← Chapters

စကြာဝဠာထဲအပ်ပျောက်ရှာ

Vol. 105 Ch. 1474

စကြာဝဠာထဲအပ်ပျောက်ရှာ

Vol. 105 Ch. 1474

အခန်း (၁၄၇၄) စကြာဝဠာထဲအပ်ပျောက်ရှာ

အဆုံးမရှိ မှောင်မိုက်သော ဗလာနယ်ထဲတွင် တောက်ပသည့်အလင်းရောင်တချို့ ရုတ်တရက်ဖြတ်သန်းသွားသည်။ ထိုအလင်းရောင်များက နတ်မိစ္ဆာရောင်ဝါများဖြစ်လေရာ ပတ်ဝန်းကျင်ရှိကြယ်စင်များကိုပင် ရှုပ်ထွေးသွားစေသည်။

ထိုအလင်းရောင်များပျောက်ကွယ်သွားတော့မှ မှောင်မိုက်သည့်ဗလာနယ်ထဲ လူရိပ်တချို့ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲတို့အုပ်စုပင် ဖြစ်၏။

တိမ်လွှာခွင်းဧကရာဇ်က...

“တိုက်ပွဲမပြီးသေးဘူးဆိုတော့... ငါတို့လည်း အင်အားစုပေါင်းစုံက တန်ခိုးစွမ်းအားရှင်တွေနဲ့ ဆုံတွေ့ရဦးမယ်ထင်တယ်”

သူက ဆက်ပြောလိုက်သည်။

“နတ်မိစ္ဆာတွေကို အထူးသတိထားရမယ် ၊ အခု တိမ်မြူမိုင်တစ်သောင်းဂဠုန် ဘယ်ရောက်နေလဲမသိဘူး”

ရွှေအတောင် မဟာဂဠုန်မျိုးနွယ်တို့၏ခေါင်းဆောင် ‘တိမ်မြူမိုင်တစ်သောင်းဂဠုန်’...။

သူက နတ်မိစ္ဆာမျိုးနွယ်၏ အလျှင်မြန်ဆုံးသော မဟာသူတော်စင်အဖြစ် သတ်မှတ်ခံရသည်။

အမြန်နှုန်းတစ်ခုတည်းကိုနှိုင်းယှဉ်မည်ဆိုလျှင် သူက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအားလုံးတွင် သေချာပေါက် အမြန်ဆုံး ဖြစ်ပေလိမ့်မည်။

ယခု ရန်ကျောက်ကဲတို့အုပ်စုက ထိုနတ်မိစ္ဆာ မဟာသူတော်စင်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

မြေကမ္ဘာပလ္လင်နတ်ဆိုးအား သုတ်သင်ချိန်က တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏သားဖြစ်သူ ‘ဖုလော်ကျီ’ သေဆုံးသွားခဲ့သည်။

ဖုလော်ကျီက နတ်မိစ္ဆာမျိုးနွယ်သူတော်စင်ငယ်တစ်ပါးဖြစ်ပြီး ရန်ကျောက်ကဲတို့အုပ်စု ဖန်တီးထားသော နတ်ဘုရားသုတ်သင်အစီအရင်ဖြင့် သေဆုံးသွားခြင်း ဖြစ်၏။

ဖုလော်ကျီ၏ အမြန်နှုန်းက ရွှီဖေး ၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကို ကာကွယ်ပေးရန် ရည်မှန်းထားသည့် ရန်ကျောက်ကဲတိုအုပ်စုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့သည်။

အကြမ်းဖက်မှုဆိုသည်က အကန့်အသတ်ကို သိရှိသည်မဟုတ်။

ရန်ကျောက်ကဲတို့အုပ်စုက ဖုလော်ကျီအား ထိခိုက်အောင်လုပ်မိသည်ကို အရေးမစိုက်ခဲ့ပေ။

သို့သော် ဖုလော်ကျီကို တစ်ချက်မတုံ့ဆိုင်းဘဲ သတ်ဖြတ်ခဲ့ခြင်းကြောင့် သူတို့အနေဖြင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို လျစ်လျူရှုလောက်သည်အထိ မာနကြီးသည်ဟု မဆိုလိုပေ။

မည်သို့ပင်ဖြစ်စေ လောကတွင် လျှော့ပေါ့ပေးနိုင်သည့်ကိစ္စများရှိသလို သနားညှာတမှုမရှိဘဲ ရက်စက်ရမည့်ကိစ္စများလည်း ရှိသည်။

ရန်ကျောက်ကဲတို့အုပ်စုက ဖုလော်ကျီကိုသတ်ဖြတ်လိုက်သည်ဖြစ်ရာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ လက်စားချေမှုကို သတိထားရမည် ဖြစ်၏။

သတင်းများအရဆိုလျှင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်သည် ငရဲကိုးထပ်မှ နတ်ဆိုးများ ပြန်လည်မွေးဖွားလာခြင်းနှင့် အခြားအင်အားစုများကြား ဖြစ်ပွားသောတိုက်ပွဲများတွင် ပါဝင်ခြင်းမရှိခဲ့ပေ။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့က သူတို့အင်အားစု(၂)ခုကို ထောက်ပံ့ကူညီပေးရင်း အချင်းချင်းတိုက်ခိုက်နေလျှက် မည်သည့်ဘက်မှ လမ်းဖွင့်ပေးရန် ဆန္ဒမရှိကြပေ။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က နတ်မိစ္ဆာမျိုးနွယ်များ၏ စစ်တပ်ခေါင်းဆောင်ဖြစ်ပြီး အနောက်ဘက်သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များနှင့် တိုက်ခိုက်မှုကို တာဝန်ယူထားသည်။

ပုံမှန်ဆိုလျှင် ဤတာဝန်က အလေးအနက်ထားရမည့်တာဝန်တစ်ခု ဖြစ်၏။

မဟာသူတော်စင်တစ်ပါးဖြစ်သော တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ တည်ရှိမှုက ဗုဒ္ဓဘာသာဝင်များအတွက် ကြီးမားသော ဒုက္ခများကို ဖြစ်ပေါ်စေခဲ့သည်။

သတ်မှတ်ထားသော အခြေအနေများအောက်တွင် သူတစ်ယောက်တည်းဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိ တန်ခိုးစွမ်းအားရှင်များစွာကို ရင်ဆိုင်ရန် လုံလောက်သည်။

သူတစ်ဦးတည်းပင် ဗုဒ္ဓဘာသာဝင်အများအပြား၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သူ၏ တည်ရှိမှုကြောင့် နှစ်ဖက်တိုက်ပွဲတွင် လက်ရည်တူအနေအထားရှိနေသည့်တိုင် နတ်မိစ္ဆာမျိုးနွယ်ဘက်မှ အချို့သောအားသာချက်များရရှိထားပြီး အနောက်ဘက်သူတော်စင်ဘုံက ပို၍ သတိထားနေရသည်။

အကယ်၍ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် ရုတ်တရက် ထွက်ခွာသွားပါက မည်သည့်ရလဒ်မျိုး ဖြစ်ပေါ်လာမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။

နတ်မိစ္ဆာမျိုးနွယ်များက အနောက်ဘက်သူတော်စင်ဘုံကို ဟန့်တားထားခြင်းကြောင့် အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် အမတခုံရုံးကို အကြမ်းဖက် ကျူးကျော်တိုက်ခိုက်နိုင်ခဲ့ပြီး ယခုအချိန်ထိ အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

အကယ်၍ နတ်မိစ္ဆာမျိုးနွယ်၏ ခံစစ်လမ်းကြောင်းတွင် အက်ကြောင်းထင်သွားပါက အနောက်ဘက်သူတော်စင်ဘုံမှ လမ်းမှန်ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်များက ပြင်ပကျင့်ကြံသူ(၂)ဖွဲ့၏တိုက်ပွဲအတွင်း ဝင်ရောက်လာပေမည်။

ထိုသို့ဆိုလျှင် တိုက်ပွဲအခြေအနေက သိသာစွာ ပြောင်းလဲသွားမည်မှာ ဧကန်ပင်။

ပုံမှန်ဆိုလျှင် ဤသည်က ဖြစ်ပေါ်လာသင့်သည့်အခြေအနေဖြစ်၏။

ယခု တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ သားဖြစ်သူသည် သေဆုံးသွားခဲ့ပြီ။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် ထိုအကြောင်းကို မသိရှိသေးပါက အရာအားလုံးသည် အေးချမ်းနေဦးမည်ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ထိုသတင်းကို သိရှိသွားသည်နှင့်တပြိုင်နက် လှုပ်ရှားမှုများ ပြုလုပ်လာနိုင်သည်။

လက်ရှိအချိန်ထိ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ထွက်ပေါ်လာခြင်းမရှိသေးရာ သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီသည့်အခြားတန်ခိုးစွမ်းအားရှင်များက သူ့ကို ဟန့်တားထားခြင်း ဖြစ်နိုင်သည်။

ဤကောင်းကင်နတ်ဘုရားအဆင့်ရှိ တန်ခိုးစွမ်းအားရှင် လိုက်လံတိုက်ခိုက်ခြင်းခံရသည်က စိတ်ကူး၍ပင်မရနိုင်သောကိစ္စ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုက မိမိအဖွဲ့မှ ပျောက်ဆုံးနေသူများကို ရှာဖွေရန် အလျှင်အမြန်လှုပ်ရှားနေရခြင်းဖြစ်သည်။

ရန်ကျောက်ကဲက...

“လက်ရှိသတင်းတွေအရတော့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ဒီပတ်ဝန်းကျင်နယ်မြေမှာဖြစ်နေတဲ့ တိုက်ပွဲကြားထဲကို ရောက်မလာသေးဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီနတ်မိစ္ဆာအတွက်တော့ ကျယ်ပြန့်တဲ့ဗလာနယ်ကို ဖြတ်သန်းသွားဖို့ဆိုတာ တစ်ခဏအတွင်း ပြီးမြောက်နိုင်တဲ့ကိစ္စပဲ ၊ သူ့အတွက် အကွာအဝေးဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာတစ်ခုလိုပဲ”

ထို မဟာဂဠုန်အား ရန်သူများက ဟန့်တားထားနိုင်သည်မျာ ဖြစ်နိုင်ခြေရှိသော်လည်း ထူးခြားဖြစ်စဉ်မရှိပါက သူ၏ရန်သူများက သူ့ကို သူသေကိုယ်သေ ပိတ်ဆို့ထားကြမည် မဟုတ်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုက တစ်ချက်လေးပင် သတိမပေါ့ဆဝံ့ဖြစ်နေရသည်။

‌ကောင်းချင်းရွှမ်က...

“တာအိုရောင်းရင်း’လင်ချင်း’ က ငါ့ဆီသတင်းပို့လာတယ် ၊ သူ အခုချိန်ထိ ဘေးကင်းနေသေးတယ်တဲ့ ၊ ဒါပေမဲ့ နတ်ဘုရားသုတ်သင်အစီအရင်မှာ ဒဏ်ရာအပြင်းအထန်ရသွားလို့ တံခါးပိတ်ကျင့်ကြံပြီး ဒဏ်ရာကိုကုသရမယ်လို့ပြောတယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဒီတစ်ခါတော့ လဝန်းထက်ယံအရှင်သခင်ကို တကယ် ဒုက္ခပေးမိသွားပြီ”

လင်ချင်း တစ်ယောက်တည်းသာ မဟုတ်ပေ။

နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲသွားချိန်တွင် ထိုအစီအရင်ကို ဖန်တီးခဲ့သူများအားလုံး တူညီစွာပင် ဒဏ်ရာရရှိခဲ့ကြသည်။

ရန်ကျောက်ကဲပင်လျှင် ခြွင်းချက်မဟုတ်ခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို အမွေဆက်ခံသည့်အချိန်အတွင်း သူ၏ဒဏ်ရာ ပြန်လည်ပျောက်ကင်းသွားခြင်း ဖြစ်သည်။

အခြားသူများကတော့ ထိုမျှ ကံမကောင်းခဲ့ကြပေ။

သူ့ဘေးတွင်ရှိသော ရန်တိ ၊ ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ပင်လျှင် ဒဏ်ရာများဖြင့် ပြည့်နှက်နေကြသည်။ ဤမျှပြင်းထန်သောဒဏ်ရာများက ကာလရှည်ကြာ တံခါးပိတ်ကျင့်ကြံမှသာလျှင် ပြန်လည်သက်သာလာမည် ဖြစ်၏။

ယခုတော့ သူတို့အားလုံး လူလိုက်ရှာရသည်နှင့် အလုပ်များနေကြပြီး ဒဏ်ရာများကိုကုသရန် မစဉ်းစားနိုင်ကြသေးပေ။

အစီအရင်ဖန်တီးမှုတွင် ပါဝင်ခဲ့သော အခြားသူများလည်း တစ်နည်းတစ်ဖုံ ဒဏ်ရာများ ရရှိခဲ့ကြသည်။

ကျင့်ကြံခြင်းအဆင့်နိမ့်ပါးလေ ဒဏ်ရာက ပိုမိုပြင်းထန်လေ ဖြစ်၏။

“ဂိုဏ်းတူအစ်ကိုလုန်လည်း ဘေးကင်းတယ်မလား”

ရန်တိက ကောင်းချင်းရွှမ်အား မေးလိုက်သည်။

ကောင်းချင်းရွှမ်က ခေါင်းခါယမ်းရင်း...

“လုန်ရွှယ်ကျီး ဒဏ်ရာပြင်းထန်တယ် ၊ လောလောဆယ် သူ့မှာ တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူး ၊ အခုချိန် တိုက်ခိုက်မယ်ဆိုရင် သူ့ရဲ့အသက်ဓာတ်စွမ်းအားနဲ့ ကျင့်ကြံခြင်းအခြေခံကို ထိခိုက်သွားလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အခု သူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားပြီ ၊ ထူးခြားဖြစ်စဉ်မရှိဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ မရှိနိုင်ဘူး”

ရန်တိက ခေါင်းညိတ်ရင်း...

“တော်သေးတာပေါ့...”

ရန်ကျောက်ကဲက သူ၏နားသယ်စပ်မှဆံပင်များကို အသာပွတ်သပ်ရင်း...

“ဒါပေမဲ့ ဆရာဦးလေးလုန် ၊ ဆရာဦးလေးယွဲ့ ၊ ပြီးတော့ ဂိုဏ်းတူအစ်ကိုနျဲ့နှင့် ဂိုဏ်းတူအစ်မယွီတို့ရဲ့သတင်း အခုထိမရသေးဘူး ၊ သူတို့တွေ ဘေးကင်းမယ်လို့ မျှော်လင့်ပါတယ်”

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရပ်တည်နေသည်။

ထိုရန်သူကို တစ်ယောက်တည်းရင်ဆိုင်ရမည်ဆိုလျှင် ရုန်းကန်ရန်ပင် အခွင့်အလမ်းရှိမည် မဟုတ်ပေ။

ထို့ပြင် ပျောက်ဆုံးနေသူများမှာ ထိုနတ်မိစ္ဆာမဟာသူ‌တော်စင်အပြင် အခြားအင်အားစုများမှ ရန်သူများနှင့်လည်း ဆုံတွေ့ရနိုင်ခြေ ရှိ၏။

အားလုံးက ဒဏ်ရာရထားသည်ဖြစ်ရာ တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ်ရှိနိုင်သည်။ ထိုသို့သော အခြေအနေတွင် ရန်သူများကို ရင်ဆိုင်ရခြင်းသည် အနည်းငယ်မျှပင် အားသာချက်မရှိပေ။

တိမ်လွှာခွင်းဧကရာဇ်က မျက်မှောင်ကျုံ့ရင်း...

“အခု ငါတို့အားလုံး ဒဏ်ရာတွေရထားကြလို့သာပေါ့ ၊ မဟုတ်ရင် ငါတို့ လူခွဲပြီးရှာရင် ပိုပြီးမြန်မှာ”

ရန်ကျောက်ကဲက...

“ကျွန်တော်တို့ တခြားမိတ်ဆွေတွေကို အကူအညီတောင်းလို့တော့ရပါသေးတယ်”

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ငြိမ်သက်ဧကရာဇ် ၊ ဟုန်တိဧကရာဇ် ၊ ကောင်းကင်ဘုံကမ္ဘာမှ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့အားလုံး ထျန်းစူးစကြာဝဠာမှ ထွက်ခွာပြီး ရန်ကျောက်ကဲတို့အားကူညီကာ ပျောက်ဆုံးနေသူများကို ရှာဖွေပေးနေကြသည်။

ရှီကျွင်းတို့သားအမိကို ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်လည်ပို့ဆောင်ပြီးနောက် သူတို့ ပြန်လည်ထွက်ခွာလာကာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေခဲ့ကြသည်။

ယွဲ့ကျန့်ပေ၏ တပည့်ဖြစ်သူ ပိုင်တောင်းနှင့် တိမ်လွှာခွင်းဧကရာဇ်၏ တပည့်ဖြစ်သူ ဟယ်မြန်တို့သည်လည်း ရှာဖွေမှုတွင် ပါဝင်ခဲ့ကြသည်။

ပိုင်တောင်းသည် ကျောက်စိမ်းကျောက်ဆောင်၏ အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘မူလဖွင့်လှစ်ဓား’ ကို ယူဆောင်လာခဲ့ပြီး ဟယ်မြန်သည်လည်း ဟွေလင်တောင်ကြားမှ ကျန့်ချန်ဓားကို ယူဆောင်လာခဲ့သည်။

သူတို့က အခြားသူများကဲ့သို့ အလွန်ထင်ရှားခြင်းမရှိကြသလို ဒဏ်ရာလည်းမရထားကြပေ။ ထို့ပြင် သူတို့က ယခင်တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ခြင်း မရှိပေ။

သို့ဖြစ်ရာ သူတို့အကြောင်းကို ရန်သူက သိရှိမထားသဖြင့် သူတို့ကို အရေးမစိုက်ကြပေ။ ထို့ကြောင့် သူတို့အနေဖြင့် သီးခြားရှာဖွေမှုများကို ပြုလုပ်နိုင်ကြသည်။

သို့သော် အဆုံးမရှိသောပြင်ပဗလာနယ်က ကျယ်ပြောလွန်းသည်ဖြစ်ရာ လူရှာရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့သည်။

ရန်ကျောက်ကဲက...

“ဒါတောင်မှ ကျွန်တော်တို့အလုပ်လုပ်တာ နှေးနေ‌သေးတယ်”

သူတို့အုပ်စု ခဏမျှ ရှေ့ဆက်သွားပြီးနောက် ရန်ကျောက်ကဲက အကြံပြုလိုက်သည်။

“အကြီးအကဲကောင်း တစ်ယောက်တည်း လူခွဲထွက်ပြီးရှာမယ်ဆိုရင် အဆင်ပြေနိုင်မလား”

သူမ၏ မူလခန္ဓာကိုယ်သည် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

ယခု ရန်ကျောက်ကဲတို့နှင့်အတူရှိနေသည်က ဒဏ်ရာများဖြင့်ပြည့်နေသော်လည်း ကောင်းချင်းရွှမ်၏ကိုယ်ပွားသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကောင်းချင်းရွှမ်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရှိနေဆဲ ဖြစ်၏။

ကောင်းချင်းရွှမ်က ခေါင်းညိတ်ရင်း...

“အဆင်ပြေတယ်”

သို့ရာတွင် ရုတ်တရက် သူမ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ခဏမျှ စဉ်းစားပြီးနောက် သူမက...

“ခွန်နင်ကျီနဲ့ ကျောက်စိမ်းကျောက်ဆောင်က ပိုင်တောင်းတို့ အတူတူရှိနေကြတယ် ၊ ကြည့်ရတာ သူတို့ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရတဲ့ပုံပဲ”

“ပြဿနာ” ဟူသော စကားလုံးကို ကြားလိုက်ရသော်လည်း ရန်ကျောက်ကဲနှင့် အခြားသူများ စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိပေ။

သူတို့က စိတ်အားပင် ထက်သန်လာကြလေသည်။

All Chapters