← Chapters

စိတ်ကူးယဉ်မှုဆိုတာ လက်တွေ့နဲ့မသက်ဆိုင်

Vol. 105 Ch. 1472

စိတ်ကူးယဉ်မှုဆိုတာ လက်တွေ့နဲ့မသက်ဆိုင်

Vol. 105 Ch. 1472

အခန်း (၁၄၇၂) စိတ်ကူးယဉ်မှုဆိုတာ လက်တွေ့နဲ့မသက်ဆိုင်

ကောင်းချင်းရွှမ်က နတ်ဘုရားသတ်ဖြတ်ဓားကိုတစ်ချက်ကြည့်ပြီးနောက် ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်သည်။

“ယွိချင်အဆက်အနွယ်က ဆရာသခင်’ချိကျင်းကျီ’ လည်း ဆုံးပါးသွားခဲ့ပြီ”

သူ့စကားကြားတော့ ရန်ကျောက်ကဲမျက်နှာထက် စိတ်မကောင်းဟန် ထင်ဟပ်သွားသည်။

“သောပေါင်ထျန်းကျွင်းလက်ချက်နဲ့ ဆုံးပါးသွားတာလား”

ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲသွားခဲ့ပြီး နတ်ဘုရားသုတ်သင်ဓား(၄)လက်က ယွိချင်အဆက်အနွယ်တန်ခိုးစွမ်းအားရှင်များ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

ယွိချင်အဆက်အနွယ်မှ ထင်ရှားသူတစ်ယောက်ဖြစ်သော ချိကျင်းကျီလက်ထဲသို့ နတ်ဘုရားသတ်ဖြတ်ဓား ရောက်ရှိသွားခဲ့သည်။

ချိကျင်းကျီက ယွမ်စီထျန်းကျွင်း၏ တပည့်တစ်ယောက်ဖြစ်ပြီး စစ်မှန်သော ယွိချင်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။

သူက ယင်ယန်ကောင်းကင်ကျမ်းစာ၊ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ၊ စိတ်စေရာကောင်းကင်ကျမ်းစာတို့တွင် ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။

ထို့နောက် သူက ယွိချင်အဆက်အနွယ် အခြေခံအုတ်မြစ်ဖြင့် ဘဝနှင့်သေခြင်းတရား အသွင်ပြောင်းလဲမှုများကို ပေါင်းစပ်ဖန်တီးရင်း ထူးခြားသော ကိုယ်ပိုင်ကျင့်စဉ် ပုံစံအသစ်တစ်ခုကို ဖန်တီးခဲ့သည်။

မရဏကမ္ဘာ၏ သေခြင်းရှင်ခြင်း ဥပဒေများကို ထဲထဲဝင်ဝင်နားလည်သိမြင်မှုဖြင့် သူက ယွိချင်အဆက်အနွယ်အတွက် လုံးဝသစ်လွင်သော ကျင့်စဉ်တစ်မျိုးကို ဖွင့်လှစ်ပေးခဲ့သည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်ရှိ ပင်လယ်နီအဆက်အနွယ်သည် ချိကျင်းကျီ၏ ထူးခြားသော ကျင့်စဉ်အဆက်အနွယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

သို့သော် အချိန်ကာလများ ကုန်လွန်သွားသည်နှင့်အမျှ ဤတာအိုဝါဒ၏ ကောင်းကင်ဘုံအရှင်သည် ကမ္ဘာပေါ်တွင် ထပ်မံပေါ်ထွက်မလာတော့ဘဲ သမိုင်းပုံပြင်များထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ယခုတော့ ကြည့်ရသည်မှာ သူသည်လည်း ဆုံးပါးသွားပြီ ဖြစ်ဟန်တူသည်။

ကောင်းချင်းရွှမ်က သက်ပြင်းတစ်ချက်ချရင်း ရန်ကျောက်ကဲအတွေးများကို အတည်ပြုပေးလိုက်သည်။

“သောပေါင်ထျန်းကျွင်းအနေနဲ့ နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ပြန်ယူချင်တယ်ဆိုရင် ချိကျင်းကျီကို အရင်ရှာရမှာလေ”

ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...

“ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့က မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အမွေဆက်ခံခဲ့ပြီး၊ သောပေါင်ထျန်းကျွင်းဆီက နတ်ဘုရားသတ်ဖြတ်ဓားကို ရရှိခဲ့ကြတယ် ၊ တကယ်လို့ ချိကျင်းကျီသာ ဆုံးပါးသွားပြီဆိုရင် သူ့ကိုသတ်ခဲ့တဲ့သူက သောပေါင်ထျန်းကျွင်းပဲ ဖြစ်ရမယ်”

တိမ်လွှာခွင်းဧကရာဇ်က ဘေးနားတွင် မတ်တတ်ရပ်နေသည်။

သူက စန့်ချင်အဆက်အနွယ်မှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် ယွိချင်အဆက်အနွယ်မှ ရန်ကျောက်ကဲအား ရင်ဆိုင်ရန် အားနာနေဟန် ရှိသည်။

ရန်ကျောက်ကဲက ကြိုးစားပြီးပြုံးလိုက်ရင်း...

“ဒါတွေက ရှေးတုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေပါ ၊ အခု ဒီအကြောင်းတွေကို မပြောဘဲနေရအောင်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ သောပေါင်ထျန်းကျွင်း ဓားတွေ ဘယ်လောက်ပြန်စုမိခဲ့လဲ သိချင်မိတယ်”

ကောင်းချင်းရွှမ်က...

“နတ်ဘုရားသတ်ဖြတ်ဓားတစ်လက်တည်းပဲ”

သူမက တိုးလျသည့်အသံဖြင့် ဆက်ပြောသည်။

“ဘာလို့လဲဆိုတော့ ချိကျင်းကျီ‌ သေဆုံးပြီး သိပ်မကြာဘူး ၊ သူလည်း သေဆုံးသွားလို့ပဲ”

ရန်ကျောက်ကဲက...

“ဒါဖြင့် ဘယ် တာအိုအဓိပတိရဲ့လက်ချက်လဲ”

သောပေါင်ထျန်းကျွင်းက စန့်ချင်တာအိုအဓိပတိ – လင်ပေါင်ထျန်းကျွင်း၏ ပထမဆုံးတပည့်ဖြစ်သည်။

သူ၏ ထူးခြားသောကျင့်ကြံခြင်းကြောင့် တာအိုဝါဒ၏ အထွတ်ထိပ် ဓားသိုင်းကျင့်ကြံသူ(၃)ယောက်တွင် တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။

ထိုသူများထဲတွင် ယွိချင်အဆက်အနွယ်မှ တာအိုဆရာ’ယွိတင်’ နှင့် တာအိုဝါဒ၏ ဧကရာဇ်(၄)ပါးထဲမှ ကျီဝေးဧကရာဇ်တို့လည်း ပါဝင်သည်။

အမှန်တော့ ကျင့်ကြံခြင်းတစ်ခုတည်းကိုသာထည့်တွက်မည်ဆိုလျှင် သောပေါင်ထျန်းကျွင်းက စန့်ချင်အဆက်အနွယ် ထိပ်တန်းကျွမ်းကျင်သူများထဲတွင် မပါဝင်ပေ။

လင်ပေါင်ထျန်းကျွင်း၏ တပည့်များထဲတွင် တန်ခိုးစွမ်းအား အကြီးမားဆုံးဟူသည့်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူမှာ သူတော်စင်မ’ကျင်းလင်’ ဖြစ်သည်။

သူတော်စင်မ’ကျင်းလင်’သည် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် စာရင်းဝင်ခဲ့ပြီး မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့သည်။

သူမက ခုနစ်စဉ်ကြယ်အကြီးအကဲအဖြစ် အပ်နှင်းခံရပြီး “မြောက်ပိုင်းနန်းတော်သူတော်စင်နတ်မိမယ်” အဖြစ် ဘွဲ့ထူးပေးအပ်ခံရသည်။

သူမ၏ တရားဝင်ဘွဲ့အမည်မှာ “ကောင်းကင်အုပ်ချုပ်သူ မြောက်ပိုင်းနန်းတော် သူတော်စင်နတ်မိမယ် ခရမ်းရောင်ကောင်းကင်ဘုံအရှင်” ဟူ၍ ဖြစ်သည်။

သူမက ကျီဝေးဧကရာဇ်မတိုင်ခင် ခုနစ်စင်ကြယ်ကိုအုပ်စိုးသော သူ‌တော်စင်အဖြစ် ရပ်တည်ခဲ့သည်။

သို့သော် သူတော်စင်မ’ကျင်းလင်’သည် ဓားသိုင်းကျင့်ကြံသူတစ်ဦးမဟုတ်ပေ။

ဓားသိုင်းကျွမ်းကျင်မှုအရ ပြောရလျှင် စန့်ချင်အဆက်အနွယ်များထဲတွင် သောပေါင်ထျန်းကျွင်းကသာ နံပါတ်(၁)နေရာကို သိမ်းပိုက်ထားသူ ဖြစ်သည်။

နတ်ဘုရားသုတ်သင်အစီအရင်ကို ထည့်သွင်းတွက်ချက်မည်ဆိုလျှင် သောပေါင်ထျန်းကျွင်းက လင်ပေါင်ထျန်းကျွင်း၏ တန်ခိုးစွမ်းအားအကြီးမားဆုံးအဖြစ် ဧကန်အမှန် သတ်မှတ်နိုင်သည်။

ရှေးခေတ်ကာလတွင်ပင် ကောင်းကင်နတ်ဘုရားအဆင့်ရှိသူ မည်သူမဆို သူ့ကို ဟန့်တားနိုင်သူ အနည်းငယ်သာရှိခဲ့သည်။

နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲမှ တစ်လက်တည်းကိုသာ ကိုင်ဆောင်ထားခြင်းသည် နတ်ဘုရားသုတ်သင်အစီအရင်၏ တန်ခိုးစွမ်းအားကို အမြင့်ဆုံးထိ အသုံးချနိုင်ရန် မလုံလောက်ပေ။

သို့သော် ရှေးခေတ်ကာလပြီးဆုံးသည့်နောက် လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်သွားပြီး သောပေါင်ထျန်းကျွင်းက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အောင်မြင်စွာ အမွေဆက်ခံခဲ့သည်။

နတ်ဘုရားများစစ်ပွဲဖြစ်ပွားခဲ့စဉ်ကာလနောက်ပိုင်း သူ၏တန်ခိုးစွမ်းအားက အဆမတန် မြင့်မားသွားခဲ့သည်။

နတ်ဘုရားသုတ်သင်အစီအရင်မပါရှိလျှင်တောင်မှ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံခြင်းဖြင့် သူတော်စင်မ’ကျင်းလင်’ထက် သာလွန်သွားခဲ့သည်။

သောပေါင်ထျန်းကျွင်းက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားသုတ်သင်အစီအရင်၏ ပြီးပြည့်စုံသောပုံစံကိုလည်း ထိန်းချုပ်ထားသည်။

ထိုအရာများကြောင့်ပင် သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိသူများထဲတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းမျိုးမဟုတ်ဘဲ သောပေါင်ထျန်းကျွင်းကို ဖယ်ရှားပစ်နိုင်သည့် တာအိုအဓိပတိ တစ်ဦးသာလျှင်ရှိသည်။

ထင်သည့်အတိုင်းပင် ကောင်းချင်းရွှမ်က ရန်ကျောက်ကဲနှင့် တိမ်လွှာခွင်းဧကရာဇ်တို့ကို စူးစိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး...”

တိမ်လွှာခွင်းဧကရာဇ်က...

“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက ဘာလို့ သောပေါင်ထျန်းကျွင်းကို ဖယ်ရှားပစ်ချင်ရတာလဲ... ဟင်... ခဏလေး...”

သူ့မျက်နှာထက် နက်နဲသည့်တွေးတောမှုတစ်ခု ထင်ဟပ်လာသည်။

“ဖြစ်နိုင်တာက...”

ရန်ကျောက်ကဲက သူ့စကားကို ဆက်ပြောပေးလိုက်သည်။

“ဖြစ်နိုင်တာက... သောပေါင်ထျန်းကျွင်းက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့နေရာကို အစားထိုးဖို့ ကြိုးစားခဲ့တာလား”

ကောင်းချင်းရွှမ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက နဖူးကို အသာပွတ်သပ်လိုက်ပြီး တိမ်လွှာခွင်းဧကရာဇ်ကတော့ သက်ပြင်းချလိုက်၏။

ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော သောပေါင်ထျန်းကျွင်းသည်လည်း ရည်မှန်းချက်ကြီးသူ ဖြစ်ခဲ့သည်။ သူက ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်လွန်ပြီး တာအိုအဓိပတိအဆင့်သို့ တက်လှမ်းလိုခဲ့သည်။

တိမ်လွှာခွင်းဧကရာဇ်၏ မျက်နှာထက်တွင် နှမျောတသသည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။

“သောပေါင်ထျန်းကျွင်းက အခြေခံအုတ်မြစ်ခိုင်မာတယ် ၊ ထူးခြားတဲံတန်ခိုးစွမ်းအားလည်းရှိတယ် ၊ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းလိုမျိုး ထိပ်တန်းသိုင်းပညာနဲ့ဆိုရင် သူ့အနာဂတ်က အာမခံချက်အပြည့်ပဲ ၊ ကျင့်ကြံခြင်းအဆင့်တက်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ် ၊ သူက ဘာလို့ ဘိုးဘေးမဟာနတ်ဆိုးတွေရဲ့နေရာကို တပ်မက်ရတာလဲ”

ရန်ကျောက်ကဲ ခဏမျှတွေးလိုက်သည်။

“ဖြစ်နိုင်တာက... တစ်ယောက်ယောက်က သူ့ကျင့်စဉ်လမ်းကို ဟန့်တားခဲ့တာများလား”

စန့်ချင်ကျမ်းစာ(၁၀)စောင်၏ နောက်ဆုံးကျမ်းစာဖြစ်သော မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းမှာ ရန်ကျောက်ကဲ၏ မူလကောင်းကင်ကျမ်းစာ၏ ပထမဆုံးကျမ်းစာဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် အခြေအနေခြင်း တူညီသည်။

ထိုကျမ်းစာများက စန်းချင်း(၃)ပါး ဆရာသခင်များအား တာအိုအဆင့်သို့ တက်ရောက်စေခဲ့သည့် အခြေခံအုတ်မြစ်များ ဖြစ်သည်။

သဘောတရားအရဆိုလျှင် ဤကျမ်းစာများနှင့် သုံးသပ်ချက်များကို အပြည့်အဝနားလည်သဘောပေါက်ပြီး ကျင့်ကြံသွားသူတိုင်း ယွမ်စီထျန်းကျွင်းနှင့် လင်ပေါင်ထျန်းကျွင်း၏ လမ်းစဉ်အတိုင်း တာအိုအဆင့်သို့ ဖြည်းဖြည်းချင်း တက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော် ဤထိပ်တန်းသိုင်းပညာရပ်များကို အပြည့်အဝသဘောပေါက်ရန်မှာ ထက်မြက်သောဉာဏ်ရည်သာမဟုတ်ဘဲ အခွင့်အလမ်းများလည်း လိုအပ်သေးသည်။

စန်းချင်း(၃)ပါး ဆရာသခင်များ လောကကိုကျော်လွန်သည်ဆိုခြင်းမှာ ရိုးရှင်းစွာ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။

ထိုဖြစ်စဉ်အတွင်းပါဝင်သော လိုအပ်ချက်များက အလွန်တင်းကျပ်ပြီး ကြမ်းတမ်းလှသည်။ ထို့ကြောင့် အမှန်တကယ် ကျင့်ကြံရာတွင် ပြဿနာတစ်ခု ထွက်ပေါ်လာခဲ့သည်။

စန်းချင်း(၃)ပါး ဆရာသခင်များက သူတို့ လောကကိုကျော်လွန်ပြီးသွားမှ သူတို့၏ဆက်ခံသူအတွက် လမ်းကြောင်းတစ်ခု ညွှန်ပြပေးခဲ့သည်။

သို့သော် ဤလမ်းကြောင်းသည် အခြားသူများထံသို့လည်း ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

ထိုအခါ အရည်အချင်းရှိပြီး မကောင်းသောရည်ရွယ်ချက်ပိုင်ဆိုင်သူများက ဤလမ်းကြောင်းများကို အနှောင့်အယှက်ပေးရန် ကြိုးပမ်းလာကြသည်။

အချို့ကတော့ အနှောက်အယှက်ပေးမှုမျိုးမဟုတ်သည့်တိုင် ကျင့်ကြံသူများ လောကကို ကျော်လွန်သည့်လမ်းကြောင်းကို ဖျက်ဆီးပစ်တတ်ကြသည်။

ထိုသို့သောအနှောက်အယှက်များ ဖြစ်ပေါ်လာသည့်အခါ ကျင့်ကြံသူတစ်ယောက်ချင်း နှောင့်နှေးသွားရုံသာမက အချို့အတားအဆီးများဆိုလျှင် လမ်းကြောင်း လုံးဝပိတ်ဆို့သွားသည်အထိ ဖြစ်ရသည်။

လောကကိုကျော်လွန်ရန်မပြောနှင့် တာအိုအဆင့်သို့တက်ရောက်ရန်ပင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသည်။

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့ လက်တွေ့မကျလှပါဘူး”

သူသိထားသည့် ဥပမာတစ်ခု စိတ်ထဲသို့ ဝင်ရောက်လာသည်။

မီလဲ့ကိုယ်တော်__။

လက်ရှိ ဘုရားလောင်းဖြစ်ပြီး အဖြူရောင်ကြာပန်းသုခဘုံကို အုပ်ချုပ်နေသူ။

ထုံးစံအတိုင်းဆိုရလျှင် သက်ရှိထင်ရှားရှိနေသော ဗုဒ္ဓက လောကကိုကျော်လွန်သွားသည်ဆိုလျှင် သူ့အနေဖြင့် ထိုနေရာကိုရယူပြီး အလယ်ပိုင်းသုခဘုံကို အုပ်စိုးစံမြန်းပိုင်ခွင့်ရှိသည်။

ဤနည်းအားဖြင့် သူက ကောင်းကင်နတ်ဘုရားအဆင့်မှ တာအိုအဆင့်သို့တက်ရောက်နိုင်ပြီး လင်စန်းတောင်၏ ဗုဒ္ဓအသစ် ဖြစ်လာနိုင်သည်။

ထိုလမ်းကြောင်းအတိုင်းသာ အောင်မြင်ခဲ့ပါက သူ့အနေဖြင့် စကြာမုနိလျှောက်လှမ်းခဲ့သော လမ်းကြောင်းအတိုင်းလိုက်လျှောက်ကာ တာအိုအဆင့်မှသည် လောကကိုကျော်လွန်ခြင်းအထိ ရောက်ရှိသွားနိုင်သည်။

သူ၏ တာအိုအဆင့်သို့ တက်လှမ်းရန်လမ်းကြောင်းက အနောက်ဘက်သူတော်စင်ဘုံမှ ကိုယ်တော်များအပါအဝင် အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် မတူကွဲပြားသည်။

ဘုရားလောင်း၏လမ်းကြောင်းက ထူးခြားပြီး အလွန်ရိုးရှင်းသည်။ ထို့ကြောင့် အခြားသောကောင်းကင်နတ်ဘုရားအဆင့်ရှိသူများက သူ့ကိုမနာလိုဖြစ်ပြီး တစ်စက်လေးပင် သဘောကျခြင်း မရှိပေ။

သို့သော် ယခု ထိုအရာက မည်သို့ဖြစ်သွားခဲ့ပါသနည်း။

အခု လူတိုင်းသိရှိသည့်အတိုင်း ဖြစ်ပျက်သွားခဲ့သည်။

ဘုရားလောင်း၏ တာအိုအဆင့်သို့တက်လှမ်းရန် နောက်ဆုံးအဆင့် အရေးကြီးသောခြေလှမ်းတွင် တစ်စုံတစ်ယောက်၏ ကြံစည်မှုခံရသဖြင့် ကျရှုံးခဲ့ရသည်။

ထိုအခြေအနေက ဆိုးရွားလွန်းသဖြင့် မီလဲ့ကိုယ်တော်မှာ အခြားသူများကဲ့သို့ လမ်းမှန်အတိုင်း လျှောက်လှမ်းလိုသည့်တိုင် ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိတော့ပေ။

အဆုံးသတ်မှာတော့ သူက အလယ်ပိုင်းသုခဘုံ၏ သွန်သင်ချက်များကို လုံးဝပြောင်းလဲပစ်ရန် အတင်းအကျပ် ပြင်ဆင်ရတော့သည်။

ထို့ကြောင့်ပင် အလယ်ပိုင်းသုခဘုံမှ တန်ခိုးစွမ်းအားရှင်များက အနောက်ဘက်သူတော်စင်ဘုံသို့ ထွက်ခွာသွားခဲ့ကြသည်။

ဤသည်က သူ၏လမ်းကြောင်းကို လျှို့ဝှက်ထားဆဲဖြစ်သည်ဆိုသော အခြေအနေအောက်တွင် ဖြစ်၏။

လမ်းကြောင်းတစ်ခုသည် ပိုမိုထင်ရှားလာလေ အခြားသူများ၏ ဝင်ရောက်စွက်ဖက်မှုကို ပိုမိုလွယ်ကူစွာ ခံရလေဖြစ်သည်။

ရှေးခေတ်ကတည်းက ထူးချွန်သော ပုဂ္ဂိုလ်များစွာ ပေါ်ထွက်ခဲ့သည်ပင်။

ထိုသူများက အခြားသောသိုင်းပညာများကို အခြေခံအုတ်မြစ်အဖြစ်ယူကာ ထိုသို့သောဖြစ်ရပ်များ မဖြစ်ပေါ်စေရန် လမ်းကြောင်းသစ်များကို တီထွင်ခဲ့ကြသည်။

တစ်ခါတစ်ရံတွင် ထိုအသစ်သောတီထွင်မှုများက ကျင့်စဉ်လမ်းအတားအဆီးများကို ဖြတ်ကျော်နိုင်ပြီး လမ်းကြောင်းကို ချောမွေ့စေသည်။

သို့သော် အချိန်နှင့်အခြေအနေဆိုသည်က မည်သူ့ကိုမှ စောင့်ဆိုင်းနေခြင်း မရှိပေ။ အရာအားလုံးက လက်တွေ့ဘဝအပေါ်တွင်သာ မူတည်သည်။

ကျင့်ကြံသူတစ်ယောက်ချင်းစီက မတူညီသည့်ဒုက္ခများကို ဖြတ်ကျော်ရမည် ဖြစ်သည်။

တခါတလေ ရွေးချယ်စရာများမှာ “ဆိုးရွားသောရလဒ်” နှင့် “ပိုမိုဆိုးရွားသောရလဒ်” ကြားတွင်သာ ရှိတတ်သည်။

“သောပေါင်ထျန်းကျွင်းရဲ့ လမ်းကြောင်းကို ဟန့်တားခဲ့တာမဟုတ်ဘူး ၊ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းက ငရဲကိုးထပ်ပဲ မဟုတ်လား”

ရန်ကျောက်ကဲက မေးစေ့ကိုအသာပွတ်သပ်ရင်း...

“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့လမ်းကြောင်းကို ဖွင့်လှစ်ဖို့ပဲ”

All Chapters