လူတိုင်းကိုအံ့အားသင့်စေသူ
Vol. 105 Ch. 1476
အခန်း (၁၄၇၆) လူတိုင်းကိုအံ့အားသင့်စေသူ
ပိုင်တောင်း အံ့အားသင့်နေချိန်မှာပင် ရန်ကျောက်ကဲက ရှေ့သို့ဆက်သွားပြီး ဆက်လက်တိုက်ခိုက်လိုက်သည်။
သူက နက်မှောင်သောနဂါးကို ဆုပ်ကိုင်ထားပြီး အမတခုံရုံးမှ ဧကရာဖ်များဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်သွားသည်။
စစ်ကူရောက်လာသူများက အနက်ရောင်နဂါးနှင့် စူစန်းတောင်ဓားသိုင်းကျင့်ကြံသူတို့ကို ကူညီပြီး ခွန်နင်ကျီနှင့် ပိုင်တောင်းကို ဖမ်းဆီးပေးရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။
သို့သော် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုနှင့် ထင်ရှားသော ကိုယ်နေဟန်ထားကို တွေ့လိုက်ရသည့်အခါ သူတို့အားလုံး လှုပ်ရှားမှုကို တပြိုင်တည်း ရပ်တန့်လိုက်ကြသည်။
နက်ရှိုင်းနတ်ဘုရားအဆင့်ရှိသော အနက်ရောင်နဂါးမှာ ရန်ကျောက်ကဲလက်ထဲ ဖမ်းဆီးခံထားရပြီး ငြိမ်သက်ခြင်းအဆင့်ရှိ အမတမှော်ဝင်လက်နက်ဖြစ်သော ထီးရိုးသည်လည်း အလားတူပင် ဖြစ်သည်။
သူတို့နှစ်ယောက်လုံး ရန်ကျောက်ကဲလက်မှ ရုန်းထွက်ရန် အချိန်မရခဲ့ပေ။
ဤထူးဆန်းသောဖြစ်ရပ်က အမတခုံရုံးမှ ကျင့်ကြံသူများကို စိတ်မသက်မသာ ဖြစ်စေသည်။
မည်မျှပင် ရဲရင့်သူများဖြစ်ပါစေ ကိုယ့်သေတွင်းကိုယ်တူးသည့်အလုပ်ကိုတော့ လုပ်ဆောင်ကြမည် မဟုတ်ပေ။
သူတို့အတွက် တစ်ခုတည်းသောရွေးချယ်စရာမှာ ပြန်လည်ဆုတ်ခွာရန် ဖြစ်၏။ အခြားတန်ခိုးစွမ်အားရှင်များလည်း ရှိသည်ဖြစ်ရာ သူတို့အနေဖြင့် လူပြန်စုပြီး ရန်ကျောက်ကဲအား ရင်ဆိုင်ရန် ပြန်လာနိုင်ပေသည်။
သို့ပေသိ သူတို့အနေဖြင့် ရန်ကျောက်ကဲရှေ့တွင် ဆန္ဒရှိသလို သွားလိုက် ပြန်လိုက် ပြုလုပ်နိုင်ပါမည်လား။
ရန်ကျောက်ကဲက ထိုသူများကို တည်ငြိမ်စွာစူးစိုက်ကြည့်ရင်း တိုးလျသည့်အသံတစ်ချက် ထုတ်လွှတ်လိုက်သည်။
အသံမဲ့မိုးကြိုးတစ်ခု ပေါက်ကွဲထွက်လာပြီး ပြင်တာအိုကျင့်ကြံသူ နတ်ဘုရား(၂)ပါးအား နေရာမှာပင် ရပ်တန့်သွားစေသည်။
သူတို့ သိုင်းပညာများ အသုံးမပြုရသေးခင်မှာပင် အသက်ပျောက်သွားပြီ ဖြစ်လေ၏။
စိတ်စေရာမိုးကြိုးစွမ်းအားက သူတို့နှလုံးသားထဲတွင် ပေါက်ကွဲသွားသည်ဖြစ်ရာ သူတို့စိတ်ဝိညာဉ်များ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီ ဖြစ်၏။
ထို့နောက် ဖုံးလွှမ်းသွားသည့်အမှောင်ထုက သူတို့၏ စိတ်အခြေအနေကို ရှပ်ထွေးအောင် နှောက်ယှက်သည်ဖြစ်ရာ သူတို့ခေါင်းထဲတွင် အနုတ်လက္ခဏာဆောင်သော အတွေးများဖြင့် ပြည့်နှက်သွားစေသည်။
ထို အဆိုးမြင်အတွေးများကြောင့် အစစ်အမှန်နတ်ဘုရား(၂)ပါးမှာ ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသည်။
ချက်ချင်းဆိုသလို ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကိုအသုံးပြုပြီး ထုထည်မဲ့ မိုးကြိုးစွမ်းအားကို ထင်ရှားစေကာ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုအား လက်တွေ့အဖြေစ် ပြောင်းလဲလိုက်သည်။
ထိုနည်းဖြင့် သူတို့၏ ရုပ်ခန္ဓာများသည်လည်း ပျက်ဆီးသွားကြရတော့သည်။
နတ်ဘုရားသတ်ဖြတ်ဓားချက်အောက်တွင် ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရား(၂)ပါးမှာ အသက်ဓာတ်စွမ်းအားများခမ်းခြောက်သွားပြီး ဝိညာဉ်များပါ ခြောက်သွေ့သွားသည်။
အမတခုံရုံးမှဖြစ်နေသည့်တိုင် သူတို့(၂)ယောက်မှ နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီးသော ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။
သို့သော် ယခုတော့ သက်မဲ့အရုပ်များပမာ ပြောင်းလဲသွားပြီး နေရာမှာပင် တိတ်ဆိတ်စွာ ရပ်တန့်နေကြတော့သည်။
သူတို့၏ မှိုင်းညို့သောမျက်ဝန်းများကတော့ အသက်ရှင်သန်မှုအရိပ်အယောင် ဆုံးရှုံးသွားခဲ့ပေပြီ။
ပြင်ပတာအိုကျင့်ကြံသူ အုပ်စိုးရှင်(၂)ပါး သေဆုံးသွားသည့်အချိန် အမတခုံရုံးမှ ဧကရာဇ်မှာလည်း ခန္ဓာကိုယ်တစ်ခုလုံး ထုံကြဉ်သွားပြီး သူ၏ ပျံသန်းမှုအရှိန်သည်လည်း နှေးကွေးသွားသည်။
သူက သေရည်မူးသူတစ်ယောက်ပမာ ယိုင်ထိုးလျှက် လဲကျလုမတတ် ဖြစ်နေသည်။
ရန်ကျောက်ကဲက အဆုံးမရှိပြင်ပဗလာနယ်ထဲတွင် ခြေတစ်လှမ်းလှမ်းပြီး ရှေ့ဆက်သွားလိုက်သည်။
သူ၏အရှိန်အဟုန်က လျှင်မြန်လွန်းခြင်းမရှိသည့်တိုင် ရန်သူ၏ဆုတ်ခွာရာလမ်းကြောင်းအား ပိတ်ဆို့ပြီးသား ဖြစ်သွား၏။
အမတခုံရုံးမှ ဧကရာဇ်၏မျက်နှာက ဖြူဖျော့နေသောလည်း သူ့အကြည့်များကတော့ ခိုင်မာသည့်စိတ်ဓာတ် ၊ ရက်စက်ကြမ်းတမ်းမှုများဖြင့် ပြည့်နက်နေသည်။
သူက...
“အယုတ်တမာကောင်... မင်း မာန်တက်နေတာတွေ မကြာခင် အဆုံးသတ်တော့မှာပါ”
သူက ဆက်ပြောလိုက်သည်။
“မင်းက ငါတို့လမ်းစဉ်ရဲ့ အမှန်တရားကို ညစ်ညမ်းစေတဲ့သူပဲ ၊ ကောင်းကင်ကိုးထပ်က မင်းလုပ်ရပ်ကို ခွင့်လွှတ်မယ်ထင်သလား”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“မင်းတို့နယ်မြေကို မင်းတို့ကာကွယ်နိုင်မလားဆိုတာကိုပဲ စိတ်ပူစမ်းပါ ၊ ငါသိသလောက် မင်းတို့တွေ အင်အားမရှိတော့ဘူး ၊ မင်းတို့နယ်မြေတွေကို အဖြူရောင်ကြာပန်းသုခဘုံက ဖျက်ဆီးပစ်နေတာ မဟုတ်ဘူးလား”
အမတခုံရုံးမှ ဧကရာဇ်က နှာတစ်ချက်မှုတ်ရင်း...
“မကောင်းမှုဆိုတာ ကောင်းမှုကို အနိုင်မယူနိုင်ပါဘူး ၊ နောက်ဆုံးမှာတော့ အဖြူရောင်ကြာပန်းသုခဘုံလိုမျိုး မကောင်းတဲ့ခြိမ်းခြောက်မှုတွေက ပျက်ဆီးသွားမှာပဲ”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့လို ခေါင်းမာတဲ့ မိစ္ဆာတွေလည်း အတူတူပဲ ၊ မင်းတို့အပြစ်တွေအတွက် စောစောစီးစီး နောင်တမရဘူးဆိုရင် အဆုံးသတ်လှမှာမဟုတ်ဘူး”
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သာ ကရုဏာမထားဘူးဆိုရင် မင်းတို့ ဒီနေ့အထိ အသက်ရှင်နိုင်မယ်လို့ ထင်နေသလား”
ရန်ကျောက်ကဲ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
သူက လေကုန်မခံတော့ဘဲ အမတခုံရုံးမှ ဧကရာဇ်အား လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ အမတခုံရုံးမှ ဧကရာဇ်မှာ ဤသို့ပင် ရှုံးနိမ့်သွားသည်ကို လက်ခံလိုစိတ်မရှိခဲ့ပေ။
သူက လက်သီးတစ်ချက်ဝှေ့ယမ်းလိုက်ရာ စကြာဝဠာကိုပင် ပိုင်းဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ရာလေပြင်းများထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏လက်ဖဝါးကို တန်ပြန်တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲက သူ့ကိုအရေးအရာပင်မလုပ်ဘဲ သူ၏လက်ဖဝါးက ရှေ့ဆက်တိုးလာသည်။
သူ၏ လက်ဖဝါးနှင့်ထိတွေ့လိုက်သည်နှင့် လေပြင်းများမှာ သဲလွန်စမကျန်ပျောက်ကွယ်သွားပြီး မည်သည့်ခြိမ်းခြောက်မှုမှ မရှိတော့ပေ။
လေပြင်းများပျောက်ကွယ်သွားသည်နှင့် ရန်ကျောက်ကဲ၏ လက်ဖဝါးက ရှေ့သို့ ဆက်လက်ဆန့်ထွက်လာပြီး ရန်သူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
သားသတ်သမားတစ်ယောက်က ကြက်လေးတစ်ကောင်ကို လည်ပင်းမှ ဆွဲမြှောက်လိုက်သည့်အလား ရန်ကျောက်ကဲက အမတခုံရုံးမှ နက်ရှိုင်းနတ်ဘုရားအဆင့်ရှိ ဧကရာဇ်တစ်ပါးကို ကိုင်မြှောက်လိုက်လေ၏။
အမတခုံရုံမှဧကရာဇ်က ကြံ့ခိုင်သူတစ်ယောက် ဖြစ်သည်။ သူက အသနားခံခြင်းမပြုဘဲ စိတ်ရှုပ်ထွေးသည့်မျက်နှာအမူအရာဖြင့် ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေသည်။
သူက လည်ပင်းညှစ်ခံထားရသဖြင့် အသံမထွက်သောကြောင့်စကားကို တစ်လုံးချင်းပြောနေရသည်။
“မင်း... ထမင်း... ဝအောင်စားထား ၊ ငါတို့ဘက်က... လမ်းမှန်ကောင်းကင်ဘုံအရှင်တွေ... ထျန်းကျွင်းတွေ... မကြာခင်မှာ သတင်းရသွားပြီး... မင်းကို... သတ်ကြ... လိမ့်မယ် ၊ မင်းကို... သေမင်းက... စောင့်နေပြီ”
ရန်ကျောက်ကဲက တည်ငြိမ်စွာပြုံးလိုက်ပြီး...
“တကယ်လား... သေချာလည်း ကြည့်လိုက်စမ်းပါဦး”
ထိုဧကရာဇ်က ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ရာ အစစ်အမှန်နတ်ဘုရား(၂)ပါး၏ အလောင်းများကို တွေ့လိုက်ရသည်။
ထိုအခါမှ ထိုအလောင်းများတွင် ကျန်ရှိနေသော ယုံကြည်ခြင်းစွမ်းအားဖြင့် ထွန်းလင်းနေသည့် နတ်ဘုရားအလင်းတန်းများကို သတိပြုလိုက်မိသည်။
သို့သော် ထိုအလင်းတန်းများက ပိတ်ဆို့ခံထားရသည့်နှယ် သူတို့၏အလောင်းများမှ ထွက်ခွာသွားနိုင်ခြင်း မရှိခဲ့ပေ။
အလောင်းများထဲတွင် မှိန်ဖျော့သော အစိမ်းရောင်အလင်းတန်းတစ်ခုရှိနေပြီး သူတို့၏အရေခွံမျက်နှာပြင်တွင် အစိမ်းရောင်အလွှာတစ်ခုက ဖုံးလွှမ်းထားသည်။
အစပိုင်းတွင် အမတခုံရုံးမှ ဧကရာဇ် အံ့အားသင့်သွားဟန်ရှိသည်။ ထို့နောက် သူ၏အမူအရာက စိတ်ပျက်အားလျော့မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
“နတ်ဘုရား... သုတ်သင်... ဓား...”
အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာ ကျင့်ကြံသူများ သေဆုံးသွားပါက သူတို့ခန္ဓာကိုယ်ထဲမှ ယုံကြည်ခြင်းအလင်းတန်းကပျံသန်းထွက်ခွာသွားတတ်သည်။
ဤသည်ကိုကြည့်ပြီး အခြားသူများက ထိုကျင့်ကြံသူ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိနိုင်သည်။
အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်လေရာ လူတစ်ယောက်သေဆုံးသွားသည်နှင့် ထိုသူသေဆုံးခြင်းအကြောင်းကို ချက်ချင်း သတင်းရရှိမည် ဖြစ်၏။
ယုံကြည်ခြင်းအလင်းတန်းဆိုသည်က ထုထည်မရှိသည်ဖြစ်ရာ ၎င်းတို့ကို ဟန့်တားရန် မလွယ်ကူလှပေ။
သို့သော် စန့်ချင်အဆက်အနွယ် ၊ လင်ပေါင်နတ်ဓား(၄)လက်တွင် နတ်ဘုရားသုတ်သင်ဓားက နယ်ပယ်ဥပဒေသများကို ဖြတ်ကျော်နိုင်စွမ်းရှိပြီး ယုံကြည်ခြင်းအလင်းတန်းကိုဖြစ်စေ ၊ ဗုဒ္ဓအလင်တးန်းကိုဖြစ်စေ ပျံသန်းထွက်ခွာသွားခြင်းအား ဖြတ်တောက်ပစ်နိုင်၏။
ထိုသို့သောဇာတ်လမ်းများကို အမတခုံရုံးမှဧကရာဇ် ကြားဖူးပြီးသားပင်။
ရန်ကျောက်ကဲက စန်းချင်း(၃)ပါး ကျင့်ကြံခြင်းကို အောင်မြင်ထားသည်ဖြစ်ရာ နတ်ဘုရားသုတ်သင်ဓားကျမ်းကို ကောင်းစွာ ကျွမ်းကျင်ထားသူဖြစ်သည်။
ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် အမတခုံရုံးမှ ဧကရာဇ်၏ နောက်ဆုံး မျှော်လင့်ချက်အမျှင်လေး ပြတ်တောက်သွားသည်။
သူ၏မျက်နှာထား တင်းမာသွားပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော်...
“ဂျွတ်...”
အသံနှင့်အတူ ရန်ကျောက်ကဲ၏လက်ချောင်းများက သူ၏လည်ပင်းကို ချိုးဖျက်ဆွဲဖြဲလိုက်လေ၏။
လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားတစ်ခုက သူ့ထံသို့ဝင်ရောက်လာပြီး သူ၏ အသက်ဓာတ်စွမ်းအားများကို အကုန်အစင် သုတ်သင်ပစ်လိုက်သည်။
ဘေးမှကြည့်နေသော တိမ်လွှာခွင်းဧကရာဇ်က သက်ပြင်းချလိုက်သည်။
ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ်မှဖြစ်သည့်တိုင် နတ်ဘုရားသုတ်သင်ဓားသိုင်းနှင့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းများကဲ့သို့သော ဓားသိုင်းများကို စန့်ချင်အဆက်အနွယ်မှ ကျင့်ကြံသူများထက်ပင် အဆပေါင်းများစွာ သာလွန်အောင် ကျင့်ကြံထားနိုင်ခဲ့သည်။
နတ်ဘုရားသုတ်သင်အစီအရင်ကို စူးစမ်းလေ့လာပြီးသည့်နောက် ရန်ကျောက်ကဲ၏ စန့်ချင်အဆက်အနွယ် သိုင်းပညာများအပေါ် နားလည်သဘောပေါက်မှုက သိသာစွာတိုးတက်လာခဲ့သည်။
တိမ်လွှာခွင်းဧကရာဇ်၏ နတ်ဘုရားသုတ်သင်အစီအရင်အပေါ် နားလည်မှုက ကောင်းချင်းရွှမ်ထက် နိမ့်ကျခြင်းမရှိပေ။ တကယ်တော့ သူ၏နားလည်မှုက ကောင်းချင်းရွှမ်ထက်ပင် သာနိုင်သေးသည်။
သို့သော် ရန်ကျောက်ကဲကတော့ နတ်ဘုရားသုတ်သင်အစီအရင်ကို သူတို့အားလုံးထက်ပိုပြီး နက်ရှိုင်းစွာ နားလည်ထားကြောင်း အာရုံခံမိသည်။
သူက လုန်ရွှယ်ကျီး ၊ ယွီယဲ့နှင့် သူ၏တပည့် ဟယ်မြန်တို့အကြေင်း စဉ်းစားလိုက်မိသည်။ ဤလူငယ်များအားလုံးက ဆရာထက် တပည့်လက်စောင်းထက်ကြသူများသာပင်။
သို့ပေသိ သူတို့အားလုံး ပေါင်းလိုက်လျှင်တောင်မှ သူ့ရှေ့တွင်ရပ်နေသော လူငယ်ကို မမီနိုင်သေးပေ။ ရန်ကျောက်ကဲကတော့ အခြားသူများထက် ပိုမိုတောက်ပစွာ ထွန်းလင်းနေဆဲဖြစ်သည်။
ပိုင်တောင်းသာမက တိမ်လွှာခွင်းဧကရာဇ်ပင်လျှင် စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများကို ခံစားလိုက်ရသည်။
သူ ရန်ကျောက်ကဲကို ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ရန်ကျောက်ကဲသည် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပထမဆုံးရောက်ရှိလာချိန်ဖြစ်သည်။
ထိုအချိန်က ရန်ကျောက်ကဲနှင့် ဝမ်ရွှင့် တိုက်ခိုက်သည်ကို သူက အဝေးမှသာ ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်ကတည်းက ရန်ကျောက်ကဲ၏ ထူးချွန်မှုကို အံ့အားသင့်ခဲ့သော်လည်း သူ ထိုလူငယ်ကို ချီးမွမ်းခဲ့ခြင်းက အကြီးအကဲတစ်ယောက်က လူငယ်မျိုးဆက်တစ်ယောက်ကိုပေးအပ်သည့် ချီးကျူးမှုမျိုးသာ ဖြစ်သည်။
အဂ္ဂိရတ်ခန်းမအတွက် တိုက်ခိုက်စဉ်က သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်ကြခြင်းဖြစ်ပြီး ရန်ကျောက်ကဲက ဟယ်မြန်ကို လွယ်ကူစွာ အနိုင်ယူခဲ့ပြီး သူ့ကိုတော့ ပွတ်ကာသီကာဖြင့် အနိုင်ရခဲ့သည်။
ထိုအချိန်တွင် သူက အကြီးအကဲ၏ အဆင့်အတန်းကို ဆက်လက်ထိန်းထားခြင်း မရှိတော့ပေ။
တကယ်တော့ သူက နတ်ဘုရားအင့်တက်လှမ်းပြီးနောက် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော အစစ်အမှန်နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ထိုအချိန်က သူက သမ္မာတရားကပ်ဘေးကို အချိန်မရွေးစိန်ခေါ်နိုင်သူဖြစ်ပြီး ရန်ကျောက်ကဲကတော့ သိုင်းသူတော်စင်အဆင့်မျှသာ ရှိသေးသည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင် တိမ်လွှာခွင်းဧကရာဇ်သည် စိတ်လှုပ်ရှားမှု သိပ်မခံစားခဲ့ရပေ။
တကယ်တော့ သူက ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်းကို ပြုလုပ်နေသဖြင့် ဆိုင်းငံ့နေခဲ့ခြင်းဖြစ်ပြီး ၊ မဟုတ်ပါက သမ္မာတရားကပ်ဘေးကို အချိန်မရွေးစိန်ခေါ်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ယုံကြည်ချက်ရှိခဲ့သည်။
ထိုသို့ တန်ခိုးစွမ်းအားပြည့်ဝမှု အလားအလာက သူ့ကို ထိုသို့သော ယုံကြည်မှုပေးအပ်ခဲ့သည်။
သို့သော် ယခု ရန်ကျောက်ကဲက ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားအဖြစ်သို့ တက်လှမ်းသွားခဲ့ပေပြီ။