လူသားလောက၏အဆိပ်
Vol. 137 Ch. 1909
အထဲတွင်ထိုင်နေသူမှာ တခြားသူမဟုတ်ဘဲ ဟိုးရက်ပိုင်းကတွေ့ခဲ့သည့် မိုကျန့်ပင်ဖြစ်သည်။
“သခင်မလေး ဘယ်လိုလုပ် ဒီရောက်နေတာလဲ” မိုကျန့်သည် ရှီမာယူယူ ကို မြင်ရာ အံ့ဩသွားသည်။ သူမက အင်ပါယာမြို့တော်ကိုသွားတာမဟုတ်ဘူး လား။ ဘာလို့ ဒီကိုလာတာလဲ။
“မိုမျိုးနွယ်မှာ ပြဿနာဖြစ်နေတယ်လို့ ကြားလို့ လာကြည့်တာ အမှန်ဖြစ် နေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ မှင်မြို့တော်ကိုသွားကြည့်တော့ ဒီသတင်းက မှန်နေတာကိုသိလိုက်ရတယ်”
“လောင်ကျန့် ဒါက…” ဆိုင်တာဝန်ခံသည် ရှီမာယူယူကို မမြင်ဖူးပေ။ လတ်တလော မိုမြို့တော်တွင် ဖြစ်ပျက်နေသည့်ကိစ္ဏများကြောင့် သူသည် အပြင်ကမ္ဘာမှကိစ္စများကို သိပ်မသိပေ။
“သူမက သခင်မလေးယူယူပါ တစ္ဆေဘုရင်ချီးမြှင့်ထားတဲ့ မင်းသမီးပါ” မိုကျန့် မိတ်ဆက်ပေးလေသည်။
“သူမက သခင်မလေးယူယူလား” ဆိုင်တာဝန်ခံအံ့ဩသွားသည်။ သူ သည် ချက်ချင်းထပြီး ရှီမာယူယူကို အရိုအသေပေးလေသည် “ကျွန်တော် အသိ ဉာဏ်မဲ့လို့ သခင်မလေးကို မမှတ်မိလိုက်တဲ့အတွက် ခွင့်လွှတ်ပါ… သခင်မလေး ဗွေမယူဖို့မျှော်လင့်ပါတယ်”
“ဆိုင်တာဝန်ခံက ယဉ်ကျေးလွန်းနေပါပြီ” ရှီမာယူယူသည် ရှေ့တိုးပြီး သူ့ကို ထူပေးလိုက်သည်။ သူမသည် မိုကျန့်ကို ကြည့်ပြီး ပြောလိုက်သည် “ရှင် က ဘာလို့ဒီရောက်နေတာလဲ မိုမျိုးနွယ်မှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ မိုကျိနဲ့မိုယွိတို့ရော”
“ဒီတစ်ခေါက်က သခင်လေးအတွက် ကျုပ် အပြင်ထွက်လာတာပါ” သူ မိုကျိအကြောင်းပြောချိန်တွင် စိုးရိမ်နေသည့် မျက်နှာထားဖြစ်နေသည်။
“မိုကျိက ဘာဖြစ်နေတာလဲ”
မိုကျန့်သည် ခေတ္တမျှတွေဝေသွားပြီး အမှန်အတိုင်းပြောလေသည် “ကျုပ် တို့ နိဗ္ဗာန်မြစ်ကနေပြန်ရောက်တော့ လုပ်ကြံသူတွေနဲ့တွေ့ပြီး သခင်လေး အဆိပ်မိခဲ့တယ် သူအခုထိ သတိပြန်မလည်သေးဘူး”
“ဘာ” ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမနှင့် မိုကျိတို့ လမ်းခွဲခဲ့သည် မှာ ၂ နှစ်ကြာမြင့်နေပြီဖြစ်ကာ သူသည် တစ်ချိန်လုံး သတိမေ့နေခဲ့သည်။
“ဒီတစ်ခါက လိုတဲ့ဆေးပစ္စည်းတွေ ရှာဖို့ လောင်ရှုံကို လာပြောတာပါ” မိုကျန့် ပြောလိုက်သည်။
“အဆိပ်ဖြေဖို့ နည်းလမ်းရှာတွေ့ပြီလား” ရှီမာယူယူသည် မျှော်လင့်ချက် အပြည့်မျက်လုံးများဖြင့် ကြည့်လေသည်။
“မတွေ့သေးပါဘူး အဲဒီဆေးပစ္စည်းတွေက သခင်လေးရဲ့ အသက်ကို ဆွဲဆန့််ရုံတင်ပဲ.. ဒါပေမဲ့ သမားတော်ပြောတာတော့ အဆိပ်ဖြေဆေးကို မြန်မြန် ရှာမတွေ့ရင် ကြောက်တာက သခင်လေး…” မိုကျန့်၏ မျက်လုံးများသည် ပြော ရင်းနှင့် မျက်လုံးများနီရဲလာသည်။
“ဒါဆိုလည်း အဲဒီဆေးညွှန်းကို ပေးလို့ရမလား.. ကျွန်မက ဆေးပညာ လေး နည်းနည်းသိတော့ တစ်ချက်လောက်ကြည့်ရအောင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
မိုကျန့်သည် ရှီမာယူယူ၏ ဆေးပညာကိုမသိပေ။ သို့သော် သူမသည် မိုကျိနှင့် ဆက်ဆံရေးကောင်းသည်ကို သိသည်။ ထို့ကြောင့် သူမ ဆေးပညာကို သိသည်ဟုဆိုသည်နှင့် သူ့ကိုကုရန်ကြိုးစားစေချင်သည်။
“ဆေးညွှန်းကို ထားခဲ့မိတယ် ပြီးတော့ အခုပဲမျိုးနွယ်ကိုပြန်တော့မလို့ပဲ မင်းသမီးလေး လိုက်ခဲ့ပါ” သူသည် ဖြတ်လမ်းဝင်္ကပါထုတ်ပြီး ရှီမာယူယူကို သူ နှင့်အတူ မျိုးနွယ်ဆီသို့ ခေါ်သွားလိုက်သည်။
မိုမျိုးနွယ်၏ တည်နေရမှာ အလွန်သိုသိပ်လွန်းသည်။ တိုက်ရိုက်ရောက် သည့် ဖြတ်လမ်းဝင်္ကပါနှင့်မဟုတ်လျှင် သာမန်လူမှာ ထိုနေရာသို့ ရောက်ရန် ခက်ခဲလှသည်။
မိုကျန့်မှ လူစိမ်းလေးယောက်ကို ခေါ်ဝင်လာသည်ကို မြင်သည်နှင့် လူ တစ်ယောက်သည် ချက်ချင်းပင် တားဆီးလေသည်။
“မိုကျန့် မင်းဘာလုပ်တာလဲ ဒီအချိန်မှာ ဘယ်လိုလုပ် သူစိမ်းတွေခေါ် လာတာလဲ”
“ဒါက မင်းသမီးယူယူပါ ဘိုးဘေးကြီး ငါတို့ကို ကာကွယ်ခိုင်းထားတဲ့လူ” မိုကျန့် ပြောလိုက်သည် “မင်းသမီးယူယူက ဆေးပညာတတ်ကျွမ်းလို့ သခင် လေးကို ကုပေးစေချင်လို့”
သူမသည် ရှီမာယူယူဖြစ်သည်ဟု သိသည်နှင့် တစ်ဖက်လူ၏ အမူအကျင့် မှာ ပိုယဉ်ကျေးသွားသည်။ သို့သော် ချက်ချင်းလမ်းဖယ်မပေးဘဲ အခက်တွေ့ စွာဖြင့် ပြောလေသည် “မိုကျန့် သခင်လေးကို ကုတယ်ဆိုတာက ပေါ့သေးသေး ကိစ္စမဟုတ်ဘူး.. မိန်းကလေးယူယူက ဒီလောက်ငယ်တဲ့ပုံပေါက်တာ မျိုးနွယ် ထဲက သမားတော်တွေတောင် လက်လျော့ထားကြတာ တစ်ခုခုဖြစ်ရင်..”
“မိသားစုခေါင်းဆောင် ဘယ်မှာလဲ ငါ မင်းသမီးကို ခေါင်းဆောင်ဆီ ခေါ် သွားလိုက်မယ်”
“ခေါင်းဆောင်က အစည်းအဝေးခန်းမထဲမှာရှိတယ်”
“မင်းသမီး ကျုပ်တို့သွား…”
“မိုယွိဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘိုးဘေးကြီးလည်း အဲဒီမှာရှိပါတယ်”
မထင်မှန်စွာပင် သူမ ပြောလိုက်သည်နှင့် မိုယွိသည် သူတို့ရှေ့တွင် ပေါ် လာသည်။ မိုယွိသည် ရှီမာယူယူကို မြင်သည်နှင့် စိတ်သက်သာရာရသွားကာ တည်တံ့စွာပင် ပြောလေသည် “မင်း ရောက်လာပြီလား”
“အင်း အကူအညီဖြစ်လိုဖြစ်ငြား လာကြည့်တာပါ” ရှီမာယူယူ ခေါင်းညိတ် လိုက်သည် “မိုကျိ…”
“မင်းကို ခေါ်သွားပေးမယ်” မိုယွိ ပြောလိုက်သည်။ သူသည် အင်္ကျီလက် ကို သပ်လိုက်သည်နှင့် ထိုနေရာမှပျောက်သွားကာ မိုကျန့်နှင့် သူတို့ကို နှောင့်ယှက်သည့်လူသာ ကျန်ခဲ့လေသည်။
မိုမျိုးနွယ်၏ မိသားစုခေါင်းဆောင်၊ မိုကျိ၏ အဘိုးဖြစ်သူ မိုကျယ်နှင့် မိုကျိ ၏ဖခင်ဖြစ်သူ မိုလိတို့သည် မိုကျိ၏ ခြံဝန်းထဲတွင်ရှိနေကြသည်။ မိုယွိ မိန်းမငယ်းတစ်ဦးကို ခေါ်ဝင်လာသည်ကို မြင်သောအခါ သူတို့ အံ့ဩကြလေ သည်။
အစောက သူတို့ အစည်းအဝေးခန်းမတွင် ဆွေးနွေးနေစဉ်တွင် မိုယွိသည် တစ်စုံတစ်ယောက်ရောက်လာ၍ ဤနေရာတွင်စောင့်ရန် သူတို့ကိုပြောခဲ့သည်။ ထိုလူသည် သူမဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။
“မင်းသမီးကို နှုတ်ဆက်ပါတယ်”
ရှီမာယူယူသည် သိမ်မွေ့စွာ တုံ့ပြန်ကာ သူတို့ကို ချက်ချင်းပင် မေးလိုက် သည် “မိုကျိ ဘယ်မှာလဲ”
“အထဲမှာပါ ငါမင်းကိုခေါ်သွားပေးမယ်” မိုယွိသည် ရှီမာယူယူကို မိုကျိ၏ အိပ်ခန်းထဲသို့ခေါ်သွားရာ အသက်မဲ့နေသော မိုကျိသည် ဖြူဖျော့ပြီးပိန်လှီနေ သော မျက်နှာဖြင့် အိပ်ရာပေါ်တွင်လှဲနေသည်ကို မြင်လိုက်ရသည်။
“သူ့ကို အရင်ကြည့်ဦးမယ်” ရှီမာယူယူသည် ရှေ့တိုးကာာ သူ့ကို စတင် စမ်းသပ်တော့သည်။
အခန်းထဲမှလူများသည် စကားပင်မပြောရဲကြပေ။ မိုကျယ်နှင့် မိုလိတို့ သည် သံသယများရှိနေသေးသော်လည်း ဘိုးဘေးကြီးရှိနေသဖြင့် ဘာမှမပြော ရဲကြပေ။
ရှီမာယူယူသည် မိုကျိကို အတန်ကြာသည်အထိ စစ်ဆေးသည်။ သူမ မျက်နှာမှ အမူအရာအရ မိုကျိ အဆင်ပြေလိမ့်မည်ကို မိုယွိသိသည်။
“ဘယ်လိုနေလဲ”
“သူ့ကို အဆိပ်ခတ်တာ ဘယ်သူလဲ” ရှီမာယူယူသည် ပြန်မဖြေဘဲ မေး လိုက်သည်။
“ဘာလို့လဲ”
“မိုကျိမိနေတဲ့ အဆိပ်က လူသားလောကက အဆိပ်ပဲ” ရှီမာယူယူ ပြော လိုက်သည် “သူ့ကို လုပ်ကြံတဲ့သူက လူသားလောကနဲ့ ပတ်သက်နေတာလား”
မိုယွိသည် ထိုစကားကြားလိုက်သောအခါ အနည်းငယ် အံ့ဩမိသည် “သေချာရဲ့လား”
ရှီမာယူယူသည် ခေါင်းညိတ်ပြီး အသေအချာပင် ပြောလေသည် “ဒီလို အဆိပ်ကို ဖော်စပ်တဲ့လူက ကျွန်မသူငယ်ချင်းပဲ.. ဒါပေမဲ့ ဒီလိုအဆိပ်က လူသား လောကမှာဆိုရင် လည်းချောင်းကိုပိတ်ဆို့စေတယ်.. ကယ်ဖို့နည်းလမ်းမရှိဘူး.. တစ်ဖက်လူက ခြေရာကောက်လို့မရအောင်လို့ လူသားလောကက အဆိပ်ကို သုံးတာပဲ.. ဒါပေမဲ့ လူသားမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တွေက ခန္ဓာကိုယ် တည် ဆောက်ပုံတွေမတူကြဘူး.. အဲဒါကြောင့်လည်း မိုကျိက ဒီနေ့အထိ အသက်ရှင် နိုင်တာပဲ”
သူမ ထိုသို့ပြောလိုက်ချိန်တွင် အနည်းငယ် ကြောက်ရွံ့မိသည်။ တစ်ဖက် လူသည် လူသားလောကမှ အဆိပ်ကိုသုံးခဲ့လျှင် သူမရခဲ့သည့် သတင်းမှာ မိုကျိ သေဆုံးသည့် သတင်းဖြစ်နိုင်သည်။
“ဒါဆို အဆိပ်ဖြေဆေးကို ဘယ်လိုစပ်ရမလဲသိလား” မိုလိ မေးလိုက် သည်။
“အဆိပ်ဖြေဆေးကိုတော့ သိပါတယ်.. ဒါပေမဲ့ မိုကျိရဲ့ ခန္ဓာကိုယ်နဲ့ကျ မတူတော့လို့ အရင်ဆုံးလေ့လာမှဖြစ်မယ် အချိန်ကတော့ သုံးရက်ကနေ ငါးရက်ထိလိုမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူ့ကို ကယ်လို့ရလို့တော်သေးတယ် ကယ်လို့ရလို့တော်သေးတယ်” မိုလိသည် စိတ်သက်သာရာရသွားသည်။ မျှော်လင့်ချက်ရှိနေသေးသရွေ့ ပြဿနာမရှိနေပ။
မိုယွိသည် ရှီမာယူယူကို ကြည့်လေသည်။ “မင်း လူသားလောကမှာတုန်း က ဆေးပညာကောင်းတယ်လို့ ကြားဖူးတယ်.. မင်းရဲ့ဆေးအသိပညာက ဒီလောက်ကောင်းမယ်လို့ မသိခဲ့ဘူး အဲလူတွေချဲ့ကားတယ်လို့ပဲထင်ခဲ့တာ”
ကိစ္စများသည် ဤကဲ့သို့ဖြစ်သွား၍သာ.. မဟုတ်လျှင် မိုကျိကို ကုသရန် အတွက် ရှီမာယူယူကို သွားရှာရန် စဉ်းစားခဲ့မည်မဟုတ်ပေ။
“ရှင် ကျွန်မနဲ့တွေ့တုန်းက ကျွန်မက အသက်ဘယ်လောက်ရှိသေးလို့လဲ အဲတုန်းကမယုံတာတော့ ပုံမှန်ပဲလေ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မကို အိမ်တစ်အိမ်လောက် ပြင်ပေးပါ”
…
မိုကျိကို ရှီမာယူယူ ဆေးကုပေးမည်ဆိုသည့် သတင်းသည် မိုမျိုးနွယ်တွင် လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ အများစုမှာ သူမအပေါ် မျှော်လင့်ချက်မထား ကြပေ။ သူတို့၏ ဘိုးဘေးကြီး၏ ထောက်ခံပေးမှုကြောင့်သာမဟုတ်လျှင် ဤ ကဲ့သို့ ရယ်စရာကိစ္စကို လက်ခံကြမည်မဟုတ်ပေ။
အသက်တစ်ရာလောက်သာ ရှိသေးသည့် မိန်းကလေးသည် အသက် ထောင်ချီရှိနေသော သူတို့၏ မိုမျိုးနွယ်ရှိ သမားတော်များထက် သာသည်လား။ ယုံရန်ခက်လှသည်။ သို့သော် ဘိုးဘေးကြီးရှိနေသဖြင့် မည်သူမှ ထုတ်မပြောရဲ ကြပေ။ အထူးသဖြင့် ထိုလူသည် ဘိုးဘေးကြီး ကိုယ်တိုင်ထွက်နှုတ်ဆက်သည့် သူဖြစ်နေသည်။
မိုကျိသည် အချိန်ကြာရှည်စွာ လှဲနေရသဖြင့် တစ်ကိုယ်လုံး နာကျင်နေ ကာ သူ၏ခေါင်းကို အပ်များဖြင့် ထိုးစိုက်နေသည်ကို ခံစားမိသည်။ သူသည် လက်ဆန့်ပြီး ပွတ်သပ်ချင်သော်လည်း လှုပ်မရပေ။ သူ့နားတွင် လူတစ်ယောက် ရှိသည်ဟု ခံစားမိချိန်တွင် မျက်လုံးကိုခက်ခက်ခဲခဲဖွင့်လိုက်သည်။