ဝိညာဉ်ခေါ်သံ
Vol. 4 Ch. 43
သူ့ကို ခေးအော့စ်များက ဝန်းရံနေကြပြီး အဆုံးမရှိသည့် အမှောင်ထုကြီး အလယ်တွင် ကျရောက်လျက် ရှိနေသည်။
ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ...
သူ့စိတ်ဝိညာဉ်မှနေ ခေါ်နေသံကို ကြားလိုက်မိသည်ဟု အန်လင်းခံစားမိသဖြင့် မျက်လုံးများကို ခက်ခဲစွာဖြင့် ဖွင့်ကြည့်လိုက်သည်။
ထို့နောက်တွင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့် ခန္ဓာကိုယ် တစ်ခုသည် သူ့အရှေ့တွင် မိမွေးတိုင်းဖမွေးတိုင်း ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ယုန် ဟ ...
ထိုယုန်သည် လူတစ်ဝက်ခန့် အရပ်မြင့်ကာ မြေပေါ်တွင် ဒူးထောက်လျက် ရှိနေသည်။
ထိုယုန်သည် ကျောက်စိမ်းကျည်ပွေ့ တစ်ခုကို လက်တွင်ကိုင်ကာ ရွှေရည် သုတ်ထားသည့် အိုးငယ်တစ်ခု အတွင်း ထပ်ကာထပ်ကာ ထုထောင်းနေလေသည်။
ဒုန်း ဒုန်း ဒုန်း
အခန်းတစ်ခုလုံးကို ဆေးရနံ့များက သင်းပျံ့မွှေးကြိုင်ကာ ဖုံးလွှမ်းလျက် ရှိသည်။ တစ်ချက် ရှူရှိုက်လိုက်သည့် အခါတွင် အန်လင်းသည် ချက်ချင်းဆိုသလို ငြိမ်းအေးခြင်းကို ခံစားရလာသည်။
“အား ... .” သူက အလိုလိုပင် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
ထိုအသံအား ကြားလိုက်သည့် အခါတွင် ယုန်သည် ဦးခေါင်းအား လှည့်လာပြီး ပန်းရောင် မျက်လုံးဝိုင်းလေးများအား တဖျက်ဖျက်ခပ်ကာ အန်လင်းကို ကြည့်လာသည်။
“ဪ ... နိုးလာပြီလား ... ” ထိုယုန်၏ အသံသည် တိုပြတ်ပြတ်နှင့် ဖော်ရွေသည့်ဟန် ရှိသည်။
“အမ် ... ဟမ် ... ဒါက ဘယ်နေရာလဲ ... ” အန်လင်းက ခေါင်းညိတ် လိုက်ပြီးနောက် မေးလိုက်သည်။
သူခေါင်းမှာ ကိုက်ခဲနေတုန်း ဖြစ်သည့်အတွက် လက်များဖြင့် အသာပွတ်နေမိသည်။
ထိုယုန်သည် အန်လင်းရှေ့သို့ ခုန်လာပြီးနောက် “၉၆၉၅ ကို ၈၇၄ နဲ့ မြှောက်ရင် ဘယ်လောက်ရမလဲ ... ”
ထိုမေးခွန်းအား ကြားသည့်အခါတွင် အန်လင်းသည် အနည်းငယ် စိတ်ရှုပ်သွားသည်။ “အမ် ... ခဏလောက် စဉ်းစားပါရစေနော် ... ”
သုံးစက္ကန့် ကြာပြီးသည့်နောက်တွင် အလွန်အမင်း စိတ်ပျက်နေသည့် အသံတစ်သံ ထွက်ပေါ် လာသည်။ “ဘယ်လိုတောင် ... နင်နိုးလာပေမဲ့လည်း နင့်ဦးနှောက်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်သေးပုံ မရဘူး ... ငါ ကုပေးမယ်နော် ... ”
အန်လင်းခေါင်းမော့ လာသည့်အခါတွင် ကျောက်စိမ်း ကျည်ပွေ့ တစ်ခုသည် တင်းပုတ် တစ်ခုကဲ့သို့ သူ့အား ထုနှက်လာသည်ကိုသာ မြင်လိုက်ရသည်။
ဒေါင် ...
အန်လင်းမှာ မျက်လုံးများ လည်သွားပြီးနောက် သတိလစ် သွားတော့သည် ... .
...
ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ...
အမှောင်ထုထဲတွင် အန်လင်းသည် သူ၏ စိတ်ဝိညာဉ်ထံမှ ခေါ်နေသံကို ကြားမိသည်ဟု ခံစားရသည်။
ခက်ခက်ခဲခဲနှင့် မျက်လုံးများ ဖွင့်လိုက်သည့်အခါတွင် ယုန်တစ်ကောင်သည် သူ့အား ကြည့်နေလေသည်။
“၁၂၆၈၇၆ ကို ၁၃ နဲ့စားရင် ဘယ်လောက်လဲ ... ”
အန်လင်းနှုတ်ခမ်းများသည် တဆတ်ဆတ် တုန်လာပြီး ဖောင်တိန်နှင့် စာရွက်တစ်ရွက် တောင်းလိုက်သည်။
နှစ်စက္ကန့် ကြာသည့်အခါတွင် ထိုယုန်သည် သက်ပြင်းအသာချ၍ “ဟူး ... ပြန်မကောင်း သေးဘူးပဲ ... ”
ကျောက်စိမ်းကျည်ပွေ့ တစ်ခုသည် လေကိုဖြတ်သန်းကာ အန်လင်းခေါင်းအား ရိုက်ချ လိုက်တော့သည်။
ဒေါင် ...
အန်လင်း သတိမေ့ သွားပြန်တော့သည် ...
...
ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ...
အမှောင်ထုထဲတွင် အန်လင်းသည် သူ၏ စိတ်ဝိညာဉ်ထံမှ ခေါ်နေသံကို ကြားမိသည်ဟု ခံစားရသည်။
သူက ခက်ခက်ခဲခဲဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် အခါတွင် ယုန်တစ်ကောင်သည် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“အိပ် ... အိပ်မက်ဆိုးများလား ... ” အန်လင်းသည် မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလျက် မေးလိုက်သည်။
ထိုယုန်သည် ပြန်ဖြေခြင်း မပြုသည့်အပြင် “၈၉၆ သုံးထပ်က ဘယ်လောက်လဲ ... ”
ထိုအမေးအား ကြားလိုက်ရသည့်အခါတွင် အန်လင်းသည် မူးဝေလာတော့သည်။ “ခဏလေး ... .” ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ “ကျွန်တော့် ဦးနှောက်က အကောင်းကြီးဗျ ... ကျွန်တော်က ရူးနေတာ မဟုတ်ဘူး ... စိတ်တွက်သင်္ချာကို မသင်ထားလို့ အခုလို ဖြစ်ရတာဗျာ ... ”
ယုန်သည် မျက်တောင် တဖျတ်ဖျတ် ခတ်ကာ သူ၏ ကြီးမားသည့် နားရွက်ကြီးများအား အသာချကာ “အဲဒီတော့ ဘာဖြစ်တုန်း ... အဲဒါကိုက အရမ်းကို စိတ်ဒုက္ခ ပေးနေတာလေ ... နင့်ဦးနှောက်က ကောင်းမကောင်း ဆိုတာကို ငါက ဘယ်လိုလုပ်ပြီး ဆုံးဖြတ်ရတော့မတုန်း ... ” ယုန်သည် စဉ်းစား မရနိုင်အောင် ရှိနေသည်။
ထိုသို့ ကြားလိုက်ရသည့်အခါတွင် အန်လင်းမှာ မျက်ရည်များ ဝဲတက်လာပြန်သည်။
ပြောကြပါဦးဗျာ ... ဒီယုန်ရဲ့ ဦးနှောက်က ပုံမှန်ရော ဟုတ်ရဲ့လား ...
ယုန်သည် နောက်တစ်ဖန် ကျောက်စိမ်း ကျည်ပွေ့အား မြှောက်လာသည်ကို မြင်သည့် အခါတွင် ထိုယုန်သည် အလေးအနက် ပြောနေသည်မှန်း သဘောပေါက်တော့သည်။
“ဒီလိုဆိုရင်ကော ... ကျွန်တော် ကဗျာရွတ်နိုင်တယ် ... ကျွန်တော့်ကိုယ် ကျွန်တော် သက်သေပြဖို့ ကဗျာရွတ်ပြမယ်လေ ... ” အန်လင်းက အော်လိုက်သည်။
လိုအပ်နေသည့် အချိန်မှာပင် အန်လင်းစိတ်ထဲတွင် အကြံကောင်းတစ်ချက် ဝင်ရောက် လာသည်။
“ကဗျာရွတ်မယ် ... . မဆိုးပါဘူး ... စတော့လေ ... ” ယုန်သည် အန်လင်းအား သူ၏ ပန်းရောင် မျက်လုံးကြီးများဖြင့် ကြည့်ကာ မျက်နှာတွင် မျှော်လင့်ချက် အပြည့်နှင့် စောင့်မျှော်လျက် ရှိနေသည်။
“ညအခါ
လသာသာ
ကစားမလား
နားမလား ... ” အန်လင်းသည် ကျယ်လောင်ပီသစွာ ရွတ်ဆိုလိုက်သည်။
ယုန် : “ ... ”
“နင်အခု မူလတန်းအဆင့် ကဗျာကို ဆိုလိုက်တာလား ... မျှော်လင့်ထားတဲ့ အတိုင်းပဲ ... နင့်ဦးနှောက်က ပုံမှန် မဟုတ်သေးဘူး ... ” ယုန်သည် ကျောက်စိမ်း ကျည်ပွေ့အား နောက်တစ်ဖန် ကိုင်မြှောက် လာပြန်သည်။
ဒေါင် ...
ကျောက်စိမ်းကျည်ပွေ့သည် အန်လင်းဦးခေါင်းအား ထုရိုက်ပြီးနောက်တွင် နောက်တစ်ဖန် မေ့မြောသွားပြန်သည်။
အန်လင်းသည် အလွန်အမင်း မှားယွင်းနေသည်ဟု ခံစားနေရသည်။ ထိုယုန်သည် သူရွတ်ဆို လိုက်သည့် ကဗျာအား သိလိမ့်မည် မဟုတ်ဟု သူထင်မိခဲ့သည်။ ထိုယုန်သည် ကဗျာအား တကယ်ကြီး သိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
အမှောင်ထုအလယ် ... အချိန်အများအပြား ကုန်လွန်သွားသည်။
...
ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ... ဒေါင် ...
အမှောင်ထုထဲတွင် အန်လင်းသည် သူ၏ စိတ်ဝိညာဉ်ထံမှ ခေါ်နေသံကို ကြားမိပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ မည်သည့်နည်းနှင့်မဆို သူ့မျက်လုံးများကို ပိတ်ထားမည် ဖြစ်သည်။ သူ့မျက်လုံးများကိုသာ မဖွင့်လျှင် မည်သည့် ပြဿနာမှ ရှိလာလိမ့်မည် မဟုတ်။
နင်က ထပ်ကာထပ်ကာ ရိုက်နေနိုင်တယ်ပေါ့ ... . ငါကလည်း ဆက်တိုက် အိပ်နေလိုက်ရုံပေါ့ကွာ ...
ထိုအချိန်မှာပင် အခန်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
“ရှောင်ယွဲ့ ... ကျောင်းသားအန်လင်းရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ ... ”
ထိုသည်မှာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမအသံသည် နူးညံကာ ညင်သာသည်။ အန်လင်းသည် ထိုအသံနှင့် အလွန်အမင်း ရင်းနှီးလွန်းသည်။
ရှောင်ယွဲ့ ဟုတ်လား ... ဒီယုန်က စုချန်းရန် အရင်တုန်းက ပြောဖူးတဲ့ ကျောက်စိမ်းယုန် ဆိုတာလား ...
“အာ ... သူကတော့ ခဏခဏ နိုးလာပါတယ် ... ဒါပေမဲ့ သူ့ဦးနှောက်က အတော်လေး ပျက်စီးနေတယ် ... အဲဒါကြောင့် သူပြန်သက်သာ လာအောင် ဆေးတွေပိုပေးဖို့ စီစဉ်နေတာ ... ”
ဘယ်သူ့ ဦးနှောက်က ပျက်နေတာလဲ ဟမ် ... နင့်ရဲ့ သောက်ဦးနှောက်မှပဲ ပျက်စီးနေမှာကွ ...
အန်လင်းသည် နှလုံးသားထဲမှနေ အော်ဟစ်နေမိသည်။ ထိုအချိန်သည် သူ့မျက်လုံးများ ဖွင့်ရမည့် အချိန်ဖြစ်သည်။
“ကျောင်းသူ စု ... ကျောင်းသူ စု ... ငါနိုးနေပါပြီဟ ... ”
သူ့မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ထထိုင်လိုက်သည်။ သူ့အရှေ့တွင် ရှိနေသည့် မိန်းမပျိုလေးအား ကြည့်ကာ “ငါက အရမ်းကို နေလို့ ကောင်းပါတယ်ဟ ... အဲဒီ ယုန် ပြောဆိုနေတဲ့ အဓိပ္ပါယ် မရှိတာတွေကို နားယောင်မနေနဲ့နော် ... ”
“ကျောင်းသားအန်လင်း ... နောက်ဆုံးတော့ နင်နိုးလာပြီပေါ့ ... ”
စုချန်းရန်သည် အလွန်ပျော်ရွှင်စွာဖြင့် အန်လင်းထံသို့ လျှောက်လာသည်။
နူးညံ့သည့် လက်တစ်စုံသည် အန်လင်းလက် ကောက်ဝတ်အား ဆုပ်ကိုင်လာပြီး သူ့ခန္ဓာကိုယ် အခြေအနေအား ကြည့်ရှုနေသည်။
“အင်း ... သူ့ရဲ့ အခြေအနေတွေနဲ့ စွမ်းအင်အဆီအနှစ်တွေကတော့ အကုန်လုံးနီးပါး ပြန်ကောင်းနေပါပြီ ... အမ ချန်အယ်ရဲ့ မူလဖန်ဆင်းခြင်း ဆေးလုံးက တကယ်ကို အကျိုးသက်ရောက်မှု ရှိတာပဲ ... ” စုရှောင်လန်က နူးညံ့စွာ ပြောပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဘာ ... အမ ချန်အယ် ဟုတ်လား ... မူလဖန်ဆင်းခြင်း ဆေးလုံး ဟုတ်လား ... ” အန်လင်းသည် မယုံကြည်နိုင်မှုဖြင့် မျက်လုံးများပင် ပြူးကျယ် လာသည်။
စုချန်းရန် ရှင်းပြကာနီးမှာပင် ယုန်က ပြောလာသည်။ “အဲဒါက ဒီလိုလေ ... ကန့်သတ်မဲ့ တိုက်ပွဲမှာ နင်က ရုတ်တရက်ကြီး ပေါက်ကွဲသွားတယ် ... နင့်ရဲ့ သွေးအဆီအနှစ်တွေ အားလုံးက တဖြည်းဖြည်း ခန်းခြောက်သွားပြီး ခန္ဓာကိုယ်ကလည်း ပျက်စီးသွားတယ် ... ကောင်းကင် အင်မော်တယ် ယူဟွာက နင့်ရဲ့ ခန္ဓာကိုယ်ကို ဝိညာဉ်ချုပ် ရေခဲတလား ထဲမှာသာ ထိန်းသိမ်းထားတာ မဟုတ်ဘူးဆိုရင် နင်အစောကြီး ကတည်းက သေနေပြီ ... ”
“ဒါပေမဲ့လည်း ကောင်းကင် အင်မော်တယ် ယူဟွာတောင် နင့်ရဲ့ ဒဏ်ရာတွေကို ဘာမှ လုပ်မပေးနိုင်ဘူး ... ပြောရမယ်ဆိုရင်တော့ နင့်ခန္ဓာကိုယ်က လုံးဝကို ပျက်စီးသွားပြီး အသိစိတ်ပဲ ကျန်နေရစ်တာ ... ”
“နောက်ဆုံးကျ စုစုက နင့်ကို ကယ်ပေးဖို့ အတွက် ငါ့ရဲ့ သခင်မကို တောင်းပန်တယ်လေ ... အဲဒါကြောင့် ငါ့သခင်မက မူလဖန်ဆင်းခြင်း ဆေးဖော်ဖို့ အတွက် သဘောတူလိုက်ပြီး နင့်ရဲ့ ခန္ဓာကိုယ်နဲ့ သွေးအဆီအနှစ်ကို အသစ်ပြန်လည် ပြုပြင် သွန်းလောင်း စေလိုက်တာပဲ ... ”
ယုန်၏ ရှင်းလင်းချက်ကို ကြားပြီးသည့် နောက်တွင် အန်လင်းသည် စုချန်းရန်အား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်ဟာ ... ငါ ... အန်လင်းက ဒီမျက်နှာသာ ပေးမှုအတွက် သေချာပေါက်ကို အကြိမ်ပေါင်းများစွာ ပြန်လည် ပေးဆပ်သွားမှာပါ ... ”
စုချန်းရန်၏ မျက်နှာလှလှလေးတွင် အနည်းငယ် ရှက်သွေးဖြာ လာသည်။ သူမ ပြန်ဖြေကာနီးမှာပင် ယုန်သည် အန်လင်းအရှေ့သို့ ခုန်ဝင်လိုက်ပြီး သူမ မပြောရသေးခင်မှာပင် ပြောလိုက်ပြန်သည်။ “သေချာတာပေါ့ ... နင်သေချာပေါက်ကို ပြန်ပေးဆပ်ရမှာ ... ”
“ငါ့ဆရာ ဖော်လိုက်တဲ့ ဆေးလုံးက ဒုတိယအဆင့် အင်မော်တယ် ဆေးလုံး ... ကိုးပြည်ထောင် နိုင်ငံတော် တစ်ဝှမ်းမှာဆိုရင် အဲဒီ ဆေးဖော်စပ်နည်းကို သိတဲ့လူက လက်တစ်ဆုပ်စာပဲ ရှိတယ် ... ဆေးဖော်ဖို့ အတွက်ဆိုလည်း လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းကို ရှားပါးလွန်းတယ် ... လနက်ရဲ့ အဆီအနှစ်ကို စုပ်ယူရတယ် ... ကောင်းကင်နဲ့ မြေပြင်ရဲ့ အသက် သွေးကြောကို စုဆောင်းရတယ် ... အထွတ်အထိပ် နတ်ဘုရား နည်းစနစ်ကို အသုံးပြုရတယ် ... ”
ထိုယုန်သည် အလွန်အမင်း ချဲ့ကား ပြောဆိုရခြင်းအား နှစ်သက်လျက် ရှိနေပြီး အန်လင်းမှာ ပိုပိုပြီး ကြားလာရလေလေ အံ့အားသင့် လွန်းလေလေ ဖြစ်သည်။
“ဒီလို ... ဒီလိုဆိုရင်ကော ... ကျသင့်တဲ့ တန်ဖိုးကို ငါ့ကိုပေးလေ သခင်လေးရဲ့ ... ” ယုန်၏ မှတ်ချက် စကားကြောင့် အန်လင်းသည် ချီတုံချတုံ ဖြစ်လာသည်။ အေး ... ငါ့ကိုယ်ငါ အကြိမ် တစ်သောင်းလောက် ရောင်းရင်တောင် အဲဒီ သောက်အကြွေးတွေကို ပြန်မဆပ်နိုင်သေးဘူး ... သိရဲ့လား ...
“အဟမ်း ... ” ယုန်က လည်ချောင်း ရှင်းလိုက်ပြီးနောက် မျက်လုံးများကို စွေကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ ရပါတယ် ... အလျင်မလိုပါဘူးနော် ... ပထမဆုံး လုပ်ရမယ့် အရာက ဒီရတနာတွေ ငါ့ကို ကူညီပြီး စုဆောင်းပေးရမယ် ... ”
“အမ် ... ဟမ် ... နားထောင်နေပါတယ် ... ” အန်လင်းက အလေးအနက် ထားပြီး ပြောသည်။
“ဥနီခြောက် ငါးဆယ် ကီလိုဂရမ် ... ဉနီအရသာ အာလူးကြော် ဆယ်သေတ္တာ ... လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ ဉနီအရသာ အာလူးချောင်းကြော် တစ်တန် ... ”
အန်လင်းမှာ ပါးစပ် အဟောင်းသားဖြင့် နေရာတွင်ပင် ရပ်ကာ ကြောင်အလျက် ကြည့်နေမိသည်။
အေး ... နင်ပြောတဲ့ သောက်ရမ်းကို ရှားပါးတဲ့ ရတနာတွေက ဘယ်မှာလဲ ... သောက်ရမ်းတွေ ထူးဆန်းရှားပါးတဲ့ အရင်းအမြစ်တွေကရော ... ဟမ် ... အဲဒီ လေဖောင်းမုန့်တွေ အသင့်စား အစားအစာတွေကို ပြန်ဆပ်လိုက်ရင် တကယ်ကြီး အဆင်ပြေသွားမှာလား ...
“မလိုပါဘူး အန်လင်းရယ် ... အမ ချန်အယ်က အရမ်းသဘော ကောင်းတဲ့ သူပါ ... နင်သူ့ကို ပြန်ပေးဖို့ ဘာကိုမှ မတောင်းဆိုထားပါဘူး ... ”
“အခုနက ပြောတာတွေ အားလုံးက ရှောင်ယွဲ့ တောင်းဆိုတာတွေချည်းပဲ ... နင်က သေမျိုးကမ္ဘာကို သွားရမယ်ဆိုတာ သူသိတယ်လေ ... အဲဒါကြောင့် အရသာ ရှိတာတွေ ကူဝယ်ပေးဖို့ ပြောနေတာ ... ” စုချန်းရန်က နူးနူးညံ့ညံ့လေး ရှင်းပြလာသည်။
အန်လင်း၏ အမူအရာကို မြင်သည့် အခါတွင် သူမ ခပ်ပါးပါး ပြုံးသည့်အခါ သူမ မျက်နှာတွင် ပါးချိုင်းသေးသေးလေး နှစ်ခု ပေါ်လာသည်။
“စုစု ... အပြင်လူကို ဘာလို့ အခုလိုတွေ ပြောရတာတုန်းဟင် ... နင်က ငါ့ကို အရှက်ရအောင် လုပ်နေတာပဲ ... ” ယုန်၏ လေသံတွင် စိတ်တိုသည့် အရိပ်အယောင်များ ပါနေပြီး သူမသည် စုချန်းရန်အား ကြည့်လိုက်သည်။
ယုန်၏ ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသဖြင့် စုချန်းရန် မျက်နှာလေးသည် နီရဲလာပြန်သည်။
“ခဏလေး ... နင်ပြောလိုက်တယ်လေ ... ငါက သေမျိုးကမ္ဘာကို သွားရမယ် ဟုတ်လား ... ” အန်လင်းသည် စုချန်းရန် ပြောလိုက်သည့် စကားများထဲမှ အဓိက အချက်ကို ဆွဲထုတ်လိုက်သည်။
“အင်းလေ ... ဆယ်ရက် အတွင်းမှာပဲ နင်က သေမျိုးကမ္ဘာကို ဆင်းရမယ့် ပထမဆုံး ကျောင်းသားအဖွဲ့ထဲမှာ ပါတယ်လေ ... ” စုချန်းရန်က ခေါင်းညိတ်ပြသည်။
ထိုသို့ ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် ကြက်သေ သေသွားတော့သည်။
သေမျိုးကမ္ဘာကို ဆင်းသက်ရမယ် ...
ငါက ကမ္ဘာမြေကို ပြန်နိုင်ပြီပေါ့ ...
***