ကောင်းကင်ဘုံနန်းတော်မှတိုက်ပွဲ
Vol. 105 Ch. 1466
အခန်း (၁၄၆၆) ကောင်းကင်ဘုံနန်းတော်မှတိုက်ပွဲ
ထူးဆန်းသော ပုံရိပ်များက ရန်ကျောက်ကဲ၏မျက်လုံးရှေ့တွင် လျင်မြန်စွာ လျှပ်တစ်ပြက်ဖြတ်သန်းသွားသည်။
ရန်ကျောက်ကဲမှာ ထိုပုံရိပ်များ ဖြတ်သန်းသွားသည်ကိုကြည့်ရင်း မူးဝေစွာပင် ခံစားလိုက်ရသည်။
မြင်းကွင်းများက အချိန်ရေစီးကြောင်း နောက်ပြန်ဆုတ်သွားသလို ၊ ရှေးဟောင်းခေတ်များဆီသို့ စီးဆင်းသွားသလို ခံစားလိုက်ရသည်။
သမိုင်းကနဦး၏ သဲလွန်စအမှုန်အမွှားများ ပြန်လည်ထွက်ပေါ်လာသည့်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲမှာ သူ၏သိစိတ် ခန္ဓာကိုယ်မှ ခွဲထွက်သွားသလို ခံစားလိုက်ရသည်။ တစ်ဖက်တွင် သူက ပုံရိပ်များကြားထဲနစ်မွန်းနေပြီး အခြားတစ်ဖက်မှာတော့ ဘေးမှကြည့်နေသည့်ပမာ ဖြစ်သည်။
အတိတ်က ပိုပြီးဝေးလံသွားလေ ပုံရိပ်များကပိုမိုကွဲလွဲပြီး ဝိုးတဝါးဖြစ်လာလေ ဖြစ်၏။ လက်ရှိခေတ်နှင့် နီးကပ်လာလေ ပုံရိပ်များက ပို၍ပြတ်သားလာလေ ဖြစ်သည်။
ရန်ကျောက်ကဲက လျှင်မြန်စွာ ဖြတ်သန်းသွားသောပုံရိပ်များကို စောင့်ကြည့်နေသည်။ ဤသည်က ချီထျန်းမဟာသူတော်စင်၏ မှတ်ဉာဏ်များ ဖြစ်ပုံရသည်။
စွန်းဝူခုန်း မြေကြီးအမြုတေကျောက်တုံးမှ မွေးဖွားလာသည့်မြင်ကွင်းများ...။
ပန်းမန်သစ်သီးတောင်နှင့် ရေလိုက်ကာလိုဏ်ဂူ၏ ပိုင်ရှင်ဖြစ်လာသည့်အချိန်...။
ကျင့်ကြံခြင်းပညာသင်ယူရန် ပင်လယ်ကိုဖြတ်သန်းခရီးနှင်ပြီးနောက် ပြန်လည်ရောက်ရှိလာသည့်အခါ နတ်မိစ္ဆာမျိုးနွယ်များ၏ မဟာသူတော်စင်အဖြစ် ဂုဏ်ရည်ဝင့်ကြွားခဲ့သည့်အချိန်များ...။
စသည့် မြင်ကွင်းများ ဖြစ်လေသည်။
နောက်ဆုံး မျောက်မင်းက ကောင်းကင်ဘုံနန်းတော်တွင် ပရမ်းပတာ တိုက်ခိုက်ခဲ့သည်များ။
ခမ်းနားထည်ဝါသော သူ၏ အောင်မြင်မှုများကို နောင်လာနောက်သားများက ထုံးတမ်းစဉ်လာအဖြစ် ပြောဆိုကြသည့်မြင်ကွင်းများ။
ဤဖြစ်စဉ်အားလုံးက မှတ်ဉာဏ်များထဲတွင် အပြတ်သားဆုံးနှင့် အသေးစိတ်ဆုံးဖြစ်သည်။
ရန်ကျောက်ကဲကိုယ်တိုင်သည်ပင် ထိုနေရာသို့ ရောက်ရှိနေသည့်အလား အရာအားလုံးကို သိမြင်ခံစားနေရသည်။
ဒဏ္ဍာရီအချို့ကတော့ မျောက်မင်း၏ မှတ်ဉာဏ်များနှင့်ဆင်တူပြီး အချို့ကတော့ ကွဲပြားသည်။
ထိုအချိန်ကတည်းက ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာမျိုနွယ်များကြား အငြင်းပွားမှုက အရိပ်အမြွက်ပေါ်ထွက်နေပြီ ဖြစ်သည်။
နတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများက အနောက်ဘက်မှ ဗုဒ္ဓဘာသာ အရှေ့တိုင်းတွင် ပြန့်ပွားလာမည်ကိုကာကွယ်ရန်အတွက် ကြီးမားသော အစီအရင်တစ်ခု တည်ဆောက်ခဲ့ကြသည်။
နှစ်ဖက်လုံးက တစ်ဆက်နှင့်တစ်ဖက် ရင်ဆိုင်ရန် ပြင်ဆင်ကြသည်။
ထိုအချိန်က စန်းချင်း(၃)ပါး ဆရာသခင်များသည်လည်း လောကကိုကျော်လွန်သွားပြီဖြစ်ရာ ကျောက်စိမ်းဝိညာဉ်နန်းတော် ၊ မြေပြင်ရှစ်သွယ်နန်းတော်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနန်းတော်တို့ကလည်း လောကီရေးရာများနှင့် ပတ်သက်ခြင်းမရှိဘဲ သီးသန့်နေထိုင်ကြသည်။
ထို့နောက် သိုးလွိနန်းတော်မှ လောင်ကျွင်းသည်လည်း လောကီရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် လမ်းမှန်တာအိုဝါဒကို ကိုယ်စားပြုသော မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က ဗုဒ္ဓဘာသာနှင့်ပူးပေါင်းကာ နတ်မိစ္ဆာများကို ဖိနှိပ်ခဲ့သည်။
ထိုကဲ့သို့သော ကံကြမ္မာနှင့်ရင်ဆိုင်နေရချိန် ချီထျန်းမဟာသူတော်စင်က မိုးကောင်းကင်ကိုစိန်ခေါ်ရန် ထွက်ခွာသွားခဲ့သည်။
သံတုတ်တစ်ချောင်းကိုသာကိုင်ဆောင်ထားသော မျောက်တစ်ကောင်က ကောင်းကင်ဘုံကိုလွှမ်းမိုးနိုင်ခဲ့ပြီး မိုးကောင်းကင်ခုံရုံးမှ နတ်ဘုရားများကိုထိတ်လန့်ထွက်ပြေးစေခဲ့သည်။ ရှုံးနိမ့်မှု၏ အရှက်ကွဲမှုကို ခံစားစေခဲ့သည်။
တာအိုဝါဒ၏ တတိယမျိုးဆက်တွင် တန်ခိုးစွမ်းအားအကြီးဆုံးဖြစ်သူ ၊ ဘိုးဘေးများထက် သာလွန်ခဲ့သူ ပုံရိပ်ယောင်ဧကရာဇ် “အော့လန် - ယန်ကျန်း” နှင့် ရင်ဆိုင်ရသည်အထိ တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။
ထို့နောက် အလယ်ခေတ်၏ အကြီးကျယ်ဆုံးတိုက်ပွဲဟု သတ်မှတ်သည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲတစ်ခု စတင်ခဲ့သည်။
သို့သော် တိုက်ပွဲမပြီးဆုံးခင်မှာပင် ကောင်းကင်ထက်မှ ရွှေကွင်းတစ်ကွင်းကျလာပြီး ချီထျန်းမဟာသူတော်စင်ကို မြေပြင်ထက်သို့ လဲကျသွားစေခဲ့သည်။
ရန်ကျောက်ကဲမှာ တိုက်ပွဲကိုကြည့်ရင်း ချီထျန်းမဟာသူတော်စင် ဒုက္ခရောက်သည်ကိုမြင်ရသည်နှင့် အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။
ဤတိုက်ခိုက်မှုကို လောင်ကျွင်းက ပြုလုပ်လိုက်ခြင်းပင်။
ဗုဒ္ဓဘာသာက သူတို့၏ မပျက်ဆီးနိုင်သော ရွှေခန္ဓာအတွက် အမြဲတမ်းဂုဏ်ယူခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲအမြင်ပြောရလျှင် ချီထျန်းမဟာသူတော်စင်သာလျှင် မပျက်ဆီးနိုင်သောရွှေခန္ဓာဟု တံဆိပ်ကပ်ခံရရန် အရည်အချင်းပြည့်မီသူ ဖြစ်သည်။
မည်မျှပင် ဒဏ်ရာဒဏ်ချက်များ ခံစားရပါစေ သူ၏ခန္ဓာကိုယ်က ယိမ်းယိုင်သွားခဲ့ခြင်း မရှိပေ။ ဗုဒ္ဓဘာသာ၏ မပျက်ဆီးနိုင်သောခန္ဓာကိုယ်ကိုပင် ကျော်လွန်သွားခဲ့သည်။
မြေကြီးအမြုတေကျောက်တုံးက ချီထျန်းမဟာသူတော်စင်ကို ဖြစ်ပေါ်စေခဲ့သည်။
သူ့တွင် ကောင်းကင်အမြုတေကျောက်တုံး၏ ကိုယ်ခွဲများဖြင့် မိုးကောင်းကင်ကို လွှမ်းခြုံနိုင်သော စွမ်းရည်မရှိသလို လူသားအမြုတေကျောက်တုံး၏ ကန့်သတ်ထားသော ယုံကြည်ခြင်းစွမ်းအားကိုလည်း အသုံးပြုနိုင်ခြင်း မရှိပေ။
သို့သော် သူ၏ မူလအားသာချက်မှာ အလွန်သန်မာသည့်ခန္ဓာကိုယ်တစ်ခုကို အဆုံးထိ သန့်စင်ထားနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်သည့်အခါ မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် တန်းတူဖြစ်လာခဲ့သည်။
သူတို့နှစ်ယောက်လုံးက တာအိုအဆင့်ကျွမ်းကျင်သူများပင်လျှင် သတ်ဖြတ်၍မရသောသူများဖြစ်သည်။ သူတို့အား ဖိနှိပ်ထားရုံသာ လုပ်ဆောင်နိုင်သည်။
အသက်ရှင်နေသောသတ္တဝါများ တည်ရှိနေသမျှကာလပတ်လုံး မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည်။
မြေသားဝိညာဉ်ကျောက်တုံးမှဖြစ်ပေါ်လာသော ချီထျန်းမဟာသူတော်စင်ကတော့ အမှန်တကယ်ပင် မသေနိုင်သောသူ ဖြစ်သည်။
ဤသည်က နွီဝါးမယ်တော် လောကကိုကျော်လွန်သွားခြင်းနှင့် ဆက်စပ်နေသည်။
ထို့ကြောင့် တာအိုအဓိပတိတစ်ယောက်သည်ပင်လျှင် ချီထျန်းမဟာသူတော်စင်ကို သတ်ဖြတ်ရန် မတတ်နိုင်ဘဲ ဖိနှိပ်ရုံသာ လုပ်ဆောင်နိုင်ခဲ့သည်။
လောင်ကျွင်း၏ တွေးခေါ်ပုံက ခန့်မှန်းမရနိုင်ပေ။
သူက ချီထျန်းမဟာသူတော်စင်ကို နဂိုကတည်းက သတ်ဖြတ်ရန် မရည်ရွယ်ခြင်းလည်း ဖြစ်နိုင်၏။
သို့သော် လောင်ကျွင်း၏ တိုက်ခိုက်မှုခံစားရပြီးနောက်တွင်လည်း ချီထျန်းမဟာသူတော်စင် သေဆုံးခဲ့ခြင်းမရှိသည်မှာ ငြင်းမရနိုင်သောအချက် ဖြစ်သည်။
ဤအခြေအနေတစ်ခုတည်းကပင် လူတို့ကို အံ့အားသင့်စေရန် လုံလောက်ပြီဖြစ်သည်။
လောင်ကျွင်းလှုပ်ရှားလိုက်သည်နှင့် မျောက်မင်းမှာ လွတ်မြောက်နိုင်ခြင်းမရှိတော့ဘဲ သိုးလွိနန်းတော်သို့ ခေါ်ဆောင်သွားခြင်း ခံရသည်။
မီးပြင်းဖိုထဲတွင် ပြင်းထန်စွာ သန့်စင်ခံရပြီးနောက် နောက်ဆုံး မျောက်မင်း လွတ်မြောက်သွားခဲ့သည်။
ထိုစဉ်က လောင်ကျွင်း၏အတွေးများ မည်သို့ရှိကြောင်း ရန်ကျောက်ကဲ မနေနိုင်ဘဲ စဉ်းစားကြည့်မိသည်။
သူ၏မျက်လုံးရှေ့တွင် ဖြတ်သန်းသွားသော မြင်ကွင်းများက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ပြောင်းလဲနေသည်။
သိုးလွိနန်းတော်မှ လွတ်မြောက်သွားသော ချီထျန်းမဟာသူတော်စင်က ကော်းကင်ဘုံ(၃၃)ဘုံကိုဖြတ်ကျော်ကာ ကောင်းကင်ဘုံနန်းတော်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။
မျောက်မင်းက လက်ထဲတွင် သံမဏိရွှေတုတ်ကိုကိုင်ဆွဲလျှက် ကောင်းကင် တောင်ဘက်တံခါးကို ရိုက်ချိုးဖျက်ဆီးလိုက်သည်။
ကောင်းကင်ကိုးထပ်တွင် ယခင်ကထက် များစွာပိုမိုပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
တာအိုအဆင့်ကိုထည့်မတွက်ဘူးဆိုလျှင် ဤတိုက်ပွဲက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတိုက်ပွဲဟုပင် သတ်မှတ်၍ရနိုင်သည်။
ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ နှင့် ရွှေနန်းတော်တံခါးအရှင်’ကျောက်စိမ်းဧကရာဇ်’ တို့ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်၏။
ရန်ကျောက်ကဲစိတ်ထဲတွင် ကျောက်စိမ်းဧကရာဇ်၏ပုံရိပ်က သိပ်အဆင်မပြေဖြစ်နေခဲ့သည်။
ကျောက်စိမ်းဧကရာဇ်ဆိုသည်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ အချုပ်အခြာ အာဏာပိုင်ရှင် ဖြစ်သည်။
စန်းချင်း(၃)ပါးဆရာသခင်များပြီးနောက် ဒုတိယအင်အားအကြီးဆုံးဖြစ်ပြီး သူ၏အဆင့်အတန်းသည် ဧကရာဇ်လေးပါးကိုပင် ကျော်လွန်ခဲ့သည်။
သူက ကနဦးကောင်းကင်မတိုက်ခင်က မွေးဖွားလာသူဖြစ်ပြီး လောကကို အုပ်စိုးသူဖြစ်သည်။
သူ၏အပြည့်အဝဘွဲ့အမည်မှာ -
“ရွှေနန်းတော်တံခါးရှင် ၊ ဖြောင့်မတ်ခြင်းတရားဖြင့်ပြည့်သော ကျောက်စိမ်းဧကရာဇ်”
ဟူ၍ ဖြစ်သည်။
အချို့ကတော့ သူ့ကို ကျောက်စိမ်းကောင်းကင်ဘုံအရှင် ၊ ကောင်းကင်သူတော်စင် ၊ မိုးကောင်းကင်ဧကရာဇ် ၊ မဟာကောင်းကင်ဘုံအရှင် ဟု ခေါ်ဆိုကြသည်။
စန်းချင်း(၃)ပါးဆရာသခင်များ လောကကိုကျော်လွန်သွားပြီးနောက် ကျောက်စိမ်းဧကရာဇ်က တာအိုဝါဒတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးအဖြစ် သတ်မှတ်ခံရသည်။
အမှန်တော့ သူက ကမ္ဘာပေါ်တွင် ပထမဆုံး ကောင်းကင်နတ်ဘုရားအဆင့်ဖြစ်လာသူဟု ဆိုနိုင်သည်။
တာအိုဝါဒတွင် ကောင်းကင်နတ်ဘုရားများကို ကောင်းကင်ဘုံအရှင်ဟု ရည်ညွှန်းကြသည်။ သို့သော် ကျောက်စိမ်းဧကရာဇ်ကိုတော့ အမြဲတမ်း မဟာကောင်းကင်ဘုံအရှင်ဟု ခေါ်ဆိုကြသည်။
တာအိုဝါဒသာမက ဗုဒ္ဓဘာသာ ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် ငရဲကိုးထပ်ကပင် သူ၏ဘွဲ့အမည်ကို အသိအမှတ်ပြုခဲ့ကြသည်။
ဤသို့ ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထပ်သို့ ရောက်ရှိနေသူကို ရင်ဆိုင်ရန်ခက်ခဲသော်လည်း ချီထျန်းမဟာသူတော်စင်ကတော့ သူ၏လက်နက်ကိုပင့်မြှောက်ကာ စိန်ခေါ်ခဲ့သည်။
ရွှေရောင်နန်းတော်တံခါး (၉)ခု မျောက်မင်းထံသို့ ပြိုလဲကျလာပြီး သုံးလောက၏ကျောက်စိမ်းထောက်တိုင်ပုံရိပ်ရောင်များက တောက်ပစွာလင်းထိန်သွားပြီး မျောက်မင်းကို ကောင်းကင်ယံမှ ငရဲဘုံသို့ ပစ်လွှတ်လိုက်သည်။
သို့သော် ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံနှင့်အတူ သံမဏိရွှေတုတ်က မိုးကုတ်စက်ဝိုင်းကို ထိုးဖောက်သွားပြီး ငရဲဘုံ ၊ လူ့ဘုံနှင့် ကောင်းကင်ဘုံတို့ကို ဖောက်ထွင်းသွားသည်။
ကြီးမားလှသောစွမ်းအားတစ်ခုက ကျောက်စိမ်းဧရာဇ်၏ ရွှေရောင်နန်းတော်တံခါးများနှင့် အားပြင်းစွာရိုက်ခတ်မိသွားပြီး ကြီးမားသော တုန်ခါမှုလှိုင်းလုံးကြီးက အသင်္ချေကမ္ဘာတစ်ခုလုံးအား လှုပ်ခတ်သွားစေသည်။
ရွှေရောင်နန်းတော်တံခါးများ ဆက်လက်ဖိချလာပြီး မျောက်မင်းကို မြေကြီးအတွင်းသို့ မြှုပ်နှံရန် ကြိုးပမ်းလိုက်သည်။
သို့သော် မျောက်မင်းက အလွန်အင်အားကြီးမားလွန်းသည်။
သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိပြီး ဝိညာဉ်မြစ်နှင့် ငရဲကိုးထပ်သည်ပင် သူတို့၏တိုက်ခိုက်မှုကို ခံစားရစေကာ အဖျက်စွမ်းအားများနိုးထလာသည်။
ကြီးမားသောကပ်ဘေးကြီးက အသင်္ချေကမ္ဘာကို ထိခိုက်စေခဲ့ပြီး သိသာထင်ရှားသော ပျက်ဆီးမှုများကို ခံစားရတော့မည့်အလား ဖြစ်သည်။
မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားများက အသင်္ချေကမ္ဘာကို တည်ငြိမ်အောင်လုပ်ဆောင်သူကလုပ်ဆောင် ၊ စွန်းဝူခုန်းကို ဝိုင်းဝန်းတိုက်ခိုက်သူများကလည်း ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
သို့သော် ချီထျန်းမဟာသူတော်စင်က မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဝိုင်းဝန်းတိုက်ခိုက်မှုကို ကြောက်ရွံ့ခြင်း မရှိပေ။
ကောင်းကင်နတ်ဘုရားများက သူ့ကို လာရောက်တိုက်ခိုက်သည့်တိုက် အင်အားလုံလောက်ခြင်းမရှိပါက ဝူခုန်းက သူတို့ကို လျစ်လျူရှုပစ်ခဲ့သည်။
မျောက်မင်းက သူ့ကိုတိုက်ခိုက်လာသူများကို ကျဆင်းလာသည့်မိုးစက်များပမာ သဘောထားခဲ့သည်။
အဖျက်တရားများနှင့်အတူ မျောက်မင်းက ပြိုကွဲသွားသောငရဲဘုံမှ ထွက်ပေါ်လာကာ ကောင်းကင်ကိုးထပ်သို့ ပြန်လည်ရောက်ရှိလာပြီး ကျောက်စိမ်းဧကရာဇ်နှင့် တဖန်ပြန်လည်တိုက်ခိုက်ခဲ့သည်။
မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှာ တည်ဆောက်သည့်အချိန်မှစပြီး ပထမဆုံးအကြိမ် ပျက်ဆီးခြင်းကိုခံစားခဲ့ရသည်။
နန်းတော်အဆောက်အဦများအားလုံး ပြိုကွဲပျက်ဆီးသွားခဲ့သည်။
သိုင်းကျမ်းစာကြည့်တိုက်သည်ပင် အခြားသောအဆောက်အဦများနှင့်အတူ ပျက်ဆီးသွားသည်ကို ရန်ကျောက်ကဲ တွေ့မြင်နေရသည်။
သူနေထိုင်ခဲ့သော သိုင်းကျမ်းစာကြည့်တိုက်မှာ ဤတိုက်ပွဲပြီးဆုံးသည့်နောက်ပိုင်း ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းဧကရာဇ်နေထိုင်ရာ ကောင်းကင်ဘုံနန်းတော်သည်လည်း အစိတ်အပိုင်းများအဖြစ် တစ်စစီ ပျက်ဆီးသွားခဲ့သည်။
တိုက်ပွဲအဆုံးသတ်ခါနီးတွင် ချီထျန်းမဟာသူတော်စင်က ကျောက်စိမ်းဧကရာဇ်၏သရဖူကို လက်ဖဝါးဖြင့် ရိုက်ချနိုင်ခဲ့ပြီး ကောင်းကင်ဘုံ (၃၃)ဘုံကို နတ်ဘုရားအလင်းဖြင့် ထောက်ကူထားသည့် ရွှေရောင်နန်းတော်တံခါးများကို အောက်သို့ဆွဲချပစ်လိုက်သည်။
သို့တိုင် မျောက်မင်းက လက်လျှော့ရန် အစီအစဉ် မရှိခဲ့ပေ။ ပိုမိုပြတ်သားသောဆုံးဖြတ်ချက်ဖြင့် နောက်မဆုတ်တမ်း ထပ်မံတိုက်ခိုက်ခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။
မကြာမီ ကြီးမားလှသော ဧရာမလက်ဖဝါးတစ်ဖက်က ရွှေရောင်နန်းတော်တံခါးများကိုကျော်လွန်ပြီး မျောက်မင်း၏ခန္ဓာကိုယ်အား မြေပြင်ထက်သို့ ဖိချလိုက်သည်။
မျောက်မင်းက မကြောက်ရွံ့ဘဲ ရပ်တည်နေဆဲပင်။
သူက ဒေါသတကြီးအော်ဟစ်လိုက်ပြီး သံမဏိရွှေတုတ်ကို ကောင်းကင်ယံသို့ ထိုးးညွှန်ကာ သူ့ကိုနှိမ်နင်းရန်ကြိုးစားနေသည့် တည်ရှိမှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူတို့ကြားတွင်ရှိနေသော ရွှေရောင်နန်းတော်တံခါးများပြိုကွဲသွားပြီး နှစ်ဖက်ထိပ်တိုက်တွေ့မှု ဖြစ်ပေါ်လာသည်။
မျောက်မင်း အလွန်အံ့အားသင့်သွားသည်။
သူ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပြူးကျယ်လိုက်သည်။
“ဆရာ...”
ထိုသို့ ဒေါသတကြီးအော်ဟစ်လိုက်သံသည် ထာဝရအချိန်ကာလ စီးကြောင်းတစ်လျှောက် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
သံသယ၊ အံ့အားသင့်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ စိတ်ပျက်မှု၊ နာကျင်မှု၊ မယုံကြည်နိုင်မှု…။
အမျိုးမျိုးသော စိတ်ခံစားချက်များပေါင်းစည်းသွားပြီး စကြာဝဠာထဲတွင် ပဲ့တင်ထပ်လျှက် ဘယ်သောအခါမှ ပျောက်ကွယ်နိုင်ခြင်း မရှိတော့ပေ။
ကျယ်လောင်သော ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများက မျောက်မင်း၏ ဒေါသတကြီးအော်ဟစ်သံကို ဖုံးလွှမ်းသွားသည်။
သူ့ကိုဖိချပ်လိုက်သည့် ဧရာမဗုဒ္ဓလက်ဖဝါးကြီးက တောင်တန်းများအဖြစ်ပြောင်းလဲသွားကာ မျောက်မင်းကို ဖိနှိပ်ထားလိုက်သည်။
အရာအားလုံးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ဖြစ်သည်။
သို့သော် ပြိုကွဲသွားသောငရဲဘုံ ၊ လူ့ဘုံနှင့် ဖရိုဖရဲဖြစ်နေသော ကောင်းကင်ဘုံတို့ကတော့ သက်သေအဖြစ် ကျန်ရစ်ခဲ့လေသည်။