← Chapters

ချန်အိမ်တော်သို့အလည်အပတ်

Vol. 3 Ch. 32

ချန်အိမ်တော်သို့အလည်အပတ်

Vol. 3 Ch. 32

ယခု ချန်ရှီးက ဖူစန်းထံမှ သတင်းကောင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့လေသည်။

သို့သော်....

အစေခံတစ်ယောက် အခန်းရှေ့သို့ရောက်လာပြီး...

“သခင်ကြီး... ခုန်အိမ်‌တော်သခင်နဲ့ သား(၂)ယောက် ရောက်လာပါတယ်”

ထိုသတင်းကြောင့် ချန်ရှီး အနည်းငယ် အံ့အားသင့်သွားသည်။

“မြေခွေးက ကြက်ကို လာရောက်ဂါရဝပြုခြင်းမှာ မကောင်းသည့်အကြံရှိသောကြောင့်ဖြစ်သည်” ဆိုသော တရုတ်စကားပုံတစ်ခု ရှိသည်။

ထျန်းယွမ်ကုန်းမြေတွင် ထိုသို့သောစကားပုံမျိုး မရှိသော်လည်း ခုန်အိမ်တော်မှ အဖေနှင့်သား(၂)ယောက် အတူတူရောက်လာခြင်းမှာ သွေးရိုးသားရိုးမဟုတ်ကြောင်း ချန်ရှီး နားလည်လိုက်၏။

ချန်အိမ်တော်နှင့် ခုန်အိမ်တော်က အမြဲတမ်း လူသိရှင်ကြားဖြစ်စေ ၊ တိတ်တဆိတ်ဖြစ်စေ အချင်းချင်း ဆန့်ကျင်နေကြသော်လည်း လုံးဝ ဆက်ဆံရေး ပြတ်ဆဲခြင်းမျိုး မရှိခဲ့ပေ။

ယခု ခုန်အိမ်တော်သခင်ကိုယ်တိုင် လာရောက်သည်ဖြစ်ရာ ချန်အိမ်တော်သခင် ကိုယ်တိုင် ထွက်ပြီးမကြိုဆိုပါက ရိုင်းပျရာကျပေမည်။

ထို့ကြောင့် ချန်ရှီးက မျက်နှာထက် ဟန်ဆောင်အပြုံးတစ်ခု ဆင်မြန်းကာ ခုန်အိမ်တော်မှ အဖေနှင့်သား(၂)ယောက်ကို ခြံဝင်းတံခါးအထိသွားကာ ကြိုဆိုလိုက်သည်။

ချန်ရှီးက ခုန်ကျွင်းကိုတွေ့ဆုံသည်နှင့် ဟန်ဆောင်ယဉ်ကျေးသောစကားများဖြင့် နှုတ်ဆက်လိုက်သည်။

“ခုန်သခင်ကြီး... မထင်မှတ်ဘဲရောက်လာတာ ကျုပ်အတွက်တော့ ဂုဏ်ယူစရာပါပဲ ၊ ခင်ဗျားတို့သားအဖတွေ ကျန်းမာပါရဲ့လား”

ခုန်ကျွင်းက ပြုံးလိုက်ရင်း...

“ချန်သခင်ကြီးရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ၊ ကျုပ်တို့လည်း အစီအစဉ်မရှိဘဲ ရောက်လာခဲ့တာပါ”

အပြန်အလှန်ဂါရဝပြုကြပြီးနောက် ခုန်ကျွင်းက သူ့အနောက်ဘက်သို့ လက်ဟန်တစ်ချက်ပြရင်း...

“ချန်သခင်ကြီး... ဒီနေ့ ကျုပ်တို့လာတာ ရုတ်တရက်ဖြစ်သွားပေမယ့်... တကယ်တမ်းက လက်ဆောင်တစ်ခုပေးချင်လို့ ရောက်လာတာပါ”

ခုန်ကျွင်း၏နောက်ဘက်တွင် ခုန်မင်နှင့် ခုန်ကျောင်း ညီအစ်ကို(၂)ယောက်အပြင် လူ(၄)ယောက်ထမ်းလာသော ‌ဝေါယဉ်ကြီးတစ်ခုလည်း ရှိနေသည်။

ခုန်အိမ်တော်က ချန်အိမ်တော်တံခါးဝသို့ ဝေါယဉ်တစ်စီးယူဆောင်လာခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။

ချန်ရှီးက ဝေါယဉ်ကို လျှင်မြန်စွာ အကဲခတ်လိုက်ပြီး သံသယဖြင့် စကားဆိုလိုက်သည်။

“ခုန်သခင်ကြီးကိုယ်တိုင်လာပြီး လက်ဆောင်ပေးတာဆိုတော့... ကျုပ် တကယ်ပဲ မခံယူဝံ့ပါဘူး ၊ ဘာလက်ဆောင်လဲဆိုတာ ဒီမှာပဲ ဖွင့်ကြည့်လိုက်ရင် မကောင်းဘူးလား”

ဝေါယဉ်ထဲတွင် ဘာပစ္စည်းပါသည်ကို ချန်ရှီး မခန့်မှန်းနိုင်ပေ။

ထို့ကြောင့် အခြေအနေကို ရှင်းလင်းစွာ နားမလည်ခင် ထိုဝေါယဉ်ကို ချန်အိမ်တော်အတွင်းယူဆောင်ရန် သဘောမတူချင်ခဲ့ပေ။

ထိုအချိန် ခုန်ကျွင်းနောက်တွင်ရပ်နေသော ခုန်မင်က ရှေ့ထွက်လာပြီး ချန်ရှီးအား ဦးညွှတ်ဂါရဝပြုလိုက်သည်။

“အကြီးအကဲချန်... ဒီလက်ဆောင်က ခုန်အိမ်တော်နဲ့ ချန်အိမ်တော်ရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်နေပါတယ် ၊ လူအများရှေ့မှာ ဖွင့်ပြတာ မသင့်တော်ပါဘူး”

ခုန်မင်က ပြုံးလိုက်ပြီး စကားဆက်ပြောလိုက်သည်။

“ဒီနေ့ ကျွန်တော်တို့ သားအဖ(၃)ယောက်က လက်ဆောင်ပေးဖို့ရောက်လာတာပါ ၊ အကြီးအကဲချန်က ဒီလက်ဆောင်ကို စိတ်မဝင်စားတာလား ၊ ဒါမှမဟုတ် ကြီးမားတဲ့ချန်အိမ်တော်ကြီးက ကျွန်တော်တို့(၃)ယောက်ကို ကြောက်နေတာများလား”

ထိုစကားကြားတော့ ချန်ရှီးက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အေးစက်သောအကြည့်များဖြင့် ခုန်မင်ကိုလှမ်းကြည့်လိုက်သည်။

ချန်ရှီးက ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်‌ယောက်ဖြစ်လေရာ သူ၏အကြည့်က အခြားသူများအပေါ် ကြီးမားသောဖိအား ဖြစ်ပေါ်စေရန် လုံလောက်သည်။

သို့သော် ခုန်မင်က ချန်ရှီး၏အကြည့်ကို ဘာမှမဟုတ်သည့်အလား တည်ငြိမ်စွာပင် မတ်တတ်ရပ်နေခဲ့သည်။ ထို့ကြောင့် ချန်ရှီးထုတ်လွှတ်လိုက်သော စွမ်းအားရောင်ဝါက ခုန်မင်အပေါ် အသာစီးရယူနိုင်ခြင်း မရှိခဲ့ပေ။

ခုန်မင် ပြန်လည်နေကောင်းလာပြီးနောက် ခုန်ကျွင်းနှင့်အတူ ခွန်းကာမြို့ရှိ အဓိကအင်အားစုများထံ သွားရောက်လည်ပတ်ခဲ့ပြီး အမြဲတမ်း သိမ်မွေ့ယဉ်ကျေးစွာ ပြုမူဆက်ဆံခဲ့သည်။

ယခုကဲ့သို့ ထက်မြက်ရဲတင်းစွာပြုမူမည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။

ဤလူငယ်လေးက အသက်(၁၄)နှစ်သာရှိသေးသော်လည်း လုံးဝ အထင်သေး၍ မရပေ။

ချန်ရှီး ခုန်မင်ကို သာမန်ကလေးတစ်ယောက်အဖြစ် မသတ်မှတ်ရဲတော့ဘဲ ခုန်အိမ်တော်၏ ထင်ရှားသောလူတစ်ယောက်အဖြစ် မှတ်ယူလိုက်သည်။

ချန်ရှီးက ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ပြီး အေးစက်စွာဖြင့်...

“တူလေးပြောတာလည်း ဟုတ်တာပဲ ၊ ကျုပ်တို့ ချန်အိမ်တော်က ဧည့်သည်တွေကို ဧည့်ဝတ်မကျေသလိုဖြစ်နေတယ်... ကဲ... အထဲဝင်ကြပါဦး...”

စကားဆုံးသွားသည်နှင့် ချန်ရှီးက ဘေးသို့ဖယ်လိုက်ပြီး တံခါးဝမှ အတွင်းသို့ဝင်ရန် လမ်းဖွင့်ပေးလိုက်သည်။

သို့သော် သူ၏ခန္ဓာကိုယ်က ဝင်ပေါက်မှ ဖယ်ရှားလိုက်သည့်တိုင် အေးစိမ့်သောအငွေ့အသက်တစ်ခုထွက်ပေါ်လာပြီး တံခါးဝတစ်ဝိုက် လွှမ်းခြုံသွားသည်။

နေ့ခင်းကြောင်တောင် အချိန်ပင်ဖြစ်လင့်ကစား ကြောက်မက်ဖွယ်ရာအငွေ့အသက်က ခြောက်ခြားစရာခံစားချက်ကို ပေးစွမ်းသည်။

ချန်ရှီးက သူ၏ကိုယ်တွင်းမှ ရေဒြပ်စင်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်လိုက်ခြင်းပင် ဖြစ်၏။

ဤသို့ ရေဒြပ်စင်စွမ်းအားအနည်းငယ်က ထိခိုက်နာကျင်စေရန်မဖြစ်နိုင်သော်လည်း ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်၏ လွှမ်းမိုးနိုင်စွမ်းရှိမှုကို ပြသလိုက်ခြင်းဖြစ်၏။

ကျင့်ကြံခြင်းအဆင့် မလုံလောက်သူများ ဤအေးစက်သည့်အငွေ့အသက်ကို ဖြတ်သန်းသွားမည်ဆိုပါက အလိုလိုနောက်ပြန်ဆုတ်ပြီး မဝံ့မရဲဖြစ်သွားပေမည်။

ချန်ရှီးက သူ၏သြဇာအာဏာကိုပြသရန်နှင့် ခုန်မင်နှင့် ခုန်ကျောင်းကို ထိတ်လန့်သွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လိုက်ခြင်းသာပင်။

ခုန်ကျွင်း၏ကျင့်ကြံခြင်းအဆင့်အရ သူက ဤအေးစက်သောအငွေ့အသက်ကြောင့် ထိတ်လန့်ခြင်းမျိုး မဖြစ်နိုင်ပေ။

သို့သော် နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်များဖြစ်ကြသော ခုန်မင်နှင့် ခုန်ကျောင်းကတော့ အေးစက်သည့်အငွေ့အသက်ကို ခုခံနိုင်ခြင်း မရှိကြပေ။

သူတို့အနေဖြင့် အေးစိမ့်သောအငွေ့အသက်နှင့်ထိတွေ့မိပါက သေချာပေါက် တုန်လှုပ်သွားမည်သာပင်။

ချန်အိမ်တော်တံခါးဝတွင် ခုန်အိမ်တော်မှသား(၂)ယောက် တုန်လှုပ်ထိတ်လန့်နေသည့်ပုံစံ ဖြစ်သွားပါက ခုန်အိမ်တော်သည်လည်း အလိုအလျောက် သိက္ခာကျပေမည်။

ချန်ရှီး၏လုပ်ရပ်က မရိုးသားမှုများပြည့်နေပြီး သူက စွမ်းအားကြီးမားမှုကိုအခွင့်ကောင်းယူကာ လူငယ်မျိုးဆက်များကို အနိုင်ကျင့်နေခြင်းသာပင်။

သို့သော် ချန်ရှီးက နဂိုကပင် ကောက်ကျစ်ပြီး အကွက်ဆင်တတ်သူဖြစ်လေရာ ဤသို့ သေးသိမ်သည့်ဗျူဟာကို အသုံးပြုသည်မှာ အံ့သြစရာ မရှိပေ။

ချန်ရှီး၏လုပ်ရပ်ကိုမြင်တော့ ခုန်ကျွင်း မျက်ခုံးများတွန့်ချိုးသွားသည်။

သူက ဒြပ်စင်စွမ်းအားအသုံးပြုပြီး ခုန်မင်နှင့် ခုန်ကျောင်းကို ကာကွယ်ပေးရန် ဟန်ပြင်နေစဉ် ခုန်မင်က ချန်ရှီးအား တစ်ချက်ပြုံးပြလိုက်ပြီး စကားဆိုလိုက်၏။

“အကြီးအကဲချန်ရဲ့ ဧည့်သည်ကြိုဆိုပုံက ကျွန်တော်တို့လိုလူငယ်တွေအတွက် အတော်ပညာရတာပဲ ၊ ကျွန်တော် ဉာဏ်အလင်းပွင့်သွားပါပြီ”

ပြောပြီးသည်နှင့် ခုန်မင်က ယုံကြည်မှုအပြည့်ဖြင့် တံခါးဝသို့လှမ်းသွားလိုက်သည်။

အေးစက်သည့်အငွေ့အသက်က ခုန်မင်ကို လုံးဝ တုန်လှုပ်စေခြင်း မရှိခဲ့ပေ။

ခုန်မင်က သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အပြင် သူ့ကိုယ်ထဲတွင်လည်ပတ်နေသော မီးဒြပ်စင်စွမ်းအားကြောင့် အေးစက်သော ရေဒြပ်စင်အငွေ့အသက်ကို သိသာစွာ ခုခံနိုင်ခဲ့ခြင်းပင်။

ထို့ကြောင့် သူက ခေါင်းမော့လျှက် မတုန်လှုပ်စွာ တံခါးဝမှ ဖြတ်ကျော်နိုင်ခဲ့သည်။

မြင်ကွင်းကိုကြည့်ပြီး ချန်ရှီး၏မျက်နှာ မဲ့ရွဲ့သွားသည်။

နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့်ရှိသော ခုန်မင်က သူ၏ အေးစိမ့်သော ရေဒြပ်စင်စွမ်းအား အငွေ့အသက်ကို ဤမျှလွယ်ကူစွာ လျစ်လျူရှုနိုင်မည်ဟု ထင်မထားခဲ့ပေ။

ဤကောင်‌လေးက ချန်ရှီးမျှော်လင့်ထားသည်ထက်ကျော်လွန်ပြီး လှည့်ကွက်များစွာပိုင်ဆိုင်ထားကြောင်း ထင်ရှားသည်။

တစ်ချိန်တည်းပင် ချန်ရှီးစိတ်ထဲ မနာလိုစိတ်က ပိုမိုပြင်းထန်လာခဲ့၏။

ထိုအချိန် ခုန်ကျွင်းကတော့ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သူက ခုန်ကျောင်း၏လက်ကိုဆွဲကိုင်လိုက်ပြီး ချန်အိမ်တော်တံခါးဝသို့ ယုံကြည်မှုအပြည့်ဖြင့် ဖြတ်ကျော်ဝင်ရောက်သွားတော့သည်။

ခုန်ကျွင်း၏အကာအကွယ်ဖြင့် ခုန်ကျောင်းသည်လည်း အေးစက်သောအငွေ့အသက်၏သက်ရောက်မှုကို မခံစားခဲ့ရပေ။

ချန်ရှီးက ဝေါယဉ်ထမ်းလာသူများကိုတော့ ပညာမပြခဲ့ပေ။

ဘာမှမဟုတ်သည့် အလုပ်သမားများအပေါ် ပညာပြခြင်းက သူ့အတွက် သိက္ခာကျခြင်းသာ အဖတ်တင်မည် မဟုတ်ပါလား။

ချန်ရှီး ရှက်ရွံ့မှုကိုခံစားလိုက်ရပြီး အေးစက်သောအငွေ့အသက်များကို ရွေးချယ်စရာမရှိ ပြန်လည်ရုတ်သိမ်းလိုက်ရသည်။ ထို့နောက် သူက တံခါးဝမှ ဝေါယဉ်နှင့် ဝေါယဉ်ထမ်းသူများကို တစ်ချက်ပင်မကြည့်ဘဲ အိမ်တော်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

အပြင်ဘက်တွင်ရှိနေသည့် ဝေါယဉ်ထမ်းသူများကတော့ ချန်သခင်ကြီး စိတ်မကြည်သည်ကို သတိမထားမိကြပေ။

သူတို့က ဝေါယဉ်ကို ချန်အိမ်တော်အတွင်း တန်းပြီးသယ်ဆောင်လာကြသည်။

ချန်အိမ်တော်၏ ကြီးကျယ်ခမ်းနားမှုနှင့် ကျယ်ဝန်းမှုက ခုန်အိမ်တော်အောက် နိမ့်ကျခြင်း မရှိပေ။

ပင်မတံခါးအတွင်းဘက်တွင် ကျယ်ပြန့်သည့် ခြံဝင်းတစ်ခုရှိပြီး ချန်အိမ်တော်၏အပြင်စည်းတပည့်အများစု သိုင်းလေ့ကျင့်ရာနေရာ ဖြစ်၏။

သို့သော် ခုန်အိမ်တော်မှ သားအဖ(၃)ယောက် လာရောက်လည်ပတ်သဖြင့် ချန်အိမ်တော်သခင်ကိုယ်တိုင် ထွက်ကြိုဆိုလေရာ ခြံဝင်းထဲမှတပည့်များက ရှောင်ပေးထားကြသည်။

ချန်ရှီးသည် အေးစက်သောမျက်နှာထားဖြင့်ပင် ခုန်ကျွင်းအား အနည်းငယ်ဦးညွှတ်လိုက်ပြီး...

“ခုန်သခင်ကြီး... ကြွပါ”

သူ့လေသံက ရှင်းလင်းပြတ်သားပြီး ယခု လာရင်းကိစ္စပြောလို့ရပြီဆိုသော အဓိပ္ပါယ် ဖော်ပြနေသည်။

ခုန်ကျွင်းက တစ်ချက်ပြုံးလိုက်ရင်း...

“ချန်သခင်ကြီး... အနားကပ်ပြီး ကြည့်လိုက်ပါ”

ပြောပြီးသည်နှင့် ခုန်ကျွင်းက ဝေါယဉ်ခန်းစည်းကို ညင်သာစွာ မ လိုက်သည်။

ချန်ရှီးက ခုန်ကျွင်းကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။ သူက ယခုထိ ခုန်ကျွင်းလုပ်ရပ်များ၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သေးပေ။

ချန်ရှီး အနားကပ်သွားလျှင် ခုန်ကျွင်းက ရုတ်တရက်တိုက်ခိုက်မည့်နည်းလမ်းမျိုးတော့ အသုံးပြုမည် မဟုတ်ပေ။

အကြောင်းမှာ ဤနေရာက ချန်အိမ်တော်ဖြစ်နေပြီး ခုန်ကျွင်း မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ ချန်မျိုးနွယ်တစ်ခုလုံးကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။

ချန်ရှီး၏စိတ်ထဲတွင် သံသယများ ပြည့်နှက်နေလေသည်။

သူက မျက်လုံးထောင့်ကပ်ပြီး ခုန်မင်ကို ခိုးကြည့်လိုက်စဉ် ထိုကောင်လေး၏မျက်လုံးထဲတွင် လှောင်ပြောင်သည့်အရိပအယောင်တစ်ခု လှစ်ခနဲပေါ်လာသည်ကို သတိပြုလိုက်မိသည်။

ချန်ရှီး မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရင်း...

“ကောင်းပြီ... ဒီလက်ဆောင်က ဘာမို့လို့ ဒီလောက်လျှို့ဝှက်နေရတာလဲ ၊ ကျုပ်ကိုယ်တိုင် ကြည့်လိုက်မယ်”

ချန်ရှီးကဲ့သို့ မြေခွေးအိုကြီး ဤမျှစိတ်လှုပ်ရှားသွားသည်ကိုကြည့်ခြင်းအားဖြင့် ခုန်မင်၏ လှောင်ပြောင်သောအကြည့်က မည်မျှ သက်ရောက်မှုရှိကြောင်း ပြသနေသည်။

ကံကောင်းသည်မှာ ချန်ရှီးက သုံးပြည်ထောင်ခေတ်မှ “ဝမ်လန်” မဟုတ်ခဲ့ပေ။

ချန်ရှီးသာ ဝမ်လန်ကဲ့သို့ ခုန်မင်နှင့် စကားစစ်ထိုးမည်ဆိုပါက ခုန်မင်၏ ထက်မြက်သောစကားဖြင့်ပင် အသက်ပျောက်သွားသည့် နောက်ထပ်လူတစ်ယောက် တိုးလာနိုင်ပေသည်။

All Chapters