ရဲရင့်ပြတ်သားသည့်စကား
Vol. 3 Ch. 29
ခုန်ကျွင်း၏စကားများက ခုန်မင်ကို မည်မျှချစ်ခင်ကြောင်း ပြသနေသည်။
ခုန်မင်က ခုန်ကျွင်းထံမှ ဖခင်တစ်ယောက်၏နက်နဲသည့်မေတ္တာကိုခံစားမိပြီး ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြည်းဖြည်းချင်းစီးဆင်းသွားသည်။
သူက ဖခင်ဖြစ်သူကို ဂါရဝပြုလိုက်ရင်း...
“အဖေ ကျွန်တော့်ကို ဒီလောက်ထိတန်ဖိုးထားပေးတာ ကျေးဇူးတင်ပါတယ်”
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အမွှေးအတောင်စုံတာနဲ့ ငှက်တစ်ကောင်က အတောင်ဖြန့်ပြီး ကိုယ်တိုင်ပျံသန်းမှာပါပဲ ၊ အဖေ့ကို အရာရာတိုင်း အားကိုးနေရင် ကျွန်တော် ဘယ်လိုလုပ်ပြီး သန်မာတဲ့လူတစ်ယောက်အဖြစ် ကိုယ့်လမ်းကိုယ် လျှောက်နိုင်မှာလဲ ၊ ထျန်းယွမ်ကုန်းမြေက ကျယ်ပြောပြီး အဆုံးမရှိသလောက်ပဲ၊ ကျင့်ကြံခြင်းလောကမှာလည်း ပါရမီရှင်တွေ အများကြီးပေါက်ဖွားလာနေတယ် ၊ ဒါပေမဲ့ ကျွန်တော်ကတော့ လောကရဲ့ထိပ်ဆုံးမှာရပ်တည်ရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ရှာဖွေကြည့်ချင်သေးတယ်”
“အခု ကျွန်တော်ရင်ဆိုင်ခဲ့တဲ့သူက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ပဲ ရှိသေးတယ် ၊ ဒါကိုတောင် မကိုင်တွယ်နိုင်ရင် ကျွန်တော် အနာဂတ်မှာ ဘာမှဖြစ်မြောက်မလာမှာ စိုးရိမ်မိပါတယ်”
ထိုစကားများပြောနေချိန် ခုန်မင်ထံမှ သူရဲကောင်းဆန်သည့်အငွေ့အသက်များ ထွက်ပေါ်လျှက်ရှိသည်။
ထိုသို့ ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည့်ဟန်ပန်က သူ့ကိုပိုပြီး တင့်တယ်သည့်ပုံစံ ဖြစ်လာစေသည်။
အခု သူ့ကို ဘယ်သူက အသက်(၁၄)နှစ်အရွယ်ကောင်လေးဟု ထင်နိုင်ဦးပါမည်နည်း။
လွန်ခဲ့သော သုံးပြည်ထောင်ခေတ် လုန်ကျုန်းတွင်နေထိုင်စဉ်က ခုန်မင်က သူ့ကိုယ်သူ ‘ကွမ်ကျုန့်’ ‘ယွဲ့ယိ’ တို့ဖြင့် နှိုင်းယှဉ်ခဲ့ဖူးသည်။
ကျူးကဲလျန့်၏ယုံကြည်မှုက ထိုမျှအထိ ပြတ်သားခဲ့လေသည်။
ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာပြီးနောက်တွင်လည်း “ကျူးကဲခုန်မင်” ၏ အရိုးထဲတွင်စွဲနေသည့် မာနက ပြောင်းလဲမသွားခဲ့ပေ။
သူ့တွင် လောကိုလွှမ်းမိုးနိုင်မည်ဟု ယုံကြည်ချက်မရှိလျှင် သူ့ကို ထူးခြားသော စစ်ရေးဗျူဟာရှင် “အိပ်ပျော်နေသောနဂါး” ဟု ခေါ်ထိုက်ပါဦးမည်လား။
ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများအတွက် မိမိထက်အဆင့်မြင့်သူကိုစိန်ခေါ်ရခြင်းက ဒဏ္ဍာရီပမာ ဖြစ်သည်။
သို့သော် ခုန်မင်၏အမြင်မှာတော့ ဤမျှစိန်ခေါ်မှုလေးကို လက်မခံနိုင်လျှင် ဘဝက ငြီးငွေ့စရာကောင်းပြီး နေဖို့ပင်မထိုက်တန်လှပေ။
ပြီးတော့ အဋ္ဌဂံဝင်္ကပါဗျူဟာ၏ နက်နဲသောနည်းပညာများက ဖူစန်းလိုလူတစ်ယောက်၏နားလည်နိုင်စွမ်းထက် အဆပေါင်းမျးစွာ ကျော်လွန်နေခဲ့သည်။
ခုန်မင်၏အမြင်မှတော့ အဋ္ဌဂံဝင်္ကပါဗျူဟာ အကူအညီဖြင့်ဆိုလျှင် ဖူစန်းကိုသတ်ရသည်မှာ လက်တစ်ချက်လှုပ်ရသလောက် လွယ်ကူလှသည်။
ထိုသို့သောကိစ္စမျိုးတွင် ခုန်ကျွင်း ဝင်ကူပေးနေစရာ မလိုပေ။
ယခု ခုန်ကျွင်းရှေ့တွင် ခုန်မင်က လောက၏ထိပ်ဆုံးတွင်ရပ်တည်မည့် သူ၏ရည်မှန်းချက်ကို ရဲရဲဝံ့ဝံ့ကြေညာလိုက်သည်။
အစပိုင်းတွင် သူ၏ ကြီးကျယ်သောစကားများကြောင့် ခုန်ကျွင်း အံ့အားသင့်သွားသော်လည်း ခုန်မင်၏ ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်ကိုတွေ့သည့်အခါ ခုန်ကျွင်းရင်ထဲ ပျော်ရွှင်မှုများ ပြည့်လျှံသွားသည်။
သူ၏ပါရမီရှင်သားငယ်လေးက မူမှန်စိတ်ပြန်ဖြစ်သွားပြီးနောက်ပိုင်း အရင်ကထက်ပိုပြီး တောက်ပလာခဲ့သည်။
ဤပြောင်းလဲမှုက သူ ဆုံးရှုံးခဲ့ရသော (၅)နှစ်တာအတွက် ကောင်းကင်ဘုံက ပြန်လည်ပေးအပ်ခြင်းလေလား ထင်မှတ်စရာပင်။
ဤမျှပါရမီထူးခြားပြီး ရည်မှန်းချက်ကြီးသည့်သားတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ဖခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ၏လုပ်ရပ်များကို အားမပေးဘဲ မနေနိုင်ပေ။
ခုန်ကျွင်းက သားဖြစ်သူပခုံးကို ခပ်ဖွဖွပုတ်လိုက်သည်။
“မင်အာက ဒီလောက်ထိ သန္နိဋ္ဌာန်ချထားပြီးမှတော့ အဖေ့အနေနဲ့ ဘယ်လိုလုပ် ငြင်းနိုင်တော့မှာလဲ ၊ ဒါပေမဲ့ မင်အာ... တစ်ခုတော့မှတ်ထားရမယ် ၊ အနာဂတ်မှာ မင်း ဘယ်လောက်ပဲ အမြင့်ကိုပျံသန်းပါစေ အဖေတို့ ခုန်အိမ်တော်က သားပင်ပန်းတဲ့အခါ ပြန်လာပြီးအနားယူနိုင်တဲ့ အသိုက်အမြုံတစ်ခု အမြဲဖြစ်နေမယ်ဆိုတာပဲ”
ခုန်မင် တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။
ခုန်ကျောင်းကတော့ ခုန်မင်ကို အံ့အားသင့် လေးစားမှုများဖြင့်သာ ငေးကြည့်နေမိသည်။
သူ့စိတ်ထဲတွင် ညီငယ်အပေါ် မကောင်းမြင်စိတ် မရှိတော့ပေ။ အမှန်တော့ သူ၏ညီ(၂)က သာမန်လူတစ်ယောက် မဟုတ်ခဲ့ပေ။
တစ်နေ့မှာ ခုန်မင်က ကောင်းကင်ကိုးထပ်သို့ပျံသန်းသွားမည့် နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ခွန်းကာမြို့ငယ်လေးက ခုန်မင်ကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ထိန်းထားနိုင်မည် မဟုတ်ပေ။
အတိတ်ကိုပြန်ကြည့်တော့ ခုန်ကျောင်းအတွက် နောင်တရစရာများဖြင့် ပြည့်နေခဲ့သည်။
အရင်တုန်းက သူ ဘာလို့များ ဖူစန်းသွေးထိုးသည်ကို နားယောင်ပြီး ခုန်အိမ်တော်အတွက် အဆုံးမရှိသော အောင်မြင်မှုများ ယူဆောင်ပေးနိုင်သည့် ညီငယ်လေးအပေါ် မနာလိုစိတ် ဖြစ်ခဲ့မိပါလိမ့်။
ထိုခဏမှာပင် ခုန်ကျောင်းစိတ်ထဲ ခုန်မင်အပေါ် မနာလိုစိတ်နှင့် မုန်းတီးစိတ်များ အရိပ်အယောင်ပင်မရှိဘဲ ပျောက်ကွယ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူနှင့် ညီ (၂)က အဆင့်တူညီသူများမဟုတ်ကြောင်း သဘောပေါက်သွားသောကြောင့်ပင်။
ဟင်းရွက်ရောင်းသူက ရွှေရောင်းသူကို မနာလိုဖြစ်စရာအကြောင်းမရှိလေရာ ၊ ယခု ခုန်မင်က ရွှေရောင်းသူဆိုလျှင် ခုန်ကျောင်းက ဟင်းရွက်ရောင်းသူသာလျှင် ဖြစ်သည်။
ထို့နောက် ခုန်ကျွင်းက သားနှစ်ယောက်ကိုခေါ်ပြီး ခုန်မင်နေထိုင်ရာ ခြံဝင်းဆီသို့ အတူထွက်ခွာလာခဲ့သည်။
ရင်ဝတွင် မြားတစ်စင်းထိမှန်ကာ လဲကျနေသည့် ဖူစန်း၏ရုပ်အလောင်းကိုတွေ့ရတော့ ခုန်ကျွင်းနှင့် ခုန်ကျောင်းက ခုန်မင်ကို စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်မိကြသည်။
ဖူစန်း အသတ်ခံရသည်ဟု ကြားသိပြီးသော်လည်း အလောင်းကို မျက်မြင်တွေ့ရသည်က ခံစားချက်တစ်မျိုး ဖြစ်စေသည်။
ကြီးမြတ်သည့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဤသို့ သာမန်လူတစ်ယောက်ပမာ လဲကျသေဆုံးသွားခြင်းက အမည်မသိ ထူးဆန်းသည့်ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ခုန်ကျွင်းက ဖူစန်းအလောင်းဆီချဉ်းကပ်သွားပြီး လက်ဖြင့်စမ်းသပ်ကြည့်လိုက်သည်။
ထို့နောက် မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး အံ့အားသင့်ဟန်ဖြင့် ခုန်မင်ကိုမေးလိုက်သည်။
“မင်အာ... ဖူစန်းတစ်ကိုယ်လုံးက ပျော့ခွေနေတယ် ၊ ကြွက်သားတွေ အရိုးတွေက အားမရှိသလိုပဲ ၊ ကြည့်ရတာ သူ မသေဆုံးခင်မှာ ဒြပ်စင်စွမ်းအားတွေ အားလုံးနီးပါး ကုန်ခမ်းသွားတဲ့သဘောပဲ ...”
ခုန်ကျွင်းက ခုန်မင်ကို အကဲခတ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“မဟုတ်လို့ကတော့ သူက မြေဒြပ်စင်စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်နိုင်တဲ့သူဆိုတော့ မင်းမြားနဲ့ပစ်ရင်တောင် သူ့ကို တစ်ချက်မှထိနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့... သူ့ရဲ့ ဒြပ်စင်စွမ်းအား ဘယ်လိုလုပ်ပြီး ကုန်ခမ်းသွားတာလဲ ၊ ပြီးတော့ သူ ဒြပ်စင်စွမ်းအားကုန်လောက်တဲ့အထိ လှုပ်ရှားတာကို ငါ ဘာလို့ အာရုံမခံမိရတာလဲ”
ခုန်ကျွင်းက ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် ဖြစ်လေရာ သူ၏စွမ်းရည်ဖြင့် အိမ်တော်တစ်ခုလုံးကို ဝိညာဉ်စွမ်းအားဖြင့် စောင့်မကြည့်နိုင်သည့်တိုင် ပုံမှန်မဟုတ်သည့် ဒြပ်စင်စွမ်းအားလှုပ်ရှားမှုမျိုးက သူ့မျက်စိအောက်မှ လွတ်ထွက်သွားစရာ အကြောင်းမရှိပေ။
အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဒြပ်စင်စွမ်းအားကုန်ခမ်းသည်အထိ လှုပ်ရှားမည်ဆိုပါက အလွန်သိသာထင်ရှားမည်ဖြစ်သည်။
သို့သော် ဖူစန်းကတော့ အသံတိတ်သေဆုံးသွားခဲ့သည်။
ဤသည်က မလွဲမသွေ ထူးဆန်းသည့်ကိစ္စပင်။
ခုန်ကျွင်းက အဋ္ဌဂံဝင်္ကပါဗျူဟာ၏ နက်နဲသည့်လျှို့ဝှက်ဆန်းကျယ်မှုကို လုံးဝ မသိခဲ့ပေ။
ဖူစန်း ထိုဗျူဟာထဲတွင် ပိတ်မိနေချိန် သူက အပြင်လောကနှင့် ဖြတ်တောက်ခံထားရသည်။
မည်မျှကြီးမားသော စွမ်းအားများကို အသုံးပြုနေပါစေ အရာအားလုံး ဗျူဟာထဲမှာပင် ပိတ်ဆို့ခံထားရပြီး အပြင်သို့ စွမ်းအားတစ်စက်မှ ယိုစိမ့်ထွက်မည် မဟုတ်ပေ။
နောက်တစ်ချက်မှာ ထျန်းယွမ်ကုန်းမြေမှလူများအတွက် အစီအရင်ပညာဆိုသည်က လုံးဝ အသစ်အဆန်းဖြစ်သည်။ ထို့ကြောင့် အစီအရင်ပညာ၏ ထူးခြားဆန်းကျယ်မှုများကို ခုန်ကျွင်းမသိရှိသည်မှာ အံ့သြစရာမရှိပေ။
သို့သော် ခုန်ကျွင်းမေးလာသည့်အခါ ခုန်မင်အနေဖြင့် ရှင်းပြရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။
“အဖေ... ပြောရရင်တော့ မိုးကြိုးပစ်ခံရပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲမှာ ရှင်းပြလို့မရတဲ့မှတ်ဉာဏ်တွေရလာခဲ့တယ် ၊ ဥပမာပြောရရင် ကျွန်တော့်ခြံဝင်းထဲမှာစိုက်ထားတဲ့ ဝါးပင်တွေက ပေါ့ပေါ့ပါးပါးနဲ့ ရှုပ်ထွေးနေတယ်လို့ ထင်ရပေမယ့် အဲဒီထဲမှာ နက်နဲတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖုံးကွယ်ထားတယ် ၊ အဲဒီထဲမှာ အံ့သြဖွယ်ရာ စွမ်းအားတွေ သိုဝှက်ထားတယ်”
သူက ခဏနားပြီး ဆက်ပြောလိုက်သည်။
“ဒီလိုနည်းလမ်းတွေ ရှေးခေတ်တုန်းက တည်ရှိခဲ့ဖူးတယ်လို့ မရေမရာခံစားမိပေမယ့်... ကျွန်တော်ရထားတဲ့မှတ်ဉာဏ်တွေကလည်း အရမ်းဝေဝါးနေတယ် ၊ ဒါကြောင့် အဖေ့ကို အသေးစိတ်ရျင်းပြလို့မရနိုင်ဘူး ၊ ဒါပေမဲ့ ဒီဝါးပင်တွေအကူအညီသာမရှိခဲ့ရင် ကျွန်တော် ဖူစန်းကိုသတ်ဖို့ အခွင့်အရေးမရနိုင်လောက်ဘူး”
ခုန်ကျွင်းက ခြံဝင်းထဲတွင် ဖရိုဖရဲပြန့်ကျဲနေသည့် ဝါးပင်များကို အံ့အားသင့်ဟန်ဖြင့် မျက်မှောင်ကျုံ့ရင်း ကြည့်လိုက်သည်။
ဤဝါးပင်ရာဂဏန်းလောက်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို မည်သို့ပိတ်မိစေပြီး သတ်ဖြတ်ပစ်နိုင်ခဲ့ကြောင်း သူ နားမလည်နိုင်ခဲ့ပေ။
သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ခုန်မင်ကို လှမ်းမေးလိုက်သည်။
“မှော်အစီအရင်လား... ဒါက မှော်အစီအရင် ဖြစ်နိုင်မလား”
ထျန်းယွမ်ကုန်းမြေတွင် အသိဉာဏ်ရှိသောသက်ရှိများက လူသားများချည်းပဲ မဟုတ်ပေ။ အခြားသော အသိဉာဏ်ရှိသည့်မျိုးနွယ်များ အများအပြားရှိသေးသည်။
သို့သော် နှစ်ပေါင်းတစ်သောင်းနီးပါး လူသားများက ဤကုန်းမြေကိုလွှမ်းမိုးထားခဲ့လေရာ အခြားသော အသိဉာဏ်ရှိသည့်မျိုးနွယ်များက လူသားများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသဖြင့် ဝေးလံသည့်တောတောင်ရေမြေများတွင် သွားရောက်နေထိုင်ကြပြီး ပင်မလူ့အဖွဲ့အစည်းမှလုံးဝ ထွက်ခွာသွားကြကာ သမိုင်းမှတ်တမ်းများထဲမှပင် ပျောက်ကွယ်သွားခဲ့ကြသည်။
လူသားများ တိုးတက်ထွန်းကားမလာခင်က ထျန်းယွမ်ကုန်းမြေတွင် အခြားမျိုးနွယ်များ၏ ယဉ်ကျေးမှုများစွာ တည်ရှိခဲ့ပြီး ယခုအချိန်ထိ ထိုယဉ်ကျေးမှုများမှ ကြွင်းကျန်ခဲ့သောအမွေအနှစ်များ ကုန်းမြေတစ်ခွင် ဖရိုဖရဲဖြင့် ပြန့်ကျဲလျှက် ရှိနေသေးသည်။
ခုန်ကျွင်းပြောသည့် ‘မှော်အစီအရင်’ ဆိုသည်မှာ သမိုင်းမတိုင်မီခေတ်ဦးက ပေါ်ထွန်းခဲ့သော ပညာရပ်တစ်ခုဖြစ်သည်။
ဒဏ္ဍာရီအရဆိုလျှင် သမိုင်းမတိုင်မီခေတ်ဦးကာလတွင် ယဉ်ကျေးမှုတစ်ခုဖန်တီးခဲ့ကြသော နတ်သူငယ်မျိုးနွယ် ဟုခေါ်သည့် ဉာဏ်ရည်ထက်မြက်သောမျိုးနွယ်တစ်ခု ရှိခဲ့သည်။
သူတို့ တည်ထောင်ခဲ့ကြသော ယဉ်ကျေးမှုကို မှော်ယဉ်ကျေးမှုဟု ခေါ်ကြသည်။
သူတို့က မှော်ဝင်ပစ္စည်းများ သို့မဟုတ် မှော်အစီအရင်များမှတစ်ဆင့် မိုးနှင့်မြေ၏ သဘာဝစွမ်းအားကို စုပ်ယူသုံးဆွဲနိုင်စွမ်း ရှိကြသည်။
သို့သော် နှမျောစရာကောင်းသည်မှာ နတ်သူငယ်မျိုးနွယ်များတည်ထောင်ခဲ့ကြသော ထိုမှော်ယဉ်ကျေးမှုက သမိုင်းရေစီးကြောင်းထဲတွင် ခဏသာတည်ရှိခဲ့ပြီး အခြားသောယဉ်ကျေးမှုများဖြင့် လျှင်မြန်စွာပင် အစားထိုးခံခဲ့ရသည်။
သို့တိုင် နောက်ပိုင်းတွင် လူသားများရှာဖွေတွေ့ရှိသည့် မှော်ယဉ်ကျေးမှုခေတ်မှ အမွေအနှစ်များက အလွန်ပင်ကြီးကျယ်ခမ်းနားလှပြီး ၊ ထျန်းယွမ်ကုန်းမြေတွင် နတ်သူငယ်များအမှန်ပင်တည်ရှိခဲ့ကြောင်း လုံလောက်သည့်သက်သေ ပြသလျှက်ရှိ၏။
***
(မှတ်ချက် - နတ်သူငယ်မျိုးနွယ်ဆိုတာ Elves တွေကိုပြောတာပါ___ ဘာသာပြန်သူ)