← Chapters

သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာ

Vol. 105 Ch. 1473

သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာ

Vol. 105 Ch. 1473

အခန်း (၁၄၇၃) သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာ

“တကယ်လို့ လင်ပေါင်ထျန်းကျွင်း အခုထိ အသက်ရှင်နေသေးတယ်ဆိုရင် ဓမ္မာအဆုံးသတ်ကောင်းကင်နတ်ဆိုးဆင်းသက်လာတာက သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာလိမ့်မယ်”

ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ သက်ပြင်းချလိုက်ကြသည်။

“လင်ပေါင်ထျန်းကျွင်းက လောကကိုကျော်လွန်သွားပြီဆိုတော့ ငရဲကိုးထပ်က နောက်ထပ်လင်ပေါင်ထျန်းကျွင်းတစ်ယောက် ထပ်ပြီးထွက်ပေါ်လာစေချင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဖြစ်နိုင်တာက သောပေါင်ထျန်းကျွင်းရဲ့ အတိတ်ကလုပ်ရပ်တွေက ကျန်းရွှင်ဟွားအတွက် အခွင့်အလမ်းတစ်ခု ဖန်တီးပေးခဲ့တာပဲ”

ရန်ကျောက်ကဲက နက်ရှိုင်းစွာ တွေးတောရင်း ပြောလိုက်သည်။

“မဟုတ်ရင်... သူ့အနေနဲ့ အဲဒါကို ဒီလောက်လွယ်လွယ် ရသွားမှာ မဟုတ်ဘူး”

ထိုစကားကိုကြားသည်နှင့် ကျန်ရှိသူနှစ်ဦးမှာ အတွေးထဲ နစ်မျောသွားကြသည်။

“ဒါက ဖြစ်နိုင်စရာရှိတယ်”

ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...

“ဒီလို အမှန်တရားသိလိုက်ရတာ လုံးဝ ပျော်စရာမကောင်းဘူး”

ရန်ကျောက်ကဲတင်မဟုတ် စန့်ချင်အဆက်အနွယ်မှ အကြီးအကဲ(၂)ယောက်လည်း ပျော်ရွှင်ခြင်း မရှိကြပေ။

အကြောင်းမှာ သူတို့အနေဖြင့် တာအိုဝါဒ၏ ထင်ရှားသူများ ကွယ်လွန်သည့်သက်သေအထောက်အထားကို တွေ့ရှိခဲ့သည်သာမက လောင်ကျွင်း၏အတွေးများက မည်မျှမခန့်မှန်းနိုင်ကြောင်း သဘောပေါက်လိုက်သောကြောင့်ပင်။

လောင်ကျွင်းကို များစွာအားကိုးခြင်းက စိတ်ချရသည့်အရာ မဟုတ်ပေ။

မဟာကပ်ဘေးကြီးဖြစ်ပေါ်စဉ်က လောင်ကျွင်း မည်သည့်လှုပ်ရှားမှုမှ မလုပ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“နောက်ဆုံးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“လောင်ကျွင်းကို မျှော်လင့်ချက်ထားမယ့်အစား ကိုယ့်ကိုယ်ကိုယ်မျှော်လင့်ချက်ထားတာကမှ အံ့အားသင့်စရာကိစ္စတွေက စောင့်ကြိုနေနိုင်ပါသေးတယ်”

သူတို့ (၃)ယောက် တစ်‌ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တိတ်ဆိတ်စွာ မတ်တတ်ရပ်နေမိကြသည်။

ခဏကြာမှ ရန်ကျောက်ကဲက အတွေးများကို ပြန်လည်စုစည်းပြီး မေးခွန်းထုတ်လိုက်သည်။

“ချိကျင်းကျီဆရာသခင်နဲ့ သောပေါင်ထျန်းကျွင်းတို့က အလယ်ခေတ်မှာ ဆုံးပါးသွားခဲ့ကြတာလား”

ကောင်းချင်းရွှမ်က ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ဒီကိစ္စအားလုံးက အလယ်ခေတ် အစောပိုင်းမှာ ဖြစ်ပွားခဲ့တာ ၊ အနောက်သို့ခရီးသွားမှတ်တမ်းမတိုင်ခင် ချီထျန်းမဟာသူတော်စင် မမွေးဖွားခင် ကာလမှာပေါ့”

ရန်ကျောက်ကဲက တစ်ချက်စဉ်းစားရင်း...

“သောပေါင်ထျန်းကျွင်းနဲ့ ချိကျင်းကျီဆရာသခင်တို့က အဲဒီကာလမှ ပျောက်ကွယ်သွားခဲ့ကြတာ ၊ ပြီးတော့ သူတို့နဲ့ပတ်သက်တဲ့သတင်းတွေလည်း သိသိသာသာ လျော့နည်းသွားတယ် ၊ အချိန်ကာလကတော့ အမှန်တကယ် ကိုက်ညီပါတယ်”

ရန်ကျောက်ကဲ ရုတ်တရက် အခြားကိစ္စတစ်ခုကို စဉ်းစားမိသွားသည်။

အစောပိုင်းတိုက်ပွဲတွင် ရန်ကျောက်ကဲ အလွန်အန္တရယ်များသောအခြေအနေတစ်ခုထဲတွင် ပိတ်မိနေပြီး တိုက်တိုင်းအောင်‌ဗုဒ္ဓနှင့် အခြားသောအင်အားစုများမှ တန်ခိုးစွမ်းအားရှင်များကို မဖြစ်မနေရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် သူ့အနေဖြင့် မကြာခင်ကမှပြန်ရောက်လာသော နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ဖြင့် တွေ့ဆုံစကားပြောရခြင်း မရှိသေးပေ။

နတ်ဘုရားသတ်ဖြတ်ဓားကို မည်သို့မည်ပုံရရှိခဲ့သည် ၊ သူတို့ မည်သို့သောကိစ္စရပ်များ ကြုံတွေ့ခဲ့ကြသည်ကို မမေးမြန်းရသေးပေ။

သို့သော် နတ်ဘုရားသတ်ဖြတ်ဓားကိုတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲစိတ်ထဲ အတွေးနိမိတ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

နတ်ဘုရားများအပ်နှင်းခြင်း ရှေးခေတ်ကာလ ပြီးဆုံးသွားသည့်နောက် သောပေါင်ထျန်းကျွင်းက သူ၏အဆက်အနွယ်များကို ယွမ်ကျုန်းတာအိုကျောင်းတော်တွင် ထားရှိခဲ့သည်။

ထိုတာအိုကျောင်းတော်မှဆက်ခံသူများမှာ နတ်ဘုရားသတ်ဖြတ်ဓားကို အလွန်ပင် ကျွမ်းကျင်ကြသည်။

ဟိုစဉ်အချိန်က ရန်ကျောက်ကဲက ယွမ်ကျုန်းတာအိုကျောင်းတော်တွင် သောပေါင်ထျန်းကျွင်း၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ပထမဆုံးအကြိမ် သိရှိခဲ့ရသည်။

နောက်ပိုင်းမှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အခြားသောမူကွဲတစ်ခုဖြစ်သည့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ထပ်မံလေ့လာခဲ့ခြင်း ဖြစ်၏။

သို့ဖြစ်ရာ အလယ်ခေတ်အစပိုင်းတွင် သောပေါင်ထျန်းကျွင်းက လူမသိသူမသိ အဆက်အနွယ်တစ်ခု ထားရစ်ခဲ့သည်မှာ ထူးခြားသောအကြောင်းရင်းတစ်ခု ရှိပါသလား။

ထို့ပြင် တာအိုကျောင်းတော်၏တည်ထောင်သူ တာအိုဆရာသခင်’ယွမ်ခန်း’ ဆိုသူမှာ မည်သည့်အချိန်က သောပေါင်ထျန်းကျွင်း၏တပည့်ဖြစ်ခဲ့ကြောင်း မသိရပေ။

သောပေါင်ထျန်းကျွင်းက ချိကျင်းကျီကိုသတ်ဖြတ်ပြီး နတ်ဘုရားသတ်ဖြတ်ဓားကိုယူဆောင်ပြီးနောက် ၊ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက သူ့ကို သတ်ဖြတ်မီအချိန်အတွင်း အကြောင်းရင်းတစ်ခုခုကို ဖုံးကွယ်ထားခဲ့သည်မှာ သေချာသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“နောက်ဆုံးတော့ ဘယ်အစီအစဉ်ကိုမဆို ကံတရားက ထိန်းချုပ်သွားတပါပဲ”

သောပေါင်ထျန်းကျွင်း ထူးခြားသောအစီအစဉ်များ ပြုလုပ်ခဲ့သည်ဖြစ်စေ ၊ မပြုလုပ်သည်ဖြစ်စေ မဟာကပ်ဘေးကြီး၏ အကျိုးသက်ရောက်မှုက ထောင်ပေါင်းများစွာသော စကြာဝဠာများကို လွှမ်းခြုံသွားခဲ့ပြီး ယွမ်ကျုန်းတာအိုကျောင်းတော်သည်လည်း များစွာထိခိုက်ခံစားခဲ့ရသည်။

ရန်ကျောက်ကဲက ကျုန်းယွမ်ကျောင်းတော်အပျက်အဆီးများကို ရှာဖွေတွေ့ရှိခဲ့ပြီး နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ရရှိခဲ့သည်။

ယွီယဲ့ကတော့ သောပေါင်ထျန်းကျွင်း သေဆုံးရာနေရာသို့ရောက်ရှိခဲ့ပြီး နတ်ဘုရားသတ်ဖြတ်ဓားကို ရရှိခဲ့သည်။

အကယ်၍ သောပေါင်ထျန်းကျွင်းတွင် အစီအစဉ်တစ်ခု ရှိခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာအားလုံး အလကားဖြစ်သွားခဲ့ပေပြီ။

ကံကြမ္မာဆိုသည်က လူတို့အကြံကို အကြာခဏ ဖျက်ဆီးပစ်တတ်သည်ပင်။

တိမ်လွှာခွင်းဧကရာဇ်က...

“သောပေါင်ထျန်းကျွင်းက မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးရဲ့ လက်ချက်နဲ့ ဆုံးပါးသွားတယ်ဆိုရင်... နတ်ဘုရားသတ်ဖြတ်ဓားက ဘာလို့ ငရဲကိုးထပ်ကိုရောက်မသွားရတာလဲ”

သူက ဆက်ပြောလိုက်သည်။

“ယွီယဲ့နှင့် နျဲ့ကျင်းရှန်တို့ နတ်ဘုရားသတ်ဖြတ်ဓားနဲ့ သောပေါင်ထျန်းကျွင်းရဲ့ အကြွင်းအကျန်တွေကို ဘယ်နေရာမှာ တွေ့ခဲ့ကြတာလဲ”

ကောင်းချင်းရွှမ်က...

“နတ်ဘုရားသုတ်သင်ဓားက ပြသတဲ့အရာအတိုင်းဆိုရင်တော့... သောပေါင်ထျန်းကျွင်းက မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးရဲ့လက်ချက်နဲ့ ချက်ချင်းသေမသွားခဲ့ဘူး ၊ သူ လွတ်မြောက်သွားခဲ့တယ် ၊ ဒါပေမဲ့ ဒဏ်ရာပြင်းထန်လွန်းလို့ ပြန်သက်သာမလာတော့ဘဲ သေဆုံးသွားခဲ့တာ”

သူမက ဆက်ပြောလိုက်သည်။

“အတိအကျ အသေးစိတ်ကိုတော့ ကျွန်မ မသိဘူး ၊ ဒါပေမဲ့ သူတို့နှစ်ယောက်က ဗလာနယ်ပုံပျက်ရာကနေ သောပေါင်ထျန်းကျွင်း သေဆုံးခဲ့တဲ့နေရာကို ရောက်သွားတာဖြစ်ရမယ် ၊ ပြီးတော့ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနဲ့ နတ်ဘုရားသတ်ဖြတ်ဓားကို ရရှိခဲ့ကြတယ်”

တိမ်လွှာခွင်းဧကရာဇ် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

ကောင်းချင်းရွှမ်က...

“တခြားသူတွေလည်း အဲဒီနေရာကို ရှာတွေ့သွားမလားလို့ ရှင်တွေးနေတာလား”

တိမ်လွှာခွင်းဧကရာဇ်က ခေါင်းညိတ်ရင်း...

“ဟုတ်တယ်”

ရန်ကျောက်ကဲက ထိုစကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

သောပေါင်ထျန်းကျွင်း ဆုံးပါးသွားသည်မှာ နှစ်ပေါင်းများစွာကြာသည့်တိုင် သူ၏ရုပ်ကြွင်းကို မည်သူမှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။

သူက မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကြောင့် ဆုံးပါးသွားရခြင်းဖြစ်သော်လည်း ငရဲကိုးထပ်က သူသေဆုံးရာနေရာကို ရှာဖွေနိုင်ခဲ့ခြင်းမရှိသဖြင့် အနာဂတ်ပြဿနာများကို ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပေ။

ပုံမှန်ဆိုလျှင် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့အနေဖြင့် သွေးနီရောင်ကြယ်နတ်ဆိုးကြောင့် ဖြစ်ပေါ်လာသော ဗလာနယ်အက်ကွဲကြောင်းမှတစ်ဆင့် သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာသို့ ဝင်ရောက်နိုင်သည်မှာ ဖြစ်နိုင်ခြေမရှိသလောက် နည်းပါးသည်။

အကြောင်းမှာ သောပေါင်ထျန်းကျွင်းက နတ်ဘုရားသတ်ဖြတ်ဓားဖြင့် အခြားသူများ သတိမပြုမိစေရန် အကာအကွယ်အစီအရင်တစ်ခု ဖွဲ့စည်းထားနိုင်သောကြောင့် ဖြစ်၏။

တစ်စုံတစ်ယောက်က ထိုနေရာကို သတိပြုမိသည့်တိုင် နတ်ဘုရားသတ်ဖြတ်ဓားဖြင့်ပြုလုပ်ထားသည့် အရံအတားကို ဖြတ်ကျော်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ (၂)ယောက်လုံးက ထူးချွန်သူများဖြစ်ကြပြီး သူတို့နှစ်ယောက်လုံး၏ တန်ခိုးစွမ်းအားက မျိုးဆက်တူသူများထက် အဆမတန် သာလွန်ကြသည်။

သို့သော် ကျုန်းယွမ်ကျောင်းတော်ရှိ သောပေါင်ထျန်းကျွင်းအဆက်အနွယ်မှ ရရှိခဲ့သော နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကျမ်း အသုံးပြုမှသာ သူတို့အနေဖြင့် အရံအတားကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ သို့တိုင် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။

ထို့ကြောင့် ဖြစ်နိုင်သည်မှာ ထိုအချိန်အတောအတွင်း အခြားတစ်စုံတစ်ယောက်သည်လည်း သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် သောပေါင်ထျန်းကျွင်း၏ ဆုံးပါးရာနေရာက ဤကမ္ဘာတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့က ပြောင်းလဲသွားသော နေရာအနေအထား အပျက်အဆီးများမှတစ်ဆင့် ထိုနေရာသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်၏။

ဖြစ်နိုင်သည်မှာ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့မတိုင်မီက အခြားသောတစ်စုံတစ်ယောက်က ထိုပျက်ဆီးနေသောအရံအတားနှင့် ထိတွေ့ခဲ့ဟန်တူသည်။

ထူးခြားသည့်တိုက်ဆိုင်မှုများစွာ ပေါင်းစည်းလိုက်သည့်အခါ ယွီယဲ့က ထိုနေရာမှ ကြီးမားသောအကျိုးကျေးဇူးများ ရရှိသွားခဲ့သည်။

“ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့ အဲဒီကိုရောက်သွားတာက အခြားသူတွေကိုလည်း အဲဒီထဲဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့လိမ့်မယ်”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

မဟုတ်ပါက အခြားသူများအနေဖြင့် အစီအရင်အတွင်းဝင်ရောက်နိုင်ရန် အချိန်နှင့် အားထုတ်မှုများစွာ ပိုမိုသုံးစွဲရပေမည်။

အခြားအကြောင်းအမျိုးမျိုးနှင့် ပေါင်းစပ်လိုက်သည့်အခါ တိုက်ဆိုင်မှုအားဖြင့် အတိတ်ကပိတ်ဆို့ထားသော အရံအတားကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။

တိမ်လွှာခွင်းဧကရာဇ်က...

“နောက်ဆုံးတော့ သူတို့နှစ်ယောက်က သောပေါင်ထျန်းကျွင်းနဲ့ ကံစပ်သွားတာဖြစ်မယ် ၊ ဒါကြောင့် သူတို့နှစ်ယောက်က သောပေါင်ထျန်းကျွင်းရဲ့အမွေအနှစ်ကို ရရှိခဲ့တာပေါ့”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီပြိုင်ဆိုင်မှုတွေထဲ ဘယ်သူတွေများပါဝင်နေကြလဲမသိဘူး ၊ အခု သူတို့တွေ ဘာဖြစ်သွားကြပြီလဲမသိဘူး”

(၃)ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းများထဲ အလင်းရောင်များ လက်ခနဲဖြတ်သန်းသွားသည်။

သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာကို ရှာဖွေတွေ့ရှိနိုင်သူများမှာ စန့်ချင်အဆက်အနွယ်မှ ဖြစ်နိုင်ခြေအများဆုံး ရှိသည်။

အခြားအဆက်အနွယ်မှ ထိုသို့ပြုလုပ်နိုင်သည်ဆိုသည့်တိုင် စန့်ချင်အဆက်အနွယ်မှ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။

ထိုအခါသူတို့စိတ်ထဲ နာမည်တစ်ခု ထွက်ပေါ်လာသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားခဲ့သူ__ စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’...။

လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့ကဲ့သို့ လောကမှပုန်းကွယ်နေသည့် အခြားသော စန့်ချင်အဆက်အနွယ်များ ရှိနေသေးသည်လားဆိုသည်ကတော့ မသေချာလှပေ။

သို့သော် စန့်ချင်အဆက်အနွယ် သိုင်းကျင့်ကြံသူတစ်ယောက်အား စဉ်းစားမိသည့်အခါ ကျန်းပုရွှီးက ဖြစ်နိုင်ခြေအများဆုံးသူ ဖြစ်လာသည်။

ရန်ကျောက်ကဲက...

“အတိအကျ အသေးစိတ်ကိုတော့ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့ကိုပဲ မေးကြည့်ရမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“တခြာသူတွေကို အမြန်ရှာရမယ် ၊ အခု တိုက်ပွဲက မပြီးသေးဘူး ၊ အဆုံးမရှိတဲ့ဗလာနယ်က ကျယ်ပြန့်တယ်ဆိုပေမယ့် သူတို့တွေ ရန်သူနဲ့မတွေ့ဘူးလို့ မပြောနိုင်ဘူး”

ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့ (၃)ယောက် အဆုံးမရှိသော စကြာဝဠာထဲ ဆက်လက်ရှာဖွေမှုများ ပြုလုပ်ကြသည်။

ခဏကြာပြီးနောက် သူတို့ ရန်တိကို ရှာဖွေတွေ့ရှိခဲ့ကြပြီး လုန်ရွှယ်ကျီးကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစကားပါးလာသည်။

သူ၏ သတင်းစကားအရ လုန်ရွှယ်ကျီး ဒဏ်ရာအပြင်းအထန်ရထားသောလည်း အလွန်အန္တရယ်ကြီးမားသောအခြေအနေတွင်မရှိကြောင်း သိခဲ့ရသည်။

သူတို့အားလုံး ပရမ်းပတာ ပြင်ပဗလာနယ်ထဲတွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေစဉ် စစ်မီးလျှံသည်လည်း အတောမသတ် တောက်လောင်နေဆဲ ဖြစ်လေ၏။

All Chapters