အဖိုးတန်ရတနာအိတ်
Vol. 105 Ch. 1470
အခန်း (၁၄၇၀) အဖိုးတန်ရတနာအိတ်
အရိပ်နတ်ဆိုးက...
“ငါ ဘာသတင်းမှမကြားတာ အံ့သြစရာမရှိပါဘူး ၊ သူ အရင်အမှားမျိုး ထပ်မလုပ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်”
ယခင်က သတ္တုပလ္လင်နတ်ဆိုးက အမတခုံရုံးမှ သိုင်းကျင့်ကြံသူ’ယင်းရှီယန်’ မှတစ်ဆင့် လူပြန်ဝင်စားခဲ့သည်။
ယင်းရှီယန်က ရန်ရှင်းထန်နှင့်တိုက်ခိုက်နေရင်း သူက အမှောင်ထုလွှမ်းမိုးမှုကိခံယူကာ သတ္တုပလ္လင်နတ်ဆိုး၏ရုပ်ခန္ဓာဖြစ်လာခဲ့ပြီး ဓားနတ်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။
မဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားလာသည့်အခါ ၊ လက်ခံလိုက်သည့်ခန္ဓာကိုယ်က နတ်ဆိုးအဖြစ် ပြောင်းလဲသွားသည်။
လက်ခံလိုက်သည့်ခန္ဓာကိုယ်၏ ယခင်အမှတ်တရများနှင့် နားလည်မှုများ မပြောင်းလဲသော်လည်း သူ၏နောက်ပိုင်းလမ်းစဉ်ကတော့ နတ်ဆိုးလမ်းစဉ်အတိုင်း လျှောက်လှမ်းသွားမည် ဖြစ်သည်။
သို့သော် ခန္ဓာကိုယ်ထဲတွင် အချို့သော မူမမှန်မှုများ ရှိနေနိုင်သည်။
ထို့ကြောင့် နတ်ဆိုးများက လူသားခန္ဓာများတွင် ပြန်လည်မွေးဖွားသည့်အခါ လူသား၏ စိတ်ဆုံးဖြတ်ချက်များက နတ်ဆိုးအပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။
ဓားနတ်ဆိုး’ယင်းရှီယန်’ နတ်ဆိုးဖြစ်လာသည့်အခါ သူက နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်အထိ စောင့်ဆိုင်းခြင်းမရှိဘဲ ရန်ရှင်းထန်နှင့် ချက်ချင်းပင် ရင်ဆိုင်ခဲ့သည်။
နောက်ဆုံး ဓားနတ်ဘုရားက ဓားနတ်ဆိုးကို သတ်ဖြတ်ပစ်ခဲ့ပြီး ယင်းရှီယန်သည်လည်း ရန်ရှင်းထန်၏ဓားအောက် ပျက်ဆီးသေဆုံးခဲ့ရသည်။ သတ္တုပလ္လင်နတ်ဆိုးမှာ ပြန်လည်ဝင်စားပြီး ခဏအတွင်းမှာပင် သေဆုံးခဲ့ရသည်။
ငရဲကိုးထပ်မှာလည်း လှောင်ရယ်ခြင်းသာလျှင် ခံစားခဲ့ရသည်။
ထောင်စုနှစ်များစွာကြာသည့်တိုင် သတ္တုပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားရန် အခွင့်အရေး မရရှိခဲ့ပေ။
မူလစိတ်ဝိညာဉ်နတ်ဆိုးက ခေါင်းခါယမ်းရင်း...
“သူ ပြန်ဝင်စားမယ့်ရုပ်ခန္ဓာက ဘယ်သူဖြစ်မလဲဆိုတာ ငါတောင်မသိဘူး ၊ ဒါကြောင့် ငါ မင်းကိုလည်း ပြောမပြနိုင်တာပေါ့”
“ဒါပေမဲ့ လျှို့တှက်ထားတာလည်း ကောင်းပါတယ် ၊ တကယ်လို့ ငါတို့ဘက်က အမှောင်ထဲကနေ တိုက်ခိုက်နိုင်ရင် အောင်မြင်နိုင်ခြေ ပိုများနိုင်တယ်”
မူလစိတ်ဝိညာဉ်နတ်ဆိုးက သက်ပြင်းချလိုက်သည်။
“ရေပလ္လင်နတ်ဆိုးနဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုး ရှုံးနိမ့်ရတဲ့အဓိကအကြောင်းရင်းက အချိန်ဆွဲခဲ့လို့ပဲ”
အရိပ်နတ်ဆိုးက...
“ဒီတော့ လောလောဆယ် ငါတို့တွေက တာအိုဝါဒ ၊ ဗုဒ္ဓဘာသာနဲ့ နတ်မိစ္ဆာမျိုးနွယ်က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကို ဆက်ပြီးအချိန်ဆွဲထားပေးရမလား”
သူက ဆက်ပြောလိုက်သည်။
“အခုလို အခြေအနေမျိုးမှာ တစ်ချက်လွဲရင် ငါတို့ပဲ ပျက်ဆီးရလိမ့်မယ် ၊ မင်း သေမှာမကြောက်ရင်တောင် ပြန်တည်ဆောက်ဖို့က အချိန်ကြာလိမ့်မယ်”
မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြုံးလိုက်ပြီး...
“ငါတို့ အကောင်းဆုံးကြိုးစားကြည့်ကြတာပေါ့ ၊ သတ္တုပလ္လင်နတ်ဆိုးက အလုပ်စနေပြီ ၊ ငါတို့ သိပ်အကြာကြီး စောင့်စရာတော့ မလိုပါဘူး”
ထို့နောက် သူက မှောင်မိုက်သည့် အဆုံးမဲ့ဗလာနယ်ထဲသို့ ကြည့်လိုက်သည်။
“ငါတို့ အမြန်စလိုက်ရအောင်...”
***
ရန်ကျောက်ကဲတို့အုပ်စု ဗလာနယ်အလွှာများကိုဖြတ်ကျော်ပြီး နောက်ဆုံး ထျန်းစူးစကြာဝဠာသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဖြူရောင်ကြာပန်းသုခဘုံတွင် ဖြစ်ပျက်ခဲ့သည့်ဆူညံမှုက ထိပ်တန်းတန်ခိုးစွမ်းအားရှင်များစွာ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ထို့ကြောင့် ထျန်းစူးစကြာဝဠာ၏ တည်နေရာဆုံမှန်များ ပေါ်ထွက်မသွားစေရန် ရန်ကျောက်ကဲတို့အုပ်စု အလွန်သတိထားခဲ့ရသည်။
သူတို့က လမ်းလွဲများမှသွားလာခြင်း ၊ သဲလွန်စအတုအယောင်များဖန်တီးခြင်းများပြုလုပ်ကာ ဂရုတစိုက်ခြေရာဖျောက်လိုက်ကြပြီး အခြားသူများ သူတို့နောက်သို့လိုက်မလာစေရန် တားဆီးခဲ့ကြသည်။
ရန်ကျောက်ကဲက ပျင်းရိနေရန် အချိန်မရှိခဲ့ပေ။
သူက မကြာခင်ကပင် အတိုင်းအဆမဲ့ကပ်ဘေးကိုစိန်ခေါ်ခဲ့ပြီး လုံလောက်သော ပြန်လည်ပြုပြင်မှုများ လိုအပ်ခဲ့သည်။
ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို ဆက်ခံပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း အသစ်ရရှိထားသော စွမ်းအားများကို ကျင့်ကြံလေ့လာရန် အချိန်လိုအပ်သည်ပင်။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး လူပြန်ဝင်စားသည့်တိုက်ပွဲများတွင် ဖန်းယွင်ရှန်းသည်လည်း ပြင်းထန်သောစမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ရသည်။
အဖြူရောင်ကြာပန်းသုခဘုံသို့ ရောက်ရှိပြီးနောက် သူမက ရန်ကျောက်ကဲအတွက် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရသည်။
သူမ၏ရုပ်ခန္ဓာက တိုက်ပွဲများ ဆက်တိုက် တိုက်ခိုက်နေရသည်ကို ခံနိုင်ရည်ရှိသော်လည်း သူမ၏စိတ်ဝိညာဉ်က နတ်ဆိုး၏ညစ်ညမ်းမှုကို ခုခံကာကွယ်ရန်အတွက် အချိန်လိုအပ်နေပြီ ဖြစ်သည်။
ရွှီဖေးကိုကယ်တင်ရန်အတွက်လည်း သူမက အံတင်းတင်းကြိတ်ပြီး ရှေ့မှရပ်တည်ပေးခဲ့ရသည်။
ယခုမှပင် သူမသည်လည်း ပြန်လည်သက်သာလာရန် အနားယူနိုင်ခဲ့သည်။
ရွှီဖေးနှင့် ပန်ပန်တို့က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဲ့သို့ပင် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာစွမ်းအား အဆုံးမဲ့နက်နဲသောအရာများကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။
ရန်ကျောက်ကဲက တာအိုကျင့်စဉ်များကို နားလည်သဘောပေါက်ရန်ကြိုးစားရင်း ချန်ချန်းဟွာကိုလည်း ဆက်လက်အပြစ်ပေးလျှက်ရှိသည်။
ချန်ချန်းဟွာကိုအပြစ်ပေးခြင်းမှ တာအိုနှင့်ပတ်သက်ပြီး ပိုမိုနားလည်လာသော အကျိုးကျေးဇူးများကိုလည်း ရရှိခဲ့သည်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲအတွက်တော့ ချန်ချန်းဟွာက အတော်အတန် အရည်အသွေးကောင်းမွန်သည့် လူသားပုံစံ ရတနာအိတ်တစ်ခုပင် ဖြစ်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ရန်ကျောက်ကဲက မိုးကောင်းကင်ခုံရုံးမှ သိုင်းကျမ်းစာကြည့်တိုက်ကို ဦးစီးခဲ့သူဖြစ်ပြီး အမျိုးမျိုးသောပညာရပ်များကို သင်ယူခဲ့သည်။
ထိုအထဲတွင် တာအိုဝါဒအဆက်အနွယ်များ၏ ထူးခြားသောပညာရပ်များစွာ ပါဝင်သည်။
သို့သော် ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် ထိုက်ချင်အဆက်အနွယ်၏ အဓိကသိုင်းပညာရပ်များ လုံးဝတည်ရှိမနေခဲ့ပေ။
ဤသည်က လောင်ကျွင်းနှင့်သက်ဆိုင်နေမည်လားဟု ရန်ကျောက်ကဲ တွေးကြည့်ဖူးသော်လည်း သိပ်တော့မသေချာခဲ့ပေ။
ထိုက်ချင်အဆက်အနွယ်ပညာရပ်များက အသိပညာကြွယ်ဝပြီး တစ်ကမ္ဘာလုံးကို အလင်းပြခဲ့သည်။
ဤလောကတွင် တည်ရှိခဲ့သော တာအိုဝါဒ သိုင်းပညာများစွာက ထိုက်ချင်ပညာရပ်များဖြင့် တစ်နည်းနည်းဆက်စပ်နေသည်သာ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က မည်သည့်အဆက်အနွယ်ကမှန်း မသိရှိပါက သူ့ကို ထိုက်ချင်အဆက်အနွယ် အကိုင်းအခက်အဖြစ် သတ်မှတ်နိုင်သည်။
ရန်ကျောက်ကဲအနေဖြင့် ထိုသိုင်းပညာရပ်များအားလုံးထံမှ ရွေးချယ်ပိုင်ခွင့် ရရှိခဲ့သည်။
ထိုသိုင်းပညာရပ်များထဲတွင် စန်းချင်း(၃)ပါးအဆက်အနွယ်၏ မယိမ်းယိုင်သောသိုင်းပညာများထက် သာလွန်သည့် နက်နဲသောသိုင်းပညာရပ်များလည်း ပါရှိသည်။
သို့သော် ထိုက်ချင်အဆက်အနွယ်၏ ထူးခြားသော ပညာရပ်(၁၀)ခုဖြစ်သော ရှန်းထျန်းဝူထိုက်နှင့် နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ်တို့က သိုင်းကျမ်းစာကြည့်တိုက်တွင် မှတ်တမ်းတင်မထားခဲ့ပေ။
ရန်ကျောက်ကဲ သိရှိထားသည့် ရှန်းထျန်းဝူထိုက်မှာ အခြားနည်းလမ်းများဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။
အလားတူပင် ချန်ချန်းဟွာသည်လည်း အမျိုးမျိုးသော ထူးခြားသည့်ပညာရပ်များ ပိုင်ဆိုင်ထားသည်။ အဆန်းကြယ်ဆုံးမှာ သူ့တွင် ဗုဒ္ဓဘာသာနှင့် နတ်ဆိုးများ၏ ထူးခြားသောပညာရပ်များပင် ရှိနေခြင်း ဖြစ်၏။
တာအိုဝါဒ၏ ထူးချွန်သော သိုင်းပညာရပ်များထဲတွင် ရန်ကျောက်ကဲက မူလကောင်းကင်ကျမ်းစာနှင့် နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား(၅)ရပ်ထဲမှတစ်ခုဖြစ်သော ကျိုင်းတံပညာကို စိတ်ဝင်စားသည်။
မူလကောင်းကင်ကျမ်းစာ၏ ထူးခြားမှုကို ရှင်းပြရန်မလိုအပ်ပေ။
ရန်ကျောက်ကဲက မူလကောင်းကင်ကျမ်းစာများထဲမှ (၉)ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူလိုအပ်နေသည့် တစ်ခုတည်းသောကျမ်းစာမှာ မူလကောင်းကင်ကျမ်းစာ ဖြစ်သည်။
ချန်ချန်းဟွာထံမှ မူလကောင်းကင်ကျမ်းစာကို ရရှိပြီးနောက် ရန်ကျောက်ကဲက မူလကောင်းကင်ကျမ်းစာများအားလုံးကို စုဆောင်းပြီး ဖြစ်ပေမည်။
ထိုကျမ်းစာများအားလုံးကို စုဆောင်းပြီးဖြစ်သော်လည်း အားလုံးကို ချက်ချင်း ကျွမ်းကျင်ပိုင်နိုင်မည်ဟု မယူဆနိုင်ပေ။
အထူးသဖြင့် မူလကောင်းကင်ကျမ်းစာက ထူးခြားသဖြင့် ကျမ်းကျင်ရန် များစွာခက်ခဲသည်။
ချန်ချန်းဟွာက သိုင်းပညာတွင် အရည်အချင်းရှိသူဖြစ်ပြီး ပြင်ပအခွင့်အလမ်းများရရှိခဲ့သဖြင့် ထိုကျမ်းစာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကြောင့် ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ် ပညာရပ်များကို နက်ရှိုင်းစွာနားလည်ခဲ့သည်။ ထို့ကြောင့်ပင် သူ၏နားလည်နိုင်စွမ်းက အဆင့်တူသူများအလည် ထူးခြားခဲ့ခြင်းပင်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လောကတွင် လူတစ်ယောက်တည်းကသာ ကျင့်ကြံနိုင်သည်။
မူလကောင်းကင်ကျမ်းစာကိုတော့ လူပေါင်းများစွာကျင့်ကြံနိုင်သော်လည်း တစ်ယောက်တည်းသာလျှင် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနိုင်သည်။
လူတစ်ယောက် အထွတ်ထိပ်အဆင့်သို့ရောက်သွားပါက မူလကောင်းကင်ကျမ်းစာ ကျင့်ကြံနေသည့် အခြားသူများ၏ကျင့်စဉ်လမ်း အလိုအလျောက်ပိတ်ဆို့သွားမည်ဖြစ်ပြီး ဆက်လက်တိုးတက်လာမည် မဟုတ်တော့ပေ။
သူတို့၏ကျင့်ကြံခြင်းနောက်ကွယ်တွင် ပိတ်ဆို့မှုတစ်ခု ဖြစ်သွားတတ်ပြီး မူလကောင်းကင်ကျမ်းစာကို နားမလည်နိုင်တော့ရန် တားဆီးခံရမည် ဖြစ်သည်။
ရန်ကျောက်ကဲက သူ၏နားလည်နိုင်စွမ်းကို ယုံကြည်မှုရှိသော်လည်း မကြာသေးခင်ကမှ မူလကောင်းကင်ကျမ်းစာကို စတင်ထိတွေ့ခဲ့သူဖြစ်သည်။
သူက အခြားသူများထက် များစွာနောက်ကျပြီးမှ စတင်ခဲ့သောကြောင့် မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူ အခြားတစ်ယောက်ယောက် ရှိ မရှိ စဉ်းစားရမည် ဖြစ်သည်။
ရန်ကျောက်ကဲကတော့ ဤကဲ့သို့ ခိုင်မာထူးခြားသည့်ပညာကို လက်လွှတ်မည် မဟုတ်ပေ။ သို့သော် သူ၏ ယုံကြည်မှုအခြေခံဖြင့် အခြားအရာများစွာကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
တိုးတက်မှုနှေးကွေးမည့် မူလကောင်းကင်ကျမ်းစာနှင့်ယှဉ်လျှင် ထိုက်ချင်အဆက်အနွယ်၏ ကျိုင်းတံပညာက ရန်ကျောက်ကဲအတွက် ပိုပြီးအကျိုးပြုနိုင်သည်။
သူ့ကို ချက်ချင်းအကျိုးပြုနိုင်သည့်အခြားအရာများက ထူးခြားသောသိုင်းပညာရပ်များမဟုတ်ဘဲ ချန်ချန်းဟွာ စုဆောင်းထားခဲ့သော ထူးခြားရတနာပစ္စည်းများ ဖြစ်သည်။
ချန်ညီအစ်ကိုများ ကိုင်ဆွဲခဲသည့် အမတမှော်ဝင်ပစ္စည်းများက အရေးပါသော်လည်း ရန်ကျောက်ကဲက အခြားပစ္စည်းများကို ပိုပြီးသဘောကျနေမိသည်။
ရှာဖွေရခက်ခဲသော၊ သို့မဟုတ် ကမ္ဘာမှပျောက်ကွယ်သွားပြီဟု ယူဆထားသော ရတနာအချို့သည် ချန်ချန်းဟွာလက်ထဲတွင် ရှိနေခဲ့လေသည်။
ဤပုဂ္ဂိုလ်က နှစ်များတစ်လျှောက် လှည့်လည်သွားလာရင် မရေမတွက်နိုင်သော ရတနာပစ္စည်းများကို စုဆောင်းခဲ့သည်။
သူ စုဆောင်းထားသော ရတနာပစ္စည်းများက ယွဲ့ကျန့်ပေ သို့မဟုတ် ကျန်းရှန်ထက်ပင် ပိုမိုများပြားပြီး အံ့သြစရာ အတိုင်းအတာတစ်ခု ရှိနေသည်။
ရတနာပစ္စည်းများက ထူးခြားပြီး တစ်ခုနှင့်တစ်ခုမတူညီဘဲ ရန်ကျောက်ကဲ တစ်ခါမှပင် မသိဘူးသော ရတနာပစ္စည်းမျိုးစုံ ပါဝင်သည်။
ရန်ကျောက်ကဲက မိုးကောင်းကင်ခုံရုံး ၊ သိုင်းကျမ်းစာကြည့်တိုက်တွင် နေထိုင်ခဲ့ဖူးသည်ဖြစ်ရာ ထူးခြားသော သိုင်းပညာရပ်များအပြင် မရေမမတွက်နို်ငသော မှတ်တမ်းများကိုလည်း ဖြတ်သန်းကြုံတွေ့ခဲ့ရသည်။
ဤသို့သောအခွင့်ထူးများက ရန်ကျောက်ကဲအား ရန်သူများနှင့်တိုက်ခိုက်ရာတွင် အားသာချက်ရရှိစေပြီး နည်းဗျူဟာပိုင်းကို သာလွန်စေခဲ့သည်။
ထိုမှတ်တမ်းများတွင် ဖော်ပြထားသော ရှေးဟောင်းနည်းဗျူဟာများကို အသုံးပြု၍ ရန်ကျောက်ကဲက အသစ်သောနည်းဗျူဟာများကိုလည်း ဆက်လက်ဖန်တီးနိုင်ခဲ့သည်။
အမှန်တော့ ရန်ကျောက်ကဲက သူ့ကိုယ်သူ ကိရိယာများမရှိသော အင်ဂျင်နီယာတစ်ယောက်ကဲ့သို့ ခံစားနေရသည်။
သူ၏ စိတ်ထဲတွင် အတွေးများစွာ ပေါက်ဖွားလာသော်လည်း အရင်းအမြစ်များ မရှိခြင်းကြောင့် ၎င်းတို့ကို လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။
ယခုအချိန်မှာတော့ ထိုပြဿနာများ လက်တွေ့တွင် မရှိသလောက် ဖြစ်သွားပေပြီ။
သူက ရင်းမြစ်ပစ်စည်းများကိုကြည့်ရုံဖြင့် မည်သို့အသုံးပြုရမည်ကို စိတ်ထဲတွင် စဉ်းစားပြီးသွားဖြစ်လေသည်။