ပေါက်ကွဲသွားသည့် အန်လင်း
Vol. 3 Ch. 41
အန်လင်း၏ လက်ချောင်းထိပ်မှနေ မရေမတွက်နိုင်အောင် တလက်လက် တောက်ပနေသည့် ရွှေရောင်အလင်းများ ထွက်ပေါ်လျက် ရှိသည်။ သူ့ထိန်းချုပ်မှုမှ ကင်းမဲ့နေပြီဖြစ်သည့် ထိုစွမ်းအားသည် သူ့လက်ချောင်းမှနေ ပေါက်ကွဲ ထွက်တော့မည် ဖြစ်သည်။
အန်လင်း၏ မျက်နှာသည် ရှုံ့မဲ့လာပြီး အရဲစွန့်ကာဖြင့် သူ့ကိုယ်သူ ရပ်တန့်ရန် ကြိုးပမ်းနေသည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် အော်ဟစ်နေသည်။
ရပ်လိုက်စမ်း … မြန်မြန်လေး ရပ်စမ်းပါကွ … အနည်းဆုံးတော့ ဝမ်ရွှမ်ကျန့်ကို မထိနဲ့ကွာ …
သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကြောင့်လား စိတ်ထဲတွင် အဆက်မပြတ် ဟစ်အော် နေမှုများကြောင့်လား …။ မည်သို့ပင် ဖြစ်စေကာမူ သူ့လက်ချောင်းထိပ်မှ အလင်းတန်း များသည် ရုတ်တရက်ဆိုသလို မှေးမှိန်လာပြီး လျင်မြန်စွာ ပြိုကွဲ သွားကြသည်။
အန်လင်းသည် ခေတ္တမျှကြာအောင် တွေဝေလျက် ရှိသည်။ သို့ပေမဲ့လည်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း မချနိုင်ခင်မှာပင် ပိုးမျှင်နှင့်တူသည့် ကျန်ရှိနေသေးသော ရွှေရောင် အလင်းတန်းသည် သူ့လက်ချောင်းမှနေ ထွက်ပေါ်လာသည်။
ဝမ်ရွှမ်ကျန့်၏ ဦးခေါင်းကို ထိုးဖောက် သွားသော်လည်း မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပါ။
ချက်ချင်း ဆိုသလိုပင် ထိုအလင်းတန်းသည် ဝမ်ရွှမ်ကျန့်၏ နောက်ကျောဘက်တွင် ရှိနေသည့် မြေပြင်ထဲသို့ ထိုးဆင်း သွားသည်။
ဘုန်း…
ကြီးမားလွန်းသည့် စွမ်းအင်များ ပေါက်ကွဲပြီး နောက်တွင် မြေပြင် တစ်ခုလုံး စတင်တုန်ခါ လာသည်။
ထိုရွှေရောင် အလင်းတန်းသည် အလွန်အမင်း တောက်ပလျှက် ရှိနေသည့် နတ်ဘုရား ဓားတစ်လက်နှင့် တူသည်။ မြေပြင်ကို ပေပေါင်းသောင်းနှင့်ချီကာ ထိုးခွဲသွားသည်။
မဟာတာအို၏ အကန့်အသတ်မဲ့သည့် စွမ်းအားသည် သူ့လမ်းကြောင်းတွင် ရှိနေသည့် အရာအားလုံးအား စိစိညက်ညက် ကြေအောင် ချေမှုန်း ပစ်လိုက်သည်။ သူ့လမ်းတစ်လျှောက်တွင် တည်ရှိနေသည့် တောင်ကုန်းလေးများ အားလုံးသည် အစပင် မကျန်တော့အောင် ချေမှုန်းခြင်း ခံလိုက်ရသည်။
များမကြာမီမှာပင် ထိုစွမ်းအားသည် လုံးဝ ပျောက်ကွယ်သွားပြီး ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိလာသည်။ သူ့အရှေ့တွင် ရှိနေသော အဆုံးမရှိသည့် မြေလွှာအက်ကြောင်းအား ကြည့်ကာ အန်လင်းသည် မယုံနိုင်မှုကြောင့် ကြောင်အလျက် ရှိနေသည်။
ဝမ်ရွှမ်ကျန့်၏ မျက်နှာတွင် အသက်မဲ့သည့် အမူအရာ ရှိနေသည်။ သူ့ပတ်ပတ်လည်တွင် ရှိနေသည့် ကြောက်မက်ဖွယ်ဖိအား ပျောက်ကွယ် သွားသည်ကို သိရှိလိုက်သည့် အခါတွင်တော့ မျက်ဖြူဆိုက်ကာ မေ့လဲ ကျသွားတော့သည်။
***
မြေပြင်ကို တုန်လှုပ် စေနိုင်သည့် လက်ချောင်း ပျောက်ကွယ် သွားပြီးသည့် နောက်တွင် ကျောက်စိမ်းဖြူရင်ပြင်ရှိ သောင်းနှင့်ချီသည့် ကျောင်းသားများသည် ပုခုံးပေါ်မှနေ လေးလံသည့် ဝန်ထုပ်ကြီး ဖယ်ရှားလိုက် ရသလိုပင် ခံစားရသည်။
ထိုအချိန်မှာပင် အော်သံ တစ်သံကြောင့် သူတို့သည် ဖန်သားပြင်ပေါ်သို့ အာရုံစိုက်ကာ ကြည့်လိုက်ကြသည်။
“မြန်မြန်လေး ကြည့်ကြစမ်းပါကွ … အဲဒါ ဘာကြီးလဲ …”
လူတိုင်းသည် ဖန်သားပြင်ပေါ်သို့ ကြည့်လိုက်ကြသည်။ ဖုန်မှုန့်များ ကင်းစင် သွားပြီးသည့် နောက်တွင် ဆီးကြိုနေသည့် မြင်ကွင်းကြောင့် လူတိုင်းသည် ပင့်သက်ရှိုက် လိုက်မိကြသည်။
သူတို့ မျက်လုံးများထဲတွင် ပေါ်လာသည့် မြင်ကွင်းကြောင့် အံ့ဩလွန်းသဖြင့် ဘာမှ မပြောနိုင်အောင် ရှိနေကြသည်။ ဧရာမ ချောက်ကြီးတစ်ခုသည် မြေပြင်တွင် ပေါ်လာပြီး ပေပေါင်း သောင်းနှင့်ချီ၍ ရှည်လျားသည်။ ထိုချောက်ကြီးသည် လောင်ကျွမ်း မည်းနက်နေပြီး နေရောင်ပင်လျှင် တိုးမပေါက်ချေ။ မြေပြင်တွင် အမှတ်အသား တစ်ခုအသွင် တည်ရှိနေကာ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေသည့် မြေကမ္ဘာ အင်မော်တယ် များသည်ပင်လျှင် ထိုအဖျက်အဆီး စွမ်းအားကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူများဆိုလျှင် ဆိုဖွယ်ရာ မရှိတော့။
အချိန်အတော်ကြာပြီး နောက်တွင်မှ ကျောင်းသား အချို့သည် ထိတ်လန့်မှုမှ နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိလာကြသည်။
“အန်လင်းရဲ့ တိုက်ခိုက်မှု စွမ်းအားကနေ အခုလို ဖြစ်လာတာလား …”
ကျောင်းသား အမြောက်အများသည် ခေါင်းကိုမော့ကာ ထိုနေရာတွင် ရပ်နေသည့် ပုံရိပ်အား ကြည့်လိုက်ကြသည်။ ဝံ့ကြွားမှုနှင့် ခမ်းနားမှု …။
သူ့မျက်နှာသည် တည်တံ့လျက် ရှိနေပြီး အဖြူရောင် တာအိုဝတ်စုံသည် လေတိုက်ခတ်မှုကြောင့် တလှပ်လှပ် လွင့်နေသည်။ မှေးမှိန်နေသည့် သူ့သွင်ပြင်သည် လွှမ်းမိုးနိုင်စွမ်း ရှိနေတုန်းပင်။
အဲဒါက တကယ်ကြီး သူလား…။
အသိစိတ် မဲ့နေသည့် ဝမ်ရွှမ်ကျန့် ဖြစ်စေ မြေပြင်ပေါ်ရှိ ထိတ်လန့်ဖွယ် ချောက်ကြီး ဖြစ်စေ အရာအားလုံးသည် ကျောင်းသားများအား ထူးဆန်းသည့် ခံစားချက်များ စိမ့်ဝင်လာစေသည်။
ဖန်ပုယွီသည် သူ့ကိုယ်သူ ရိုက်လိုက်ပြီးနောက် “ငါအိပ်မက် မက်နေတာ … သေချာပေါက်ကို အိပ်မက် မက်နေတာ …”
များမကြာမီမှာပင် ကျောင်းသားများသည် အဖြစ်မှန်အား လက်ခံလိုက် ရတော့သည်။
ဆိုရိုးစကားတစ်ခု ရှိခဲ့သည်။ ‘မြင်မှသာ ယုံ …’
ဖန်သားပြင်မှ တစ်ဆင့် ကျောင်းသား အားလုံးသည် ထိုလက်ချောင်းအား အန်လင်း မည်ကဲ့သို့ အသုံးပြုသွားခြင်းကို ရှင်းလင်းစွာ မြင်တွေ့ လိုက်ရသည်။ အတုအယောင် လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် ထိတ်လန့်ဖွယ် ကောင်းသည့် ထိုလက်ချောင်း၏ သဘာဝကို သူတို့က ဖန်သားပြင် ပေါ်မှနေ တွေ့ကြုံခံစားလိုက် ကြရသည်။ လိမ်ညာတာ ဖြစ်နိုင်ဦးမည်လား …။
ကျောင်းသားများသည် တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် အန်လင်းအား ကြည့်လိုက်ကြသည်။
အချို့သော အမျိုးသမီး ကျောင်းသူလေး များသည် ဖန်သားပြင်ပေါ်မှ ပုံရိပ်လေးအား ချစ်ခင်နှစ်သက်သည့် အကြည့်များဖြင့် ကြည့်နေကြတော့သည်။
“အာ … အဲဒါဆိုရင် သူက လူသစ်တွေထဲ အထွတ်အထိပ် ပါရမီရှိတဲ့ သူလို့ ပြောရမှာပေါ့ …”
“ဘယ်ကသာ … ငါတို့ကျောင်းတော် တစ်ခုလုံးရဲ့ အမြင့်ဆုံး ပါရမီရှင်ကွ …”
“ကျောင်းသား အန်လင်းက ဒီလိုမျိုး အသိအမှတ် ပြုနိုင်လောက်တဲ့ စွမ်းရည်ကို ပိုင်ဆိုင် ထားတာတောင် နောက်ခံ အကောင်းဆုံး မရိုးမသား ကျောင်းသားဆိုပြီး တံဆိပ်ကပ် ခံလိုက်ရသေးတယ် … ဒီလိုမျိုး သည်းခံနိုင်စွမ်းက အမှန်တကယ်ကို လေးစားဖို့ ထိုက်တန်လွန်းတယ် …”
ရင်ပြင်တွင် အန်လင်းသည် ရုတ်တရက် ဆိုသလို ဆွေးနွေးမှုများ၏ ခေါင်းစဉ် တစ်ရပ် ဖြစ်လာတော့သည်။
ကျောင်းသားများသည် ပိုမိုကာ တက်ကြွလာပြီး တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် ပြောဆိုနေမှုကြောင့် ကျောင်းသား အန်လင်းသည် နတ်ဘုရားများ၏ ဖုံးကွယ်ထားခြင်း ခံရသူ တစ်ဦးပင် ဖြစ်လာတော့သည်။
အန်လင်းနှင့် အလွန်ရင်းနှီးသည့် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန် တို့သည်ပင်လျင် အန်လင်းအား ပထမဆုံးအကြိမ် တွေ့ဆုံဖူးကြသလို ခံစားလာရတော့သည်။
ထို့အပြင် လျှိုတပေါင်သည် သူ့အနားတွင် ရှိနေကြသူများနှင့် အန်လင်းနှင့် သူသည် အတိတ်တွင် မည်ကဲ့သို့ တိုက်ခိုက်ခဲ့သည်ဟု ပြန်လည် ပြောဆို နေလေတော့သည်။
***
တဖြည်းဖြည်းနှင့် ဆွေးနွေးသည့် အကြောင်းအရာသည် သွေဖယ် လာတော့သည်။
“အန်လင်းရေ … ကျွန်မက ရှင့်ကလေး တွေကို မွေးပေးချင်လိုက်တာ …”
“အရွမ … အန်လင်းက ငါ့ဟာဟဲ့ … ဝေးဝေးကို သွားလိုက်တော့ …”
“အန်လင်းကို ရယူနိုင်ဖို့ လူတိုင်းမှာ အခွင့်အရေး ရှိတယ် … မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့ …”
“ကောင်းပြီ … ကောင်းပြီ … ငါက ကျောင်းသား အန်လင်းရဲ့ အတန်းကလေ … ဘယ်သူတွေက အန်လင်းနဲ့ ရင်းရင်းနှီးနှီး တွေ့ချင်ကြသလဲ … အမျိုးသားတွေက ဒီဘက်အခြမ်းမှာ နေပေးနော် … အမျိုးသမီးတွေကတော့ ဟိုဘက်အခြမ်း … ငါက စာရင်းလုပ်ပြီး သူ့ကို ပေးလိုက်မယ် …”
အန်လင်း၏ ထူးခြားသည့် ဆွဲဆောင်နိုင်စွမ်းသည် အမျိုးသမီး များသာမက အမျိုးသားများကိုပင် ဆွဲဆောင်နိုင်သည်။ လူတိုင်းသည် အလွန်အမင်း စိတ်အား ထက်သန်မှု ရှိနေကြသည်။ ထိုအချိန်မှာပင် လူတစ်ယောက်၏ ကျယ်လောင်စွာ အော်ဟစ်မှုကြောင့် လူတိုင်းသည် ချက်ချင်းဆိုသလို တိတ်ဆိတ် သွားကြသည်။
“မင်းတို့အားလုံး ငြင်းခုန်နေကြတာ ရပ်လိုက်ကြ … အန်လင်းက အဖြူရောင် ခွေးနဲ့ ရှိနေတုန်းပဲ … မင်းတို့ကောင်တွေက ခမ်းနားကြီးကျယ်တဲ့ လူနဲ့ခွေး အတွဲကို မေ့လိုက်ကြပြီလား …”
ထိုသို့ ပြောလိုက်သည့် အခိုက်အတန့်တွင် လူတိုင်းသည် နားလည် သဘောပေါက် လာကြသည်။
“အမှန်ပဲ … သူတို့တိုက်ခိုက်တဲ့ အချိန်တိုင်းမှ ခွေးဖြူကြီးက အန်လင်းနဲ့ ကောင်းကောင်း ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ် … သူတို့အတူတူ တိုက်ခိုက်ကြတယ် … အတူတူ သွားလာကြတယ် … သူတို့ရဲ့ ပတ်သက်မှုက အရမ်းကို ခိုင်မာကြတယ် … သူတို့နှစ်ယောက်ကပဲ အတူတူ ရှိနေသင့်တယ် …”
ထိုသို့ ကြားလိုက်ရသည့်အခါတွင် ထောင့်နားတွင် ရပ်နေသည့် ကျောက်ဟွိုင်ရင်သည် အိမ်သာထဲတွင် သတိလစ် သွားသည်အထိ ငိုတော့သည်။
သို့ပေမဲ့လည်း အလျော့မပေးလိုသည့် ပရိသတ်အများအပြား ရှိနေတုန်းပင်။ ဖန်သားပြင်ပေါ်ရှိ ခွေးဖြူကြီးအား အေးစက်စွာ ကြည့်လိုက်ကြပြီး စိတ်ထဲတွင် အကြံအစည်များ ပေါ်လာကြတော့သည်။
***
တောင်ထွတ်တစ်ထောင် တောအုပ် အတွင်းတွင် တပိုင်သည် ရုတ်တရက် ဆိုသလို ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး အေးစက်စက် အငွေ့အသက်များ ခံစားလိုက်ပြီး အကြောင်းမဲ့ ဆိုသလို နှာချေ လာတော့သည်။
ဘာလဲ … ဒီခံစားချက်ကြီးက ဘာကြီးလဲ … နောက်ထပ် ရန်သူတစ်ယောက် ရှိနေပြန်တာလား …
တပိုင်၏ အမူအရာသည် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်သည်။ သို့ပေမဲ့လည်း မည်သည့် အရာကိုမျှ ရှာမတွေ့ချေ။
သူက အန်လင်းအား ကြည့်လိုက်ပြီးနောက် အန်လင်းသည် တစ်နေရာ တည်းတွင်ပင် တင့်တယ်စွာဖြင့် ရပ်နေတုန်းကို သိလိုက်ရသည့်အခါ မနေနိုင်တော့သဖြင့် အော်ဟစ် လိုက်သည်။ “ဝုတ် … မင်းက အရမ်းတွေ စွမ်းအား မြင့်နေတယ် ဆိုရင်တောင် ဒီလိုမျိုး ရပ်နေတာ အရမ်းကို ကြာနေပြီနော် … အဲလိုပုံစံမျိုး ရပ်နေတာ အခုထိ မလုံလောက်သေးဘူးလား …”
ငါက ဒီလိုမျိုး အနေအထားနဲ့ ရှိနေချင်တယ်လို့ မင်းက ထင်နေတာလားကွ …
အန်လင်းသည် တပိုင်အား စကားပြောချင်ပေမဲ့ သူ့ပါးစပ်သည် ဖွင့်လို့မရသေးချေ။
သူ့ခန္ဓာကိုယ်ကို ခံစားလို့ မရသလို ထိန်းချုပ်၍လည်း မရချေ။ ကောင်းကင်တာအို၏ လက်ချောင်းအား အသုံးပြုလိုက်သည့် အချိန်တွင် ဖြစ်ပေါ်လာသည့် အနေအထားနှင့် တူညီနေပေသည်။
***
ကောင်းကင်ထက်တွင် မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် အန်လင်းနှင့် ရင်ဆိုင် တွေ့သည့်အခါတွင် မည်သည့် အမူအရာမျိုး ရှိနေသင့်သည်ကို စဉ်းစား၍ မရတော့ချေ။
ထိုပုဂ္ဂိုလ်သည် သူနှင့် ရင်းနှီးမှုရှိသည့် ကျောင်းသားကော ဟုတ်ရဲ့လား။ ထိုကျောင်းသားသည် သူ့အား လက်ချောင်း တစ်ချောင်းနှင့်ပင် သတ်ပစ် လိုက်နိုင်သည်။
မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် သူ့အကြည့်အား ဒုကျောင်းအုပ် ယူဟွာထံသို့ ပို့လိုက်သည်။ သို့ပေမဲ့လည်း ယူဟွာ၏ အမူအရာသည် သူနှင့် အလွန်တရာ ကွာခြားလှခြင်း မရှိချေ။
ဒုကျောင်းအုပ် ယူဟွာသည် သူ့ထက်ပို၍ပင် ထိတ်လန့် နေဟန်ရှိပြီး ယခုထက် တိုင်အောင် နဂိုအခြေအနေသို့ ပြန်လည် မရောက်ရှိသေးချေ။
မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် အချက်အလက်များအား မှတ်တမ်း တင်လိုက်သည်။
ဝမ်ရွှမ်ကျန့် …
တိုက်ခိုက်နိုင်စွမ်း : ၁၂၀၀
ရမှတ် : ၈၁၀၀
မှတ်ချက် : အန်လင်းအား ရှုံးနိမ့်ခဲ့ …။
အန်လင်း …
တိုက်ခိုက်နိုင်စွမ်း : …
အန်လင်း၏ အချက်အလက်များ ထည့်သွင်းသည့် အခါတွင် သူ့လက်ချောင်းသည် တုန်ယင်နေသည်။ ဒုကျောင်းအုပ် ယူဟွာထံသို့ လှည့်ကာ အကူအညီ တောင်းလိုက်သည်။ “ကျောင်းအုပ် … အန်လင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို ဘယ်လိုမျိုး ရေးသင့်သလဲ …”
ချန်ချင်၏ စကားပြောသံကို ကြားလိုက်သည့် နောက်တွင် ဒုကျောင်းအုပ် ယူဟွာသည် နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီး သူ့ဘေးတွင် ရှိနေသည့် ဆရာအား ကြည့်လိုက်သည်။ “ချန်ချင် … ဒီလိုအခြေအနေ မျိုးမှာတောင် မင်းက အချက်အလက်တွေ မှတ်တမ်းတင်ဖို့ စဉ်းစားနိုင်သေးတာပဲ … မင်းရဲ့ အလုပ်ကြိုးစားမှုကြောင့် ငါအရမ်းကို ရင်ထဲထိသွားရပြီ …”
“ကျောင်းသား အန်လင်းသာ အဲဒီလက်ချောင်းရဲ့ စွမ်းအား အပြည့်အဝကို ထုတ်ဖော် လိုက်မယ်ဆိုရင် လွင့်မျောနေတဲ့ ကုန်းမြေကြီး တစ်ခုလုံးတောင် ထက်ခြမ်း ကွဲသွားနိုင်တယ် … ငါတောင်မှပဲ အဲဒီ တိုက်ခိုက်နိုင်စွမ်းကို ဘယ်လို တွက်ချက်ရမယ် ဆိုတာ မသိဘူး …”
ထိုသို့ ကြားလိုက်သည့်အခါ ချန်ချင်သည် စကားမပြောနိုင်ဘဲ ဆွံ့အ သွားပြန်သည်။
ဘယ်လို … ဘယ်လို … အန်လင်းက အဲဒီတိုက်ကွက်ရဲ့ အားအကုန် မသုံးရသေးဘူး ဟုတ်လား …
အဲဒီတိုက်ကွက်ရဲ့ စွမ်းအား အကုန်သုံးမယ် ဆိုရင် ဒီကုန်းမြေကြီးကို နှစ်ခြမ်း ကွဲသွားစေနိုင်တယ် ဟုတ်လား …
“အစစ်အမှန် နတ်ဘုရားတစ်ပါးက အန်လင်းအဖြစ် ဟန်ဆောင် ဖုံးကွယ် ထားတာများလား … ငြီးငွေ့စရာတွေကနေ ထွက်ပြေးတ အနေနဲ့ ကျောင်းလာတက်တာမျိုးလေ … ဟုတ်တယ်မလား …”
ချန်ချင်သည် မြေပြင်ပေါ်ရှိ ချောက်နက်ကြီးအား ကြည့်ကာ ကြောက်ရွံ့ ထိတ်လန့်လျက် ရှိနေသည်။ အဲဒါက သောက်ကျောင်းသား ဆိုတာလား ဟမ် … သူက သေချာပေါက်ကို ကျောင်းသား တစ်ယောက် မဟုတ်ဘူးဗျ … ဟုတ်တယ်မလား …
ထိုအချိန်တွင် ဒုကျောင်းအုပ် ယူဟွာသည် အန်လင်းအား ကြည့်လိုက်သည်။ “အန်လင်း ကတော့ တစ်ခုခု မှားနေတဲ့ ပုံပဲ …”
***
“တင် ဒ လင် …” အန်လင်း၏ စိတ်ထဲတွင် သံစုံမြည် လာပြီးနောက် အသိပေးချက် တစ်ခု ပေါ်လာသည်။
“ဂုဏ်ယူပါတယ် … စစ်ဆင်ရေးအတွက် သတ်မှတ်ချက်ဖြစ်သည့် ‘လူတစ်သောင်း၏ အရိုအသေပြုခြင်းကို လက်ခံရမည်’သည် အောင်မြင်စွာ ပြည့်မြောက်သွားပြီ ဖြစ်ပါသည် … နတ်ဘုရားခွန်အား စတင် အသက်ဝင်လာပါပြီ …”
သူက အနည်းငယ် အံ့ဩနေမိသည်။ ‘နတ်ဘုရားခွန်အား’၏ သတ်မှတ်ချက်သည် ပြည့်မြောက်ရန် မဖြစ်နိုင်ဆုံး အရာဟု သူသတ်မှတ် ထားသည်။ ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ပြည့်မီသွားရတာလဲ။ ဘာတွေများ ဖြစ်နေပြန်ပြီလဲ …။
သူ့စိတ်သည် ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် စတင် ဖောင်ကား လာခဲ့သည်။
“တင် ဒ လင် …”
“လက်ခံသူသည် လက်တလောတွင် ကောင်းကင်တာအိုထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာကို လက်ခံရရှိထားကြောင့် ထောက်လှမ်းမိပါသည် … ကာကွယ်ခြင်းစနစ် စတင် အသက်သွင်း လိုက်ပါပြီ …”
အန်လင်းသည် ငေးငိုင်သွားသည်။ ကောင်းကင်တာအိုရဲ့ တုံ့ပြန်မှုက ဘာကြီးတုန်း … အခုနက လှုပ်ရှားမှုရဲ့ အကျိုးဆက်များလား …
ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်အား နာကျင်မှုက ဖုံးလွှမ်း သွားသည်။ ထိုနာကျင်မှုသည် ဖော်ပြ၍ မရနိုင်အောင် ဖြစ်ပြီး ခန္ဓာကိုယ်ရှိ အသားစလေးများသည် တစစီ ဆုတ်ပြဲလာသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်သည် ပို၍ ပို၍ ဖောင်းလာခဲ့ပြီး ပေါက်ကွဲလုနီးနီး ဖြစ်လာသည်။
ဘန်း…
အန်လင်း ပေါက်ကွဲ သွားလေပြီ …။
သောင်းနှင့်ချီသည့် ကျောင်းသားများ အကြည့်အောက်မှာပင် ဒုကျောင်းအုပ် ယူဟွာ၏ မျက်စိရှေ့မှာပင် အန်လင်း ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး သွေးတိမ်တိုက်များ အဖြစ် ပြောင်းလဲသွားသည်။
ရဲရဲနီသည့် ပန်းပွင့်ကြီးများ ပွင့်အာလာသလိုပင် သွေးတိမ်တိုက် များသည် နေရာတစ်ခုလုံး အပြည့် ဖုံးလွှမ်း သွားတော့သည်…။
***