ချက်ချင်းသတ်ဖြတ်
Vol. 105 Ch. 1475
အခန်း (၁၄၇၅) ချက်ချင်းသတ်ဖြတ်
ကောင်းချင်းရွှမ်က...
“စောစောကပြောတဲ့အတိုင်း ဆက်လုပ်ကြတာပေါ့ ၊ မင်းတို့တွေ သွားကြပါ ၊ ငါတစ်ယောက်တည်း ဆက်ပြီး လူခွဲရှာလိုက်မယ်”
သူမ၏ ပစ်မှတ်က ပိုမိုသေးငယ်သည်ဖြစ်ရာ အခြားသူများကိုခြေရာခံရန်အတွက် ဦးတည်ချက်မရှိ လှည့်လည်သွားလာရန် ပိုမိုသင့်တော်သည်။
ရန်ကျောက်ကဲက...
“ကောင်းပြီ...”
ထို့နောက် သူတို့အုပ်စုက မည်သည့်စကားမှမဆိုတော့ဘဲ ကောင်းချင်းရွှမ်ကို နှုတ်ဆက်ပြီးနောက် ငြိမ်သက်ဧကရာဇ်ပေးထားသော တည်နေရာသို့ ချက်ချင်းထွက်ခွာလာကြသည်။
ထိုစကြဝဠာနှင့် နီးကပ်လာသည်နှင့် အဆုံးမဲ့ဗလာနယ်ထဲတွင် ပြင်းထန်သည့်တုန်ခါမှုတစ်ခုကို ချက်ချင်းအာရုံခံလိုက်မိသည်။
တိုက်ပွဲဖြစ်ပွားနေဟန်ပင်။
ရန်ကျောက်ကဲတို့အုပ်စု ရှေ့သို့ ဆက်လက်ထွက်ခွာလာကြသည်။
အနားရောက်သည့်အခါမှာတော့ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် ခရမ်းရောင်တိမ်တိုက်များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ခရမ်းရောင်တိမ်တိုက်များအောက်တွင် မြေ ၊ ရေ ၊ လေ ၊ မီး နဂါး (၄)ကောင်နှင့် ကျား(၄)ကောင်တို့ ပြင်းထန်စွာ လှုပ်ရှားနေကြသည်။
နဂါးများနှင့် ကျားများက ၎င်းတို့၏ စွမ်းအားများကို ပေါင်းစည်းကာ အနီရောင်နှင့် ရွှေရောင်အလင်းတန်းများ ယှက်နွယ်လျှက် ခရမ်းရောင်တိမ်တိုက်ကို ကျော်ဖြတ်ရန် ကြိုးပမ်းနေသည်။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ထိုသူမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ခွန်နင်ကျီဖြစ်ကြောင်း ရန်ကျောက်ကဲတို့အုပ်စု ချက်ချင်းသိလိုက်သည်။
အခြားတစ်ဖက်တွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများလည်း လှုပ်ရှားလျှက် ရှိ၏။
ထိုဓားအလင်းတန်းများထဲမှတစ်ခုက မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။ ဓားအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မိုးမြေ အသစ်ဖွဲ့စည်းလာသည့် ပုံရိပ်ယောင်တစ်ခု မှိန်ဖျော့စွာ ထွက်ပေါ်လာသည်။
ဓားသွား ခုတ်ပိုင်းချလိုက်သည်နှင့် ကောင်းကင်ဖွင့်လှစ်ခြင်းနှင့် မြေကြီးပိုင်းခြားခြင်း၏ တင့်တယ်သော ဖြစ်စဉ်များကို တင်ဆက်ပြသလျက်ရှိသည်။
ထိုသူက ကျောက်စိမ်းကျောက်ဆောင်မှ အဆက်အနွယ်မှဖြစ်ပြီး ဓားဧကရာဇ် – ယွဲ့ကျန့်ပေ၏ တပည့် ၊ ယခင် အနောက်တောင်ထိပ်တန်းအရှင်သခင်’ပိုင်တောင်း’ ပင် ဖြစ်သည်။
ပိုင်တောင်းက နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးသော်လည်း ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားကို ကျင့်ကြံထားသူ ဖြစ်၏။
သူက အမတမှော်ဝင်ပစ္စည်းဖြစ်သော မူလဖွင့်လှစ်ဓားကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း သူ၏ ကိုယ်ဟန်အမူအရာက ဓားတစ်လက်ပမာ ထက်ရှနေလေရာ မည်သူမှ သူ့ကို လျှော့မတွက်ဝံ့ကြပေ။
ပိုင်တောင်းက မူလဖွင့်လှစ်ဓား၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးမပြုနိုင်သေးသည့်တိုင် ဓားသွားဖြတ်သန်းသွားရာ နေရာတိုင်း၌ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာစမြဲ ဖြစ်၏။
သူ ရင်ဆိုင်နေရသူကလည်း ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
အမတမှော်ဝင်ဓားတစ်လက်ကို ဆွဲကိုင်ထားသဖြင့် ပိုင်တောင်း၏ ကျင့်ကြံခြင်းကို အားနည်းသည်ဟု မဆိုသာပေ။ သို့တိုင် သူ့အနေဖြင့် ရန်သူကို အနိုင်ယူရန် မတတ်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူရင်ဆိုင်နေရသူမှာ နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးဖြစ်သော ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သို့သော် ထိုသူက အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။
သူ့ထံမှ ထွက်ပေါ်နေသည့် ယုံကြည်ခြင်းစွမ်းအား အလင်းတန်းကိုကြည့်ပြီး အလွယ်တကူပင် ခွဲခြားသိရှိနိုင်သည်။
ခွန်နင်ကျီနှင့် တိုက်ခိုက်နေသူသည်လည်း အမတခုံရုံးမှပင်ဖြစ်ပြီး သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ထားသည့် နက်ရှိုင်းနတ်ဘုရားအဆင့် ဧကရာဇ်တစ်ပါး ဖြစ်၏။
ခွန်နင်ကျီက နဂါးကျားရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။
ထို့ကြောင့် နဂါးများနှင့် ကျားများက သူ့ကိုအဖော်ပြု တိုက်ခိုက်ပေးနေပြီး အနီရောင်နှင့် ရွှေရောင်အလင်းတန်းများ တောက်ပလျှက် ၊ သူ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားဖြင့် ရန်သူကို အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လိုက်သည်။
သို့သော် ခရမ်းရောင်တိမ်တိုက်များထက် ထီးတစ်လက်က ထောင်မတ်စွာ ရှိနေပြီး အလင်းတန်းများဆင်းသက်လာကာ ခရမ်းရောင်တိမ်လွှာများနှင့် ပေါင်းစည်းလျှက် ရှိသည်။
ထိုသို့ပေါင်းစည်းမှုက အလွန်သိပ်သည်းတင်းကျပ်သည်ဖြစ်ရာ ခွန်နင်ကျီ၏ တိုက်ခိုက်မှုကို ခိုင်မာစွာ ဟန့်တားထားနိုင်၏။
“ငြိမ်သက်ခြင်းအဆင့်ရှိတဲ့ အမတမှော်ဝင်လက်နက်တစ်ခုပဲ”
ရန်ကျောက်ကဲက တစ်ချက်ကြည့်သည်နှင့် ချက်ချင်းသိလိုက်သည်။
ထို့နောက် သူက ပိုင်တောင်းနှင့် တိုက်ခိုက်နေသော အမတခုံရုံးမှ ဓားသိုင်းကျင့်ကြံသူကို ကြည့်လိုက်သည်။
ထိုသူ၏ ဓားကွက်အလှည့်အပြောင်းကိုမြင်လိုက်သည်နှင့် ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး...
“စူစန်းတောင်က အဆက်အနွယ်ပဲ ၊ ဂိုဏ်းတူအစ်ကိုပိုင် သူ့ကို ချက်ချင်းအနိုင်မယူနိုင်တာ မဆန်းပါဘူး”
ရန်ကျောက်ကဲက တိုက်ပွဲဖြစ်ပွားရာနေရာဆီသို့ ဆက်လက်ရွေ့လျားသွားသည်။
တိုက်ဆိုင်စွာပင် အခြားတစ်ဖက်ရှိ အဆုံးမဲ့ဗလာနယ် အက်ကွဲသွားပြီး အတွင်းမှ တောက်ပသော အလင်းတန်းများထွက်ပေါ်လာသည်။
ရောက်ရှိလာသူက ငြိမ်သက်ဧကရာဇ်နှင့် ပိုင်တောင်းတို့အတွက် ရောက်ရှိလာခြင်း ဖြစ်သည်။
ယုံကြည်ခြင်းစွမ်းအားဖြင့် ထွန်းလင်းနေသော အလင်းတန်းများကိုတွေ့ရသည်နှင့် ထိုသူများက အမတခုံရုံးမှ ရောက်ရှိလာသော စစ်ကူများဖြစ်ကြောင်း ထင်ရှားသည်။
စုစုပေါင်း (၃)ယောက်ဖြစ်ပြီး ဧကရာဇ်(၁)ပါး ၊ အုပ်စိုးရှင် (၂)ပါး ဖြစ်၏။
သူတို့သာ တိုက်ပွဲထဲဝင်ရောက်လာပါက ငြိမ်သက်ဧကရာဇ်နှင့် ပိုင်တောင်းတို့ ချက်ချင်းပင် ကြီးမားသောဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဒဏ်ရာမရဘဲ ထွက်ပြေးရန်ဆိုသည်မှာပင် အိပ်မက်ပမာ ဖြစ်နေပေလိမ့်မည်။
သို့သော် ရန်ကျောက်ကဲတို့အုပ်စုက ထိုနေရာသို့ ဦးစွာရောက်ရှိခဲ့သည်။
ငြိမ်သက်ဧကရာဇ်နှင့် ပိုင်တောင်းက ရန်ကျောက်ကဲတို့အနားရောက်လာသည်နှင့် သတိပြုမိသွားပြီး မျက်နှာထက်တွင် ဝမ်းမြောက်သော အမူအရာများ ပြသလျက် သက်ပြင်းရှည်များချလိုက်မိကြသ်ည။
တစ်ဖက်မှာတော့ အမတခုံရုံးမှလူများ အနည်းငယ် မျက်နှာပျက်သွားကြသည်။
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...
“အိုး ဟုတ်သားပဲ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပြောဖူးတယ် ၊ မင်းတို့က လူအင်အားဖြည့်တင်းဖို့အတွက် ငါတို့ကို အတင်းအကျပ် ယုံကြည်ခြင်းအလင်းပေးမလို့ဆို”
ခရမ်းရောင်တိမ်လွှာများထက်တွင်ရှိသော ထီးရိုးဆီမှ နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းတို့အားလုံးက အယူမှားနေတဲ့သူတွေပဲ ၊ လမ်းမှန်ကိုရောက်ဖို့အတွက် မင်းတို့ကို ယုံကြည်ခြင်းအလင်း ထွန်းလင်းပေးမှဖြစ်မယ်”
ရန်ကျောက်ကဲက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရန်တိနှင့် တိမ်လွှာခွင်းဧကရာဇ်တို့က ဒဏ်ရာပြင်းထန်သည်ဖြစ်ရာ ရန်ကျောက်ကဲက သူတို့ကို တိုက်ခိုက်စေလိုခြင်းမရှိပေ။
ထို့ကြောင့် တာဝန်အားလုံးက သူ့ဦးခေါင်းထက်သို့ ကျရောက်လာသည်။
သူက မည်သည့်စကားမှမဆိုဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရာ ချက်ချင်းပင် ရန်သူ့ရှေ့သို့ ရောက်ရှိသွားသည်။
သူက လက်ဖဝါးကိုဆန့်ထုတ်ပြီး ခရမ်းရောင်တိမ်လွှာများကို ဆုတ်ဖြဲပစ်လိုက်သည်။
ထိုအခါ ထီးရိုးမှ သွေးနီရောင်အလင်းတန်းများ ထိုးဆင်းလာသည်။
သို့သော် ရန်ကျောက်ကဲက ၎င်းကို အရေးမစိုက်ခဲ့ပေ။
သူက ရှေ့တိုးလိုက်ပြီး လက်ဖြင့် ပေါ့ပေါ့ပါးပါးဆွဲယူလိုက်ရာ ထီးရိုးက ချက်ချင်းပင် သူ့လက်ထဲကျရောက်သွားသည်။
ထို့နောက် သူက လက်ဖဝါးကို ထပ်မံဆန့်ထုတ်လိုက်ရာ ကပ်ဘေးတိမ်လွှာများဆင်းသက်လာပြီး ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားသည်။
အမတခုံရုံးမှ ဧကရာဇ်မှာ ရန်ကျောက်ကဲ၏တိုက်ကွက်ကို ရှောင်တိမ်းရန်ရည်ရွယ်ခဲ့သော်လည်း သူ၏လက်ဖဝါးက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့်အလား ဖြစ်သည်။
ရန်ကျောက်ကဲက ဖြန့်ထားသောလက်ဖဝါးကို လက်သီးအဖြစ်ဆုပ်လိုက်သည့်အခါ စကြာဝဠာတစ်ခုလုံး သူ့လက်ထဲပါသွားသည့်နှယ်ပင်။
ရန်သူက မည်သို့ပင် ရှောင်တိမ်းရန် ကြိုးစားပါစေ ၊ နေရာပြောင်းရန် ကြိုးပမ်းပါစေ ၊ နေရာတွင်သာပိတ်မိနေပြီး ရန်ကျောက်ကဲ၏လက်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
ဗလာနယ်က တင်းကျပ်စွာ ချိတ်ပိတ်ခံထားရသည်။
ရန်ကျောက်ကဲ၏လက်ဖဝါး ဖြည်းညင်းစွာဆင်းသက်လာပြီး အမတခုံရုံးမှဧကရာဇ်ကို ဆုပ်ကိုင်ထားလိုက်သည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဝိုး... မင်းက နတ်မိစ္ဆာတစ်ကောင်ပဲ”
သူက ဆုပ်ကိုင်ထားသည့်လက်အား အနည်းငယ်အားထည့်လိုက်ရာ အမတခုံရုံမှ ဧကရာဇ် ကြေကွဲဖွယ်ရာ အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏ မူလပုံစံထွက်ပေါ်လာ၏။
နက်မှောင်နေသည့် နဂါးတစ်ကောင်ပင်။
ထိုအချိန် စူစန်းတောင်အဆက်အနွယ် အမတခုံရုံးဧကရာဇ်က အော်ဟစ်လိုက်သည်။
“အယုတ်တမာကောင် ၊ သိပ်ပြီးမောက်မာမနေနဲ့ ၊ ငါတို့ အမတခုံရုံးက ကောင်းကင်နတ်ဘုရားတွေက မင်းကိုသုတ်သင်ပစ်လိမ့်မယ်”
ရန်ကျောက်ကဲက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ထို့နောက် စူစန်းတောင် ဓားသိုင်းကျင့်ကြံသူ၏စိတ်အာရုံထဲတွင် “ဗြိ” ဆိုသောအသံတစ်သံထွက်ပေါ်လာပြီး သူ၏စိတ်အာရုံတစ်ခုလုံး လှိုင်းများလှုပ်ခတ်သွားသည်။
သူက နေရာတွင်ပင်ရပ်တန့်သွားပြီး ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည့်နှယ်ပင်။
မြူခိုးပမာ သဏ္ဌန်မဲ့အငွေ့အသက်များက သူ၏ခန္ဓာကိုယ်မှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
သူနှင့်တိုက်ခိုက်နေသော ပိုင်တောင်းသည်ပင် အံ့အားသင့်သွားရသည်။
ပိုင်တောင်းက အမြဲတမ်း ရန်သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းကာ တန်ပြန်တိုက်ခိုက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲတစ်ပွဲတိုက်ခိုက်တိုင်း သူ၏ ကာယ ဉာဏ အင်အားနှစ်မျိုးလုံး အသုံးပြုရသည်။
သို့သော် ရန်သူက ရုတ်တရက် တိုက်ခိုက်မှုရပ်တန့်သွားလျှင် ပိုင်တောင်း၏တိုက်ခိုက်မှုက ဟန်ချက်ပျက်သွားတတ်သည်။ သို့တိုင် သူက ဓားသိုင်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သူဖြစ်သဖြင့် စိတ်ဆန္ဒအတိုင်း အသုံးပြုနိုင်စွမ်း ရှိ၏။
ယခု သူ၏စိတ်တစ်ချက်ညွှတ်လိုက်သည်နှင့် မူလဖွင့်လှစ်ဓားက ချက်ချင်းပင် သူ့လက်ထဲ ပြန်ရောက်လာသည်။
ထိုအခိုက်အတန့်တွင် ရန်သူအပေါ် သူ၏ခံစားချက်သည်လည်း လုံးဝပြောင်းလဲသွားသည်။
စောစောက တောက်ပထက်ရှနေသော အမတမှော်ဝင်ဓားက ယခုတော့ သတိပေးချက်မရှိဘဲ သံချေးတက်သွားသည့်နှယ်ပင်။
ဓားသွားက ထက်ရှမှုမရှိတော့ဘဲ ဖုန်မှုန့်များ ပေကျံနေသည့်ပမာ ဖြစ်၏။
ဓားမျက်နှာပြင်က သံချေးများဖြင့်ပြည့်နေပြီး အလွန်ပျက်ဆီးလွယ်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ပိုင်တောင်း၏ ယွိချင်အဆက်အနွယ် ကောင်းကင်ဖွင့်ဓားကို အသာထား ၊ သာမန်လူတစ်ယောက် တိုက်ခိုက်လျှင်ပင် ဤဓားက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားမည် ဖြစ်သည်။
လွန်ခဲ့သော တစ်ခဏကပင် နတ်ဘုရားတံခါးကိုပင် ခုတ်ပိုင်းပစ်နိုင်စွမ်းရှိသော အလွန်ထက်ရှသည့် အမတမှော်ဝင်ဓားသည် ယခုတော့ ဤသို့ပြောင်းလဲသွားခဲ့ပေပြီ။
ပိုင်တောင်းရင်ထဲ ခံစားချက်များရောယှက်လျှက် လှုပ်ခတ်နေသည်။
ဤကိစ္စများအားလုံးက သတိပေးချက်မရှိ ၊ အကြောင်းပြချက်မရှိဘဲ ဖြစ်ပွားခဲ့သော်လည်း ဤဖြစ်ရပ်၏ တရားခံက ရန်ကျောက်ကဲဖြစ်ကြောင်း ပိုင်တောင်းသိရှိထားသည်။
ဤမျှလျင်မြန်စွာ၊ ဤမျှပေါ့ပါးစွာ....။
ဝါဒတောင်က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် သိုင်းဂိုဏ်းစတင်တည်ထောင်သည့်အချိန်ကို ပြန်လည်စဉ်းစားမိသည့်အခါ ပိုင်တောင်း၏စိတ်အစဉ်က ဝေဝါးမှုများထဲသို့ နစ်မျောသွားရသည်။
ထိုအချိန်ကပင် ရန်ကျောက်ကဲက ထူးချွန်ထက်မြက်မှုများဖြင့် တောက်ပသည့် ငွေကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့သည်။
သို့သော် ထိုစဉ်က ရန်ကျောက်ကဲမှာ သိုင်းသူတော်စင်အဆင့်တွင်သာ ရှိနေခဲ့သေးသည်။
“ဘယ်နှစ်နှစ် ရှိသေးလို့လဲ”
ပိုင်တောင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
“အနှစ် (၃၀)လား...”
ပိုင်တောင်းက သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်သို့ တက်လှမ်းရန် ကြာမြင့်ခဲ့သည့်နှစ်များမှာ ရန်ကျောက်ကဲအသက်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်ခဲ့သည်။
ယခု သူက လူသားအထွတ်ထိပ်အဆင့်တွင်သာ ရပ်တန့်နေသည့်တိုင် ရန်ကျောက်ကဲကတော့ သမ္မာတရားကပ်ဘေးကို စိန်ခေါ်ပြီး သူ၏ဆရာ ‘ယွဲ့ကျန့်ပေ’ ဥြ့သို့ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်သွားခဲ့ပေပြီ။