← Chapters

ထွက်ပြေးသည့်ကျွန်

Vol. 3 Ch. 35

ထွက်ပြေးသည့်ကျွန်

Vol. 3 Ch. 35

ခုန်မင်နှင့်ရင်ဆိုင်နေရသည့် ဆိုင်ရှင်ဝမ်ကတော့ ခေါင်းခိုက်နေတော့သည်။

ခုန်မင်ကတော့ ‘မီးလျှံစီးဆင်း’ ဆိုင်၏ စစ်မှန်သောအင်အားကိုသိရှိပြီးနောက် သူ၏ ကုန်သွယ်ရေးအသင်းချုပ်နှင့်ပတ်သက်သည့် နားလည်မှုက သိသိသာသာ နက်ရှိုင်းလာသည်။

ကုန်သွယ်ရေးအသင်းချုပ်က ခွန်းကာမြို့၏ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းမျိုးစုံကိုလွှမ်းမိုးထားပြီး သူတို့၏အာဏာနှင့် လွှမ်းမိုးနိုင်စွမ်းက အလွန်ကြီးမားသည်။

ကုန်သွယ်‌ရေးအသင်းချုပ်ဥက္ကဌ’မေလင်’ က နူးညံ့ချောမောသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သို့သော် သူမပုံစံကိုကြည့်ပြီး အထင်သေးမိပါက သူမလက်တွင် အသက်ပျောက်သွားနိုင်သည်။

သို့သော် ကုန်သည်များ မည်မျှလိမ္မာပါးနပ်ပါစေ သူတို့တွင် သေလောက်သည့်အားနည်းချက်တစ်ခုရှိသည်။ ၎င်းမှာ အမြတ်အစွန်းကို တပ်မက်ခြင်းပင်။

ထို့ကြောင့် လုံလောက်သောအကျိုးအမြန် ကမ်းလှမ်းနိုင်ပါက ကုန်သွယ်ရေးအသင်းချုပ်ကို မိမိ၏ဆန္ဒအတိုင်း လှည့်ပတ်အသုံးချနိုင်သည်။

နောက်ပိုင်း အခွင့်အရေးရပါက အသင်းချုပ်နှင့်ဆက်ဆံရေးခိုင်မာအောင် ကြိုးစားရမည်ဟု ခုန်မင်တွေးမိသည်။

သူ့ရှေ့တွင် ဖော်ရွေစွာ စကားပြောနေသောလူငယ်လေးက ကုန်သွယ်ရေးအသင်းချုပ်ကို အသုံးချပြီး ခိုင်းစားရန်ကြံနေသည်ကို ဆိုင်ရှင်ဝမ် သိရှိပါက ထပ်မံ၍ မူးမေ့သွားနိုင်သည်။

အရောင်းအဝယ်ကိစ္စ ပြီးဆုံးသည့်နောက် ဆိုင်ရှင်ဝမ်က...

“ခုန်သခင်လေး... နောက်(၁၀)ရက်ဆိုရင် ခွန်းကာမြို့ရဲ့ နှစ်စဉ်လေလံပွဲရှိပါတယ် ၊ ရှားပါးထူးခြားတဲ့ ရတနာပစ္စည်းတွေကို စိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့ဆီကို လာရောက်ဂုဏ်ပြုပေးစေချင်ပါတယ်”

ခုန်မင်က ရယ်မောလိုက်ရင်း...

“အရင်ကဆိုရင် လေလံပွဲကို အဖေပဲ အမြဲတက်ရောက်တာ ၊ ဒီနှစ် အခွင့်အရေးရင် ကျွန်တော် အဖေနဲ့အတူလိုက်ခဲ့ပါ့မယ် ၊ အတွေ့အကြုံရတာပေါ့”

ဆိုင်ရှင်ဝမ်က ခုန်မင်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ခုန်သခင်ကြီးနဲ့ ခုန်သခင်လေးသာ လေလံပွဲကိုလာမယ်ဆိုရင် ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ ၊ ကုန်သွယ်ရေးအသင်းချုပ်အနေနဲ့ အစွမ်းကုန် ဝန်ဆောင်မှုပေးပါမယ်”

ခုန်မင်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး “မီးလျှံစီးဆင်း” ဆိုင်မှ ပြန်ရန်ပြင်ဆင်လိုက်သည်။

ထိုအချိန်...

အပြင်ဘက်မှ ဆူဆူညံညံ အုတ်အော်သောင်းနင်းသံများထွက်ပေါ်လသည်။

ကြည့်ရသည်မှာ စကားများရန်ဖြစ်ကြဟန်ပင်။

စူးစမ်းချင်စိတ်ဖြင့် ခုန်မင်နှင့် ဆိုင်ရှင်ဝမ်တို့ ဆိုင်ပြင်သို့ အတူထွက်လာခဲ့ကြသည်။

“မီးလျှံစီးဆင်း” ဆိုင် အပြင်ဘက်တွင် စျေးမြို့တော် ပင်မလမ်း တည်ရှိသည်။

စျေးမြို့တော်ရှိ ဆိုင်ခန်းတိုင်း ၊ မြေနေရာတိုင်းက ရွှေနှင့်အညီတန်ဖိုးရှိသဖြင့် ဆိုင်ခန်းများစွာ တည်ဆောက်ထားရာ ပင်မလမ်းပင်လျှင် အလွန်ကျဉ်းမြောင်းပြီး မြင်းရထားနှစ်စီး ဘေးချင်းယှဉ်ဖြတ်သန်းနိုင်ရုံသာ လုံလောက်သည်။

ယခု ရန်ပွဲဖြစ်လေရာ ကျဉ်းမြောင်းသောပင်မလမ်းထက် စူးစမ်းချင်စိတ်ဖြင့် ရောက်လာကြသည့် လူအုပ်ကြီးဖြင့် ပြည့်နက်သွားသည်။

လူအုပ်အလယ်တွင် ဗလတောင့်တောင့် ယောကျ်ားကြီး(၁၂)ယောက်ခန့်က တင်းတင်းကျပ်ကျပ် ဝိုင်းထားသည်။ လူတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ဝိုင်းထားသယောင် ရှိသည်။

ထိုယောကျ်ားများ၏ ဝတ်စားဆင်ယင်ပုံကလည်း ထူးခြားသည်။

ဦးခေါင်းထက်တွ် အဖြူရောင်ဦးထုပ်ဆောင်းထားပြီး ပခုံးထက်တွင် သားရေအင်္ကျီခြုံလွှမ်းထားကာ သူတို့၏သန်မာထွားကျိုင်းသော ရင်ဘတ်များကိုတော့ ဖွင့်လှစ်ပြသထားသည်။

ခါးတွင် လခြမ်းကွေးသဏ္ဌန်ဓားများ ချိတ်ဆွဲထားပြီး သူတို့၏ကြမ်းတမ်းသောဟန်ပန်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကိုပင် ထုတ်လွှတ်နေသည်။

ခုန်မင်က စိတ်ဝင်တစားဖြင့် ဆိုင်ရှင်ဝမ်ကို မေးမြန်းလိုက်သည်။

“သူတို့ပုံစံကြည့်ရတာ မြို့ပြင်ကလာတဲ့သူတွေ ဖြစ်ရမယ် ၊ သူတို့က ဘယ်သူတွေများလဲ”

ဗဟုသုတပြည့်စုံသော ဆိုင်ရှင်ဝမ်က ခုန်မင်၏မေးခွန်းကို ချက်ချင်းဖြေလိုက်သည်။

“ခုန်သခင်လေး... ဒီလူတွေက လျန်ကျိုးနယ် တောင်ဘက်အစွန်း တောရိုင်းဒေသမှာနေတဲ့ ချီတိမျိုးနွယ်စုကလူတွေပါ”

သူက ဆက်ပြောလိုက်သည်။

“သူတို့မျက်နှာတွေကို သတိထားပြီး ကြည့်လိုက်ပါ ၊ ခွန်းကာမြို့က အစွန်အဖျားမြို့ဆိုပေမယ့် တောရိုင်းဒေသထက်တော့ အများကြီးသာပါတယ် ၊ အဲဒီတောရိုင်းနယ်မြေမှာ လူမျိုးစုတွေအများကြီးနေကြတယ် ၊ ချီတိလူမျိုးတွေက အဲဒီလူမျိုးစုတွေထဲက တစ်ခုပဲ ၊ သူတို့က မြို့ရွာမတည်ဆောက်သလို လယ်ယာလည်း မလုပ်ကိုင်ကြဘူး ၊ အမဲလိုက်တယ် ၊ အငှားစစ်သည်လုပ်တယ် ၊ ဒီနည်းလမ်းတွေနဲ့ အသက်မွေးကြတယ် ၊ သူတို့ရဲ့ရိုးရာဓလေ့ကလည်း အတော်ကြမ်းတမ်းတယ်”

ခဏစဉ်းစားပြီးမှ ဆိုင်ရှင်ဝမ်က ဆက်ပြောသည်။

“အခုကြည့်ရတာတော့ ဒီချီတိလူမျိုးစုကလူတွေက ကျွန်ရောင်းဝယ်ရေးခရီးသွားလုပ်ငန်းမှာ ပါဝင်တဲ့သူတွေဖြစ်နိုင်တယ် ၊ ဆူဆူညံညံဖြစ်တာက ကျွန်တေစ်ယောက် ထွက်ပြေးသွားလို့ ဖြစ်လိမ့်မယ်”

ခုန်မင်က စူးစမ်းချင်စိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

“တောရိုင်းဒေသက ချီတိလူမျိုးစု ဟုတ်လား...”

ခုန်မင်က တောရိုင်းဒေသအကြောင်း အနည်းငယ်သာသိရှိထားသည်။

သို့သော် တောရိုင်းဒေသ လူမျိုးစုများဟု ပြောလိုက်သည်နှင့် သုံးပြည်ထောင်ခေတ်မှ တောင်ပိုင်းလူရိုင်းများနှင့်တိုက်ခိုက်သည့် စစ်ပွဲများကို ချက်ချင်း သတိရသွားမိသည်။

ရှင်းပြရန် စိတ်အားထက်သန်နေသည့် ဆိုင်ရှင်ဝမ်ကတော့ ခုန်မင်၏ဘေးတွင် အာပေါင်အာရင်းသန်သန်ဖြင့် ဆက်ပြောပြနေပြန်သည်။

“အမဲလိုက်လို့ရတဲ့သားကောင်တွေကို ရောင်းချတာအပြင် ချီတိလူမျိုးစုရဲ့နောက်ထပ်လုပ်ငန်းက ကျွန်ရောင်းဝယ်ရေးပါပဲ ၊ တောရိုင်းသစ်တောဒေသမှာ ရာနဲ့ချီတဲ့ တောရိုင်းလူမျိုးစုတွေ နေထိုင်ကြတယ် ၊ သူတို့ကြားမှာလည်း မကြာခဏ ပဋိပက္ခတွေ ဖြစ်ကြတယ် ၊ လူမျိုးစုချင်းတိုက်ခိုက်တဲ့အခါ ရှုံးနိမ့်သွားတဲ့လူမျိုးစုက ဖမ်းဆီးခံလာရတဲ့သူတွေကို ကျွန်အဖြစ် ရောင်းချလေ့ရှိတယ် ၊ တောရိုင်းလူမျိုးတွေက သန်မာထွားကျိုင်းကြတော့ ကျွန်စျေးကွက်မှာ အတော်လေး တန်ဖိုးရှိတယ် ၊ တခါတလေ အကောင်းဆုံးမြင်းတွေထက်တောင် သူတို့က တန်ဖိုးကြီးကြသေးတယ်”

ခုန်မင် ခေါင်းညိတ်လိုက်သည်။

သူ့မျက်ဝန်းများက အခင်းဖြစ်ပွားရာ မြင်ကွင်းထက်သို့ စူးစိုက်နေသည်။

ချီတိလူမျိုး (၁၂)ယောက်ခန့်က သံကြိုးများကိုတင်းတင်းဆုပ်ကိုင်ထားသဖြင့် သူတို့လက်မောင်းကြွက်သားများပင် ပေါ်လွင်နေသည်။

တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို ထိန်းချုပ်ရန် ရုန်းကန်နေသည်မှာ ထင်ရှားသည်။

ရုတ်တရက် နက်ရှိုင်းကြမ်းရှသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာကာ သံကြိုးကိုင်ထားသော ယောကျ်ားကြီးများမှ ခြေထောက်များမြေပေါ်မှလွင့်ပျံသွားပြီး သံကြိုးများမှတဆင့် လေထဲသို့ ဆွဲယူခံလိုက်ရသည်။

ချီတိလူမျိုးစု (၁၀)ယောက်ကျော်မှာ တစ်စုံတစ်ယောက်၏ သန်မာသောစွမ်းအားကြောင့် လေထဲသို့ ဆွဲယူခံလိုက်ရသည်မှာ ထင်ရှားသည်။

သို့သော် ဒြပ်စင်စွမ်းအားလှုပ်ရှားမှုကို ခုန်မင် လုံးဝ မခံစားရပေ။

ချီတိလူမျိုးစုများ အမျိုးသားများကို ဆွဲယူလိက်သူမှာ တန်ခိုးစွမ်းအားမသုံးဘဲ ရုပ်ပိုင်ဆိုင်ရာအင်အားကိုသာ အသုံးပြုခဲ့ခြင်းလား။

ထိုသို့ဆိုပါက ထိုသတ္တဝါက မည်မျှအင်အားကြီးလွန်းပါသနည်း။ ရက်စက်ကြမ်းတမ်းသော တောရိုင်းသတ္တဝါတစ်ကောင် ဖြစ်နိုင်ပေသည်။

ထိုအချိန် ချီတိလူမျိုးစု ယောကျ်ားတစ်ယောက်ထံမှ အေးစက်သော နှာမှုတ်သံထွက်ပေါ်လာပြီး သတ္တုဒြပ်စင်စွမ်းအား ထွက်ပေါ်လာသည်ကို ခုန်မင် ခံစားလိုက်ရသည်။

တင်းမာနေသော သံကြိုးများ တပြိုင်တည်းပြတ်ထွက်သွားပြီး ယောကျ်ား(၁၂)ယောက် လေထဲတွင် ကိုယ်ကိုလှည့်ပတ်လိုက်ကာ ခြေထောက်က မြေပြင်ထက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ကြသည်။

အနည်းငယ် ဖရိုဖရဲပုံစံဖြစ်သွားသော်လည်း ကံ‌ကောင်းစွာဖြင့် သူတို့အားလုံး ထိခိုက်ဒဏ်ရာ မရခဲ့ကြပေ။

ဆိုင်ရှင်ဝမ်က ချီတိလူမျိုးစုက ရက်စက်ကြမ်းတမ်းပြီး သန်မာသူများအဖြစ် ပြောဆိုခဲ့သည်မျာ မမှားပေ။ ယခု ခုန်မင်ကိုယ်တိုင် မျက်မြင်တွေ့ရပြီ ဖြစ်သည်။

သူတို့၏ သွက်လက်မှုနှင့် ခံနိုင်ရည်က သာမန်မြို့သူမြို့သားများထက် များစွာကျော်လွန်သည်။

သို့သော် ဤသို့ သန်မာထွားကျိုင်းသော ချီတိလူမျိုးစု ယောကျ်ား(၁၂)ယောက်ကို လေထဲဆွဲဝှေ့လိုက်နိုင်သည့် ထွက်ပြေးသောကျွန်က ပို၍ပင်ထူးခြားကြောင်း သက်သေပြနေသည်။

ထိုကျွန်၏ အင်အားက မည်မျှကြီးမားပါသနည်း။

သို့သော် ချီတိလူမျိုးစု ယောကျ်ားများထဲတွင် ကျွမ်းကျင်သူတစ်ယောက်ရှိနေသည်မှာ ထင်ရှားသည်။

ခုန်မင်က ခံစားလိုက်ရသည့် သတ္တုဒြပ်စင်စွမ်းအားက အနည်းဆုံး ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်တွင် ရှိလေသည်။

မဟုတ်ပါက ကြီးမားသည့်စွမ်းအားထုတ်လွှတ်ပြီး သံကြိုးများကို တစ်ချက်တည်းဖြတ်တောက်ရန်မှာ မဖြစ်နိုင်ပေ။

တစ်ဖက်လူ၏ ရုပ်ပိုင်းဆိုင်ရာအင်အား မည်မျှကြီးမားသည်ဖြစ်စေ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်အား အနိုင်မယူနိုင်ခဲ့ပေ။

ထွက်ပြေးသောကျွန်၏ကံကြမ္မာက ယခု ပြီးဆုံးသွားပြီဟု ထင်ရသည်။

ချီတိလူမျိုးစု အမျိုးသားများ လေထဲသို့ ခုန်ပျံလိုက်ချိန် သူတို့တင်းကျပ်စွာ ဝိုင်းပတ်ထားသောနေရာတွင် ဟာကွက်များထွက်ပေါ်လာသည်။

ထို့ကြောင့် ထွက်ပြေးသောကျွန်ကို ခုန်မင် တစေ့တစောင်း တွေ့မြင်ခွင့်ရလိုက်သည်။

အလယ်တွင်ရပ်နေသူက ထွားကျိုင်းသောလူတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းလျှက် သားရေဘောင်းဘီတစ်ထည်ဝတ်ဆင်ထားသည်။

အရပ်မြင့်မားသူမဟုတ်သော်လည်း သူ၏ကြွက်သားများက သံမဏိအလားထင်မှတ်ရပြီး အင်အားများဖြင့် ပြည့်နက်နေသည်။ ဤသည်က စောစောက သူပြသလိုက်သည့် အင်အားအတွက် သက်သောဖြစ်၏။

အထင်ရှားဆုံးမှာ သူ၏ခန္ဓာကိုယ်ထက်မှ တက်တူးများဖြစ်ပြီး ၊ ထိုတက်တူးများက တိမ်တိုက်မြူခိုးများ လှုပ်ရှားလှည့်ပတ်နေသည့် ပုံစံမျိုး ဖြစ်သည်။

သူ၏ကြွက်သားများလှုပ်ရှားလိုက်သည်နှင့် တက်တူးများကလည်း အသက်ဝင်လာသယောင် လှိုင်းတံပိုးများထလာသည်။

ထိုသူ၏ခန္ဓာကိုယ်ထက် သံကြိုးပေါင်းများစွာဖြင့် ရစ်ပတ်ထားပြီး သံကြိုးအစွန်းများက မြေပြင်ထက်တွင် ကျဆင်းလျှက်ရှိသည်။

ဤသံကြိုးများက ကျင်းပေါင်းများစွာလေးလံသော်လည်း သူ၏လှုပ်ရှားမှုကို မဟန့်တားနိုင်ခဲ့ပေ။

ထိုသို့သော စွမ်းအားကို ကောင်းကင်ဘုံမှ လက်ဆောင်ဖြစ်သည့် နတ်ဘုရားစွမ်းအားဟုသာ ဖော်ပြနိုင်သည်။

ခုန်မင်ကို ပို၍အံ့သြစေသည်မှာ ထွက်ပြေးလွတ်မြောက်လာသောကျွန်က တစ်ယောက်တည်း မဟုတ်ပေ။

ထို ထွားကျိုင်းသောအမျိုးသား၏ လက်မောင်းများထဲတွင် ပိန်သွယ်သွယ်လူတစ်ယောက်ရှိနေပြီး သူက လူထွားကြီး၏ရင်ခွင်ထဲ နစ်မြုပ်သည်အထိ ခေါင်းဝှက်ထားသဖြင့် မျက်နှာကို ထင်ထင်ရှားရှား မမြင်ရပေ။

သို့သော် အမျိုးသားကြီးက ထိုသူကို အလွန်ဂရုတစိုက်ကာကွယ်ပေးထားပြီး ထိုသူ၏ဘေးကင်းမှုက သူကိုယ်တိုင်ဘေးကင်းမှုထက် ပိုပြီးအရေးကြီးနေသည်မှာ ထင်ရှားသည်။

All Chapters