နယ်ခြားတောင်သို့တတိယအကြိမ်
Vol. 105 Ch. 1465
အခန်း (၁၄၆၅) နယ်ခြားတောင်သို့တတိယအကြိမ်
ဖန်းယွင်ရှန်းက အဖြူရောင်ကြာပန်းသုခဘုံအား ဝိုင်းရံထားသော “တံတိုင်း” ကို ရုတ်တရက် ဖြတ်ကျော်လိုက်ရာ အားလုံး၏စိတ်အာရုံက သူမထံသို့ ကျရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ဗုဒ္ဓဘာသာနယ်မြေများစွာမှ အလင်းတန်းများ တဟုန်းထိုးထွက်ပေါ်လာသည်။
မှောင်မိုက်ပြီးအဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် သတိပေးချက်မရှိဘဲ အဖြူရောင်ကြာပန်းများ ရုတ်တရက် ပွင့်လန်းလာပြီး ဖန်းယွင်ရှန်းဆီသို့ ဒရကြမ်း ရောက်ရှိလာကြသည်။
အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးနှင့် စစ်ခင်းနေဆဲ ဖြစ်သည်။
သူတို့၏သာလွန်အင်အားကြောင့် အမတခုံရုံး၏ နတ်ဘုရားနယ်မြေ(၈၀၀)နှင့် ကမ္ဘာပေါင်းများစွာကို သိမ်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲနယ်မြေက အဖြူရောင်ကြာပန်းသုခဘုံထဲတွင်မဟုတ်ဘဲ အမတခုံရုံးနယ်မြေထဲတွင် ရှိနေခဲ့သည်။
သို့ဖြစ်ရာ အဖြူရောင်ကြာပန်းသုခဘုံမှ ကျွမ်းကျင်သူအများစုမှာ အမတခုံရုံးနှင့်တိုက်ခိုက်ရန် ရှေ့တန်းစစ်မြေပြင်သို့ ထွက်ခွာသွားကြသည်။
ထို့ကြောင့် သူတို့၏နယ်မြေက အနည်းငယ်လွတ်ကင်းနေခဲ့သည်။
ယခင်က တိုက်တိုင်းအောင်ဗုဒ္ဓနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ကျွမ်းကျင်သူများ ထိုးဖောက်ဝင်ရောက်လာစဉ်က အဖြူရောင်ကြာပန်းသုခဘုံက ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ကို အားကိုးပြီး ရန်သူများကို တွန်းလှန်ခဲ့ရသည်။
ထိုဖြစ်ရပ်က အဖြူရောင်ကြာပန်းသုခဘုံမှ လူတိုင်းအပေါ် ကြီးမားသောအရှက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ယခု ပြင်ပရန်သူတစ်ယောက် ထိုးဖောက်ဝင်ရောက်လာသည်နှင့် သူတို့က ကျွမ်းကျင်သူများ ချက်ချင်းစေလွှတ်ကာ ထိုးဖောက်တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။
ဖန်းယွင်ရှန်းက ယခင်တိုက်ပွဲများကြောင့် သူမ၏ စွမ်းအားအပြည့်အဝကို အသုံးပြုရန် ခက်ခဲသည်ဖြစ်ရာ အခြေအနေကို သတိဖြင့် ကိုင်တွယ်ရလေသည်။
သူမ၏ အနက်ရောင်ဓားက ကောင်းကင်ယံကိုခုတ်ပိုင်းလိုက်ရာ အဖြူရောင်ကြာပန်းတစ်ပွင့် ကြွေလွင့်သွားသည်။
ထို့နောက် သူမက ချက်ချင်းပင် နေရာမှ ထွက်ပြေးသွားလေသည်။
ဗုဒ္ဓအလင်းတန်းများက သူမနောက်သို့ လိုက်လံဖမ်းဆီးကြသည်။
တစ်ချိန်တည်းပင် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် အဖြူရောင်ကြာပန်းများ ထပ်မံထွက်ပေါ်လာပြီး ဖန်းယွင်ရှန်း၏လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးပမ်းကြသည်။
ဤအခွင့်အရေးကို အသုံးချကာ ရန်ကျောက်ကဲက အဖြူရောင်ကြာပန်းသုခဘုံ စကြာဝဠာအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
သူက သူ၏ရောင်ဝါကို ဖုံးကွယ်ထားပြီး ဗလာနယ်အလွှာများကို ဖြတ်ကျော်ကာ ကျဲရှင်ကမ္ဘာဆီသို့ တဟုန်းထိုးဝင်ရောက်သွားသည်။
သူ ကျဲရှင်ကမ္ဘာနှင့် နီးကပ်လာချိန် ဗုဒ္ဓအလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။
ထို့နောက် ဗုဒ္ဓဘာသာကိုယ်တော်(၂)ပါး ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲကိုတွေ့သည်နှင့် သူတို့က အံ့အားသင့်သွားပြီး...
“မင်းကိုး...”
ဟု ရေရွတ်လိုက်ကြသည်။
ရန်ကျောက်ကဲက သူတို့ကို စကားပြန်မပြောပေ။
သူ့ထံမှ သွေးနီရောင်ဓားအလင်းတန်းများထွက်ပေါ်လာသည်။
ထို့နောက် သူက ဗလာနယ်ထဲသို့ ခြေတစ်ချက်လှမ်းလိုက်ရာ ချက်ချင်းပင် ထိုကိုယ်တော်(၂)ပါးဆီသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက သူတို့ကို တုံ့ပြန်ရန် အချိန်မပေးဘဲ တစ်ယောက်ကို လက်ဝါးဖြင့်ရိုက်ချပြီး ကျန်တစ်ယောက်ကို လက်သီးဖြင့်ထိုးနှက်ပစ်လိုက်သည်။
ကောင်းကင်ခွင်းလှံရှည်က တစ်ယောက်၏ခေါင်းကို ဖြတ်တောက်လိုက်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က အခြားတစ်ယောက်ကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။
ရန်ကျောက်ကဲနှင့်ရင်ဆိုင်ရသော ဗုဒ္ဓဘာသာကိုယ်တော်နှစ်ယောက် သေဆုံးသွားခဲ့ပြီး သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဗုဒ္ဓအလင်းတန်းက ကောင်းကင်ယံဆီ ပျံတက်သွားခါနီး ဖြစ်သွားသည်။
သို့သော် ရန်ကျောက်ကဲ၏လက်ဖဝါးက သူတို့ကိုဆုပ်ကိုင်လိုက်ရာ အလင်းတန်းများ ဖရိုဖရဲပျက်ဆီးသွားကာ တည်ရှိမှုအားလုံး ချုပ်ငြိမ်းသွားလေသည်။
ရန်ကျောက်ကဲ ကျဲရှင်ကမ္ဘာသို့ အလျှင်အမြန်ဝင်ရောက်သွားပြီး နယ်ခြားတောင်သို့သွားရန် ဦးတည်လိုက်သည်။
နယ်ခြားတောင်၏စည်းတံဆိပ်က ရန်ကျောက်ကဲအတွက် အခက်တွေ့စေမည်ဖြစ်သည်။ အထူးသဖြင့် ယခုတစ်ကြိမ်တွင် ဖန်းယွင်ရှန်း၏အကူအညီ ရရှိမည် မဟုတ်ပေ။
သို့သော် ယခင်အတွေ့အကြုံများမှတစ်ဆင့် လမ်းကြောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့သည်။
ထို့ကြောင့် အနည်းငယ်အားထုတ်လိုက်ရုံဖြင့် နယ်ခြားတောင်အောင်ရှိ ဒဏ္ဍာရီနယ်မြေသို့ ရောက်ရှိသွားလေသည်။
ထိုနေရာတွင် စည်းတံဆိပ်နှစ်ခုသည် ရှိနေဆဲဖြစ်သည်။
အတွင်းပိုင်းစည်းတံဆိပ်က အမြဲတမ်း ငြိမ်သက်နေပြီး ရန်ကျောက်ကဲကဲ့သို့ ဖိတ်ခေါ်မထားသည့် ဧည့်သည်များကို တုံ့ပြန်မှုမပြခဲ့ပေ။
ဤစည်းတံဆိပ်က ရန်ကျောက်ကဲက စည်းတံဆိပ်ကိုသွားမထိဘဲ ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ လွတ်မြောက်ရန် မကူညီသရွေ့ လှုပ်ရှားလာမည် မဟုတ်ပေ။
အကယ်၍ ထိုသို့လုပ်ဆောင်ခဲ့ပါက စကြာမုနိဗုဒ္ဓချန်ထားခဲ့သော စည်းတံဆိပ် အသက်ဝင်လာပြီး ဖြတ်ကျော်မရနိုင်သော ချောက်ကမ်းပါးတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
တောင်အောက်ရှိ နက်ရှိုင်းသောနေရာသို့ ရောက်ရှိသည်နှင့် မျက်လုံးတစ်စုံက သူ့ကိုစူးစိုက်ကြည့်နေကြောင်း ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
ထို့နောက် ကောင်းကင်ယံမှ အရိပ်တစ်ခု ဆင်းသက်လာသည်။
ထိုသူက မျက်နှာတစ်ခုလုံး အမွေးအမျှင်များဖုံးလျက် မျောက်မျက်နှာပုံစံဖြင့် သံမဏိရွှေတုတ်ကိုကိုင်ဆောင်ထားသည်။
ချီထျန်းမဟာသူတော်စင် စွန်းဝူခုန်း၏ ပုံရိပ်ပင် ဖြစ်၏။
မျောက်မင်းက...
“ကောင်လေး... ငါ မင်းကိုစောင့်နေတာ ကြာလှပြီ”
ရန်ကျောက်ကဲက ကျောက်ရုပ်တုကို ကိုင်ထားရင်း...
“မဟာသူတော်စင် တောင်းဆိုတဲ့အချက်တွေကို ကျွန်တော် ပြီးပြည့်စုံအောင်လုပ်ပြီးပြီ”
ချီထျန်းမဟာသူတော်စင်က ရန်ကျောက်ကဲခန္ဓာကိုယ်ကို တစ်ချက်အကဲခတ်ရင်း...
“မင်း ဒဏ်ရာရထားတာလား”
ယခင်က တိုက်တိုင်းအောင်ဗုဒ္ဓနှင့်တိုက်ခိုက်စဉ် နတ်ဘုရားသုတ်သင်အစီအရင် ပျက်ဆီးသွားခဲ့သည်။
တိုက်တိုင်းအောင်ဗုဒ္ဓ ဒဏ်ရာရသွားသော်လည်း အစီအရင်ကို ထိန်းချုပ်သူများလည်း ထိခိုက်မှုများရှိခဲ့သည်။
လင်ချင်းက တိုက်တိုင်းအောင်ဗုဒ္ဓ၏ သရီရဓာတ်တော်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ကောင်းချင်းရွှမ်ကတော့ ဓားအဖြစ်ပြောင်းလဲရင်း ဒဏ်ရာရခဲ့သည်။
အလားတူပင် ရန်ကျောက်ကဲ၊ ယွီယဲ့၊ လုန်ရွှယ်ကျီး၊ နှင့် တိမ်လွှာခွင်းဧကရာဇ်တို့သည်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင် ပြိုကျသွားချိန်တွင် တန်ပြန်စွမ်းအားရိုက်ခတ်မှုက သူတို့ဆီသို့ ဦးစွာရိုက်ခတ်လာခဲ့သည်။
အစီအရင်ကို ဦးဆောင်ထိန်းသိမ်းသူများဖြစ်သော ရန်တိ၊ နျဲ့ကျင်းရှန်၊ ယွဲ့ကျန့်ပေ၊ နှင့် လုန်ရှင်းချွမ်တို့လည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။
အစီအရင်၏ အကာအကွယ်ကိုအသုံးပြုပြီး သူတို့အားလုံး ဗလာနယ်ပုံပျက်ခြင်းမှ လျှင်မြန်စွာ လွတ်မြောက်နိုင်ခဲ့သော်လည်း ဒဏ်ရာများ ပျောက်ကင်းခြင်းမရှိခဲ့ပေ။
ရန်ကျောက်ကဲက ဒဏ်ရာကိုမကုသနိုင်ဘဲ ရွှီဖေးတို့အုပ်စုကို ချက်ချင်းလာရောက်ရှာဖွေခဲ့ပြီး အဖြူရောင်ကြာပန်းသုခဘုံသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
ထို့ကြောင့် လမ်းတစ်လျှောက် ဖန်းယွင်ရှန်းက သူ့ကို ခေါ်ဆောင်လာခဲ့ရခြင်းဖြစ်၏။
ထိုက ခရီးထွက်သည့်အချိန်ကိုအသုံးချပြီး ဒဏ်ရာများ ပိုမိုဆိုးရွားမလာစေရန် ကာကွယ်ထိန်းသိမ်းခဲ့သည်။
သူ၏ဒဏ်ရာများက ချက်ချင်းပြန်လည်သက်သာလာနိုင်သော ဒဏ်ရာများမဟုတ်ခဲ့ပေ။
သို့ပေသိ အပေါ်ယံကြည့်လျှင်မသိသာသော ဒဏ်ရာများဖြစ်သည့်တိုင် ချီထျန်းမဟာသူတော်စင်ကတော့ သိရှိသွားခဲ့သည်။ စွန်းဝူခုန်းက သာမန်လူမဟုတ်ပေ။
သူ၏ ထက်ရှသော အာရုံခံနိုင်စွမ်းဖြင့် ရန်ကျောက်ကဲ အပြင်းအထန်ဒဏ်ရာရထားကြောင်း ချက်ချင်းသိရှိသွားသည်။
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...
“အဲဒါက ကိစ္စမရှိပါဘူး”
ထို့နောက် သူက ကျောက်ရုပ်တုကို အောက်သို့ချလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်ကို ခေါ်လိုက်သည်။
“မဟာသူတော်စင်... ကြည့်ပါဦး ၊ ဒါတွေက မင်းတောင်းဆိုထားတဲ့ အချက်တွေနဲ့ ပြည့်စုံရဲ့လား ၊ ဖြစ်နိုင်မလား”
ချီထျန်းမဟာသူတော်စင်က ကျောက်ရုပ်တုကို အရင်ကြည့်လိုက်ပြီး...
“အိုး... ဒီကောင်က သေနေလား ရှင်နေလားတောင် မပြောနိုင်ဘူးပဲ”
ရန်ကျောက်ကဲက ရှင်းပြလိုက်သည်။
“ဒီလူက ကျွန်တော့်အစ်ကိုပါ ၊ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့ပါ ၊ ဖြစ်နိုင်ရင် သူ့ကိုကယ်ပေးဖို့ မဟာသူတော်စင်ဆီမှာ အကူအညီတောင်းချင်ပါတယ်”
ချီထျန်းမဟာသူတော်စင်က...
“ငါက ဆေးကုသနည်းတချို့သိထားပေမယ့် မင်းရဲ့အစ်ကိုက အသက်ဓာတ်စွမ်း ကုန်ခါနီးနေပြီ ၊ ကောင်းကင်နတ်ဘုရားအဆင့်တောင် သူ့ကိုကယ်နိုင်မှာ မဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ ငါကလည်း ဒီနေရာမှာ ဖိနှိပ်ခံထားရတာဆိုတော့ ကူညီချင်ရင်တောင် ငါ့မှာစွမ်းအားမရှိဘူး”
“ဒါပေမဲ့ မင်းက တကယ့်အာဂလူပဲနော် ၊ သူ့ခန္ဓာကိုယ်ထဲမှာ ယင်ယန်မြေကမ္ဘာဝိညာဉ်စွမ်းအင်ကို ပြည့်လျှံအောင် ထည့်ပေးထားတယ် ၊ ဒီတော့ သူက ငါ့ရဲ့ရွှေခန္ဓာကိုလက်ခံနိုင်မယ် ၊ ငါလည်း ဒီကနေလွတ်မြောက်နိုင်မယ် ၊ ဒီလိုဆိုရင် သူ အသက်ရှင်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”
မျောက်မင်းက ချီးကျူးလိုက်သည်။
“သူ့ကို ဒီလိုဖြစ်အောင် မင်း ဘယ်လိုရတနာပစ္စည်းတွေ ၊ လျှို့ဝှက်အတတ်တွေ သုံးခဲ့တာလဲ ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်အဆင့်လောက် ဖြစ်ရမယ်”
ရန်ကျောက်ကဲက...
“ရတနာတွေအားလုံးက နတ်ဘုရားအဆင့် ရတနာပစ္စည်းတွေပါ ၊ ပြီးတော့ ငရဲကိုးထပ်က မြေကမ္ဘာပလ္လင်နတ်ဆိုးရဲ့ ဝင်ရောက်စွက်ဖက်မှုလည်း ရှိခဲ့တယ်
စွန်းဝူခုန်းက...
“အိုး... ငရဲကိုးထပ်နဲ့ သက်ဆိုင်နေတာလား”
ချီထျန်းမဟာသူတော်စင်u ကျောက်ရုပ်တုကို သိချင်စိတ်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ နတ်ဆိုးရောင်ဝါရော နတ်ဆိုးအငွေ့အသက်ရော ငါ မခံစားမိဘူးပဲ”
ရန်ကျောက်ကဲက အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
မျောက်မင်းက ပြုံးလိုက်ပြီး...
“ဒါဆို ဒီလူက ဒီအခွင့်အရေးကို တကယ်ထိုက်တန်တာပဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဂိုဏ်းတူအစ်ကိုရွှီဖေးက ဒီဖြစ်ရပ်ကြောင့် ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားတာပါ ၊ ကံကောင်းတာက သူက နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အခြေခံအုတ်မြစ်ရှိပြီးနေပြီ ၊ ဒါကြောင့် ကျွန်တော်က မဟာသူတော်စင်ဆီကို ယုံကြည်မှုအပြည့်နဲ့ လူ(၃)ယောက် ခေါ်လာခဲ့တာပါ”
သူက ဆက်ပြောလိုက်သည်။
“မဟာသူတော်စင်... ကျေးဇူးပြုပြီး ဆုံးဖြတ်ပေပါ ၊ ဒီလောက်ဆို လုံလောက်နိုင်မလား”
ချီထျန်းမဟာသူတော်စင် ခေါင်းမော့ပြီး ခပ်ဖွဖွရေရွတ်လိုက်သည်။
“လုံလောက်တယ်... ဒီရက်ကို ငါစောင့်နေခဲ့တာ သိပ်ကိုကြာနေပြီ”
သူက ဆက်ပြောလိုက်သည်။
“သိပ်ကိုကြာနေပြီကွာ...”
ထို့နောက် သူက ရုတ်တရက်ကြုံးဝါးသံတစ်ခုပြုလုပ်လိုက်ရာ ကောင်းကင်တစ်ခုလုံး အရောင်ပြောင်းသွားသည့်ပမာ ခံစားလိုက်ရသည်။
ရွှေရောင်မျောက်မင်းက လေထဲတွင်လှည့်ပတ်ခုန်ပေါက်နေပြီး နောက်ဆုံး ပျောက်ကွယ်သွားသည်။
ထို့နောက် ကျောက်နံရံထဲတွင် တစ်ဝက်ခန့်မြုပ်နေသော
ကျောက်နံရံထဲတွင် တစ်ဝက်မြှုပ်နှံထားသော မြေကြီးအမြုတေကျောက်တုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး၊ ရွှီဖေး၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ထံသို့ တောက်ပစွာ လင်းလက်လာသည်။
ကျောက်ရုပ်တု ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့၏ ခန္ဓာကိုယ်များ တပြိုင်တည်း တုန်ခါသွားကြသည်။
ကျောက်ရုပ်တုမျက်နှာပြင်ထက်မှ ကျောက်သားအလွှာများ အရေခွံချွတ်သည့်ပမာ အလွှာလိုက် ကွာကျလာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့က တပြိုင်တည်း ဟစ်အော်လိုက်ကြသည်။
ထို့နောက် သူတို့၏ သန့်စ်ငထားသော မျောက်မိစ္ဆာသွေးကိုအသုံးပြုပြီး သူတို့ပုံစံက မျောက်မိစ္ဆာအသွင်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူတို့ (၃)ယောက်ထံတွင် ကြီးမားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ယံဆီသို့ ကြုံးဝါးအော်ဟစ်နေသည့် ဧရာမမျောက်ကြီးတစ်ကောင်။
ထို ဧရာမမျောက်ပုံရိပ်ကြီးက အော်ဟစ်နေရင်း ဖြည်းဖြည်းချင်း ပြိုကွဲပျက်စီးသွားသည်။
နောက်ဆုံး ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရွှီဖေး ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ (၃)ယောက်ကို လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲ၏စိတ်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ဆက်သွယ်ထားသည်ဖြစ်ရာ ၊ တစ်ခဏမျှ သူ၏စိတ်အစဉ် ဗလာကျင်းသွားသည်။
မရေမတွက်နိုင်သောပုံရိပ်များက သူ၏ စိတ်အာရုံထဲတွင် လျှပ်တပြက် ဖြတ်သန်းသွားလေသည်။