← Chapters

ဖုံးကွယ်ဟန်ဆောင်

Vol. 105 Ch. 1464

ဖုံးကွယ်ဟန်ဆောင်

Vol. 105 Ch. 1464

အခန်း (၁၄၆၄) ဖုံးကွယ်ဟန်ဆောင်

ရန်ကျောက်ကဲက မည်းနက်သော မီးတောင်ငယ်အကျဉ်းထောင်ထဲမှ ခုန်ထွက်လာပြီး လက်ဖဝါးတစ်ဖက်ကိုဖြန့်လိုက်ရာ ပတ်ဝန်းကျင်တွင် မီးလျှံများ ထွက်ပေါ်လာသည်။

သူက လက်ချောင်းများကို လေထဲတွင် လှုပ်ရှားလိုက်ရာ အလင်းစီးကြောင်းသဲလွန်စများထွက်ပေါ်လာပြီး ဗလာနယ်ထဲတွင် အချိန်ကြာရှည်စွာ တည်ရှိနေသည်။

ထိုအလင်းစီးကြောင်းများက နောက်ထပ် အကျဉ်းထောင်တစ်ခုအဖြစ် ပုံပေါ်သွားပြီး နက်မှောင်သည့် မီးတောင်ငယ်အကျဉ်းထောင်ကို ဝန်းရံပိတ်ဆို့လိုက်သည်။

"ဘယ်လိုလဲ..."

ဖန်းယွင်ရှန်းက မေးလိုက်သည်။

ရန်ကျောက်ကဲက...

“အဲဒီအယုတ်တမာကောင် ဘယ်တော့မှ ကောင်းမွန်တဲ့ဘဝမျိုးနဲ့ နေရတော့မှာမဟုတ်ဘူး”

သူက ဒေါသအမျက်ကြောင့် ဘယ်သောအခါမှ တည်ငြိမ်မှု မဆုံးရှုံးခဲ့ပေ။ သူ၏အနာဂတ်လုပ်ဆောင်မှုများကို ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။

သို့သော် ဒေါသက ရန်ကျောက်ကဲၤ၏ နှလုံးသားတစ်ခုလုံးကို လွှမ်းမိုးထားဆဲဖြစ်သည်။

ယခင်ကတည်းက သူက ချန်ချန်းဟွာကို ဒုက္ခပေးရန် နည်းလမ်းများကို အမြဲရှာဖွေနေခဲ့သည်။ ယခု ပြဿနာဖန်တီးသူက သူ့လက်ထဲရောက်လာပြီဖြစ်ရာ ရန်ကျောက်ကဲက သူ့ကို လွယ်လွယ်နှင့်အလွတ်ပေးမည် မဟုတ်ပေ။

ရန်ကျောက်ကဲ၏မျက်ဝန်းများ မှိုင်းညို့သွားပြီး...

“သူ မွေးဖွားလာခဲ့တာကို နောင်တရသွားစေရမယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။

"သူနဲ့ ထိုက်တန်ပါတယ်"

သူမ ထိုနေရာသို့ ရောက်ရှိချိန်တွင် ရှီကျွင်းတို့အနေအထားကို မသိရှိသေးပေ။ ထို့ကြောင့် သူမက အရင်ဆုံး ချန်ချန်းဟွာကိုဖမ်းဆီးရန် ဦးတည်သွားခဲ့သည်။

အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်၏ ရက်စက်သောဓားစွမ်းအားက တာအိုဝါဒ၏ အမျိုးမျိုးသောကျင့်ကြံခြင်းအဆင့်များကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

ထို့ကြောင့် ချန်ချန်းဟွာ၏ ကျင့်ကြံခြင်းက သူမလက်ချက်ဖြင့် ပျက်စီးသွားပြီး သူ၏သိုင်းပညာအပေါ် နားလည်မှုနှင့် ကျွမ်းကျင်မှုအားလုံးကို သနားကရုဏာမဲ့စွာ ရှင်းလင်းဖယ်ရှားခံခဲ့ရသည်။

သို့သော် သူမက ချန်ချန်းဟွာကို မသတ်ခဲ့ပေ။ ရန်ကျောက်ကဲထံ လွှဲပြောင်းပေးရန်အတွက်သာ ရည်ရွယ်ခဲ့သည်။

ရန်ကျောက်ကဲက သူ့ကို မည်သို့ကိုင်တွယ်သည်ကို မသိခဲ့သော်လည်း ဖန်းယွင်ရှန်းက “သူနှင့် ထိုက်တန်သည်” ဟုသာ ပြောလိုက်သည်။

ဖန်းယွင်ရှန်းက အခြားကိစ္စတစ်ခုကို ပို၍ စိုးရိမ်နေမိသည်။

"ဂိုဏ်းတူအစ်ကိုရွှယ်ကို ကျွန်မတို့ ကယ်နိုင်ပါ့မလား”

"ငါမမှားဘူးဆိုရင်... မျှော်လင့်ချက်ရှိသေးတယ်"

ရန်ကျောက်ကဲက တည်ကြည်စွာ ပြောလိုက်သည်။

ဖန်းယွင်ရှန်းက စိတ်ပူပန်စွာဖြင့်...

"သူက မြေခွင်းပုလဲကိုမျိုချပြီး နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အသက်သွင်းလိုက်တာ ၊ အဲဒီလိုလုပ်ပြီး မြေကမ္ဘာပလ္လင်နတ်ဆိုးကို သတ်ဖြတ်လိုက်တာ ၊ ဒါပေမဲ့ ရှင်က နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိုသုံးမယ်ဆိုရင်တောင် ဂိုဏ်းတူအစ်ကိုရွှီက ဝူကျိမြေသားဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်မထားဘူးလေ”

သူမက ဆက်ပြောလိုက်သည်။

“မြေခွင်းပုလဲမှာ မြေသားဝိညာဉ်စွမ်းအားပါဝင်ပေမယ့် အဲဒါက မြေသားကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်တတ်တယ် ၊ ဒါကြောင့် သူ့ခန္ဓာကိုယ်မှာ ကြီးမားတဲ့ပျက်ဆီးမှုတွေ ဖြစ်လာမှာပဲ”

အခြားသူများက ရန်ကျောက်ကဲ ဘာလုပ်ဖို့ စီစဉ်နေသည်ကို မသိကြပေ။

သို့သော် ရန်ကျောက်ကဲသွားရန် ရည်ရွယ်ထားသည့် နေရာက “အဖြူရောင်ကြာပန်းသုခဘုံ” ဖြစ်ကြောင်းသိလိုက်သည်နှင့် ဖန်းယွင်ရှန်းက သူ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။

ရန်ကျောက်ကဲက ကျဲရှင်ကမ္ဘာ ၊ ဒြပ်စင်ငါးပါးတောင်အောက်တွင် ဖိနှိပ်ခံထားရသည့် ချီထျန်းမဟာသူတော်စင် – စွန်းဝူခုန်း ထံတွင် မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားခြင်း ဖြစ်သည်။

ယခင်အချိန်တုန်းက သူက မျောက်မျိုးနွယ်များ သို့မဟုတ် ဝူကျိမြေသားဝိညာဉ်ခန္ဓာရှိသူများကို သူ၏ရွှေခန္ဓာကို အမွေဆက်ခံစေလိုသည်ဟု ပြောခဲ့ဖူးသည်။

သို့မှသာ သူ့ကို ထိန်းချုပ်ထားခြင်းမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲ သွားရန်ရည်ရွယ်ထားသည့်နေရာကို ကြားလိုက်သည်နှင့် ဖန်းယွင်ရှန်းက သူ ဘာတွေးနေသည်ကို ချက်ချင်း နားလည်လိုက်သည်။

သို့တိုင် သူမ မသေချာမှုများ ရှိနေဆဲပင်။

ရွှီဖေးသည် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဖယ်ရှားရန် မြေခွင်းပုလဲကို မျိုချခဲ့သည်။ သူ့တွင် ဝူကျိမြေသားဝိညာဉ်ခန္ဓာမရှိပေ။

ထို့ကြောင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာဖြင့်ပင် သူ့ကိုကယ်တင်ရန် မဖြစ်နိုင်ပေ။

မဟုတ်ပါက ဖန်းယွင်ရှန်းက ရွှီဖေးကို ကယ်တင်ရန် ဤနည်းလမ်းကို ချက်ချင်းတွေးမိလောက်သည်။

ယခု ရန်ကျောက်ကဲအစီအစဉ်အတိုင်း ခရီးထွက်လာသည့်တိုင် စွန်းဝူခုန်းနှင့် သွားရောက်တွေ့ဆုံသည့်နည်းလမ်းက အလုပ်ဖြစ်မဖြစ် မသေချာသေးပေ။

ထို့ကြောင့် သူမ ခရီးဆက်ရင်း ရန်ကျောက်ကဲကို မေးရန် ဆုံးဖြတ်လိုက်သည်။

“ဒီလိုလုပ်တာ တကယ်အလုပ်ဖြစ်ပါ့မလား”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ ဒီတစ်ခုတည်းကြောင့်တော့ အလုပ်မဖြစ်နိုင်ဘူး”

ဖန်းယွင်ရှန်းက ခေါ်ဆောင်လာသဖြင့် ရန်ကျောက်ကဲက ခရီးသွားရန်အတွက် စွမ်းအားဖြုန်းတီးစရာ မလိုခဲ့ပေ။

သူက ရွှီဖေးမှ ပြောင်းလဲသွားသော ကျောက်ရုပ်တုကို ထုတ်ယူလိုက်သည်။ သူက မီးခိုးရောင်ပြောင်းနေသည့် ကျောက်ရုပ်တုကို ဂရုတစိုက်စစ်ဆေးပြီးနောက် လက်ချောင်းများကိုအသုံးပြုကာ ကျောက်ရုပ်တုနောက်ကျောတွင် သဲလွန်စတစ်ခုကို ချန်ထားလိုက်သည်။

ရှေးကျပြီး နက်ရှိုင်းသော အင်းသင်္ကေတတစ်ခုပုံစံက ရုပ်တုနောက်ကျောတွင် ထွက်ပေါ်လာသည်။

ထို့နောက် ရန်ကျောက်ကဲက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိုထုတ်ယူပြီး ထိုအင်းသင်္ကေတထက်သို့ ဖိနှိပ်ထားလိုက်သည်။

နှောင်းပိုင်းမြေကမ္ဘာကျမ်းစာမှ မှိန်ဖျော့ဖျော့အလင်းရောင်များထွက်ပေါ်လာပြီး ကျောက်ရုပ်တုကို စွမ်းအားဖြည့်တင်းပေးလျှက်ရှိသည်။

"ဒီအင်းသင်္ကေတက ဘာလဲ"

ဖန်းယွင်ရှန်းက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

"အရမ်းရှေးကျတဲ့ပုံပဲ..."

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဒါက ကနဦးကောင်းကင်ကာလမှာ ဖန်တီးခဲ့တဲ့ အင်းသင်္ကေတပဲ ၊ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့ပြီး ရှေးဟောင်းခေတ်ကို ဖြတ်ကျော်လာခဲ့တယ် ၊ နောက်ပိုင်းကျတော့ ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်ထဲမှာ သိမ်းဆည်းထားခဲ့တယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးကြောင့် နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“ကောင်းကင်ဘုံနန်းတော်ရဲ့ သိုင်းကျမ်းစာကြည့်တိုက် ဖျက်ဆီးခံလိုက်ရပေမယ့် ငါတို့က အတော်လေးကံကောင်းတယ် ၊ ငါ ဒီအင်းသင်္ကေတကို အဂ္ဂိရတ်ခန်းမထဲမှာ ရှာတွေ့ခဲ့တာ”

ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။

“တကယ်တော့ ကံကောင်းတယ်လို့လည်း မဆိုနိုင်ပါဘူး ၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေသာမရှိရင် ဒီအင်းသင်္ကေတကို ငါ သုံးဖြစ်မှာမဟုတ်ဘူး ၊ ဒါကြောင့် အရင်က ရှာတွေ့တုန်းကဆိုရင် သိပ်ပြီးအရေးမစိုက်ခဲ့မိဘူး”

"ဒီအင်းသင်္ကေတက ဂိုဏ်းတူအစ်ကိုရွှယ်ကို ကူညီနိုင်တာလား"

ဖန်းယွင်ရှန်းက မေးလိုက်သည်။

သူမ၏မျက်နှာထက် ပျော်ရွှင်သည့်အရိပ်ယောင်လည်း ထွက်ပေါ်လာ၏။

ရန်ကျောက်ကဲက...

“ငါ ဒီအင်းသင်္ကေတကို လေ့လာပြီးပြီ ၊ ကြိုးစားကြည့်လို့ရမယ်လို့ ခံစားရတယ်”

သူက ဆက်ပြောလိုက်သည်။

"အခုလက်ရှိ ကြည့်ရတာတော့... ငါမျှော်လင့်ထားသလို အလုပ်ဖြစ်နေတယ် ၊ နည်းနည်းတော့ စိတ်အေးရတာပေါ့”

ဖန်းယွင်ရှန်းသည် ကျောက်ရုပ်တုကို စိုက်ကြည့်ရင်း နောက်ဆုံး သဘောပေါက်သွားသည်။

“ချီထျန်းမဟာသူတော်စင်ရဲ့စကားကို ကျွန်မမှတ်မိတယ် ၊ သူက သူ့ရဲ့ ရွှေခန္ဓာကိုအမွေဆက်ခံဖို့ ကျင့်ကြံခြင်းအဆင့်တစ်ခုအထိ မြင့်မားတဲ့သူကိုရှာနေတာ မဟုတ်လား ၊ တစ်‌ယောက်တည်းတောင်မဟုတ်ဘူး ၊ လူအများကြီးလိုအပ်မှာ”

သို့သော် ရွှီဖေး ၊ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ ပေါင်းလိုက်လျှင်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

သူတို့ၤ၏ ကျင့်ကြံခြင်း အားနည်းရုံသာမက လူဦးရေလည်းအနည်းငယ်သာရှိသည်။ ပြောရလျှင် သူတို့အနေဖြင့် အောင်မြင်ရန် အခွင့်အလမ်းမရှိပေ။

ဖန်းယွင်ရှန်းက...

“ဒါပေမဲ့ အခု မြေခွင်းပုလဲနဲ့ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာရဲ့ ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းပေါင်းစည်းမှုကြောင့် သူက ကျောက်ရုပ်တုဖြစ်နေရင်တောင် ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို အမွေဆက်ခံနိုင်မှာလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ငါ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနဲ့ ဆက်သွယ်ပြီးပြီ ၊ ခဏနေရင် သူနဲ့အတူ ပန်ပန်ပါ ရောက်လာလိမ့်မယ် ၊ ဒါဆို ငါတို့အတွက် မျှော်လင့်ချက်အလင်းတန်းလေး ရှိလာနိုင်ပြီပေါ့”

သူက ကျောက်ရုပ်တုကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။

ကျောက်ရုပ်တု၏မျက်နှာက ကျောက်သားပမာ ကြမ်းတမ်းနေသော်လည်း အလွန်ပင် အသက်ဝင်လှသည်။ ရွှီဖေး၏ ပြုံးနေသော မျက်နှာကို ယခုထိ မြင်နိုင်နေဆဲပင်။

ဖန်းယွင်ရှန်းက...

“ကျွန်မတို့ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ဒါက ဂိုဏ်းတူအစ်ကိုရွှီအတွက် အဆိုးထဲကအကောင်း ဖြစ်လာနိုင်မှာပဲ”

ရန်ကျောက်ကဲက တိုးလျစွာဖြင့်...

“ပြောရရင်တော့... သေမလားရှင်မလားမသိတဲ့ကိစ္စမျိုးပါ ၊ ရှေ့မှာ မသေချာမှုတွေ အများကြီးရှိနေတယ် ၊ ငါတို့မှာသာ ရွေးချယ်စရာရှိမယ်ဆိုရင် ငါက ချီထျန်းမဟာသူတော်စင်ကို ကိုယ်ကျိုးအတွက် အသုံးမချချင်ပါဘူး”

ဖန်းယွင်ရှန်းက...

"ဂိုဏ်းတူအစ်ကိုရွှယ် ဘေးကင်းပါစေလို့ မျှော်လင့်ပါတယ်"

ရန်ကျောက်ကဲလည်း ခေါင်းညိတ်လိုက်လေသည်။

သူတို့နှစ်ယောက် ခရီးဆက်သွားရင်း တစ်နေရာအရောက်တွင် ခဏမျှ ရပ်တန့်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အတောင်များကို တဖျပ်ဖျပ်ခတ်ရင်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။

အနားသို့ရောက်တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးတစ်ဖက်ဖြန့်လိုက်ရာ အလင်းတန်းများ ထွက်ပ‌ေါ်လာသည်။

အလင်းတန်းများထဲတွင် အနက်ရောင်နှင့်အဖြူရောင်သားမွေးရှိသော သတ္တဝါတစ်ကောင်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲထံသို့ ခုန်ပေါက် ပြေးဝင်လာသည်။

ရန်ကျောက်ကဲက ပန်ပန်၏လည်ပင်းမှ အမွှေးများကို ပွတ်သတ်လိုက်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။

“ဟေ့ကောင်... အလကားကောင် ၊ အေးဆေးနေစမ်းပါကွာ”

ပန်ပန် ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့နှင့် ဆုံတွေ့ပြီးနောက် သူတို့အားလုံး ခရီးဆက်ခဲ့ကြသည်။

မကြာမီ အဖြူရောင်ကြာပန်းသုခဘုံသို့ ရောက်ရှိလာကြလေသည်။

ဖန်းယွင်ရှန်းက...

“အရင်တုန်းက တိုက်တိုင်းအောင်ဗုဒ္ဓ ဝင်တိုက်လို့ ကျွန်မတို့အတွက် အချိန်ရခဲ့တာ ၊ ဒီတစ်ခေါက်တော့ ကျွန်မတို့အတွက် အချိန်အကန့်အသတ်ရှိနိုင်တယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

"မြေကမ္ဘာပလ္လင်နတ်ဆိုးသေသွားပြီဆိုတော့ နတ်ဆိုးတွေ အပြင်လောကမှာ လျှောက်သွားနေမှာမဟုတ်တော့ဘူး ၊ ဒါပေမဲ့ ငရဲကိုးထပ်ကို ပြန်သွားဖို့ဆိုတာလည်း သိပ်တော့မလွယ်ဘူး ၊ ဘာလို့လဲဆိုတော့ တာအိုဝါဒ ၊ ဗုဒ္ဓဘာသာနဲ့ နတ်မိစ္ဆာမျိုးနွယ်က ထိပ်တန်းပုဂ္ဂိုလ်တွေက သူတို့ကို လိုက်ရှင်းပစ်နေကြတယ်လေ ၊ ဒီတော့ သူတို့အနေနဲ့ ငါတို့ဘက်ကို အာရုံမရောက်နိုင်သေးဘူး ၊ ဒါပေမဲ့ သတိတော့ထားရလိမ့်မယ်”

အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးနှင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

သို့သော် သူတို့၏နယ်မြေထဲတွင် သိသာသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပါက ဗုဒ္ဓဘာသာကျင့်ကြံသူအချို့က ရိပ်မိသိရှိကာ အာရုံစိုက်လာနိုင်သည်။

ဖန်းယွင်ရှန်းက...

“ရှင့်ရဲ့လှုပ်ရှားမှုတွေကို ကျွန်မ ဖုံးကွယ်ပေးထားမယ် ၊ ရှင်သာ ကျဲရှင်ကမ္ဘာကို အမြန်သွားပြီး အမြန်ပြန်လာခဲ့ပါ"

ရန်ကျောက်ကဲက...

"မင်းလည်း သတိထားနော်"

ထို့နောက် သူက ကျောက်ရုပ်တုကိုသယ်ဆောင်ပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး လျှင်မြန်စွာထွက်ခွာသွားတော့သည်။

“သွားကြမယ်...”

All Chapters