ကျွင်းသည် လူအုပ်၏ နောက်ဆုံး၌ ရပ်နေပြီး အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

သူသည် မသေမျိုးဘုရင် ဖြစ်သော်လည်း ယဲ့ကျွင်းလင်၏ နောက်ဆုံးသောတပည့်အဖြစ် တစ်ဖွဲ့လုံးတွင် အဆင့်အနိမ့်ဆုံးဖြစ်နေရသည်။

သို့သော် ပြန်လည်ရှင်သန်နိုးထလာသော သတ္တဝါတစ်ဦး ပေါ်ထွက်လာတော့မည်ဟု ကြားသိရသော် စန်းလန်ကျွင်းလည် သိချင်စိတ်ကို မထိန်းနိုင်ခဲ့။

ရလဒ်အားဖြင့်...

စက္ကန့်ဒါဇင်ပေါင်းများစွာ ကြာသွားသည်။

ရွှယ်ထျန်း သူတော်စင်နယ်မြေမှ လှုပ်ရှားမှု တစ်စုံတစ်ရာမရှိပေ။

ဤသို့ဖြင့် လူတိုင်းလည်း ကြောင်တောင်တောင်စဖြစ်လာသည်။

“ဒါ…”

ကျန်းထျန်းမင်သည် ချွေးအေးများ စိမ့်ထွက်လာပြီး သူ၏ကံဆိုးမှုကို ခပ်တိုးတိုကျိန်ဆဲနေမိ၏။

ထူးဆန်းတယ်၊ အကြီးအကဲကောင်းက ဘာလို့ထွက်မလာတာလဲ?

ရှက်စရာကောင်းလိုက်တာနော်!

“အကြီးအကဲကောင်း၊ အမြန် ထွက်လာပါ! တပည့်က သင့်အကူအညီကို လိုအပ်ပါတယ်!”**

“အကြီးအကဲဟာ ဂုဏ်သရေရှိအဆင့်တန်းဖြစ်တာကြောင့် လူသားတွေနဲ့မဆက်ဆံလိုတာကို နားလည်ပါတယ်၊ ဒါပေမယ့် ဒီတစ်ခါ ကျွန်တော်တကယ် အကူအညီလိုအပ်နေလို့ပါခင်ဗျာ!”

“အမြန် ထွက်လာပါ! လူတိုင်း စောင့်နေကြပါပြီ!”

“ကျေးဇူးပြုပြီး…”

ကျန်းထျန်းမင်၏ မျက်နှာပေါ်ရှိ အမူအရာသည် စိုးရိမ်မှုမှ ထိတ်လန့်မှုသို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။

ပြောတော့..ပြောတော့ ကာကွယ်ပေးမယ်ဆို?

ယုံကြည်ခဲ့တဲ့ငါပဲ မှားခဲ့မိတာလား!

ကျန်းထျန်းမင်၏ နှလုံးသားဝယ် နောင်တများဖြင့် ပြည့်နှက်နေသည်။ ဤအဖြစ်ကိုသာ ကြိုသိထားမိလျှင် သူဂုဏ်ဖော်ဖို့ကြိုးစားမည်မဟုတ်ဘဲ လိမ်လိမ်မာမာလေး အရှုံးပေးလိုက်မည်သာ။

ယခုတော့ အကျပ်ရိုက်စရာ အခြေအနေအလယ်တွင်မှ အရှက်ဗြန်းဗြန်းကွဲရသည်။

ယဲ့ကျွင်းလင်သည် စိတ်မရှည်တော့ဘဲ အေးစက်စက် အော်ဟစ်လိုက်သည်။

“ခွေးမသားလေး၊ ငါ မင်းဒီထဲမှာ ပုန်းနေတာကို သိတယ်။ ဖင်ခေါင်းကျယ်မနေဘဲ အခုထွက်လာခဲ့! မင်း ထပ်ပြီး သေချင်ယောင်ဆောင်နေရင် ငါ့ဓားနဲ့ မင်းဖင်ကိုခွဲပစ်မယ်!”

ရှင်းလင်းသော အသံသည် မိုးခြိမ်းသံကဲ့သို့ ရွှယ်ထျန်း သူတော်စင်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရေတွက်မရနိုင်သော တပည့်များနှင့် အကြီးအကဲများကို ကြောက်ရွံ့စိတ်ဖြင့် တုန်ယင်စေသည်။

နောက်တစ်စက္ကန့်။

အလောတကြီး အော်ဟစ်သံတစ်ခုက တစ်နေရာမှ ချက်ချင်း ထွက်ပေါ်လာသည်။ “တာအိုရောင်းရင်း၊ စိတ်မဆိုးပါနဲ့၊ စကားကို ကောင်းကောင်းမွန်မွန် ပြောကြရအောင်! ငြိမ်းချမ်းရေးက အဓိကပါ!”

လူတိုင်း တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။

တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ဆံပင်ဝါခြောက်ခြောက်နှင့် ခွေးနှာခေါင်းရှိသည့် အဘိုးအိုတစ်ဦးသည် ခြေတစ်လှမ်းမျှနောက်ကျမိပါက ဓားစာမိ၍ နောက်ဘဝသို့ကူးပြောင်းရမည်ကို ကြောက်သည့်အလား ကမူးရှူးထိုးပြေးဝင်လာသည်။

“အကြီးအကဲကောင်း၊ သင်…” ကျန်းထျန်းမင်သည် တစ်စုံတစ်ခုက ပုံမှန်မဟုတ်သလို ခံစားလိုက်ရသည်။

ယဲ့ကျွင်းလင်သည် အဘိုးအိုကို ခေါင်းမှခြေဖျားအထိ တစ်ချက်စစ်ဆေးလိုက်ပြီး မျက်လုံးများကို မှေးစင်းကာ မေးသည်။ “ဘာကြောင့် ဒီလို လူတစ်ပိုင်းခွေးတစ်ပိုင်းဖြစ်နေရတာလဲ?"

“တာအိုရောင်းရင်း၊ မနောက်ပါနဲ့၊ ဒီအဘိုးကြီးရဲ့ ခန္ဓာကိုယ်အစစ်က ခွေးပါ!” ဆံပင်ဝါဝါအဘိုးအိုမှာ အမှန်အတိုင်းဝန်ခံလာ၏။

“ခွေးလား?”

ယဲ့ကျွင်းလင်သည် မျက်ခုံးပင့်လိုက်သည်။

“ဟုတ်ပါတယ်၊ ခွေးပါ!”

ထိုစကားအဆုံးတွင် ဆံပင်ဝါဝါအဘိုးအို၏ ခေါင်းသည် ခွေးခေါင်းလေးအဖြစ်သို့ ပြောင်းလဲသွားသည်၊ သူ၏ ခန္ဓာကိုယ်တွင် နူးညံ့တောက်ပသော အဝါရောင် အမွေးများ ပေါက်လာပြီး ပါးစပ်မှလည်း အတည်ပြုသကဲ့သို့ တဝုတ်ဝုတ်ဟောင်ပြလိုက်သေး၏။

ထို့နောက် ခေါင်းတစ်ချက်ခါလိုက်ရာ နဂိုပုံစံပြန်ပြောင်းသွားပြီ ရှက်ကိုးရှက်ကန်းဖြင့် ယဥ်ယဥ်ကျေးကျေးပြုံးပြလာသည်။ “တာအိုရောင်းရင်း၊ အခုကျွန်တော့်ကို ယုံပါပြီလား?"

“အားလုံးပဲကြည့်ထားကြ၊ ဒါကို ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ခေါ်တယ်!” ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ဖြင့် ဆံပင်ဝါသော အဘိုးအိုကို ညွှန်ပြလိုက်ပြီး ဟုန်ချန်ယဲ့နှင့် အခြားတပည့်များထံသို့ လှည့်ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”

ဟုန်ချန်ယဲ့တို့အဖွဲ့ကလည်း ပုတ်သင်ညိုလေးများကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံကြသည်။

“ပြောပါဦး နာမည်ကဘယ်လိုခေါ်လဲ” တစ်ဖက်က ယဥ်ယဥ်ကျေးကျေးရှိသည်ကိုမြင်သော် ယဲ့ကျွင်းလင်၏ သဘောထားသည်လည်း အနည်းငယ် ပျော့ပျောင်းသွားသည်။

“နာမည်က ကောင်းပုလီပါခင်ဗျာ။ ကောင်းကင်ခွေးမျိုးနွယ်ကပါ” ကောင်းပုလီက လေးစားသမှုဖြင့် လက်များကိုယှက်ကာ လျှောက်တင်သည်။

“ဘာ၊ ကောင်းကင်ခွေးမျိုးနွယ်လား?!”

ဤမျိုးနွယ်နာမည်ကို ကြားသောအခါ စန်းလန်ကျွင်းသည် အလွန်အံ့အားသင့်သွားပြီး ကောင်းပုလီ၏ နောက်ခံဇာတိကြောင့် ထိတ်လန့်သွားဟန်တူ၏။

စာစဉ်ပြီး၏

All Chapters