← Chapters

မဟာသူတော်စင်၏ ရွှေခန္ဓာ

Vol. 105 Ch. 1468

မဟာသူတော်စင်၏ ရွှေခန္ဓာ

Vol. 105 Ch. 1468

အခန်း (၁၄၆၈) မဟာသူတော်စင်၏ ရွှေခန္ဓာ

“ကလင်”

တိတ်ဆိတ်မှုကိုဖြတ်သန်းပြီး ခပ်ဖျော့ဖျော့အသံတစ်ချက် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ အသံ၏ရင်းမြစ်ကို ခြေရာခံလိုက်ရာ ကျောက်နံရံထဲတွင် မြှုပ်နှံထားသော မြေကြီးအမြုတေကျောက်တုံး ပြုတ်ကျသွားသည်ကိုတွေ့လိုက်ရသည်။

ထို့နောက် ကျောက်တုံးက မြေကြီးဆွဲင်အား ၊ လေထုတွန်းအားဖြင့် မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

ချီထျန်းမဟာသူတော်စင်၏ အုတ်မြစ်ဖြစ်သော—မြေကြီးအမြုတေကျောက်တုံး။

ထိုကျောက်တုံး ကျောက်သားနံရံမှ ပြုတ်ကျသွားသည်နှင့် ဒြပ်စင်ငါးပါးတောင်၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့လေသည်။

တစ်နည်းအားဖြင့် ချီထျန်းမဟာသူတော်စင်”စွန်းဝူခုန်း” သည် ထာဝရချုပ်နှောင်ခြင်းမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

“ကောင်လေး... ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”

အသံတစ်သံက ရန်ကျောက်ကဲနားထဲ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ထို့နောက် စွန်းဝူခုန်း ပျောက်ကွယ်သွားလေသည်။

ရန်ကျောက်ကဲက အသံ၏ရင်းမြစ်ကို ခြေရာခံရန် ခေါင်းမော့ကြည့်လိုက်သည်။

ရွှီဖေး၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ မူလနေရာတွင်ပင် ရှိနေဆဲဖြစ်သည်။

သူတို့ထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တောင်တန်းများကိုဖြတ်ကျော် ၊ ကောင်းကင်ယံကိုထိုးဖောက်ကာ စကြာဝဠာကိုဖြတ်သန်းလျှက် အထက်သို့ ဖြောင့်တန်းစွာ မြင့်တက်သွားသည်။

ထိုအလင်းတန်း၏ နောက်ဆုံးဦးတည်ရာက မည်သည့်နေရာဖြစ်ကြောင်း မသိရပေ။

ချီထျန်းမဟာသူတော်စင် မည်သည့်နေရာသို့ ထွက်ခွာသွားပါသနည်း။

မျောက်မင်းက သူ၏ကျင့်ကြံခြင်းအားလုံးကိုစွန့်လွှတ်ပြီးနောက် ကျန်ရှိသောစွမ်းအားဖြင့် စည်းတံဆိပ်(၂)ခုကို ခုန်ကျော်သွားခဲ့သည်။

သူ မည်သည့်နေရာသို့ ရောက်ရှိမည်နည်း၊ မည်သည့်အရာကို လုပ်ဆောင်မည်နည်း။

အမျိုးမျိုးသော အတွေးများ ရန်ကျောက်ကဲစိတ်ထဲတွင် ဖြတ်သန်းသွားသည်။ သို့သော် သူက ထိုအတွေးများကိုဖယ်ရှားလိုက်ပြီး အလွန်အမင်းစူးစမ်းခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။

အနာဂတ်တွင် သူတို့ ပြန်လည်ဆုံတွေ့နိုင်ပေမည်။ သို့မဟုတ် ဘယ်တော့မှ မဆုံတွေ့ရသည်လည်း ဖြစ်နိုင်သည်။

မည်သူ သိနိုင်ပါမည်နည်း။

ရန်ကျောက်ကဲ စိတ်ကို တည်ငြိမ်အောင်ထိန်းလျက် သူ့ပတ်ဝန်းကျင်ရှိ လူ(၃)ယောက်ဆီသို့ ပြန်လည်အာရုံစိုက်လိုက်သည်။

မျောက်မင်းအသွင် ပုံစံပြောင်းသွားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယခုတော့ လူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

သူ၏နောက်ကျော ၊ ညာဘက်ပခုံးရိုးများထက်တွင် မျောက်မင်းပုံစံတက်တူးက ထင်ရှားကျန်ရစ်နေသည်။

ယခု...

ဒြပ်စင်ငါးပါးတောင်၏ စည်းတံဆိပ်ပြိုကွဲသွားပြီဖြစ်သည်။

စကြာမုနိဗုဒ္ဓက သတိမထားမိနိုင်သေးသော်လည်း ပထမတံဆိပ်ပိုင်ရှင်ကတော့ အသက်ရှင်နေသေးလျှင် သတိထားမိမည် ဖြစ်သည်။

ထိုနည်းတူ အဖြူရောင်ကြာပန်းသုခဘုံကို အုပ်ချုပ်သည့် ဘုရားလောင်းနှင့် သူ၏လက်အောက်ခံများသည်လည်း ကျဲရှင်ကမ္ဘာတွင် တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိပေလိမ့်မည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် စိတ်ခံစားချက်များဖြင့် အချိန်ဖြုန်းရန် မဖြစ်နိုင်‌တော့ပေ။ အညန်းငယ်တုံ့ဆိုင်းပြီးနောက် သူက မြေကမ္ဘာအမြုတေကျောက်တုံးကို ကောက်ယူပြီး နေရာမှထွက်ခွာသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဤနေရာကို အနည်းငယ် ဦးညွှတ်လိုက်သည်။

ထို့နောက် သူ၏ညာဘက်ပခုံးထက်တွင် ရေးထိုးထားသည့် မျောက်မင်းပုံစံတက်တူးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

နိယာမအားလုံးကိုကျော်လွန်သည့် ဖုံးကွယ်မထားနိုင်သော မိစ္ဆာချီက တစ်လောကလုံးတွင် ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများက ချက်ချင်းပင် အကြင်နာတရားကင်းမဲ့သော မျောက်မင်းအသွင်သို့ ကူးပြောင်းသွားသည်။

ထို့နောက် အလင်းတန်းများလည်ပတ်သွားပြီး စွန်းဝူခုန်း၏ ဇာမဏီငှက်မွှေးခရမ်း‌ရွှေရောင်သရဖူ ၊ ရွှေသံကွင်းဝတ်ရုံနှင့် ကြာပန်းအမြစ်ခြေနင်းတို့က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက်တွင် ဝတ်ဆင်ပြီးသားဖြစ်သွားသည်။

သူက လက်ကိုဆန့်ထုတ်လိုက်ပြီး သံမဏိရွှေတုတ်ကို စကြာဝဠာတစ်ခုလုံးဆီသို့ လှည့်ပတ်လိုက်သည်။

ကောင်းကင်ကိုပင် သိမ်းပိုက်နိုင်စွမ်းရှိသော ကြီးမားသည့် မျောက်မင်းက ကောင်းကင်ကိုမော့ကြည့်အော်ဟစ်လိုက်ပြီး အစွမ်းကြီးမားသော အမူအရာကို ပြသလိုက်သည်။

ထို့နောက် သူက ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် ပန်ပန်တို့ကိုဆွဲယူပြီး အုပ်စုလိုက် ကောင်းကင်ဆီသို့ ခုန်တက်သွားသည်။

ဒြပ်စင်ငါးပါးတောင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျောက်မင်းအသွင်ပြောင်းလဲခြင်းကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။

အပြင်ပိုင်းစည်းတံဆိပ်က သက်ရောက်မှုစတင်လာသည်။

အလင်းတန်းများထွက်ပေါ်လာပြီး နယ်မြေတစ်ခုလုံးအား ပိတ်ဆို့ထားလိုက်သည်။

သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ထွက်သွားပြီးနောက် ရန်ကျောက်ကဲကလည်း ဖုံးကွယ်ထားရန် အစီအစဉ် မရှိတော့ပေ။

သူက အပြင်သို့ အလျှင်အမြန်ထွက်ခွာရန်သာ ဆုံးဖြတ်လိုက်သည်။

ရွှေရောင်မျောက်မင်းအဖြစ်အသွင်ပြောင်းထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သံမဏိတုတ်ကိုဝှေ့ယမ်းကာ စည်းတံဆိပ်ကို အတင်းအကျပ် ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် သူက ကျဲရှင်ကမ္ဘာမှ ထွက်ခွာသွားတော့သည်။

စကြဝဠာအဆုံးမဲ့ ဗလာနယ်အတွင်း အဖြူရောင်ကြာပန်းများ စတင်ပွင့်လန်းလာသည်။

ကျယ်ပြန့်သော အဖြူရောင်ကြာပန်း ဥယျာဉ်ထဲတွင် အနက်ရောင်မီးလျှံများကိုလည်း ရံဖန်ရံခါ တွေ့ရတတ်သည်။

ရွှေရောင်မျောက်မင်းကို တွေ့မြင်လိုက်သည်နှင့် စကြာဝဠာတစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားသည်။

အဖြူရောင်ကြာပန်းသုခဘုံအတွင်း ယခင်က ထွက်ပေါ်လာခဲ့သော အလင်းတန်းများသည် လူတိုင်း၏ စိတ်ထဲတွင် စွဲမြဲစွာ တည်ရှိနေခဲ့သည်။

ရွှေရောင်မျောက်မင်း ထွက်ပေါ်လာသည်နှင့် လူတိုင်း၏လှုပ်ရှားမှုများက နှေးကွေးသွားသည်။

သို့သော် ခဏအတွင်းမှာပင် အဖြူရောင်ကြာပန်းများထက်မှ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းများက ရန်ကျောက်ကဲတို့အုပ်စုအား ဝန်းရံသွားသည်။

ရွှေရောင်မျောက်မင်းက ရယ်မောလိုက်ပြီး သံမဏိတုတ်ကိုဝှေ့ယမ်းလျှက် ဝင်ရောက်လာသော ဗုဒ္ဓရောင်ခြည်များအားလုံးကို ရိုက်ထုတ်ပစ်လိုက်သည်။

အဖြူရောင်ကြာပန်းတစ်ပွင့်ထက်ရှိ ဗုဒ္ဓရောင်ခြည်ထဲတွင် ဗုဒ္ဓတစ်ပါး ဖြည်းညင်းစွာထင်ရှားလာပြီး “တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ” ၏ အသွင်သဏ္ဌန်ထွက်ပေါ်လာသည်။

သူ၏ မျက်နှာအမူအရာက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။

နက်ပြာရောင်မီးတောက်မီးလျှံများက အဖြူရောင်ကြာပန်းများနှင့် တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ပြီး နေရာမှထွက်ခွာကာ မျောက်မင်းရှိရာသို့ ရောက်လာသည်။

“အခြေအနေ ဘယ်လိုလဲ”

အချင်းချင်းပြန်ဆုံကြသည်နှင့် ဖန်းယွင်ရှန်းက မေးမြန်းလိုက်သည်။

“ဂိုဏ်းတူအစ်ကို ရွှီဖေး ဘယ်လိုနေလဲ။”

ရန်ကျောက်ကဲ၏မျက်နှာထက် အပြုံးတစ်ခုထွက်ပေါ်လာသည်။

“ငါ အဆင်ပြေပါတယ် ၊ ညီမလေးဖန်း စိတ်ပူပေးလို့ကျေးဇူးပဲ”

ထို့နောက် ရွှေရောင်မျောက်မင်း၏ ကြီးမားသောပုံရိပ်ကြီးပျောက်ကွယ်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအသွင် ပြန်လည်ထွက်ပေါ်လာသည်။

ရွှေရောင်းအလင်းတန်းများစုစည်းသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ညာဘက်ပခုံးရှိ တက်တူးမျောက်မင်းဆီသို့ ပြန်လည်ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲလက်ဖဝါးထက်တွင် ရောင်စုံတိမ်တိုက်တစ်ခုရှိနေလေသည်။ ထိုတိမ်တိုက်ထက်တွင် ပန်ပန်က အိပ်ပျော်လျှက်ရှိပြီး ရွှီဖေးကက သူ့ဘေးနားတွင် ထိုင်နေလေသည်။

ယခု ရွှီဖေးက လူသားအသွင် ပြန်လည်ရောက်ရှိနေပေပြီ။

သူ၏ တောက်ပသည့်အသားအရေက ယခင် ကျောက်သားမီးခိုးရောင်နှင့် သိသိသာသာ ခြားနားသွားပေပြီ။

သူက အင်္ကျီကိုဖွင့်ဟထားသည်ဖြစ်ရာ သူ၏ညဘက်ပခုံးထက်မှ မျောက်မင်းပုံစံတက်တူးက ပေါ်ထွက်နေသည်။ ထိုတက်တူးက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက်မှ တက်တူးနှင့်တစ်ပုံစံတည်း ဖြစ်၏။

ထိုတက်တူးမှ မှိန်ဖျော့ဖျော့အလင်းရောင်တောက်ပနေသည်။

ဤသည်က ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာပင် ဖြစ်သည်။

ဤသည်က စွန်းဝူခုန်း သူတို့အတွက် ချန်ထားပေးခဲ့သော လက်ဆောင်ဖြစ်သည်။

“သူတို့တွေက တစ်ယောက်မှ နတ်ဘုရားမဖြစ်ကြသေးဘူး ၊ ဒါကြောင့် ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို ဆောင်ယူဖို့ အရည်အချင်းမပြည့်မီဘူး ၊ ဒါပေမဲ့... မြေခွင်းပုလဲ ၊ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာနဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုးကြောင့်သူတို့ (၃)ယောက်လုံးက လိုအပ်ချက်တွေ ပြည့်မီသွားကြတယ်”

ရန်ကျောက်ကဲက ရှင်းပြလိုက်သည်။

“သူတို့က ရွှေခန္ဓာကို ညီတူညီမျှ ခွဲဝေထားသလို တခြားသက်ရောက်မှုတွေကိုလည်း ညီတူညီမျှ ခွဲဝေထားတယ်”

သူက ဆက်ပြောလိုက်သည်။

“ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အခိုင်အမာဆုံး အုတ်မြစ်ရှိတယ်၊ ဒါကြောင့် သူက အမြန်ဆုံး ပြန်လည်လှုပ်ရှားနိုင်ခဲ့တာပဲ ၊ အစ်ကိုရွှီဖေးကတော့ သေရွာပြန်ပေါ့ ၊ သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ဖို့ အချိန်လိုအပ်သေးတယ်။ ဒီငပျင်းကောင်ကတော့ ချက်ချင်းကို အိပ်ပျော်သွားတာပဲ”

ရွှီဖေးက...

“ငါက ဒီတစ်ခေါက် သေပြီလို့ထင်တာ ၊ မင်းကြောင့် အသက်ရှင်နိုင်ခဲ့တာပါ”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“အဲဒီလိုမပြောစမ်းပါနဲ့”

ထို့နောက် သူက လက်တစ်ဖက်မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

ရွှီဖေးက ပြုံးလိုက်ပြီး သူ့လက်ကိုဆန့်လျှက် လက်သီးဆုပ်လိုက်ကာ ညီအစ်ကိုနှစ်ယောက်၏လက်သီးများ အချင်းချင်းထိတွေ့ဆုံစည်းသွားသည်။

ခဏမျှရပ်နားပြီးနောက် ရွှီဖေးက စိုးရိမ်စွာဖြင့်...

“ရှီကျွင်းလေးတို့သားအမိ ဘယ်လိုနေလဲ ၊ ကျန်တဲ့သူတွေရော အခြေအနေ ဘယ်လိုရှိလဲ”

ရန်ကျောက်ကဲက...

“အစ်မယွီကျန်းကတော့ အဆင်ပြေပါတယ် ၊ နည်းနည်းလောက်အနားယူလိုက်ရင် ပြန်သက်သာလာလိမ့်မယ် ၊ အခုလောက်ဆို သတိတောင်ရနေလောက်ပြီ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ရှီကျွင်းကတော့ ဒဏ်ရာပြင်းထန်တယ် ၊ သူ့ရဲ့ ညာဘက်မျက်လုံး ၊ ညာဘက်လက်နဲ့ ညာဘက်ခြေထောက်တွေ အကုန်သုံးမရတော့ဘူး ၊ သူ ပြန်သက်သာလာဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ”

ရှီကျွင်း၏ ပြတ်သားသောဆုံးဖြတ်ချက်နှင့် ဇွဲလုံ့လက ရန်ကျောက်ကဲနှင့် ရွှီဖေးတို့နှစ်ယောက်လုံးကို အထင်ကြီးလေးစားစေသည်။

ရှီကျွင်းက သူက ခန္ဓာကိုယ်ထဲတွင်ရှိနေသော မဟာနတ်ဆိုး’ကျုန်းယွမ်’ ကို ဖျက်ဆီးရန်အတွက် ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် မိမိကိုယ်ကိုပင် ရက်စက်ကြမ်းတမ်းစွာ ပျက်ဆီးစေခဲ့သည်။

သို့သော် နတ်ဆိုးအငွေ့အသက်က သူ၏အသွေးအသားကိုသာမက စိတ်ဝိညာဉ်ကိုပါ စွန်းထင်းစေခဲ့သည်။

ရှီကျွင်းက နတ်ဆိုးကို သတ်ဖြတ်လိုက်သဖြင့် ပြန်လည်ပြုပြင်မရနိုင်သော ထိခိုက်ဒဏ်ရာများကို ခံစားရမည်ဖြစ်သလို သူ၏ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ဒဏ်ရာရရှိခဲ့သည်။

သို့ဖြစ်ရာ သူ၏ ဒဏ်ရာများကို ကုသရန်ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။

ရန်ကျောက်ကဲက...

“ငါ့စိတ်ထဲမှာတော့ ကုသဖို့နည်းလမ်းတချို့ရှိတယ် ၊ ပြန်ရောက်မှ ရှီကျွင်းအခြေအနေကို သေချာစစ်ဆေးကြည့်ရမယ် ၊ ဒါဆို သူ အဆင်ပြေသွားမှာပါ”

သူက ဆက်ပြောလိုက်သည်။

“သူတို့ကို ထျန်းစူးစကြာဝဠာကို ပြန်ပို့ထားတယ် ၊ မင်းအခြေအနေက အရမ်းဆိုးရွားနေလို့ ဒီကိုအရင်ထွက်လာခဲ့တာ ၊ ကျန်တဲ့သူတွေနဲ့ကတော့ အဆက်အသွယ်မရသေးဘူး။”

ရွှီဖေးက ခေါင်းညိတ်ရင်း...

“ကျန်တဲ့သူတွေလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”

သူက ခေါင်းကိုလှည့်ပြီး သူ၏ ညဘက်ပခုံးထက်မှ တက်တူးကိုကြည့်လိုက်သည်။

“ဒါက ငါ့အတွက်တော့ အဆိုးထဲကအကောင်း ဖြစ်သွားတာပဲ”

ဖန်းယွင်ရှန်းက...

“စောစောက မင်းရဲ့မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို ပြသလိုက်တယ်မလား ၊ အဲဒီထဲမှာ ချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်းတွေ ပါဝင်နေတယ် ၊ အဲဒါက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်နဲ့ ဆင်တူတယ်မလား”

သူမက ဆက်မေးမြန်းလိုက်သည်။

“ဂိုဏ်းတူအစ်ကို ရွှီဖေးနဲ့ ပန်ပန်တို့ ပြန်လှုပ်ရှားနိုင်ရင် သူတို့လည်း အဲဒီလိုပဲဖြစ်မှာမလား”

ရန်ကျောက်ကဲက နှုတ်ခမ်းထောင့်များကော့ညွှတ်သွားသည်အထိ ပြုံးလိုက်သည်။

“ဒါက ငါတို့ အဂ္ဂိရတ်ခန်းမက ဆေးလုံးချီတွေကို စုပ်ယူကျင့်ကြံတာနဲ့ဆင်တူတယ် ၊ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက နည်းနည်းအားနည်းနေသေးတယ် ၊ ဒါကြောင့် ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို ဖြည်းဖြည်းချင်း သန့်စင်ဖို့ အချိန်လိုအပ်တယ ၊ ဒီလိုအရာကို သန့်စင်ဖို့ဆိုတာ မင်းထင်တာထက် အများကြီး ပိုခက်ခဲတယ်”

All Chapters