ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်
Vol. 3 Ch. 31
ခုန်မင်က ဖူစန်းကိုတိုက်ခိုက်ရန်အတွက် အဋ္ဌဂံဝင်္ကပါဗျူဟာကို ရေးဆွဲစဉ်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်မည်ဟု သေချာစွာတွက်ချက်ထားပြီးသား ဖြစ်သည်။
သို့သော် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ကို ရင်ဆိုင်ရလျှင်တော့ ဤဗျူဟာက အလုပ်မဖြစ်တော့ပေ။
သုံးပြည်ထောင်ခေတ်တွင် ခုန်မင်လုပ်ခဲ့သလိုမျိုး ယွိဖူလူကဲ့သို့ တောတောင်ရေမြေ သဘာဝအားသာချက်ကိုအသုံးချပြီး အဋ္ဌဂံဝင်္ကပါဗျူဟာတစ်ခုကို တည်ဆောက်နိုင်လျှင်တော့ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ကို ထောင်ချောက်ဆင်ရန် အခွင့်အရေးရှိလာနိုင်သည်။
သို့ပေသိ ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကို ထောင်ချောက်ဆင်နိုင်လျှင်တောင်မှ လက်ရှိတွင် ခုန်မင်အနေဖြင့် သူတို့ကိုသတ်ပစ်နိုင်သည့်စွမ်းရည် မရှိသေးပေ။
နောက်ဆုံး ထိုသူများ ဗျူဟာအတွင်းမှ လွတ်မြောက်သွားမည်သာ ဖြစ်သည်။
ခုန်မင်အမြင်မှာတော့ နတ်မျိုးနွယ်ကျင်စဉ်များကသာ ဒြပ်စင်စွမ်းအားကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
သို့သော် ခုန်မင် သိထားသည့် နတ်မျိုးနွယ်ကျင်စဉ်များက စိတ်ဝိညာဉ်ကိုကျင့်ကြံပြီး အသက်ရှည်ခြင်းကိုရှာဖွေမှုအပေါ် အာရုံစိုက်ထားသည်ဖြစ်ရာ တိုက်ခိုက်မှုနှင့် အဖျက်စွမ်းအားတွင် ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းထက် နည်းပါးနေသေးသည်။
ထျန်းယွမ်ကုန်းမြေက အားကြီးသူကိုလေးစားကြသည်။
ခုန်မင်အနေဖြင့် လောက၏ထိပ်ဆုံးတွင်ရပ်တည်လိုလျှင် ဒြပ်စင်စွမ်းအားကိုသာ စိတ်နှလုံးအကြွင်းမဲ့ ကျင့်ကြံရန်လိုအပ်သည်။
အထူးသဖြင့် ခုန်မင်၏လက်ရှိရုပ်ခန္ဓာက ထူးခြားသည့်ဖွဲ့စည်းပုံတစ်ခု ပိုင်ဆိုင်သည်ဖြစ်ရာ ၊ ဤသို့သောအခြေအနေမျိုးတွင်မှ အောင်မြင်မှုမရနိုင်လျှင် သူ့ကို ထူးခြားသည့် စစ်ရေးဗျူဟာပညာရှင် ‘အိပ်ပျော်နေသောနဂါး’ ဟု ခေါ်ဆိုနိုင်ပါဦးမည်လား။
ခုန်မင်တွေးတောနေစဉ်မှာပင် ခုန်ကျွင်းက ဖူစန်း၏အလောင်းကိုစစ်ဆေးရင်း မျက်ခုံးများတွန့်ချိုးထားသည်။
ဖူစန်းက ခုန်အိမ်တော်၏ ဒုတိယအကြီးအကဲဖြစ်ပြီး ခွန်းကာမြို့ကဲ့သို့ သေးငယ်သည့်နေရာမှာပင် ထင်ရှားသူတစ်ယောက် ဖြစ်၏။
ဤသို့သောပုဂ္ဂိုလ်တစ်ယောက် ရုတ်တရက်သေဆုံးသွားပါက သို့မဟုတ် ပျောက်ဆုံးသွားပါက သိသာသည့် အာရုံစူးစိုက်မှုများ မလွဲမသွေ ဖြစ်လာပေမည်။
အထူးသဖြင့် ဖူစန်းက သူလျှိုတစ်ယောက်ဖြစ်ကြောင်း သိရှိသွားပါက ခုန်အိမ်တော်အနေဖြင့် သေချာပေါက် သိက္ခာကျမည်ပင်။
ခုန်အိမ်တော်က ခွန်းကာမြို့တွင် အထက်တန်းလွှာမိသားစုတစ်ခု ဖြစ်လေရာ ၊ အိမ်တော်၏ ဒုတိယအကြီးအကဲက အခြားမျိုးနွယ်မှစေလွှတ်ထားသည့် သူလျှိုတစ်ယောက် ဖြစ်နေသည်ဆိုလျှင် မျက်နှာပင် ပြစရာရှိတော့မည် မဟုတ်ပေ။
ပိုပြီးအရေးကြီးသည်မှာ ဤသတင်းပေါက်ကြားသွားပါက ခုန်အိမ်တော်အနေဖြင့် နောက်ပိုင်းထူးချွန်သူများကို ခေါ်ယူရာတွင် အခက်တွေ့သွားနိုင်သည်။
အရည်အချင်းရှိသူများကလည်း ခုန်အိမ်တော်သို့ဝင်ရောက်ရန် စောင့်ကြည့်သုံးသပ်ကြတော့မည် ဖြစ်သည်။
ခုန်အိမ်တော်၏ တိုက်ရိုက်အဆက်အနွယ်များက လူဦးရေသိပ်မများပေ။ ထို့ကြောင့် ပြင်ပမှ ထူးချွန်သူများကို မခေါ်ယူနိုင်ပါက အိမ်တော်အခြေခံအုတ်မြစ် တည်ငြိမ်အောင် ထိန်းထားနိုင်မည် မဟုတ်ပေ။
အိမ်တော်သခင်ဖြစ်သော ခုန်ကျွင်းအနေဖြင့် ခန်အိမ်တော်အနာဂတ်အတွက် သေချာစွာ စီစဉ်ရမည်ဖြစ်၏။
ခုန်မင်က ဖူစန်းကိုသတ်ပစ်လိုက်သည့်အောင်မြင်မှုက ဂုဏ်ယူစရာဖြစ်သော်လည်း ထိုအောင်မြင်မှုကို လူသိရှင်ကြားကြေညာရန် မသင့်တော်ပေ။
ခုန်ကျွင်း၏ ချီတုံချတုံဖြစ်နေသော မျက်နှာအမူအရာကိုမြင်တော့ ခုန်မင်က ဖခင်ဖြစ်သူ၏အခက်အခဲကို ချက်ချင်းနားလည်လိုက်သည်။
သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး...
“အဖေ... ဆိုရိုးစကားရှိတယ်လေ ၊ သူများကလက်ဆောင်ပေးလို့ ကိုယ်ကလက်ဆောင်ပြန်မပေးရင် ရိုင်းရာကျတယ်တဲ့ ၊ အခု ချန်မျိုးနွယ်တွေက ဖူစန်းလို ‘ခမ်းနားတဲ့လက်ဆောင်’ တစ်ခု ကျွန်တော်တို့အတွက် လျှို့ဝှက်ပြင်ဆင်ပေးလိုက်တယ်ဆိုတော့... ကျွန်တော်တို့ကလည်း သူတို့ကိုလက်ဆောင်ပြန်မပေးရင် ရိုင်းရာကျမှာ မဟုတ်ဘူးလား”
ခုန်မင်၏ ယုံကြည်မှုအပြည့် ဟန်ပန်ကိုမြင်တော့ ခုန်ကျွင်း စိတ်ဓာတ်တက်ကြွသွားပြီး...
“မင်အာမှာ ဘာများထူးခြားတဲ့ အစီအစဉ်ရှိလို့လဲ”
***
ယခုတစ်လော ချန်ရှီးစိတ်ထဲ အတော်လေး နေလို့မကောင်းခဲ့ပေ။
သူစိတ်ဓာတ်ကျနေရသည့်အကြောင်းရင်းက ခုန်အိမ်တော်မှ ပါရမီရှင် ဒုတိယသခင်လေး ပြန်လည်နေကောင်းကျန်းမာလာသောကြောင့် ဖြစ်၏။
ပြန်နေကောင်းလာပြီးနောက် ခုန်အိမ်တော်မှ ပါရမီရှင်လူငယ်က အရင်ကထက်ပင် ပိုမိုထက်မြက်ပြီး တည်တည်ငြိမ်ငြိမ် ရှိလာသည်။
ခုန်အိမ်တော်တွင် သူစေလွှတ်ထားသည့် သူလျှို’ဖူစန်း’ ကြောင့် ချန်ရှီးက ခုန်မင်နှင့်ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက်များကို အလွယ်တကူ ရယူနိုင်ခဲ့သည်။
ဤလူငယ်လေးက ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့်အား အပြည့်အဝ ပြန်လည်ရရှိထားပြီး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့တက်ရောက်ရန် အချိန်တစ်ခုသာ လိုအပ်တော့သည်။
ခုန်မင်က ထိုမျှထူးချွန်သော ပါရမီရှင်ဖြစ်နေခြင်းက ချန်ရှီး၏စိတ်ထဲ ပြင်းထန်သော မနာလိုမုန်းတီးမှုများကို ဖြစ်ပွားစေသည်။
မူလက ခွန်းကာမြို့တွင် ချန်မျိုးနွယ်များက အငြင်းပွားဖွယ်မရှိ အုပ်စိုးရှင်များဖြစ်ပြီး အပူအပင်ကင်းစွာ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့ကြသည်။
သို့သော် လွန်ခဲ့သော နှစ်(၁၀၀)ခန့်က ခုန်အိမ်တော် တိုးတက်ထွန်းကားလာပြီး ခွန်းကာမြို့၏ ထိပ်တန်းမျိုးနွယ်နေရာအား အလျှင်အမြန်ပင် လွှဲပြောင်းရယူသွားသည်။
ခုန်အိမ်တော်က မျိုးဆက်(၄)ဆက်သာ ရှိသေးသော်လည်း မျိုးဆက်တစ်ခုစီတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်များမွေးဖွားခဲ့ကြသည်။
မျိုးဆက် (၃)ခုတိုင်အောင် ခုန်အိမ်တော်က ချန်အိမ်တော်ကို ကျော်လွန်သွားပြီး ချန်မျိုးနွယ်များ ပြန်လည်မြင့်မားလာစေရန် အခွင့်အရေးတစ်စုံတစ်ရာ မရရှိခဲ့ပေ။
သို့သော် ကံကောင်းသည်မှာ ခုန်အိမ်တော်တွင် သားရတနာထွန်းကားသည့် အရေအတွက်နည်းပါးခဲ့သည်။
လွန်ခဲ့သော အနှစ်(၂၀)က ဖြစ်ပွားခဲ့သော ကပ်ဘေးတစ်ခုကြောင့် ခုန်အိမ်တော်တွင် ခုန်ကျွင်း၏မျိုးဆက်သာ တိုက်ရိုက်ဆက်ခံသူများအဖြစ် ကျန်ရစ်ခဲ့သည်။
ထိုကိစ္စကြောင့် ချန်ရှီးစိတ်ထဲ ကြိတ်ပျော်နေခဲ့ပြီး ချန်မျိုးနွယ်များ ပြန်လည်တိုးတက်လာရန် အခွင့်အလမ်းနီးကပ်လာပြီဟု ယုံကြည်ခဲ့သည်။
သို့သော် ထင်မထားသည်မှာ ခုန်ကျွင်းက မယုံနိုင်လောက်အောင် ကံကောင်းခဲ့ပြီး ပါရမီရှင် သားတစ်ယောက်ကို မွေးဖွားခဲ့သည်။
ထိုလူငယ်လေးအား အတားအဆီးမရှိ ကြီးပြင်းခွင့်ပေးလိုက်လျှင် ခုန်အိမ်တော်၏ ဂုဏ်သတင်းက ယခင်ထက် ပိုမိုကြီးမားလာပြီး ချန်မျိုးနွယ်များအတွက် မျှော်လင့်ချက်ပင် ကျန်တော့မည် မဟုတ်ပေ။
သို့ရာတွင် ချန်ရှီးက အရှည်ကိုကြည့်မြင်တတ်သူဖြစ်ရာ လှည့်ကွက်တစ်ခု ကြိုတင်စီစဉ်ပြီး ဖူစန်းကို ခုန်အိမ်တော်အတွင်း ထည့်သွားထားခဲ့သည်။
တိကျသေချာသည့်အကြံအစည်များဖြင့် ဖူစန်းက ခုန်ကျောင်း၏မနာလိုစိတ်ကို လှုံ့ဆော်ပေးပြီး ရှားပါးအဆိပ်တစ်မျိုးဖြစ်သော “ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်” ကို လျှို့ဝှက်ပို့ဆောင်ပေးခဲ့သည်။
“ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်” ကို ချန်အိမ်တော် ဘိုးဘေးများက တောင်ပိုင်း လူရိုင်းနယ်မြေ တောအုပ်များထဲတွင် မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်၏။
ဆေးက တစ်ယောက်စာသာရှိသော်လည်း ဂရုတစိုက်ထိမ်းသိမ်းပြီး မျိုးဆက်တစ်ခုမှတစ်ခုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်က လွန်ခဲ့သော နှစ်(၃၀၀၀)ခန့်က မဟာဒေဝါတိုင်းပြည်ကြီး မပြိုလဲမီ ထီးနန်းဆက်ခံမှုအတွက် ရုန်းကန်နေရသောကာလတွင် အဂ္ဂိရတ်ပညာရှင်တစ်ဦးက အထူးတလည် ဖော်စပ်ခဲ့သော ထူးဆန်းသည့်ဆေးတစ်မျိုးဖြစ်သည်ဟု ဆိုကြသည်။
ထိုဆေးမှုန့်က အရောင်မရှိ ၊ အနံ့မရှိ ၊ သောက်သုံးပြီးသည်နှင့် အဖျားရောဂါခံစားရပြီး နောက်ဆုံး ဦးနှောက်ထိခိုက်ကာ သိစိတ်ဆုံးရှုံးသွားစေသည်။
ပြောရလျှင် ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်က လူကိုမသေစေနိုင်သော်လည်း လောကတွင် တစ်သက်လုံး လူစဉ်မမီသည့်အဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။
ဟုတ်ပေ၏။
အတိတ်တစ်ချိန်က နယ်မြေ (၉)ခုကိုစုစည်းပြီး ထျန်းယွမ်ကုန်းမြေတွင် “မဟာဒေဝါ” တိုင်းပြည်ကြီးကို တည်ထောင်စဉ်က ထိုမျှ ကြီးကျယ်ခမ်းနားသောတိုင်းပြည်ကြီး၏ ထီးနန်းနေရာအတွက် တိုက်ပွဲဝင်ရာတွင် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခဲ့ကြသည်။
သို့သော် ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်၏ ယုတ်ညံ့သည့် သဘောသဘာဝက နောက်ဆုံး တော်ဝင်မိသားစု၏ အမျက်ဒေါသကို နှိုးဆွခဲ့သည်။
ထိုဆေးမှုန့်ကိုဖန်တီးသော အဂ္ဂိရတ်ပညာရှင် ခေါင်းဖြတ်အသတ်ခံရပြီး ထိုဆေးဖော်စပ်နည်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ထိုအဂ္ဂိရတ်ပညာရှင်၏ တပည့်တစ်ယောက်ဖြစ်သော ဖိုစောင့်လူငယ်လေးက ဧကရာဇ်၏သေဒဏ်မှ မတော်ဆ လွတ်မြောက်သွားခဲ့ပြီး ဝိညာဉ်ပြယ်လွင့်ဆေးမှုန့် တစ်ကြိမ်သုံးစာကို ယူဆောင်ကာ လျန်ကျိုးနယ် ၊ လူရိုင်းနယ်မြေသို့ ထွက်ပြေးပုန်းအောင်းနေခဲ့သည်။
ထောင်စုနှစ်များစွာ ကြာမြင့်ပြီးနောက် ထိုခေတ်ကာလ၏ အဖြစ်အပျက်များအား မေ့လျော့သွားကြပြီး ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်အကြောင်း သိရှိသူ အနည်းငယ်သာ ရှိတော့သည်။
သို့သော် ချန်မျိုးနွယ် ဘိုးဘေးများက ကံကြမ္မာ၏လှည့်စားမှုဖြင့် ဤ ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်ကို ရရှိခဲ့ပြီး ယနေ့တိုင် ဆက်လက်လွှဲပြောင်းထိန်းသိမ်းခဲ့သည်။
နောက်ဆုံး လွန်ခဲ့သော ထောင်စုနှစ်များစွာက ဆိုးဝါးလှသော အဆိပ်ဆေးဖြင့် ခုန်မင်လေး လုပ်ကြံခံခဲ့ရသည်။
သုံးပြည်ထောင်ခေတ်မှ ‘ကျူးကဲခုန်မင်’ သာ ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားမလာခဲ့ပါက လွန်ခဲ့သော ထောင်စုနှစ်များစွာက အဆိပ်ကြောင့် ပါရမီရှင်လူငယ်လေး ခုန်မင် ပျက်ဆီးခြင်းသို့ ရောက်ရမည်ဖြစ်၏။
သို့သော် ကျူးကဲခုန်မင် ပြန်လည်မွေးဖွားလာခြင်းနှင့်အတူ ထျန်းယွမ်ကုန်းမြေသမိုင်းတွင် ပိုမိုထူးခြားသည့်ဒဏ္ဍာရီတစ်ခု မလွဲမသွေ ဖြစ်ပေါ်လာပေတော့မည်။
ဤကိစ္စနှင့်ပတ်သက်သည့် အောင်မြင်မှုနှင့် ဆုံးရှုံးမှုများကို မိုးကောင်းကင်၏ဆန္ဒဟုသာ ဆိုနိုင်ပေသည်။
ချန်ရှီးကတော့ မိုးကောင်းကင်က သူ့အပေါ် တရားမျှတမှုမရှိဟုဆိုက ကျိန်ဆဲချင်နေပေသည်။
ခုန်အိမ်တော်၏ ဒုတိယသားမှာ ရှားပါးလှသော ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်ဖြစ် ထိခိုက်ခံရသည့်တိုင် မိုးကြိုးပစ်ခံရပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဤသည်က မိုးကောင်းကင်က ခုန်အိမ်တော်ကို ပိုပြီးမျက်နှာသာပေးနေခြင်း မဟုတ်ပါလား။
ထို့ကြောင့် ချန်ရှီးက ဖူစန်းကို ပိုမိုဖိအားပေးခဲ့သည်။ ဖူစန်းက သူလျှိုတစ်ယောက်ဖြစ်ကြောင်း ပေါ်ပေါက်သွားစေကာမူ ခုန်မင်ကို ရအောင်ဖယ်ရှားပစ်ရန် တိုက်တွန်းခဲ့သည်။
ခုန်မင်က ခုန်အိမ်တော်၏ တောက်ပသောအနာဂတ်ကို ကိုယ်စားပြုသည်ဖြစ်ရာ ၊ ထိုလူငယ် အပြည့်အဝ ရင့်မှည့်မလာမီ ဖျက်ဆီးပစ်နိုင်မှသာ ချန်အိမ်တော် ပြန်လည်တိုးတက်လာရန် အနည်းငယ် မျှော်လင့်ချက် ရှိမည်ဖြစ်ပေ၏။