← Chapters

တတိယအချီ

Vol. 105 Ch. 1469

တတိယအချီ

Vol. 105 Ch. 1469

အခန်း (၁၄၆၉) တတိယအချီ

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“မြေကြီးအမြုတေကျောက်တုံးရဲ့ မပျက်ဆီးနိုင်တဲ့ သက်ရောက်မှုတွေမရှိခဲ့ရင်တောင် ချီထျန်းမဟာသူတော်စင်က ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ ရှေးခေတ်ကျင့်ကြံသူတွေကို အနိုင်ယူနိုင်ဆဲပါပဲ”

သူက ဆက်ပြောလိုက်သည်။

“အကြီးအကဲကောင်းနဲ့ လဝန်းထက်ယံအရှင်သခင်တို့ဆိုရင်တော့ မဟာသူတော်စင်ရဲ့ရွှေခန္ဓာကို ဆက်ခံလိုက်ရင်း ချက်ချင်း မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်သွားမှာ”

ချီထျန်းမဟာသူတော်စင်၏ အမွေအနှစ်က ဤမျှအကျိုးကျေးဇူးများပြားသည်ဖြစ်ရာ သူက ကြုံရာကျပမ်းမျောက်မျိုးနွယ်များကို ပေးပစ်လိုက်နိုင်ပါမည်လား။

မဟာသူတော်စင်ကို ကူညီမည်ဆိုလျှင် အဆိုးဆုံးရလဒ်ကို စဉ်းစားစရာမလိုအပ်ပေ။ သို့သော် အကျိုးအမြတ်များရရှိမည်ဆိုလျှင်လည်း အခြားသူများကို အလကားပေးလိုက်ရန် မဖြစ်နိုင်ပေ။

ဖန်းယွင်ရှန်းက ရွှီဖေးအား လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...

“ဂိုဏ်းတူအစ်ကိုရွှီဖေး၊ ဂုဏ်ယူပါတယ်”

ရွှီဖေးက...

“လောလောဆယ်တော့ ပျော်တယ်ဆိုတာထက် သတိထားနေရတယ် ၊ ဘာလို့လဲဆိုတော့ ငါ ကျင့်ကြံခြင်းအဆင့်အရမ်းမြင့်တက်သွားပြီး အခြေခံအုတ်မြစ်တွေမခိုင်မာဘူးဆိုရင် ဒီတိုးတက်မှုက အလကားဖြစ်သွားလိမ့်မယ်”

သူ့စကားတွင် ရိုးသားမှုများပါဝင်သည်။

ဖန်းယွင်ရှန်းက...

“အဲဒါကို နားလည်ပါတယ်”

ရွှီဖေးက...

“ငါ့ရဲ့စံနမူနာကတော့... တစ်လှမ်းချင်း ခြေလှမ်းမှန်မှန်လှမ်းတာပဲ ၊ ဒါပေမဲ့ အဲဒီလိုလုပ်ချင်ရင်တောင် အချိန်ကခွင့်ပြုမှာမဟုတ်ဘူး ၊ အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာပေါ့”

ရန်ကျောက်ကဲသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး...

“ဖိအားတွေက တွန်းအားဖြစ်လာတတ်ပါတယ် ၊ မင်း ရှေ့ဆက်ဖို့ ရွေးချယ်စရာမရှိရင် အဲဒီလိုမျိုး ကြုံတွေ့ရတတ်တယ် ၊ အဲဒီအချိန်မျိုးရောက်လာရင် ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ရမှာပဲလေ”

သူက ရယ်မောလိုက်ရင်း...

“ဒါက မင်းနဲ့ ပန်ပန်တင်မဟုတ်ဘူး ၊ ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလည်း အတူတူပဲ ၊ ဖန်းယွင်ရှန်း ဒီလိုအဆင့်ရောက်သွားတာကလည်း လွန်ခဲ့တဲ့အနှစ်(၂၀)က သူ့ကျင့်ကြံခြင်းကြောင့်ပဲ”

ဖန်းယွင်ရှန်းက...

“ဒါဖြင့် ကျွန်မတို့လည်း ထျန်းစူးစကြာဝဠာကို အမြန်ပြန်ရအောင် ၊ ကျန်တဲ့သူတွေလည်း အန္တရယ်ကင်းမယ်လို့ မျှော်လင့်ပါတယ်”

သူတို့အုပ်စု စကားပြောရင်း ဆုံးမဲ့ဗလာနယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်ကြာပန်းသုခဘုံမှလူများကတော့ အဖြစ်အပျက်များကို နားမလည်ဘဲ ကျန်ရစ်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ အဖြူရောင်ကြာပန်းသုခဘုံတွင် ဖြစ်ပျက်သွားသည့်ပြောင်းလဲမှုက အမျိုးမျိုးသောအင်အားစုများကို ဆွဲတောင်နိုင်မည်ဖြစ်၏။

အဖြူရောင်ကြာပန်းသုခဘုံတွင်သာမဟုတ်ဘဲ အခြားနေရာများတွင်လည်း အနည်းနှင့်အများ လှုပ်ရှားမှုများ ရှိလာနိုင်သည်။

***

အနောက်ဘက် သူတော်စင်ဘုံ ၊ ဗုဒ္ဓနယ်မြေတစ်ခုတွင် မီးအိမ်များတောက်ပနေပြီး အစိမ်းရောင်ကြာပန်းတစ်ပွင့်ထွက်ပေါ်လာသည်။

ကြာပန်းထက်တွင် ဗုဒ္ဓတစ်ပါး ထိုင်နေလေသည်။

သူ၏ညာလက်က မုဒြာလက်ဟန်တစ်ခုပြုလုပ်ထားပြီး ဘယ်လက်ကတော့ တင်ပျဉ်ခွေထိုင်နေသည့် ဒူးတစ်ဖက်ဆီသို့တင်ထားသည်။

ချီထျန်းမဟာသူတော်စင် စည်းတံဆိပ်မှလွတ်မြောက်သွားသည်နှင့် ထို‌ဗုဒ္ဓက မျက်လုံးများဖွင့်ကြည့်လိုက်သည်။

ရန်ကျောက်ကဲတို့အုပ်စု စည်းတံဆိပ်အပြင်ဘက်သို့ ဖောက်ထွင်းထွက်ခွာပြီး ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကိုယ်အသုံးပြုလျှက် ကျဲရှင်ကမ္ဘာမှထွက်ပြေးသွားသည့်အခါ ထိုဗုဒ္ဓက ဖြည်းညင်းစွာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

ထို့နောက် ဗုဒ္ဓနယ်မြေတွင် သက်ပြင်းရှည်တစ်ချက်ချသံ ထွက်ပေါ်လာသည်။

ခဏကြာပြီးနောက် အစိမ်းရောင်ကြာပန်းတစ်ခု ဗုဒ္ဓနယ်မြေအတွင်း ပျံသန်းဝင်ရောက်လာပြီး မျက်လုံးများမှိတ်ထားသည့် ဗုဒ္ဓရှေ့တွင် ရပ်တန့်လိုက်သည်။

ထိုအစိမ်းရောင်ကြာပန်းထက်တွင် နောက်ထပ်ဗုဒ္ဓတစ်ပါးထိုင်နေပြီး ထိုသူက ဦးခေါင်း(၂၀)လုံးနှင့် လက် (၁၈)ဖက် ရှိသည်။

သို့သော် သူ၏ လက်(၄)ဖက်မှာ လက်ဖြန်မှပျောက်ဆုံးနေပြီး တစ်ယောက်ယောက်က ဖြတ်တောက်ပစ်လိုက်ဟန် ရှိသည်။

သူ၏ရင်ဘတ်ထက်တွင်လည်း ချိုင်ဝှမ်းတစ်ခုနှင့်တူသော ကျယ်ပြန့်သည့်ဒဏ်ရာတစ်ခုရှိနေပြီး ထိုဒဏ်ရာက ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။

ကမ္ဘာဖျက်ကပ်ဘေး၏ နိမိတ်လက္ခဏာများ ထိုဒဏ်ရာမှ ယိုစိမ့်ထွက်နေပြီး သဘာဝ၏တိုက်စားမှုခံထားရသည့်ပမာ အားနည်းပြီး ညစ်ညမ်းသည့်အသွင် ပေါ်လွင်နေသည်။

သို့သော် ထိုဗုဒ္ဓက တည်ငြိမ်နေဆဲပင်။

သူက မျက်လုံးများမှိတ်ထားသော ဗုဒ္ဓအား ဦးညွှတ်ဂါရဝပြုလိုက်ရင်း...

“ဆရာ...”

ဟုခေါ်ကာ နှုတ်ဆက်လိုက်သည်။

မျက်လုံးမှိတ်ထားသောဗုဒ္ဓက မျက်လုံးများကို တဖန်ပြန်ဖွင့်လိုက်ပြီး ရောက်လာသူ၏ ရင်ဘတ်နှင့်လက်များမှ ကြောက်မက်ဖွယ်ရာဒဏ်ရာများကို စူးစိုက်ကြည့်လိုက်သည်။

“ဒီလောက်ဒဏ်ရာရသွားမယ်လို့ ထင်မထားမိဘူး”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဒီကောင်မလေးက ကောင်းကင်နတ်ဘုရားအဆင့်မှ မရောက်သေးတာ ၊ မင်းကို ဒီလောက်ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး ၊ ဖြစ်နိုင်တာက... နတ်ဘုရားသုတ်သင်အစီအရင် ပြန်ပြီးထွက်ပေါ်လာပြီလား”

ဦးခေါင်းအလုံး(၂၀) ရှိသော ဗုဒ္ဓက...

“ဟုတ်ပါတယ် ၊ နတ်ဘုရားသုတ်သင်အစီအရင်ကြောင့်ပဲ ၊ ပြီးတော့ နတ်ဘုရားသတ်ဖြတ်ဓားအစစ်လည်း ပြန်လည်ထွက်ပေါ်လာပြီ”

ထိုဗုဒ္ဓက တိုက်တိုင်းအောင်ဗုဒ္ဓဖြစ်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သူ ဖြစ်သည်။

သူက “ဆရာ” ဟု ခေါ်ဆိုခဲ့သောဗုဒ္ဓမှာ အတိတ်တစ်ချိန်က လင်စန်းတောင်မှ ကိုယ်တော်တစ်ပါးဖြစ်ပြီး ယခုတော့

ဘုန်းတော်ကြီးတစ်ပါးအဖြစ် လူသိများခဲ့ပြီး ယခုတော့ စန္ဒကူးဗုဒ္ဓဟု လူသိများသည့် ဘုန်းတော်ကြီး’စန်းကျန့်’ ပင် ဖြစ်သည်။

စန္ဒကူးဗုဒ္ဓက သက်ပြင်းချလိုက်ရင်း...

“စန်းချင်း(၃)ပါးအဆက်အနွယ်မှာ ကောင်းကင်နတ်ဘုရားတစ်ပါးက ဦးဆောင်ခြင်းမရှိဘဲ နတ်ဘုရားသတ်ဖြတ်ဓားနဲ့ နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် မင်း ဒီလောက်ဒဏ်ရာရသွားတာ အံ့သြစရာပဲ”

ထို့နောက် သူက လက်ဖဝါးတစ်ဖက်ဆန့်ထုတ်ပြီး တိုက်တိုင်းအောင်ဗုဒ္ဓ၏ ခေါင်းပေါ်သို့ တင်လိုက်သည်။

သလင်းကျောက်နှင့်တူသော ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ဆင်းသက်လာပြီး တိုက်တိုင်းအောင်ဗုဒ္ဓ၏ ဒဏ်ရာများ လျော့ပါးသက်သာသွားလေသည်။

တိုက်တိုင်းအောင်ဗုဒ္ဓက...

“တကယ်လို့ သူတို့သာ နတ်ဘုရားသုတ်သင် ဓား(၄)လက်လုံးစုစည်းနိုင်မယ်ဆိုရင် ကျွန်တော် လွတ်မြောက်ဖို့တောင် မဖြစ်နိုင်တော့ဘူး”

စန္ဒကူးဗုဒ္ဓက...

“မင်းရဲ့ဒဏ်ရာတွေ ပြန်လည်သက်သာစေဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပဲ ၊ ငါက မင်းရဲ့ဒဏ်ရာတွေကို သက်သာအောင်ပဲလုပ်ပေးနိုင်တယ် ၊ နောက်မှ အော်မီတော်ဖူဗုဒ္ဓကို သွားတွေ့လိုက်ပါ”

တိုက်တိုင်းအောင်‌ဗုဒ္ဓက...

“ဟုတ်ကဲ့... သွားတွေ့လိုက်ပါ့မယ်”

ထို့နောက် သူက စကားဆက်ပြောသည်။

“ကျွန်တော် ဒီကိုလာတာ တခြားကိစ္စတစ်ခုအတွက်ပါ ၊ ဆရာလည်း အာရုံခံမိပြီးပြီ မဟုတ်လား”

စန္ဒကူးဗုဒ္ဓ ခေါင်းညိတ်လိုက်သည်။

“နောက်ဆုံးတော့ သူ ဒြပ်စင်ငါးပါးတောင်က လွတ်မြောက်သွားပြီ ၊ ဘယ်လိုလွတ်မြောက်သွားတယ်ဆိုတာ ငါလည်း သေချာမသိဘူး ၊ အော်မီတော်ဖူဗုဒ္ဓကို သွားမေးကြည့်လိုက်ပါ”

“ထူးဆန်းတယ်လို့ ခံစားနေရတယ်”

တိုက်တိုင်းအောင်ဗုဒ္ဓက တိုးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူက စန္ဒကူးဗုဒ္ဓကို လှမ်းကြည့်လိုက်ပြီး...

“ဆရာ ချန်ထားခဲ့တဲ့စည်းတံဆိပ်ကို တစ်ယောက်ယောက်က ချိုးဖျက်လိုက်တာ ဖြစ်နိုင်မလား”

စန္ဒကူးဗုဒ္ဓက...

“ဟုတ်တယ် ငါချန်ထားခဲ့တဲ့စည်းတံဆိပ် ချိုးဖျက်ခံလိုက်ရတယ် ၊ ဒါက သူ ဒြပ်စင်ငါးပါးတောင်က ထွက်သွားပြီးမှ ဖြစ်ပကျ်ခဲ့တာပဲ ၊ ဒီတော့ ငါ့ရဲ့စည်းတံဆိပ်ကို ချိုးဖျက်လိုက်တဲ့သူက သူ မဟုတ်ဘူး”

တိုက်တိုင်းအောင်ဗုဒ္ဓက ခဏမျှ တွေးတောပြီးနောက်...

“သူ့ကိုကူညီပေးတဲ့သူကို မျောက်မင်းက သေချာပေါက် ကျေးဇူးဆပ်မှာပဲ”

စန္ဒကူးဗုဒ္ဓက ပြုံးလျှက်...

“ပြောရရင်တော့... ငါက စကြာမုနိဗုဒ္ဓရဲ့အမိန့်အတိုင်း မင်းကို ဒြပ်စင်ငါးပါးတောင်က ခေါ်ထုတ်လာတော့ မင်းရဲ့ကျင့်ကြံခြင်းက အဲဒီမျောက်မင်းနဲ့ အတူတူပဲလေ”

တိုက်တိုင်းအောင်ဗုဒ္ဓက...

“သူ့နောက်ကွယ်မှာ တန်ခိုးစွမ်းအားရှင်တစ်ယောက်ယောက် ရှိနေရမယ်...”

သူက တစ်ချက်စဉ်းစားလိုက်ပြီး...

“ဖြစ်နိုင်တာက... လောင်ကျွင်းများလား... ဒါမှမဟုတ်...”

သူက ခေါင်းငုံ့ပြီး ရင်ဘတ်ထက်မှ ဒဏ်ရာကိုကြည့်လိုက်သည်။

စန္ဒကူးဗုဒ္ဓက တည်ငြိမ်စွာဖြင့်...

“အော်မီတော်ဖူဗုဒ္ဓကိုသာ သွားတွေ့လိုက်ပါ”

တိုက်တိုင်းအောင်ဗုဒ္ဓက ဆရာဖြစ်သူကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး အစိမ်းရောင်ကြာပန်းကိုချန်ထားခဲ့ကာ နေရာမှ ထွက်ခွာသွားလေသည်။

စန္ဒကူးဗုဒ္ဓကတော့ နေရာမှာပင် မလှုပ်မယှက်ထိုင်နေပြီး နောက်ဆုံး မျက်လုံးများကို မှေးမှိတ်လိုက်သည်။

ထို့နောက် လေထုထဲတွင် သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။

ယခင်တိုက်ပွဲအတွင်း တိုက်တိုင်းအောင်ဗုဒ္ဓက နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့သည်။ သို့သော် ထို့ကြောင့်ပင် သူသည်လည်း အတင်းအကျပ် ပြန်လည်ဆုတ်ခွာလာခဲ့ရသည်။

တစ်ဖက်တွင် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးသည်လည်း ပျက်စီးသေဆုံးသွားခဲ့သည်။

ထိုအချိန် ရန်ကျောက်ကဲက ရွှီဖေး ၊ ရှီကျွင်းနှင့် ချန်ချန်းဟွာတို့ကိစ္စများကိုဖြေရှင်းရန် တစ်ချက်ပင်အနားမယူဘဲ လုပ်ဆောင်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အင်အားကြီးအုပ်စုများအကြား တိုက်ပွဲများက အဆုံးမဲ့ စကြာဝဠာနယ်နိမိတ်များတွင် မရပ်မနား ဆက်လက်ဖြစ်ပွားလျှက် ရှိ၏။

နတ်ဆိုးများသည်လည်း ငရဲကိုးထပ်မှ ထွက်ခွာလာခဲ့ကြသည်။

အခြားအင်အားစုများက လျှို့ဝှက်အကြံအစည်များဖြင့် တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေဆဲဖြစ်သော်လည်း ငရဲကိုးထပ်မှနတ်ဆိုးများကို ဝင်ရောက်လာခြင်းကို တားဆီးနေကြသည်။

အစပိုင်း မြေကမ္ဘာပလ္လင်နတ်ဆိုး၏ အောင်မြင်မှုကို အာရုံခံမိသည့်အခါ ငရဲကိုးထပ်မှ ကျွမ်းကျင်သူများ စိတ်ဓာတ်များ မြင့်တက်လာကြသည်။

သို့သော် ချက်ချင်းဆိုသလို၊ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ထပ်မံသေဆုံးသွားပြီး ၎င်းတို့၏မြင့်တက်နေသော စိတ်ဓာတ်များသည် ချိုင့်ဝှမ်းထဲသို့ ထိုးကျသွားတော့သည်။

ယခုတစ်ကြိမ်တွင် သူတို့က ကြီးကျယ်သော အကြံအစည်တစ်ခုကို စီစဉ်ပြီးမှ ငရဲကိုးထပ်မှ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

သို့သော် ၎င်းတို့၏ ကြိုးပမ်းမှုများ အလဟဿဖြစ်ခဲ့ရသည်။

၎င်းတို့၏ကြိုးပမ်းမှုများ အရာမထင်ရုံသာမက ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး တပ်ဖွဲ့များလည်း သိသိသာသာ ဆုံးရှုံးခဲ့ရသည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့ သေဆုံးသွားပြီဖြစ်သောကြောင့် နတ်ဆိုးအုပ်စုက ငရဲကိုးထပ်သို့ ပြန်လည်ဆုတ်ခွာရန် စီစဉ်ခဲ့သည်။

သို့သော် တာအိုဝါဒ၊ ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာမျိုးနွယ်မှ ကျွမ်းကျင်သူများက သူတို့နောက်လိုက်လံတိုက်ခိုက်ပြီး ထွက်မပြေးနိုင်ရန် တားဆီးကြသည်။

“ပထမတိုက်ပွဲ (၂)ခုမှာ ငါတို့ရှုံးရတာ အကြောင်းမဲ့မဟုတ်ဘူး”

မူလစိတ်ဝိညာဉ်နတ်ဆိုးက သက်ပြင်းချလျက် ဆိုသည်။

“ငါတို့ကိုယ်ငါတို့ အထင်ကြီးလွန်းသွားလို့ပဲ”

အရိပ်နတ်ဆိုးက သူ၏ စကားရွေးချယ်ပုံကို သတိပြုမိသွားသည်။

“ပထမတိုက်ပွဲ (၂)ခု ဟုတ်လား”

မူလစိတ်ဝိညာဉ်နတ်ဆိုးက...

“ဟုတ်တယ် ပထမတိုက်ပွဲ (၂)ခုမှာ ငါတို့ရှုံးခဲ့တယ် ၊ အခု တတိယအချီမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမယ်”

အရိပ်နတ်ဆိုးက...

“တတိယအချီတိုက်ပွဲက ဘယ်ကလာမှာလဲ”

မူလစိတ်ဝိညာဉ်နတ်ဆိုးက...

“နေရာအတိအကျတော့ ငါလည်းမသိဘူး ၊ ဒါပေမဲ့ သတ္တုပလ္လင်နတ်ဆိုးက အဲဒီကိစ္စကို တာဝန်ယူထားတယ် ၊ ငါတို့က သူ့ကို တခြားသူတွေအာရုံမစိုက်မိအောင် လုပ်ပေးရုံပဲ”

အဘိုးအိုက ပြုံးလိုက်ရင်း...

“ဒါဆို ငါတို့ သေချာပေါက် အောင်မြင်မှုရနိုင်တယ် ၊ တခါတလေ တစ်ခုကို ဆုံးရှုံးလိုက်ရပေမယ့် အခြားတစ်ခု ပြန်ရလာတတ်တယ် ၊ ဒါက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်အလင်းတန်း ဖြစ်နိုင်တယ်”

All Chapters