ရွေးချယ်စရာမရှိ
Vol. 3 Ch. 33
ချန်ရှီးက စိတ်မရှည်စွာဖြင့် ခုန်ကျွင်းလက်ထဲမှ ဝေါယဉ်လိုက်ကာကိုယူပြီး ဖွင့်ကြည့်လိုက်သည်။
ဝေါယဉ်ထဲမှအရာကိုတွေ့သည်နှင့် သူ့မျက်နှာ ချက်ချင်းဖြူဖျော့သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
ထို့နောက် သူက တုန်ယင်စွာဖြင့် ခုန်ကျွင်းကိုလက်ညှိုးထိုးလိုက်ပြီး...
“ခုန်ကျွင်း... ဒါက ဘာအဓိပ္ပါယ်လဲ ၊ မင်းက ကျုပ်တို့ကို တကယ်ပဲ ရန်သူလို့သတ်မှတ်ဖို့ ကြံစည်နေတာလား ၊ ကျုပ်တို့ ချန်မျိုးနွယ်တွေက မင်းတို့ခုန်အိမ်တော်ကို ကြောက်မယ်များထင်နေသလား”
ချန်ရှီးက ခုန်ကျွင်းကို “ခုန်ကျွင်း” ဟုပင် တိုက်ရိုက်ခေါ်ဆိုလိုက်ရာ အလွန်အမင်း ဒေါသထွက်နေကြောင်း ထင်ရှားသည်။ သူက ဒေါသထွက်လွန်းသဖြင့် ပုံမှန်ယဉ်ကျေးမှုများကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ချန်ရှီး အလွန်အမင်းဒေါသထွက်နေသည်မှာ အံ့သြစရာမရှိပေ။
အကြောင်းမှာ ဝေါယဉ်လိုက်ကာကို ဖွင့်ကြည့်လိုက်သည့်အခါ သူမွေ့မြင်ရသည်က ဖူစန်း၏အလောင်းဖြစ်နေသည် မဟုတ်လား။
ချန်ရှီးက နဂိုကပင် မကောင်းစိတ်ထားကို ဖုံးကွယ်ထားခဲ့သူ ဖြစ်သည်။
ခုန်သားအဖ(၃)ယောက်က သူ့အိမ်တံခါးဝရောက်လာပြီး ခမ်းနားသည့်လက်ဆောင်တစ်ခုပေးမည်ဟု ဆိုခဲ့သည်။ ယခု သူတို့ယူဆောင်လာသည်က ဖူစန်း၏အလောင်း ဖြစ်နေသည်။
ဤသည်က သူ့ရင်ထဲမှ ကြောက်ရွံ့မှုကို လှုပ်နှိုးလိုက်သည်ပင်။
ချန်ရှီး၏စိတ်က ထိတ်လန့်မှုနှင့် ဒေါသအကြား လျှင်မြန်စွာလှုပ်ရှားသွားသည်။
ဖူစန်း မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ထွက်သွားပြီလား...။
သူ ခုန်မင်အား လုပ်ကြံရန်ကြိုးစားခဲ့သည်မှာ မအောင်မြင်ခဲ့ဘူးလား...။
ယခု ခုန်သားအဖ(၃)ယောက်ရောက်လာသည်မှာ လက်စားချေဖို့လား...။
ချန်ရှီး၏ဒေါသများနှင့်ဆန့်ကျင်ဘက် ခုန်ကျွင်းကတော့ လုံးဝအေးဆေးတည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးပင် ရှိနေသည်။
သူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း...
“ချန်သခင်ကြီး... စိတ်အေးအေးထားပါ ၊ ပြောရရင်... ဒီ အကြီးကဲ’ဖူစန်း’ က ကျုပ်တို့ခုန်အိမ်တော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်အကြီးအကဲတစ်ယောက်ပါ ၊ ချန်သခင်ကြီးလည်း သူ့ကိုသိတယ်မဟုတ်လား”
ခုန်ကျွင်း၏ရည်ရွယ်ချက်ကို သေချာမသိသေးဖြင့် ချန်ရှီးက အေးစက်သည့်လေသံဖြင့်...
“သိတယ်လေ ၊ သိတော့ ဘာဖြစ်လို့လဲ”
ခုန်ကျွင်း သက်ပြင်းချလိုက်သည်။
ထို့နောက် တည်ငြိမ်စွာဖြင့်...
“အိုက်ရာ... အကြီးအကဲဖူက ကံဆိုးမိုးမှောင်ကျခဲ့ရတာပါ ၊ မနေ့ညက ကျင့်ကြံနေရင်း ချီစွမ်းအားဖောက်ပြန်ပြီး သေဆုံးသွားခဲ့တယ်”
သူက ဆက်ပြောလိုက်သည်။
“သူ့ရဲ့နောက်ဆုံးအချိန်မှာ သူဖြစ်ချင်တဲ့ဆန္ဒကို ပြောပြခဲ့တယ် ၊ သူ့နာမည်က ချန်စုတဲ့ ၊ သူက ချန်သခင်ကြီးရဲ့ ပျောက်ဆုံးနေတဲ့ညီလေးလို့ပြောတယ် ၊ ဆိုရိုးစကားရှိတယ်လေ... ကြွေကျတဲ့သစ်ရွက်က သူ့အမြစ်ဆီပြန်ရောက်ရမယ်တဲ့ ၊ ဒီတော့ ကျုပ်တို့ ခုန်အိမ်တော်အတွက် နှစ်ပေါင်းများစွာ သစ္စာရှိစွာနဲ့အမှုထမ်းပေးခဲ့တဲ့ လူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒကို ကျုပ်က ဘယ်လိုလုပ်ငြင်းဆန်နိုင်မှာလဲ ၊ ကျုပ်တို့ ဒီကိုလာတာ ရုတ်တရက်ဖြစ်သွားပေမယ့် သူ့ဆန္ဒကိုဖြည့်ဆည်းပေးပြီး ညီအစ်ကိုတွေကို ပြန်လည်ဆုံစည်းခွင့်ရမှာကို သိလိုက်တော့ စိတ်သက်သာရာရမိပါတယ် ၊ ဒါက ဝမ်းနည်းစရာဆိုပေမယ့် နှစ်သိမ့်မှုလည်း ဖြစ်မှာပါ”
ချန်ရှီး ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်ပင် ပြုတ်ထွက်တော့မည့်ပမာဖြစ်ပြီး ထက်ရှသောမျက်ဝန်းများဖြင့် ခုန်ကျွင်းကို စူးစိုက်ကြည့်လိုက်သည်။
ခုန်ကျွင်းက ဤမျှစကားပြောသွက်ပြီး ကြမ်းပိုး လိပ်ဖြစ်အောင်ပြောတတ်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိပေ။
ဖူစန်းက ချီစွမ်းအားဖောက်ပြန်ပြီး သေဆုံးသွားသည်တဲ့လား။
ရင်ဝတွင် မြားထိမှန်သည့်ဒဏ်ရာဖြင့် ချီစွမ်းအားဖောက်ပြန်သည့်အကြောင်း မည်သူကများ ကြားဖူးပါမည်နည်း။
ဝေါယဉ်ထဲတွင်ရှိနေသည့် ဖူစန်း၏အလောင်းက သွေးများပေကျံနေပြီး ရင်ဝတွင် မြားတစ်စင်းစိုက်ဝင်နေပြီး ၊ မြားတံကိုပင် မဖယ်ရှားရသေးပေ။
သို့တိုင် ခုန်ကျွင်းက အဘယ့်ကြောင့် မျက်နှာပြောင်တိုက်ပြီး ဤသို့ လုပ်ကြံဖန်တီး ပြောဝံ့ပါသနည်း။
သို့သော် ဖူစန်း၏အမည်ရင်းက ချန်စုဖြစ်ပြီး သူက ချန်ရှီး၏ညီအရင်းဖြစ်နေသည်ကတော့ အမှန်ပင် ဖြစ်သည်။
သူတို့က တကယ်ပဲ “ပျောက်ဆုံးနေသည့် ညီအစ်ကိုများ” ဟုတ် မဟုတ် ဆိုသည်ကတော့ ကိုယ်ရေးကိုယ်တာအမြင်ပေါ်မူတည်ပြီး တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင်ပေသည်။
ခုန်ကျွင်းက မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေသည့်တိုင် မငြင်းနိုင်သည့်အချက်ကတော့... ခုန်အိမ်တော်က ချန်စု မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီ ဆိုခြင်းပင်။
ခုန်မင်ကိုသတ်ဖြတ်ရန် ချန်စုကို စေခိုင်းခဲ့သော်လည်း ၊ ယခု ခုန်မင်က ထိခိုက်ဒဏ်ရာမရှိ ရပ်တည်နေပြီး ချန်စုကတော့ အသက်ရှူရပ်သွားပြီဖြစ်သည်။
ခုန်သားအဖ(၃)ယောက်က ချန်စုအလောင်းကို သူ၏အိမ်တံခါးဝအထိ ကိုယ်တိုင်လာရောက်ပို့ဆောင်သည်ကို ကြည့်ခြင်းအားဖြင့် ချန်မျိုးနွယ်များ ဆယ်စုနှစ်ပေါင်းများစွာ ဂရုတစိုက်စီစဉ်ခဲ့သော လျှို့ဝှက်စီမံကိန်း လုံးဝပြိုလဲသွားပြီဆိုသည့် သဘောပင်။
ချန်ရှီး ရှေ့ဆက်ရန် လမ်းနှစ်သွယ်သာ ရှိတော့သည်။
ခုန်သားအဖများဖြင့် ချက်ချင်းရန်သူအဖြစ်ပြောင်းလဲပြီး ချန်အိမ်တော်နှင့် ခုန်အိမ်တော်ကြား အကြီးအကျယ် စစ်ပွဲဆင်နွှရန်... ၊ သို့မဟုတ် သိက္ခာကိုဘေးချပြီး ချန်စုက တကယ်ပဲ ချီစွမ်းအားဖောက်ပြန်သေဆုံးသွားသည်ဆိုသော ခုန်ကျွင်း၏လုပ်ကြံဇာတ်အတိုင်းလိုက်လျောကာ လက်ရှိပြဿနာကိုဖြေရှင်းပြီး အနာဂတ်တွင် လျှို့ဝှက်စီမံကိန်းတစ်ခု ထပ်မံပြုလုပ်ရန် ဖြစ်သည်။
ချန်ရှီးက တကယ်ပင် မြေခိုးအိုတစ်ကောင် ဖြစ်သည်။
သူက ခုန်မင်ရှေ့တွင် ခဏမျှ စိတ်လှုပ်ရှားသွားသော်လည်း နောက်ဆုံးမှာတော့ လိမ္မာပါးနပ်သည့်ရွေးချယ်မှုကို ပြုလုပ်မည်သာပင်။
ချန်ရှီးက အတင်းအကျပ်လုပ်ယူထားသည့် ဟန်ဆောင်မှုဖြင့် ခုန်ကျွင်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း အေးစက်စွာ စကားဆိုလိုက်သည်။
“ခုန်သခင်ကြီးကို ကျေးဇူးတင်ပါတယ် ၊ ကျုပ်မှာ ပျောက်ဆုံးနေတဲ့ ညီတစ်ယောက်ရှိတယ်ဆိုတာ အမှန်ပါပဲ ၊ ဒါပေမဲ့ သူက ခင်ဗျားတို့ ခုန်အိမ်တော်က အကြီးအကဲဖူ ဖြစ်နေမယ်လို့ ထင်မထားမိဘူး ၊ ဒါက လုံးဝ မျှော်လင့်မထားတဲ့ကိစ္စပါပဲ ၊ ခုန်သခင်ကြီးက ကျုပ်ညီရဲံရုပ်အလောင်းကို စေတနာထားပြီး ပြန်ပို့ပေးခဲ့တာ လုံးဝ မမေ့ပါဘူး ၊ အခွင့်အရေးရှိလာရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”
ချန်ရှီး၏စကားများက အစစ်အမှန်မဟုတ်ကြောင်း ပြောနေစရာပင် မလိုပေ။
ခုန်ကျွင်းက ပြုံးလိုက်ပြီး...
“ဟုတ်ပါပြီ ၊ ကျုပ်တို့ အိမ်တော်(၂)ခုလုံးက ခွန်းကာမြို့မှာအခြေစိုက်နေကြတာလေ ၊ သေချာပေါက် အချင်းချင်း ကူညီပေးရမှာပေါ့ ၊ အိုက်ယာ... ဝမ်းနည်းစရာကောင်းတာက အကြီးအကဲ’ချန်စု’ ရဲ့သေဆုံးမှုက သိပ်ပြီးဂုဏ်ယူရာမကောင်းတော့ စျာပနအခမ်းအနားလုပ်ပေးဖို့ အဆင်မပြေဘူးဖြစ်နေတယ်”
ချန်ရှီးက အေးစက်သည့်မျက်နှာထားဖြင့်...
“ခုန်သခင်ကြီး စိတ်မပူပါနဲ့ ၊ ကျုပ်ညီက အိမ်ပြန်ရောက်လာပြီ ၊ ကျုပ်ညီ အိမ်ပြန်ရောက်လာပြီဆိုတော့ သူလည်း စိတ်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ၊ ခမ်းနားတဲ့စျာပနပွဲအတွက်တော့ ကျုပ်က ခုန်အိမ်တော်အပေါ် မတောင်းဆိုဝံ့ပါဘူး”
ဖူစန်းသေဆုံးသွားပြီဆိုသော်လည်း သူမည်သူမည်ဝါဖြစ်သည်ဆိုခြင်းက သိမ်မွေ့သည့်ကိစ္စ ဖြစ်သည်။
ဖူစန်းအကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်ပါက ခုန်အိမ်တော်သာမက ချန်အိမ်တော်အတွက်လည်း အရှက်ရစရာ ဖြစ်လာပေမည်။
ဖူစန်းအလောင်းကို ချန်အိမ်တော်သို့ပြန်ပို့ပေးပြီး ဖူစန်းမည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုက်ရန်က အကောင်းဆုံးဖြစ်ကြောင်း ခုန်မင်က ခုန်ကျွင်းကို အကြံပေးခဲ့သည်ပင်။
ချန်ရှီးက အတွေ့အကြုံရင့်ကျက်ပြီး လိမ္မာပါးနပ်သူဖြစ်ရာ သူက ဂုဏ်သိက္ခာကိုဘေးချပြီး အလောင်းကို လက်ခံမည်သာပင်။
ထိုသို့ဆိုလျှင် ချန်ရှီးအနေဖြင့် ဖူစန်းသေဆုံးမှုကိုအသုံးချပြီး ခုန်အိမ်တော်၏ဂုဏ်သတင်း ထိခိုက်အောင်လုပ်ချင်လျှင်တောင် မဖြစ်နိုင်တော့ပေ။
အကြောင်းမှာ ဖူစန်း၏ စစ်မှန်သောအထောက်အထားက ချန်အိမ်တော်နှင့် ဆက်စပ်နေပြီး ၊ ချန်ရှီးက ခုန်အိမ်တော်ကို မည်မျှတိုက်ခိုက်ချင်ပါစေ သူ့မျိုးနွယ်၏ဂုဏ်သိက္ခာကိုစွန့်လွှတ်ပြီးလုပ်ဆောင်ရန် မတတ်နိုင်ပေ။
သို့ဖြစ်ရာ ခုန်အိမ်တော်နှင့် ချန်အိမ်တော်က ဖူစန်း၏သေဆုံးမှုနှင့်ပတ်သက်ပြီး တိတ်တဆိတ်သဘောတူညီမှုရယူနိင်ခဲ့လျှင် ဤ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်၏ ကွယ်လွန်ခြင်းက လှိုင်းလေမထန်ဘဲ ပြီးဆုံးသွားမည် ဖြစ်၏။
ခုန်အိမ်တော်နှင့် ချန်အိမ်တော် ပူးပေါင်းလိုက်လျှင် သူတို့သြဇာအာဏာက ခွန်းကာမြို့တွင် ကောင်းကင်ကိုဖုံးလွှမ်းနိုင်လောက်သည်အထိ ကြီးကျယ်လွန်းသည်ဖြစ်ရာ သူတို့ ဖုံးကွယ်မထားနိုင်သည့်ကိစ္စ မရှိနိုင်ပေ။
အကယ်၍ ခုန်အိမ်တော်က ဖူစန်းသေသည့်ကိစ္စကို ဖုံးကွယ်ထားပါက ချန်အိမ်တော်က ဘေးမှ မီးမွှေးလှုံ့ဆော်လိုက်မည်ဆိုလျှင် ဖူစန်းသေဆုံးသည့်ကိစ္စ တစ်မြို့လုံး ဟိုးလေးတကြော်ဖြစ်လာနိုင်ပြီး ခုန်အိမ်တော်၏ဂုဏ်သတင်း ပြင်းထန်စွာ ထိုးနှက်ခံရပေမည်။
ယခုတော့ ချန်အိမ်တော်သည်လည်း ဖူစန်းသေဆုံးမှုကို အလေးမထားဘဲလျှော့ချလိုက်ရပြီး ကြီးသည့်အမှုသေးငယ်အောင်လျှော့ချကာ နောက်ဆုံး လုံးဝဖယ်ရှားလိုက်ရပြီ ဖြစ်သည်။
ခုန်မင်၏ဗျူဟာက ခုန်အိမ်တော်နှင့် ချန်အိမ်တော်၏ဂုဏ်သတင်းကို တစ်သားတည်းဖြစ်အောင် ချည်နှောင်လိုက်ခြင်း ဖြစ်သည်။
ခုန်အိမ်တော်သိက္ခာကျလျှင် ချန်အိမ်တော်ပါက သိက္ခာကျပြီး ချန်ရှီးအနေဖြင့် ဖူစန်းသေဆုံးခြင်းကိုအကြောင်းပြုကာ နောက်ကွယ်မှ ပရိယာယ်မဆင်နိုင်အောင် ပြုလုပ်လိုက်ခြင်းပင်။
ဤသည်က သုံးပြည်ထောင်ခေတ်တွင် “ကျူးကဲလျန့်” အရှေ့ဝူသို့ တစ်ကိုယ်တည်းခရီးထွက်စဉ် စွန်း-လျို ပေါင်းစည်းမှုအတွက် အကျိုးစီးပွား တစ်သားတည်းဖြစ်အောင် ချည်နှောင်လိုက်သည့်အဖြစ်အပျက်မျိုးပင် ဖြစ်လေသည်။
စွန်း-လျို အကျိုးစီးပွား တစ်သားတည်းဖြစ်သွားသည့်အတွက် ရွေးချယ်စရာမရှိ အတူပူးပေါင်းကာ ချောင်ချောင်းကိုတိုက်ခိုက်ခဲ့ရသည်။
ယခု ခုန်ကျွင်း၏ စကားနှင့်လုပ်ရပ်များအားလုံးက ခုန်မင် ကြိုတင်စီစဉ်ထားသည့်အရာများသာ ဖြစ်သည်။
ဤသို့သရုပ်ဆောင်မှုက ခုန်ကျွင်းအမူအကျင့်နှင့် မကိုက်ညီသော်လည်း သက်ရောက်မှုကတော့ အံ့အားသင့်စရာကောင်းလောက်အောင် ထိရောက်လွန်းသည်။
အစမှအဆုံးထိ ချန်ရှီးကို ကစားနိုင်ခဲ့ပြီး ခုန်သားအဖများ သတ်မှတ်ထားသည့်အတိုင်း ကြိုးဆွဲရာကရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ခန့်မှန်းထားသည့်အတိုင်းပင် ရလဒ်အတိအကျ ထွက်ပေါ်လာခဲ့သည်။
ဤကိစ္စဖြစ်ပြီးသည့်နောက် ချန်အိမ်တော်အနေဖြင့် ခဏမျှငြိမ်သွားပေလိမ့်မည်။
သို့သော် နောက်ပိုင်း ချန်ရှီးက ခုန်အိမ်တော်ကို အကောက်ကြံမည်ဆိုလျှင်တောင် သူ၏လှည့်ကွက်များက အိပ်ပျော်နေသောနဂါးဟု နာမည်ကြီးသည့် ‘ခုန်မင်၏ ထူးခြားသောဉာဏ်ပညာကို ကျော်လွှားနိုင်မည် မဟုတ်တော့ပေ။
ခုန်အိမ်တော်၏အင်အားက နဂိုကပင် ချန်အိမ်တော်ထက် သာလွန်သည်။
ယခု ခုန်မင်ကဲ့သို့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီဖြစ်ရာ ခုန်အိမ်တော်အနေဖြင့် ချန်အိမ်တော်ကို လက်ခုပ်ထဲ ထည့်ထားနိုင်တော့မည် ဖြစ်၏။
***
ခုန်အိမ်တော်မှ သားအဖ(၃)ယောက် ချန်အိမ်တော်မှ ပြန်လာသည့်အခါ ခုန်မင်၏မျက်နှာက ပုံမှန်အတိုင်းပင် တည်ငြိမ်နေဆဲပင်။
သို့သော် ခုန်ကျွင်းနှင့် ခုန်ကျောင်းတို့၏ မျက်နှာထက်တွင်တော့ ကျေနပ်ဂုဏ်ယူသည့်အမူအရာက ဖုံးမရဖိမရ ထွက်ပေါ်နေသည်။
ခုန်အိမ်တော်နှင့် ချန်အိမ်တော်က ရာစုနှစ်တစ်ခုကျော်ကြာအောင် ယှဉ်ပြိုင်ခဲ့ကြသည်။
သို့သော် ယနေ့လို ရန်သူ့နယ်မြေအထိ ချီတက်ဝင်ရောက်ပြီး တရားမျှတသည့်ဟန်ပန်ဖြင့် ရိုက်ချက်ကြီးကြီး ထိုးနှက်ခဲ့ရခြင်းက ပထမဆုံးအကြိမ်ဖြစ်သဖြင့် အလွန်စိတ်ကျေနပ်စရာ ကောင်းသည်ပင်။
ချန်ရှီး၏ ကျောက်ရုပ်တစ်ရုပ်ပမာ အေးစက်မှင်တက်သွားသည့်အမူအရာကို ပြန်အမှတ်ရရင်း ခုန်ကျွင်းနှင့်ခုန်ကျောင်းတို့ အောင်ပွဲအတွက် ဝမ်းမြောက်ခံစားနေမိတော့သည်။