စျေးမြို့တော်
Vol. 3 Ch. 34
ခုန်ကျောင်းကတော့ သူ၏ညီငယ်ခုန်မင်ကို အံ့အားသင့်စွာကြည့်ရုံသာမက လုံးဝပင် သဘောကျလေးစားစွာ ဦးညွှတ်ရတော့သည်။
သူတို့၏ ဖခင်ဖြစ်သူ ခုန်ကျွင်းသည်ပင် ထူးချွန်ထက်မြက်သော သားဖြစ်သူ ‘ခုန်မင်’ ကို တစ်ချက်လှမ်းကြည့်ရင်း အရင်ကထက်ပိုတော်လာသည်ဟု မနေနိုင်ဘဲ စဉ်းစားလိုက်မိသည်။
အတိတ်က ‘ခုန်မင်’ က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာနှင့် ထူးခြားသည့်ကျင့်ကြံခြင်းပါရမီကြောင့် တောက်ပခဲ့သည်ဆိုလျှင် ယနေ့ ‘ခုန်မင်’ ကတော့ ဘက်စုံထူးချွန်သူတစ်ယောက်အဖြစ် ထူးခြားစွာ တည်ရှိနေသည်။
အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အား သတ်ဖြတ်ပစ်လိုက်သည်ကို ဘေးဖယ်ထား ၊ ယနေ့ သူက ရန်သူများကို ရင်ဆိုင်စိန်ခေါ်ပြီး ခုန်အိမ်တော် အရှက်မရစေရန် ရဲရင့်စွာကာကွယ်ခဲ့ခြင်းက ခုန်ကျွင်းကို အံ့အားသင့်စေသည်။
အသက် (၁၄)နှစ်သာရှိသေးသော လူငယ်လေးတစ်ယောက်က လူတို့၏စိတ်နှလုံးကို ဤမျှအထိ ထိန်းချုပ်နိုင်စွမ်း ရှိသည်တဲ့လား။
ချန်ရှီး၏ တုံ့ပြန်မှုတိုင်းကို ခုန်မင်က ကြိုတင်ခန့်မှန်းထားသည်ဖြစ်ရာ ဖြစ်ရပ်တစ်ခုလုံး၏ အကျိုးဆက်က သူခန့်မှန်းထားသည့်အတိုင်း အတိအကျ ထွက်ပေါ်လာသည်။
ဤမျှအရည်အချင်းရှိသော ခုန်မင်ကို မည်သူက အသက်(၁၄)နှစ်သာရှိသေးသော လူငယ်လေးတစ်ယောက်အဖြစ် ဆက်လက်ရှုမြင်နိုင်ပါမည်နည်း။
လွန်ခဲ့သော (၃)နှစ်ကတည်းက ခုန်မင် ဤမျှထက်မြက်ကြောင်းပြသမည်ဆိုလျှင် ခုန်ကျောင်း သူ့အပေါ် တစိုးတစိပင် မနာလိုဖြစ်မိမည် မဟုတ်ပေ။
အကြောင်းမှာ သူတို့နှစ်ဦးကြားကွာဟချက်က မိုးနှင့်မြေပမာ ကွာခြားနေမည်ကို နားလည်သောကြောင့် ဖြစ်ပေမည်။
မည်သို့ပင်ဖြစ်စေ ယခုတော့ ခုန်မင်နှင့် ခုန်ကျောင်းတို့ ညီအစ်ကိုရင်းနှီးမှု ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။
ခုန်မင်၏ ထူးကဲသော အရည်အချင်းများက ခုန်အိမ်တော်၏အနာဂတ်ကို ပို၍မြင့်မားသော အဆင့်သို့ တက်လှမ်းစေမည်ဟု အာမခံထားသည်။
ထိုသို့စဉ်းစားမိတော့ ခုန်ကျွင်းရင်ထဲ အားမာန်ဖြင့်ပြည့်သော ဂုဏ်ယူမှုတစ်ခု ခံစားလိုက်ရကာ ကောင်းကင်ထက်ခေါင်းမော့ပြီး တဟားဟား အော်ရယ်ချင်စိတ်များပင် ဖြစ်လာမိ၏။
“အဘိုး... အဖေ... ဦးလေးတွေနဲ့ ညီအစ်ကိုတွေအားလုံး... အခု ခုန်အိမ်တော်မှာ ဒီလိုသားတစ်ယောက်ရှိပြီဆိုတော့ ကျုပ်လည်း အသူရာချောက်ကိုးထပ်မှာ အေးအေးဆေးဆေး အနားယူနိုင်ပါပြီ”
သို့တိုင် ခုန်မင်က သူ၏အရည်အချင်းများကို ကျွမ်းကျင်စွာဖြင့် ဖုံးကွယ်ထားသေးသည်။ ခုန်မင်၏ အမှန်တကယ်အရည်အချင်းများက ယခုပြသသည်ထက် အဆပေါင်းများစွာ ကျော်လွန်ပေသည်။
ခုန်ကျွင်းသာ ခုန်မင်၏ အရည်အချင်းအားလုံးကို သိရှိမည်ဆိုလျှင် ဝမ်းသာလွန်းသဖြင့် ရူးသွပ်သွားနိုင်၏။
***
ဖူစန်းကိစ္စဖြေရှင်းပြီးနောက် ခုန်အိမ်တော်သည်လည်း ခဏတာ အေးချမ်းသည့်အနေအထားသို့ ရောက်ရှိသွားသည်။
ခုန်အိမ်တော်နှင့် ချန်အိမ်တော်၏ ဖုံးကွယ်ထားမှုကြောင့် ခုန်အိမ်တော်၏ဒုတိယအကြီးအကဲပျောက်ဆုံးသွားမှုက မြို့ထဲတွင် လူပြောသူပြော မများခဲ့ကြပေ။
သို့သော် ခုန်အိမ်တော် ဒုတိယသခင်ငယ်လေး ထက်မြက်လှသည့်ဂုဏ်သတင်းကတော့ မီးလျှံသဖွယ်ပျံ့နှံ့သွားပြီး လူအများကြားထင်ရှားလာခဲ့သည်။
ယနေ့တော့ ခုန်မင်က ခွန်းကာမြို့အနောက်ဘက် စျေးဆိုင်များဆီသို့ ရောက်ရှိနေသည်။
ထိုနေရာက သာမန်လူများအတွက် စျေးဆိုင်များမဟုတ်ဘဲ အများအားဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် စျေးဆိုင်တန်းများဖြစ်သည်။
ထျန်းယွမ်ကုန်းမြေရှိ မြို့တိုင်းနီးပါးတွင် ထိုသို့သောစျေးဆိုင်တန်းများရှိကြပြီး ထိုနေရာများကို “စျေးမြို့တော်” ဟု ခေါ်ဆိုကြသည်။
စျေးမြို့တော်များကို ပုံမှန်အားဖြင့် ကုန်သွယ်ရေးအစည်းအရုံးက ထိန်းချုပ်လေ့ရှိသည်။
ခွန်းကာမြို့တွင်တော့ စျေးမြို့တော်တွင် စီးပွားရေးလုပ်ကိုင်ကြသူများမှာ ခွန်းကာမြို့ ၊ ကုန်သွယ်ရေးအသင်းချုပ် အဖွဲ့ဝင်များဖြစ်ကြသည်။
ခုန်အိမ်တော်နှင့် ချန်အိမ်တော်တို့က ခွန်းကာမြို့တွင် သြဇာကြီးမားပြီး ထင်ရှားသည့်မျိုးနွယ်များဖြစ်ကြသည့်တိုင် သူတို့လုပ်ငန်းများအတွက် စျေးမြို့တော်တွင် ဆိုင်ခန်းများကိုသာ ငှားရမ်းလုပ်ကိုင်ကြရသည်။
ကူးသန်းရောင်းဝယ်ရေး၏ အတိုင်းအတာကြီးမားမှုကိုပြောမည်ဆိုလျှင် သူတို့အနေဖြင့် ကုန်သွယ်ရေးအသင်းချုပ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
မြို့တော်၏အာဏာပိုင်များပင်လျှင် ကုန်သွယ်ရေးအသင်းချုပ်ကို အလေးထားဆက်ဆံကြသည်။ အကြောင်းမှာ ခွန်းကာမြို့၏ အခွန်အခများမှာ အဓိကအားဖြင့် အသင်းချုပ်မှ ရရှိခြင်းကြောင့်ဖြစ်၏။
ခုန်အိမ်တော်နှင့် ချန်အိမ်တော်တို့က သူတို့မျိုးရိုးစဉ်ဆက်ရရှိထားသော ဘွဲ့ထူးဂုဏ်ထူးများကြောင့် သူတို့မိသားစုများအပေါ် ဒေသန္တရအခွန်များ ကင်းလွတ်ခွင့်ရထားသည်။
ခွန်းကာမြို့၏ ထင်ရှားသောပုဂ္ဂိုလ်(၄)ယောက်အနက် ကုန်သွယ်ရေးအသင်းချုပ်ဥက္ကဌ’မေလင်’ က မြို့တော်ဝန် ‘လောကျန့်’ နှင့် ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ၊ မဟာမိတ်အဖြစ် အပြန်အလှန်ကူညီမှုများကို အရိပ်အမြွက်ပြလေ့ရှိသည်။
ထို့ကြောင့် သူတို့က သူတို့နှင့်ပြိုင်ဘက်ဖြစ်သော ချန်အိမ်တော်နှင့် ခုန်အိမ်တော်၏တစ်ဖက်တွင် အာဏာဟန်ချက်ညီမှုကို ဖန်တီးထားသည်။
ခုန်အိမ်တော်နှင့် ချန်အိမ်တော်တို့က ခွန်းကာမြို့တွင် လယ်မြေများနှင့် စိုက်ပျိုးရေးလုပ်သူအများစုကို ပိုင်ဆိုင်ထားကြသော်လည်း ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်လျှင်တော့ ကုန်သွယ်ရေးအသင်းချုပ်မှ တည်ထောင်ထားသောစျေးကွက်ဖြစ်သည့် ‘စျေးမြို့တော်’ မှဆိုင်ခန်းများကို မှီခိုနေရဆဲ ဖြစ်သည်။
ယခု ခုန်မင် စျေးမြို့တော်သို့ ရောက်ရှိလာသည်မှာ လိုချင်သည့်ပစ္စည်းများ ဝယ်ယူရန် ဖြစ်သည်။
ခုန်မင်က ပန်းပဲပညာကို စမ်းသပ်လေ့လာရန် စီစဉ်ထားခဲ့သဖြင့် ပန်းပဲအလုပ်နှင့်ပတ်သက်သည့် လက်နက်ကိရိယာများ လိုအပ်လေသည်။
ပန်းပဲပညာရှင်တစ်ဦးအသုံးပြုသည့် ကိရိယာများက သာမန်ပန်းပဲသမားတစ်ယောက် အသုံးပြုသည့်ကိရိယာများနှင့် များစွာကွာခြားသည်။
ပန်းပဲပညာ၏အဓိကအချက်မှာ “မီးကန်” ဟု သိကြသော ပစ္စည်တစ်ခု ဖြစ်သည်။
ပုံမှန်အားဖြင့် “မီးကန်” ဆိုသည်က စတုဂံပုံသဏ္ဌန်ရှိ ဗီရိုနှင့်တူသော ပစ္စည်းတစ်ခုဖြစ်သည်။
လေအိတ်နှင့် မီးဖိုကဲ့သို့ အစိတ်အပိုင်းများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပြီး မီးဒြပ်စင်စွမ်းအားကိုထည့်သွင်းကာ ပန်းပဲလုပ်ငန်းစဉ်ကို စတင်နိုင်သည်။
နောက်ဆုံး မည်သည့်အရာကိုဖန်တီးနိုင်မည်ဆိုသည်ကတော့ ပန်းပဲပညာရှင်၏ ကျွမ်းကျင်မှုအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်သည်။
မီးကန်များကိုလည်း အရည်အသွေးအဆင့်အလိုက် ခွဲခြားထားသည်။
အကောင်းဆုံး”မီးကန်များ” က ထင်ရှားသော ပန်းပဲပညာရှင်များ ဖန်တီးထားသည့် ရတနာများဖြစ်ပြီး ၊ ၎င်းတို့၏တန်ဖိုးသည် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များ သို့မဟုတ် ဝိညာဉ်ရတနာများနှင့် ယှဉ်ပြိုင်နိုင်လောက်သည်။
သို့သော် ထိုကဲ့သို့လက်ရာမြောက်သော မီးကန်များကို စျေးမြို့တော်တွင် တွေ့ရဖွယ် မရှိပေ။
ခုန်မင်က ပန်းပဲပညာကို စမ်းသပ်လုပ်ကိုင်ရန်သာ ရည်ရွယ်ထားသည်ဖြစ်ရာ အခြေခံအဆင့်ဖြစ်သော ကနဦးအဆင့် မီးကန်တစ်ခုက သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။
ခွန်းကာမြို့၏ စျေးမြို့တော်တွင် လက်နက်နှင့်ပစ္စည်းများ အကြီးမားဆုံးရောင်းချသည့်ဆိုင်က “မီးလျှံစီးဆင်း” ဆိုသည့် ခမ်းနားထည်ဝါသောအမည်ကိုပိုင်ဆိုင်ထားသည်။ ထိုဆိုင်က ကုန်သွယ်ရေးအသင်းချုပ်က ပိုင်ဆိုင်သည့်စျေးဆိုင် ဖြစ်၏။
“မီးလျှံစီးဆင်း” ဆိုင်တွင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များ သို့မဟုတ် ဝိညာဉ်ရတနာများကဲ့သို့ ရှားပါးရတနာများ မရှိသော်လည်း သာမန် ဒြပ်စင်စွမ်းအားလက်နက်များနှင့် အထူးပြုပစ္စည်းမျိုးစုံကို ကောင်းစွာရောင်းချပေးသည်။
ထို့ကြောင့် စံသတ်မှတ်ချက်နှင့်ညီသည့် မီးကန်တစ်ခုဝယ်ယူရန် ခုန်မင်အတွက် ပြဿနာမရှိပေ။
“မီးလျှံစီးဆင်း” ဆိုင်၏ တာဝန်ခံက ဝမ်မျိုးရိုးဖြစ်ပြီး သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ကာ ဖော်ရွေသည့်ဟန်ပန်ဖြင့် ဆက်ဆံတတ်သူ ဖြစ်၏။
တာဝန်ခံ’ဝမ်’ က ခုန်အိမ်တော်မှ ထင်ရှားသော ဒုတိယသခင်လေးကို ချက်ချင်းမှတ်မိသွားပြီး ယဉ်ကျေးပျူငှာစွာဖြင့် ဂရုတစိုက် ဧည့်ခံကြိုဆိုသည်။
ခုန်မင်က မီးကန်တစ်ခု ဝယ်ယူချင်သည်ဆိုတော့ ဆိုင်ရှင်ဝမ် အံ့အားသင့်သွားရသည်။
ခုန်အိမ်တော်တွင် ပန်းပဲပညာရှင်တစ်ယောက်မှ ထွက်ပေါ်လာဖူးခြင်းမရှိလေရာ ခုန်မင်က အဘယ့်ကြောင့် မီးကန်ကို အသုံးပြုပါမည်နည်း။
ကုန်သွယ်ရေးအသင်းချုပ် အဖွဲ့ဝင်တစ်ဦးနေဖြင့် ဆိုင်ရှင်ဝမ်၏အခန်းကဏ္ဍက စျေးရောင်းခြင်းထက် ကျော်လွန်သည်။ သူက သတင်းအချက်အလက်စုဆောင်းရာတွင်လည်း အလွန်တော်၏။
ထို့ကြောင့် သူက ခုန်မင် မီးကန်ဝယ်မည်ဆိုသော်အခါ မသိမသာဖြင့် သတင်းစုံစမ်းမေးမြန်းတော့သည်။
သို့သော် ခုန်မင်ဆိုသူက မည်သူနည်း။
သူက စကားလုံးအနည်းငယ်ဖြင့် ဆိုင်ရှင်ဝမ် သတင်းစုံစမ်းသည်ကို လှည့်ပတ်ရှောင်ရှားလျှက် လိမ္မာပါးနပ်စွာ စကားလမ်းကြောင်းပြောင်းပစ်လိုက်သည်။
ဆိုင်ရှင်ဝမ်၏မေးမြန်းမှုများကို ရှောင်တိမ်းနိုင်ရုံသာမက ဆိုင်ရှင်ဝမ်ကိုပင် မူးမေ့မတတ် ထိတ်လန့်သွားစေခဲ့သည်။
သူကိုယ်တိုင် သတိမထားမိခင်မှာပင် သူက ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်အချို့ကို ခုန်မင်အား ပြောပြလိုက်မိသည် မဟုတ်ပါလား။
ဆိုင်ရှင်ဝမ် သတိပြန်ဝင်လာသည့်အခါ သူ၏မျက်နှာက ဖြူဖျော့နေပြီး စိုးရိမ်ထိတ်လန့်စွာ ခုန်မင်ကို စိုက်ကြည့်နေမိလေသည်။
ခုန်အိမ်တော် ၊ ဒုတိယသခင်ငယ်လေး၏ ထူးချွန်ထက်မြက်မှုဂုဏ်သတင်းကို သူများစွာ ကြားခဲ့ဖူးသော်လည်း ၊ ယခု ကိုယ်တိုင်ရင်ဆိုင်ရမှ ဤလူငယ်၏ ထိတ်လန့်ဖွယ်ရာ ဉာဏ်ရည်ထက်မြက်မှုကို ဆိုင်ရှင်ဝမ် အမှန်တကယ် သဘောပေါက်သွားတော့သည်။
ခုန်မင်က ဤမျှငယ်ရွယ်သောအသက်လေးဖြင့် ဆယ်စုနှစ်များစွာအတွေ့အကြုံရှိသည့် ကျွမ်းကျင်ကုန်သည်တစ်ယောက်ဖြစ်သော သူ့အား ထိတ်လန့်သွားလောက်သည်အထိ လှည့်ဖျားနိုင်ခဲ့သည်။
ဤမျှထူးချွန်ထက်မြက်ခြင်းက နားလည်ရန်ခက်ခဲလှသည့် အံ့သြဖွယ်ရာတစ်ခုသာပင်။
ထို့ပြင် ဆိုင်ရှင်ဝမ်၏ စိတ်ထဲတွင် ခုန်မင်’မီးလျှံစီးဆင်း’ ဆိုင်သို့ရောက်လာပြီး မီးကန်ဝယ်ယူခြင်းမှာ သိပ်ပြီးမရိုးရှင်းကြောင်း သံသယဝင်နေမိသည်။
ခုန်မင်က ခုန်အိမ်တော်တွင် ပန်းပဲပညာရှင်တစ်ယောက်ရှိနေပြီဖြစ်ကြောင်း သူ့ကို သတင်းဖြန့်ပေးစေချင်သည့် ရည်ရွယ်ချက်ရှိနေပုံပေါ်သည်။
ခုန်အိမ်တော်ဆိုသည်က ခွန်းကာမြို့တွင် ထိပ်တန်းမျိုးနွယ်အဖြစ် ရပ်တည်နေသည့် အိမ်တော်တစ်ခု ဖြစ်သည်။
ထိုသို့သော အိမ်တော်တစ်ခုတွင် ပန်းပဲပညာရှင်တစ်ယောက် ထွက်ပေါ်လာခဲ့လျှင် ကျားကိုအတောင်တပ်ပေးလိုက်သလိုဖြစ်ပြီး အတားအဆီးရှိနိုင်တော့မည် မဟုတ်ပေ။
အနာဂတ်တွင် ခုန်အိမ်တော်၏လွှမ်းမိုးမှုကို မည်သူ စိန်ခေါ်နိုင်ပါတော့မည်နည်း။
သို့သော် ခုန်မင်၏လုပ်ရပ်များကိုကြည့်ရင်း ဆိုင်ရှင်ဝမ် သေချာလည်း မဝေခွဲနိုင်ခဲ့ပေ။
ဤသည်က တကယ်ပင် ခုန်အိမ်တော်တွင် ပန်းပဲပညာရှင်တစ်ယောက်ရှိကြောင်း အရိပ်အမြွက်ပြသခြင်းလား၊ သို့မဟုတ် ခုန်မင်သည် လိမ္မာပါးနပ်စွာ မှုန်ဝါးသောအရိပ်တစ်ခု ဖန်တီးနေခြင်းလား။
ခုန်အိမ်တော်၏ ဒုတိယသခင်လေးသည် အမှန်တကယ်ပင် ခေါင်းကိုက်စေလောက်သည့် ထိတ်လန့်ဖွယ်ရာ လူတစ်ယောက် ဖြစ်လေသည်။
ဆိုင်ရှင်ဝမ်က ခုန်မင်၏ ဖော်ရွေပြုံးရွှင်နေသောမျက်နှာကိုစိုက်ကြည့်ရင်း စိတ်ထဲတွင် ဖိအားများ တဖြည်းဖြည်း တိုးမြင့်လာသည်ကို ခံစားရသည်။
သူက ဤလူငယ်လေး၏ စကားများကိုလိုက်မီရန် ရှိသမျှဉာဏ်ပညာအားလုံးအသုံးချပြီး အင်အားစိုက်ထုတ် ရှာဖွေနေရသည်။
ခုန်မင်က ပြုံးလိုက်ရင်း...
“ဆိုင်ရှင်ဝမ်... ကျွန်တော်မှာထားတဲ့ မီးကန်ကို ခုန်အိမ်တော်ကို တိုက်ရိုက်ပို့ပေးပါ ၊ သြော်... ပြီးတော့ ‘မီးလျှံစီးဆင်း’ ဆိုင်မှာ ကိုယ်ပိုင်ပန်းပဲပညာရှင်တွေရှိတယ်ဆိုတော့ နောက်ပိုင်း ခုန်အိမ်တော်က ဒြပ်စင်စွမ်းအားလက်နက်တွေ ပြုပြင်ချင်တယ်ဆိုရင် စျေးလျှော့ပေးဖို့လည်း မျှော်လင့်ပါတယ်”
ဆိုင်ရှင်ဝမ် မသက်မသာပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
“မီးလျှံစီးဆင်း” ဆိုင်တွင် ကိုယ်ပိုင်ပန်းပဲပညာရှင်များရှိသည်ဆိုသောအချက်ကို ဆိုင်ပြင်ပမှ မည်သူမှ မသိရှိပေ။ ဤသည်က ကူးသန်းရောင်းဝယ်ရေးအသင်း၏ လျှို့ဝှက်ချက် ဖြစ်သည်။
သို့သော် စောစောက ခုန်မင်က လိမ္မာပါးနပ်စွာ လှည့်ပတ်မေးမြန်းသည်ကို ဆိုင်ရှင်ဝမ်က အမှန်အတိုင်း ဖွင့်ပြောလိုက်မိသည်။ ယခုတော့ ထိုကိစ္စကို ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။
ပြီးတော့ ခုန်မင်က ကိုယ်ပိုင်မီးကန်တစ်ခုဝယ်ယူသည်ကိုကြည့်ခြင်းအားဖြင့် ခုန်အိမ်တော်တွင်လည်း ကိုယ်ပိုင် ပန်းပဲပညာရှင်တစ်ယောက် ရရှိထားသည်မှာ ထင်ရှားသည်။
သို့သော် ထိုသို့ဆိုလျှင် ဒြပ်စင်စွမ်းအားလက်နက်များကိုပြုပြင်ရန် အပြင်လူများထံ အဘယ့်ကြောင့် အကူအညီတောင်းရပါမည်နည်း။
ခုန်မင်၏စကားက သူ့ကို နောက်ထပ် စိတ်ရှုပ်ထွေးစေရန် တမင်ရည်ရွယ်ထားသော လှည့်ကွက်တစ်ခု ဖြစ်နေမည်လား။