သောပေါင်ထျန်းကျွင်း ကြွေလွင့်သွားပြီ
Vol. 105 Ch. 1471
အခန်း (၁၄၇၁) သောပေါင်ထျန်းကျွင်း ကြွေလွင့်သွားပြီ
နှစ်များတစ်လျှောက် ချန်ချန်းဟွာက ရတနာပစ္စည်းများစွာကို စုဆောင်းထားခဲ့သည်။ သို့သော် ထိုရတနာပစ္စည်းများထဲမှ အများစုက သူနှင့်အတူ ရှိမနေတော့ပေ။
ချန်ချန်းဟွာက ၎င်းတို့ထဲမှ အများစုကို သုံးစွဲခဲ့ပြီး ဖြစ်ဟန်တူလေရာ ရန်ကျောက်ကဲမှာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ သူ ချန်ချန်းဟွာဆီမှ ရတနာပစ္စည်းများ ထင်သလောက်မရခဲ့ပေ။
ကျန်ရှိသော ရတနာပစ္စည်းများကလည်း ချန်ချန်းဟွာကိုယ်တိုင်ဖန်တီးထားသည့် ကျောက်ဂူအိမ်တော်တွင် ကျန်ရစ်ခဲ့သည်။
ချန်ချန်းဟွာ၏ ကျင့်ကြံမှုသည် ယခုအခါ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ သူတို့နှစ်ယောက်ကြားကွာဟမှုက အလွန်ပင် သိသာထင်ရှားလျှက် ရှိသည်။
စိတ်စေရာကောင်းကင်ကျမ်းစာမှတစ်ဆင့် ချန်ချန်းဟွာ လိမ်ညာနေသလား မလိမ်ညာဘူးလားကို အလွယ်တကူ သိရှိနိုင်သည်။
သူက ချန်ချန်းဟွာကို စကားလုံများဖြင့် ထောင်ဖမ်းလိုက်သည်နှင့် ချန်ချန်းဟွာက ကျွံဝင်လာစမြဲ ဖြစ်သည်။
နောက်ပိုင်းတွင်တော့ ဖြစ်စရာရှိသည့်ကိစ္စများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ရန်ကျောက်ကဲက ထိုကိစ္စများကို အာရုံစိုက်ရန် အချိန်မရသေးပေ။
လောလောဆယ် ရွှီဖေးလည်း ထိခိုက်မှုမရှိတော့သလို ရှီကျွင်းတို့သားအမိလည်း ဘေးကင်းသွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ရန်တိနှင့်အခြားသူများကို ပိုပြီးစိတ်ပူနေမိသည်။ သူတို့နှင့် အဆက်အသွယ် ပြတ်တောက်နေသည် မဟုတ်ပါလား။
နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲသွားသည့်အခါ ဗလာနယ်အလွှာများ ဆုတ်ပြဲသွားပြီး အားလုံး လူကွဲသွားခဲ့ကြသည်။
ရန်ကျောက်ကဲ၊ ယွီယဲ့၊ လုန်ရွှယ်ကျီးနှင့် တိမ်လွှာခွင်းဧကရာဇ်တို့က အစီအရင်ထိန်းချုပ်သူများ ဖြစ်ကြသည်။
သူတို့အနေဖြင့် အစီအရင်၏ အကာအကွယ်အောက်တွင် ဗလာနယ်ပုံပျက်မှုအတွင်းဝင်ရောက်သွားပြီး ကိုယ့်ကိုယ်ကို ပိုမိုလွယ်ကူစွာ တည်ငြိမ်အောင် ထိန်းထားနိုင်မည် ဖြစ်သည်။
ကောင်းချင်းရွှမ်က လေကိုဆန်ပြီး နတ်ဘုရားသတ်ဖြတ်ဓားကိုအသုံးပြုကာ တိုက်တိုင်းအောင်ဗုဒ္ဓကို ထိခိုက်ဒဏ်ရာရစေခဲ့သဖြင့် အနည်းငယ် အဆင်ပြေနိုင်သည်။
သို့သော် ရန်တိ၊ လုန်ရှင်းချွမ်၊ ယွဲ့ကျန့်ပေ၊ နျဲ့ကျင်းရှန်နှင့် လင်ချင်းတို့က ထိုမျှလောက် ကံမကောင်းခဲ့ပေ။
နတ်ဘုရားသုတ်သင်အစီအရင်ကဲ့သို့ ကြီးမားသောအစီအရင်တစ်ခုကြောင့်ဖြစ်ပေါ်လာသော ဗလာနယ်ပုံပျက်ခြင်း၏အဖျက်စွမ်းအားက သာမန်လူများနားလည်နိုင်စွမ်းထက် ကျော်လွန်သည်မှာ သေချာသည်။
နတ်ဘုရားများဖြစ်လင့်ကစား ထိခိုက်မှုမရှိဘဲ ပြန်လည်ထွက်ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။
ကံကောင်းစွာပင် ယွီယဲ့၊ လုန်ရွှယ်ကျီးနှင့် တိမ်လွှာခွင်းဧကရာဇ်တို့က အဆင်ပြေသောအနေအထားတွင်ရှိနေသည်ကို သတိပြုမိပြီးနောက် ရန်ကျောက်ကဲ အခြားသူများအတွက်သာ စိတ်ပူမိသည်။
မည်သို့ပင်ဖြစ်စေ အားလုံးက တကွဲတပြားစီဖြစ်သွားလေရာ ထျန်းစူးစကြာဝဠာသို့ ပြန်လည်ရောက်ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။
ယခု ရန်ကျောက်ကဲက လူတိုင်းဘေးကင်းပြီး အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ရန်သာ မျှော်လင့်နေမိသည်။
မည်သူမှ နောက်ကလိုက်မလာကြောင်း သေချာတော့မှ ရန်ကျောက်ကဲက ရွှီဖေး ၊ ပန်ပန်နှင့် ဖန်းယွင်ရှန်းတို့ကို ထျန်းစူးစကြာဝဠာသို့ ပြန်လည်ခေါ်ဆောင်သွားရန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား အမိန့်ပေးလိုက်သည်။
“မင်းတို့အရင်ပြန်နှင့်ကြ ၊ ငါ ကျန်တဲ့သူတွေကို ဆက်ရှာလိုက်ဦးမယ်”
အဖြူရောင်ကြာပန်းသုခဘုံတွင် ဆူညံမှုများ ဖြစ်ပေါ်စေပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့သည် လူအများရှေ့သို့ထွက်မလာဘဲ ပုန်းအောင်းနေရန် ပိုမိုသင့်တော်သည်။
ဖန်းယွင်ရှန်းကတော့ စိတ်ရောကိုယ်ရောအနားယူရန်အချိန်လိုအပ်ပြီး ထပ်မံတိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။
လေးကြိုးကိုအလွန်တင်းကျပ်စွာဆွဲလိုက်ပါက ကျိုးပျက်သွားနိုင်သည့်အန္တရယ်ရှိသည်။
ဖန်းယွင်ရှန်းက အခြေအနေကို တစ်ချက်အကဲခတ်လိုက်ပြီး...
“ရှင်လည်း သတိထားနော်”
သို့သော် သူမက ဇွဲတော့ မလျှော့ခဲ့ပေ။
“ကျွန်မ ပြန်သွားပေမယ့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ တခြားသူတွေက ရှင့်ကို ကူညီပေးနိုင်မယ်ထင်တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ငါ့အတွက် စိတ်မပူပါနဲ့”
ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အားလုံးကိုခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။ ရန်ကျောက်ကဲက အဆုံးမဲ့ဗလာနယ်၏ နယ်နိမိတ်များတွင် ဆက်လက်လှည့်လည်နေခဲ့သည်။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့ သေဆုံးသွားခဲ့သော်လည်း တိုက်ပွဲက ပြီးဆုံးခြင်းမရှိသေးပေ။
ထိပ်တန်းကျွမ်းကျင်သူများစွာ ပါဝင်နေသဖြင့် ရန်ကျောက်ကဲသည်လည်း အခြေအနေများကို ဂရုတစိုက် စီစဉ်ရမည် ဖြစ်သည်။
မဟုတ်ပါက သူသည်လည်း အန္တရယ်နှင့်ရင်ဆိုင်ရပြီး ရန်သူ့လက်သို့ ကျရောက်သွားနိုင်သည်။
အဆုံးမဲ့ဗလာနယ်က အလွန်ကျယ်ပြန့်ပြီး နယ်နိမိတ်များကလည်း အဆုံးမရှိပေ။ ထို့ကြောင့် ပျောက်ဆုံးသွားသူများကိုရှာဖွေရန် အလွန်ခက်ခဲသည်။
ထို့ကြောင့်ပင် လူတိုင်းက အချင်းချင်းဆက်သွယ်ရန် နည်းလမ်းများစွာ တီထွင်ခဲ့ကြသည်။
ကျင့်စဉ်သိုင်းပညာများ သို့မဟုတ် ကိရိယာများကိုအသုံးပြုပြီး ဆက်သွယ်မှုများ ၊ အဆက်အသွယ်သင်္ကေတများကို ဖန်တီးကြသည်။
အဆက်အသွယ်သင်္ကေတများက ပိုမိုလျှို့ဝှက်ပြီး အခြားသူများ အလွယ်တကူ သတိပြုမိခြင်းမှ ကာကွယ်ပေးသည်။ လုပ်ငန်းစဉ်ရှုပ်ထွေးသည့်တိုင် ဘေးကင်းမှုက တိကျသည်။
မိမိအဖွဲ့ဝင်အချင်းချင်း ချန်ထားခဲ့သော အမှတ်အသားများမှတစ်ဆင့် အချင်းချင်းရှာဖွေရန် ပိုမိုလွယ်ကူသည်။
လက်ရှိမှာတော့ ရန်ကျောက်ကဲက သူစဉ်းစား၍ရသမျှ နည်းလမ်းအားလုံးကိုအသုံးပြုပြီး ဖြစ်နိုင်ခြေတစ်ခုမှ လွတ်မသွားစေရန် ဂရုစိုက်နေသည်။
မကြာခင်မှာပင် သူ လူတစ်ယောက်ကို ရှာတွေ့ခဲ့လေသည်။
“အကြီးအကဲကောင်း၊ တိမ်လွှာခွင်းဧကရာဇ်”
ရန်ကျောက်ကဲက အစိမ်းရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့် တာအိုဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းတစ်ယောက်ကို ဂါရဝပြုရင်း နှုတ်ဆက်လိုက်သည်။
သူတို့က ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ ဖြစ်ကြသည်။
ယခင်တိုက်ပွဲတွင် ကောင်းချင်းရွှမ်က တိုက်တိုင်းအောင်ဗုဒ္ဓကို ဆုတ်ခွာရန် တွန်းအားပေးခဲ့ပြီး ချက်ချင်းထွက်ခွာသွားခဲ့ခြင်း မရှိခဲ့ပေ။
တိုက်တိုင်းအောင်ဗုဒ္ဓ ထွက်ခွာသွားကြောင်း အတည်ပြုပြီးမှသာ သူမက တိုက်ပွဲမြေပြင်မှ ထွက်ခွာခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲကဲ့သို့ပင် ကောင်းချင်းရွှမ်က ထျန်းစူးစကြာဝဠာရှိ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ချက်ချင်းပြန်မသွားခဲ့ပေ။ သူမသည်လည်း အဆုံးမဲ့ဗလာနယ်၏ နယ်နိမိတ်များတွင် ဆက်လက်လှည့်လည်ကာ အခြားသူများကို ရှာဖွေနေခဲ့သည်။
သူမ ပထမဆုံး တိမ်လွှာခွင်းဧကရာဇ်နှင့် ဆုံတွေ့ခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် အခြားသူများကို ဆက်လက်ရှာဖွေခဲ့ကြသည်။
သို့သော် ယခုအချိန်ထိ မည်သူ့ကိုမှ ရှာမတွေ့ကြသေးပေ။
ကောင်းချင်းရွှမ်က...
“မင်းရဲ့အစ်ကိုရော ဘယ်လိုနေသေးလဲ”
ရန်ကျောက်ကဲက...
“ပြောရရင် အရှည်ကြီးပဲ...”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့အားလုံး အခုတော့ သိပ်ပြီးအခြေအနေ မဆိုးကြတော့ပါဘူး ၊ ကျွန်တော့်ကိုကူညီပေးခဲ့တဲ့ အကြီးအကဲနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်”
ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်၏ မျက်နှာအရောင်အသွေးက ပုံမှန်ပင်ဖြစ်သော်လည်း သူတို့၏စွမ်းအားရောင်ဝါများကတော့ အားနည်းနေခဲ့သည်။
တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ရသောဓားတစ်လက်ပမာ သူတို့၏စွမ်းအားရောင်ဝါများမှာလည်း ဒဏ်ရာဒဏ်ချက်များကြောင့် အားနည်းသွားခဲ့ရသည်။
နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲသွားသည့်အခါ အစီအရင်အတွင်းရှိလူတိုင်းမှာ မတူညီသော ဒဏ်ရာများကို ခံစားခဲ့ရသည်။
ကောင်းချင်းရွှမ်၏အခြေအနေက အတော်ကောင်းမွန်သည်ဟု ယူဆရနိုင်၏။
သို့သော် တိုက်တိုင်းအောင်ဗုဒ္ဓနှင့်တိုက်ခိုက်ပြီးနောက် သူမမှာ ဒဏ်ရာများကိုကုသရန် အချိန်မရခဲ့သဖြင့် အသက်ဓာတ်စွမ်းအားအချို့ ထိခိုက်ခဲ့ရသည်။
သို့ပေသိ စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူ(၂)ယောက်လုံးကိ ထိုကိစ္စကို အရေးမစိုက်ကြပေ။
တိမ်လွှာခွင်းဧကရာဇ်က ခေါင်းခါယမ်းရင်း...
“မင်းက ယဉ်ကျေးလွန်းနေပြီ ၊ ပြင်ပရန်သူတွေကိုရင်ဆိုင်တဲ့အခါ ငါတို့အားလုံး တစ်ဖက်တည်းရပ်တည်ရမှာ သဘာဝပဲလေ”
ရန်ကျောက်ကဲက အဖြူရောင်ကြာပန်းသုခဘုံနှင့် ဖြစ်ခဲ့သည်များကို ဖုံးကွယ်မထားဘဲ အကျဉ်းချုံး ပြောပြလိုက်သည်။
ဤသည်က ဝူတန့်မယ်တော်ကိုလည်း သွယ်ဝိုက်ပြီး အသိပေးလိုက်ခြင်း ဖြစ်၏။
ရန်ကျောက်ကဲ ပြောပြသည်များကိုနားထောင်ပြီးနောက် အကြီးအကဲ(၂)ယောက် အံ့အားသင့်သွားကြသည်။
ကောင်းချင်းရွှမ်က...
“ဒဏ္ဍာရီတွေထဲမှာ ဒီလောက်အလှည့်အပြောင်းတွေ ရှိနေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့မိဘူး”
တိမ်လွှာခွင်းဧကရာဇ်က...
“ချီထျန်းမဟာသူတော်စင်ကို တံဆိပ်ခတ်ခဲ့တဲ့သူဟာ ဟိုးအရင်ကတည်းက လောကကိုကျော်လွန်သွားတဲ့ စကြာမုနိဗုဒ္ဓဖြစ်နိုင်တယ်”
ထို့နောက် သူက တစ်ချက်စဉ်းစားလိုက်ရင်း...
“မင်း ချီထျန်းမဟာသူတော်စင်ကို ကူညီပေးလိုက်တာ ဆိုးကျိုးတွေဖြစ်လာနိုင်သလား”
ရန်ကျောက်ကဲက လောင်ကျွင်းနှင့်ပတ်သက်သည့်ခန့်မှန်းချက်ကို ပြောမပြခဲ့ပေ။
သူက ရိုးရှင်းစွာပင်ပြောလိုက်သည်။
“နည်းနည်းတော့ အန္တရယ်ရှိနိုင်တယ် ၊ ဒါပေမဲ့ ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို ရလိုက်တာက ကျွန်တော့်အစ်ကိုအတွက်တော့ အရမ်းအကျိုးရှိပါတယ်”
တိမ်လွှာခွင်းဧကရာဇ်က ခေါင်းညိတ်ရင်း...
“မှန်တယ် ၊ ဒါက သူ့အတွက် အခွင့်အရေးပဲ”
ထို့နောက် သူက မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ရန်ကျောက်ကဲက...
“တကယ်တော့ ဒီကိစ္စတွေအားလုံးအတွက် အစ်မယွီယဲ့ကို ကျေးဇူးတင်ရမယ်”
သူက ဆက်ပြောလိုက်သည်။
“သူသာ အစ်ကိုနျဲ့ကျင်းရှန်နဲ့အတူ နတ်ဘုရားသုတ်သင်အစီအရင်နဲ့ နတ်ဘုရားသတ်ဖြတ်ဓားကို ယူမလာခဲ့ရင် ကျွန်တော်တို့ တိုက်တိုင်းအောင်ဗုဒ္ဓကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး”
ကောင်းချင်းရွှမ်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
ထို့နောက် သူမက မျက်မှောင်ကျုံ့ရင်း...
“ဒါပေမဲ့... သောပေါင်ထျန်းကျွင်း သေဆုံးသွားပြီဆိုတာ တွေးမိတော့...”
ရန်ကျောက်ကဲက မည်သည့်စကားမှ မဆိုခဲ့ပေ။
စန့်ချင်အဆက်အနွယ် ကျမ်းစာ(၁၀)စောင်တွင် နောက်ဆုံးကျမ်းစာဖြစ်သော “မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” က စန့်ချင်အဆက်အနွယ်၏ ထိပ်တန်းပညာရပ်တစ်ခု ဖြစ်သည်။
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း၏ ကြောက်မက်ဖွယ်စွမ်းအားက အခြားသော တာအိုဝါဒသိုင်းပညာများထက် များစွာသာလွန်သည်။
ရန်ကျောက်ကဲ၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကဲ့သို့ပင် ဤသိုင်းပညာကို လူတစ်ယောက်တည်းသာလျှင် ကျင့်ကြံနိုင်၏။
ယခု လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးနောက် သူ့နေရာတွင် ဗလာဖြစ်သွားသည့်အတွက် အခြားသူများက ဆက်ခံကျင့်ကြံနိုင်ပြီဖြစ်သည်။
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ဒုတိယမြောက် ကျင့်ကြံခဲ့သူမှာ သောပေါင်ထျန်းကျွင်း ဖြစ်ဖွယ်ရှိသည်။
အကြောင်းမှာ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းက သောပေါင်ထျန်းကျွင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။
ယခု မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းပြန်လည်ထွက်ပေါ်လာပြီး ယွီယဲ့က ထိုပညာ၏ အသစ်သောဆက်ခံသူဖြစ်လာသည်။
ဤပညာရပ်ကို ယွီယဲ့ကျင့်ကြံနိုင်သည်ကိုကြည့်ခြင်းအားဖြင့် ယခင်ကျင့်ကြံသူဖြစ်သော သောပေါင်ထျန်းကျွင်း သေဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြသည်။
တိမ်လွှာခွင်းဧကရာဇ်က...
“သောပေါင်ထျန်းကျွင်းက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို မကျင့်ကြံခဲ့တာလည်း ဖြစ်နိုင်တာပဲ”
ပြောရင်း သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။
“ဒါက သိပ်တော့မဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ခြေတော့ရှိတယ်”
ကောင်းချင်းရွှမ်က...
“ကျွန်မလည်း အဲဒီလိုဖြစ်ပါစေလို့ မျှော်လင့်မိတာ ၊ ဒါပေမဲ့ ကံမကောင်းတာက အဲဒီလိုမဟုတ်ခဲ့ဘူး”
ထို့နောက် ကောင်းချင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ဓားကို ထုတ်ယူလိုက်သည်။
သူမက မှောင်မိုက်သော ဓားအလင်းတန်းကိုစိုက်ကြည့်ရင်း သက်ပြင်းချလျှက်...
“နတ်ဘုရားသတ်ဖြတ်ဓားက ကျွန်မတို့ကို အဖြေပေးပြီးနေပါပြီ”