← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 3 Ch. 42

နောက်ဆုံးတိုက်ပွဲ

Vol. 3 Ch. 42

သွေးတိမ်တိုက်ကြီး ပျောက်ကွယ် မသွားခင်မှာပင် ဒုကျောင်းအုပ် ယူဟွာသည် အန်လင်းဆီသို့ ပြေးသွားလိုက်သည်။

သူ့ဝတ်ရုံလက်ဖြင့် ယမ်းလိုက် သည့်အခါတွင် ထိုသွေးတိမ်တိုက်ကြီး ပျောက်ကွယ် သွားတော့သည်။ ထို့နောက်တွင် သွေးရုပ်တုနှင့် တူသည့် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သောက်ကျိုးနည်း … ဒီဒဏ်ရာတွေက ဘာတွေတုန်း … သူမသေဘူးမလား …

ဒုကျောင်းအုပ် ယူဟွာသည် ခေတ္တမျှကြာအောင် တွေဝေ နေမိသည်။ ထို့နောက်တွင် တုံ့ဆိုင်း မနေတော့ဘဲနှင့် အန်လင်း ပါးစပ်ထဲသို့ ဝိညာဉ်ဆေးလုံး တစ်လုံး ပစ်ထည့် လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အန်လင်း ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကုသရန် အလွန်အားကောင်းသည့် အင်မော်တယ် ကုသရေး မန္တန်အား အသုံးပြုလိုက်သည်။

မြေကမ္ဘာအင်မော်တယ် ချန်ချင် သည်လည်း အပြေးလာခဲ့သည်။ “ဒုကျောင်းအုပ် … ကျောင်းသား အန်လင်း အခြေအနေ ဘယ်လိုလဲ …” သူက စိုးရိမ်စွာဖြင့် မေးသည်။

အန်လင်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် သူ့အား အကြီးအကျယ် ကြောက်ရွံ့ ထိတ်လန့်စေသည်။ သွေးများ ဖုံးလွှမ်းနေသည့် အန်လင်း ခန္ဓာကိုယ်အား ကြည့်ကာ သူက ပိုလို့ပင် စိုးရိမ်ပူပန်လာသည်။

“သူ့ခန္ဓာကိုယ်ထဲက သွေးအဆီအနှစ်တွေက မရှိတော့ဘူး … သူ့ခန္ဓာကိုယ်က တစစီ ဖြစ်တော့မှာ … ဒါပေမဲ့လည်း လျှို့ဝှက်စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်ကို အကောင်းအတိုင်း ရှိနေအောင် ကူညီ ထိန်းပေးထားတယ် …”

“အခုလတ်တလော သူ့အခြေအနေက အရမ်းကို ဆိုးဝါးနေသေးတယ် … သူ့ကို ဝိညာဉ်ချုပ် ရေခဲတလားထဲ ရွှေ့ပြောင်း ထားလိုက်မယ် …” ယူဟွာသည် အလွန်လေးနက်သည့် အမူအရာဖြင့် ပြောသည်။

ထိုသည်ကို ကြားလိုက် ရသည့်အခါတွင် မြေကမ္ဘာအင်မော်တယ် ချန်ချင်သည် အလွန်အံ့အား သင့်သွားသည်။ ဝိညာဉ်ချုပ် ရေခဲတလား ဆိုသည်မှာ အင်မော်တယ် လက်နက်တစ်ခု ဖြစ်ပြီး ဝိညာဉ် လွင့်ပါးခြင်းမှ ကာကွယ်ရန် အသုံးပြုသည်။ အသက်ကယ်ရန် လိုအပ်သည့် အခါမှသာလျှင် ထိုအရာကို အသုံးပြုခွင့်ရသည်။ အန်လင်းသည် ထိုမျှလောက် အကြီးအကျယ် ဒဏ်ရာရရှိ သွားလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။

“ဒုကျောင်းအုပ် … ကျုပ်လည်း အတူလိုက်ခဲ့မယ် …” ချန်ချင်သည် အန်လင်း အတွက် အလွန်စိုးရိမ်လျက် ရှိသည်။ ထို့ကြောင့် ဒုကျောင်းအုပ်နှင့် လိုက်ပါခွင့်ရရှိရန် တောင်းဆို လိုက်ခြင်းပင်။

“ဒုကျောင်းအုပ်ကြီး … ကျွန်တော်လည်း လိုက်ချင်တယ် … ဝုတ် …” တပိုင်သည် ကောင်းကင်အင်မော်တယ် ယူဟွာအား ပြောလိုက်သည်။

သွေးများ ဖုံးလွှမ်းလျက် ရှိသည့် အန်လင်းအား ကြည့်ကာ တပိုင်သည် အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိနေသည်။

“ကောင်းပြီလေ … မင်းတို့နှစ်ယောက်က ငါနဲ့လိုက်မယ်ဆိုရင် အန်လင်းကို ဂရုစိုက်ရ လွယ်တာပေါ့ …” ယူဟွာက ခေါင်းညိတ် လိုက်သည်။

ထိုသို့ ပြောရင်းနှင့်ပင် ဒုကျောင်းအုပ် ယူဟွာသည် အန်လင်းအား မန္တန်ဝင်္ကပါနှင့် ထိန်းချုပ်လျက် အလင်းတန်း အသွင်ပြောင်းကာ ပြေးထွက်သွားသည်။ မြေကမ္ဘာအင်မော်တယ် ချန်ချင်နှင့် တပိုင်သည်လည်း သူနှင့်နီးကပ်စွာ လိုက်ပါသွားကြသည်။

***

ပြိုင်ပွဲ၏ ရုတ်တရက် အပြောင်းအလဲအား မျက်မြင် တွေ့လိုက်ရသဖြင့် ကျောက်စိမ်းဖြူရင်ပြင်ရှိ ကျောင်းသားများသည် ချက်ချင်းဆိုသလို ထိန်းမနိုင် ဖြစ်လာကြသည်။

“ဘုရားရေ … ကျောင်းသား အန်လင်းက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပေါက်ကွဲ သွားရတာလဲ …”

“သူအခုနက သုံးလိုက်တဲ့ လှုပ်ရှားမှုကြောင့်များလား …”

“ဒီအဖြစ်က တကယ်ဆိုရင်တော့ အဲဒီ တိုက်ကွက်က အသုံးပြုတဲ့သူကို ရန်သူထက်တောင် ပိုပြီး အန္တရာယ် ဖြစ်စေတာပေါ့ … ဒီလိုမျိုး ဒဏ်ရာတွေ ရပြီးတဲ့နောက်မှာ သူက အသက်ဆက်ရှင် နိုင်ပါဦးမလား …”

“ဒုကျောင်းအုပ် ယူဟွာတောင်မှ ရောက်လာတာပဲ … ကျောင်းသား အန်လင်း အဆင်ပြေမှာပါ …”

***

ကျောင်းသားအားလုံး ဆွေးနွေးငြင်းခုန် နေစဉ်မှာပင် မိန်းမပျို တစ်ဦးသည် ရုတ်တရက် မတ်တတ်ရပ်ကာ ရင်ပြင်မှနေ ပြေးထွက် သွားတော့သည်။

သူမ၏ ဒဏ်ရာများသည် အလုံးစုံ ပျောက်ကင်းမှု မရှိသေးချေ။ သူမသည် အလွန်လျင်မြန်စွာ ပြေးလွှား နေသောကြောင့် ဒဏ်ရာများသည် ပြန်ပွင့် လာပြန်သည်။ သူမ၏ တာအိုဝတ်စုံမှာ သွေးများဖြင့် ရဲရဲနီ နေတော့သည်။

သူမကိုယ်ကိုပင် ဂရုမစိုက်နိုင်ဘဲနှင့် ထိုနူးညံ့တင့်တယ်သည့် ပုံရိပ်လေးသည် ကုသရေး မန္တန်ဝင်္ကပါထဲမှနေ အဝေးသို့ ပြေးနေလေသည်။

“စုရှောင်လန် … ခဏနေဦး … ငါလည်း နင်နဲ့အတူ သွားမယ် …” သူမ အနောက်မှနေ အော်သံတစ်ခု ရုတ်ရက် ထွက်ပေါ်လာသည်။

စုရှောင်လန်သည် ခေါင်းမော့ပြီး ကြည့်လိုက်သည့်အခါ ရွှမ်ယွမ်ချန်သည် ဓားပျံအား စီးနင်းလျက် ပျံသန်း လာသည်ကို မြင်လိုက်ရသည်။

“နင့်ဒဏ်ရာတွေက ကုဖို့ မလိုဘူးလား …” စုရှောင်လန်က မေးလိုက်သည်။

“ဒါက အရေးမပါပါဘူး … အတန်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါ့အတန်းထဲက ကျောင်းသားတွေ တစ်ခုခု ဖြစ်သွားတာမျိုးကို ငါကလျစ်လျူရှုပြီး မနေနိုင်ဘူး …”

“သွားကြမယ် … ဆေးပေးခန်းက ဒီကနေဆို အတော်လေး ဝေးသေးတယ် … ငါ့ဓားပျံနဲ့ အတူတူ သွားကြတာပေါ့ …”

ရွှမ်ယွမ်ချန်သည် မျက်နှာတွင် နွေးထွေးသည့် အပြုံးတစ်ခု ချိတ်ဆွဲကာ ပြောလာသည်။

“ကျေးဇူးပါ အတန်းခေါင်းဆောင် …” စုရှောင်လန်သည် အန်လင်းအား အလွန်အမင်း စိုးရိမ်လျက် ရှိသည်။ ထို့ကြောင့် သူမသည် တုံ့ဆိုင်းမနေတော့ဘဲနှင့် သူ့ကမ်းလှမ်းချက်အား ခေါင်းညိတ်ကာ လက်ခံလိုက်ခြင်း ဖြစ်သည်။

ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့အား တင်ဆောင်ကာ ဓားပျံသည် ကောင်းကင်သို့ ထိုးတက် သွားတော့သည်။ အလင်းတန်း အသွင်ပြောင်းလဲပြီး ဆေးပေးခန်းဆီသို့ ပျံသန်းလျက် ရှိနေသည်။

***

တောင်ထွတ်တစ်ထောင် တောအုပ် အတွင်းတွင် နယ်နိမိတ် စည်းသည် စတုရန်းမိုင် ၁၀မိုင် ပတ်လည်အထိ တိုင်အောင် ကျုံ့လာပြီး ဖြစ်သည်။

အင်မော်တယ်အဆင့် ဇယားပေါ်ရှိ စွမ်းအားမြင့် ကျင့်ကြံ သူများသည် သူတို့၏ နောက်ဆုံး တိုက်ပွဲများကို စတင်နေကြပြီ ဖြစ်သည်။ တာအိုခန္ဓာအဆင့်တွင် ရှိနေသေးသည့် ကျင့်ကြံ သူများသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် အားကောင်းသည့် ကျင့်ကြံသူများနှင့် တွေ့ကြုံရသည့်အခါတွင် အလျင်အမြန်ပင် ရှုံးနိမ့် သွားကြတော့သည်။

တာအိုခန္ဓာအဆင့်ရှိ ကျောင်းသားများသည် တစ်ယောက်ပြီး တစ်ယောက်ဆိုသလို တိုက်ပွဲပြင်ပသို့ ရောက်ရှိ သွားကြသည်။ တိုက်ပွဲ ကွင်းပြင်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကျောင်းသားများအတွက် သီးသန့် ဖြစ်လာတော့သည်။

နောက်ဆုံး တိုက်ပွဲများတွင် လူစိတ်ဝင်စားမှု အများဆုံး ရရှိထားသူများမှာ လျှိုချန်ဟွမ်နှင့် ယန်ချန်းဝူတို့ ဖြစ်ကြသည်။

လျှိုချန်ဟွမ်သည် အရေးပါသည့် စွမ်းအင်များ အလွန်တရာ ပေါကြွယ်ဝနေသည်။ သူမသည် အံ့ဩဖွယ် ကောင်းလွန်းလှသည့် အင်မော်တယ် မန္တန်များအား အသုံးပြုကာဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိ ကျောင်းသား အနည်းငယ်အား အောင်မြင်စွာ အနိုင်ရယူ ထားနိုင်သည်။

ယန်ချန်းဝူသည် ဓားသများဖြစ်ပြီး သူ့ဓားအား မည်သူကမျှ ယှဉ်နိုင်ခြင်း မရှိသလို ရင်မဆိုင်ရဲကြပေ။ သူက ပိုလို့ တိုက်ပွဲ ဆင်နွဲလာလေလေ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သည်။ သူ့အငွေ့အသက် သည်လည်း ထိပ်ဆုံးအဆင့် ထိတိုင်အောင် အားကောင်းလျက် ရှိသည်။

သူမျှော်လင့်ထားသလိုပင် နောက်ဆုံး တိုက်ပွဲသည် သူနှင့် လျှိုချန်ဟွမ်တို့ တိုက်ခိုက်ရမည် ဖြစ်ပြီး မမျှော်လင့်ထားသည့် ပြိုင်ဘက်တစ်ဦး ပေါ်လာခဲ့သည်။

သူမသည် တစ်ချိန်လုံး သိုသိပ်စွာ နေထိုင်လာခဲ့သည့် ကျောင်းသူသစ် စုချန်းရန် ဖြစ်သည်။

ယန်ချန်းဝူသည် သူမ၏ အလှအပကြောင့် တွေဝေ ငေးမောမိနေသည်။ သူမက ငါတို့ ကျောင်းတော်ရဲ့ နတ်ဘုရားမလေးလို့ ဆိုကြတာ အံ့ဩစရာ မရှိတော့ပါဘူးလေ … ချန်အယ်လိုမျိုး လှပလွန်းတာကိုး …

သာမန်ကျင့်ကြံသူများ အနေဖြင့် စုချန်းရန်၏ အလှအပကြောင့် အနှောင့်အယှက် ဖြစ်နိုင်သော်လည်း ယန်ချန်းဝူ အတွက်မူကား ထိုသို့မဟုတ်ချေ။

သူသည် သူ့ဓားကိုသာလျှင် သစ္စာရှိသည်။ သူ့ဓားမှလွဲ၍ သူ့အတွက် အခြား စိတ်ဝင်စားစရာ အကြောင်းအရာ များများစားစား မရှိချေ။

ထိုတိုက်ပွဲသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူနှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူအကြားမှ တိုက်ပွဲ ဖြစ်သည်။ မည်သို့ အဆုံးသတ်မည်ကို စဉ်းစားရန်ပင် မလိုအပ်တော့ချေ။

ယန်ချန်းဝူသည် ယုံကြည်မှုပြင်းထန်ကာ သွားဖြီးလျက် ရှိနေပြီးနောက် စုချန်းရန်အား စတင် တိုက်ခိုက်တော့သည်။

ထို့နောက်တွင် သူ့လက်တစ်ဖက် ဖြတ်ခံလိုက်ရသည်။

“အာ့ …”

ယန်ချန်းဝူသည် လက်မောင်းအား နာကျင်စွာ ဆုပ်ကိုင်ထားသည်။ “မင်းလက်နက်က ဘာလက်နက်တုန်း …” သူက အလွန်အံ့အား သင့်နေမိသည်။

ပြာဖျော့ဖျော့ လခြမ်းကွေး တစ်ခုသည် စုချန်းရန်အား လှည့်ပတ်လျက် ရှိနေပြီး ထိုအရာသည် အလွန်မြန်ဆန် လွန်းလှသည်။

“အင်မော်တယ် လက်နက် … လရောင်ဝိုင်း …” စုချန်းရန်သည် ညင်သာစွာပင် ပြန်လည် ဖြေကြားလိုက်သည်။

ယန်ချန်းဝူ၏ မျက်လုံးများ ပြူးလာတော့သည်။ သောက်ကျိုးနည်း ပါကွာ… အင်မော်တယ် လက်နက်တဲ့လား … ကိုးပြည်ထောင် နိုင်ငံတော်မှာဆိုရင် အင်မော်တယ် လက်နက်တွေက အဆင့်မြင့် ဂိုဏ်းတွေမှာတောင် ရတနာတစ်မျိုးပဲ … ဒီကောင်မလေးက တကယ်ကြီး တစ်ခုကို ပိုင်ဆိုင်ထားတာပေါ့ …

လရောင်ဝိုင်း၏ တိုက်ခိုက်မှုကြောင့် ယန်ချန်းဝူသည် ဒဏ်ရာ ရသွားသည်။ လရောင်ဝိုင်းသည် ထိုကဲ့သို့ ပျံသန်းကာ တိုက်ခိုက် လာလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။ ထို့အပြင် ထိုအရာသည် နေရာ ရွှေ့ပြောင်း နိုင်သေးသည်။ သူ့အရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာပြီး သူ့လက်အား ဖြတ်သွားတော့သည်။

***

ကောင်းကင်အင်မော်တယ်များသာလျှင် အင်မော်တယ် လက်နက်များ၏ စွမ်းအား အပြည့်အဝကို သုံးစွဲနိုင်ကြောင်း စုချန်းရန် သိသည်။

သူမလက်ထဲတွင် ထိုစွမ်းအား၏ သေးငယ်သော အစိတ်အပိုင်း ကိုသာလျှင် ထုတ်ဖော်နိုင်သည်။ ထိုလက်နက်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုဟု ပြောရမည်ပင်။

သို့ပေမဲ့လည်း ထိုအကြောင်းနှင့် ပတ်သက်၍ သူမတတ်နိုင်တာ ဘာမှမရှိချေ။ အမ ချန်အယ်သည် သူမအား အလွန်အမင်း ချစ်ခင်သဖြင့် ထိုလရောင်ဝိုင်းအား လက်ခံရန် သူမကို တွန်းအား ပေးခဲ့သည်။

ယန်ချန်းဝူသာ သူမ ထိုလက်နက် ရရှိလာပုံကို သိရှိ သွားမည်ဆိုလျှင် ဒေါသ ထွက်လွန်းသဖြင့် သွေးအန်ပေလိမ့်မည်။

သူ၏ သတိမမူမှုကြောင့် ယန်ချန်းဝူသည် မနှစ်မြို့ဖွယ် အခြေအနေ တစ်ခုအား ဖန်တီးလိုက်မိပြီ ဖြစ်သည်။ သို့ပေမဲ့လည်း သူကိုယ်သူ အလျင်အမြန် တည်ငြိမ် စေလိုက်ပြီးနောက် စုချန်းရန်အား နောက်တစ်ဖန် တိုက်ခိုက် လာပြန်သည်။

အင်မော်တယ် လက်နက်များသည် အလွန်စွမ်းအား ကြီးသော်လည်း ကျင့်ကြံခြင်းအဆင့် ကွာခြားချက် ကြားမားသည့်အခါတွင် အနိုင်ယူရန် နည်းလမ်းများ ရှိနေသေးသည်။

အာရုံစူးစိုက်စွာဖြင့် တိုက်ခိုက်ပြီး နောက်တွင် ယန်ချန်းဝူသည် အနိုင်ရရှိ သွားသည်။

‘စစ်မှန်သည့် ခွန်အား’နှင့် ကျင့်ကြံသူ တစ်ယောက်သည် အဆုံးတွင် ရေပေါ်ဆီ ကျင့်ကြံသူအား အနိုင်ရရှိသည်သာ။

သူ့အရှေ့တွင် ရွှေရောင် အကာအကွယ် ပေါ်လာသည်ကို မြင်လိုက်သည့် အခါတွင် ယန်ချန်းဝူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့သီ လာတော့သည်။ ကျိုးကြေသွားသည့် ဓားအား တင်းတင်းဆုပ်ကာ တိုက်ပွဲ ကွင်းပြင်အား ကြည့်လိုက်မိသည်။

ထိုသို့ဖြင့် လျှိုချန်ဟွမ်သည် ဒဏ်ရာ ပြင်းထန်စွာ ရနေသည့် ယန်ချန်းဝူအား အကြည့်တစ်ချက်နှင့် နှုတ်ဆက် လာသည်။

သူ၏လက်နက်သာ ကျိုးကြေသွားသည် မဟုတ် သူ့လက်မောင်း ည်လည်း ပြတ်သွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သည့် ဒဏ်ရာများစွာ ရရှိနေပြီး အငွေ့အသက် သည်လည်း အလွန်အမင်း အားနည်းလျက် ရှိနေသည်။

လျှိုချန်ဟွမ်သည် အနည်းငယ် ပင့်သက်ရှိုက် လိုက်သည်။ သူမ၏ ခရမ်းရောင် မျက်လုံးများထဲတွင် အံ့ဩသည့် အမူအရာများ ပေါ်လာပြီးနောက် ပျော်ရွှင်သည့် အကြည့်သို့ အလျင်အမြန်ပင် ပြောင်းလဲ သွားသည်။

“အိုး … ဒဏ်ရာ အပြင်းအထန် ရနေတဲ့ သူတွေကို အဆုံးသတ်ပေးရတာ အရမ်းကို သဘောကျတယ် …” လျှိုချန်ဟွမ်သည် ကလေးဆန်စွာ အော်ဟစ် လိုက်သည်။

မရှေးမနှောင်းမှာပင် သူမ၏ Final Spark ကို အသုံးပြု လိုက်တော့သည်။

ဘုန်း …

သူမ၏ ငှက်မွေး ၆ခု တောင်ဝှေးသည် လေပေါ်တွင် လှည့်နေလျက်နှင့် လေဆာ ရောင်ခြည်သည် ပေါက်ကွဲ ထွက်ပေါ်လာပြီး ယန်ချန်းဝူအား ချက်ချင်း ဆိုသလို ထိုးဖောက်သွားသည်။

ယန်ချန်းဝူ သေဆုံး သွားပေပြီ …။

မဟုတ်သေးဘူး … ခဏလေး။ ရွှေရောင် အကာအကွယ်သည် သူ့ခန္ဓာကိုယ် ပတ်လည်တွင် ပေါ်လာပြီးနောက် သူ့၏ လက်ပြတ်နှင့် အတူ မန္တန်ဝင်္ကပါ အပြင်ဘက်သို့ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင် လိုက်တော့သည်။ သူ၏လက်ပြတ်သည် ပြန်ဆက်လို့ ရနိုင်ချေ ရှိသည်။

ယန်ချန်းဝူအား အနိုင်ရရှိသော်လည်း လျှိုချင်ဟွမ်၏ အမူအရာသည် ပျော်ရွှင်သည့်ပုံ ရှိမနေပါ။

လူတစ်ယောက်သည် ယခုထက်တိုင် ပေါ်မလာသေးချေ။ အင်မော်တယ် အဆင့်ဇယား၏ နံပါတ်၁ဖြစ်သူ ဝမ်ရွှမ်ကျန့် …။

“အား … စိတ်ပျက်စရာ ကောင်းလိုက်တာ … ငါ့ရဲ့လျှို့ဝှက် တိုက်ကွက်ကို သုံးမယ်ဆိုရင်တောင် အနိုင်ရဖို့က နှစ်ဆယ်ရာနှုန်းလောက်ပဲ ရှိနေတယ်လို့ ခံစားနေရတယ် …”

လျှိုချန်ဟွမ်၏ မျက်နှာတွင် စိတ်အနှောင့်အယှက် ဖြစ်မှုများ ပေါ်နေသည်။ သူမရှုံးနိမ့်ခဲ့လျှင် မည်မျှ နာကျင်မည်ကို တွေးမိသည့်အခါတွင် ပိုလို့ပင် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။

သူမ၏ ပြိုင်ဘက်အား စောင့်နေစဉ်တွင် ဓားအင်မော်တယ် လင်းရှောင်သည် သူမ အရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

“ဂုဏ်ယူပါတယ် ကျောင်းသူ လျှိုချင်ဟွမ် … သင်က တောင်ထွတ်တစ်ထောင် တောအုပ် အတွင်း နောက်ဆုံး ကျန်ရစ်သူ ဖြစ်ပါတယ် … (ချန်းချန်းမှ လွဲ၍ …) ကျောင်းတော်မှ ပေးအပ်သည့် အထူးဆုလာဘ်အား လက်ခံရရှိမည် ဖြစ်ပါတယ် … မန္တန်ဝင်္ကပါမှ ထွက်ခွာနိုင်ရန် ကျုပ်အနောက်မှနေ လိုက်ခဲ့ပါ …” ဓားအင်မော်တယ် လင်းရှောင်သည် နွေးထွေးစွာဖြင့် ပြောလာသည်။

“ဟမ် … ကျွန်မက နောက်ဆုံးကျန်တဲ့သူ … ဟုတ်လား … ဝမ်ရွှမ်ကျန့် ကကော …” လျှိုချန်ဟွမ်သည် ထိတ်လန့်တကြား မေးလိုက်သည်။

“အမ် … ဝမ်ရွှမ်ကျန့်က အန်လင်းကို ရှုံးသွားတယ်လေ … အန်လင်းက ဒဏ်ရာ အပြင်းအထန် ရသွားလို့ အပြင်ကို ခေါ်သွားကြပြီ …” ဓားအင်မော်တယ် လင်းရှောင်သည် စိတ်ရှည် လက်ရှည်ဖြင့် ရှင်းပြသည်။

လျှိုချန်ဟွမ်သည် ပိုလို့ပင် အံ့အားသင့်မိသည်။ သူမ၏ လှပသည့် ခရမ်းရောင် မျက်လုံးလေး များသည် ပြူးကျယ် လာကြသည်။

“ဘယ်လို … ဝမ်ရွှမ်ကျန့်က အန်လင်းကို ရှုံးသွားတယ် ဟုတ်လား …”

“အိုက် ယား … အန်လင်းက ဒီလိုသာ အရမ်းသန်မာ လာတယ်ဆိုရင် ဘယ်လိုလုပ်ပြီး ငါနဲ့အတူ ဂိမ်းဆော့ဖို့ ဖိအား ပေးနိုင်တော့မှာလဲ …”

ဓားအင်မော်တယ် လင်းရှောင်သည် မျက်နှာ ရှုံ့မဲ့သွားသည်။

အန်လင်းက အရမ်းသန်မာလာလို့ သူမက အထွန့်တက် နေတာလား … အခြားအရာတွေထက် ဂိမ်းဆော့ဖို့ကို ဘာလို့များ ပိုပြီး ဦးစားပေးနိုင်ရတာလဲ …

ကောလဟာလတွေက တကယ်ကို မှန်တာပဲ … ဒီကောင်မလေးက ပုံမှန်မဟုတ်တဲ့ အတွေးအခေါ်တွေ ရှိနေတယ် …

ဓားအင်မော်တယ် လင်းရှောင်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်တော့သည်။ သူသည် သေချာပေါက်ကို ကျောင်းသား အန်လင်းအား မကောင်းသည့် လွှမ်းမိုးမှုများ မခံရစေရန် ထိုမိန်းကလေး လက်ထဲမှနေ ကာကွယ်ပေးမည် ဖြစ်သည် …။

***

All Chapters