မော့မျိုးနွယ်မောင်နှမ
Vol. 3 Ch. 36
ထွက်ပြေးရန်ကြိုးစားသည့် ထွားကျိုင်းသန်မာသောကျွန်ကို စူးစိုက်ကြည့်ရင်း ခုန်မင်စိတ်ထဲ ထူးဆန်းစွာဖြင့် ရင်းနှီးမှုတစ်ခုကို မပြတ်မသား ခံစားလိုက်ရသည်။
သုံးပြည်ထောင်ခေတ်တွင် ခုန်မင်က အမတ်မင်းများစွာ စစ်သူကြီးများစွာဖြင့် ဆုံတွေ့ခဲ့ဖူးသည်။
ယခု ထိုကျွန်၏ ထွားကျိုင်းသန်မာပြီး ခန့်ညားပုံက သုံးပြည်ထောင်ခေတ်မှ စစ်သူကြီး’ကျန်းဖေး’ “ကျန်းယိတယ်” နှင့် သွားရောက်ဆင်တူနေသည်ကို အံ့သြဖွယ်ရာ သိလိုက်ရသည်။
ထို့ကြောင့်ပင် အခြားကမ္ဘာသို့ တစ်ယောက်တည်းရောက်လာသောခုန်မင်အနေဖြင့် ထိုသူအပေါ် ရင်းနှီးနွေးထွေးမှုတစ်ခု ခံစားလိုက်ရခြင်းပင်။
ထိုအချိန် ချီတိမျိုးနွယ်စုမှ အမျိုးသားတစ်ယောက်ရှေ့သို့ထွက်လာသည်။ ထိုသူက အသက်(၄၀)ခန့်ရှိပြီး နှုတ်ခမ်းမွှေးကားကားနှင့် ဖြစ်၏။
ထိုသူက စောစောကတိုက်ပွဲတွင် သတ္တုဒြပ်စင်စွမ်းအား ထုတ်လွှတ်ခဲ့သူ ဖြစ်သည်။
သူက ထွားကျိုင်းသောကျွန်အား လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး...
“မော့ဖေး... တောရိုင်းဒေသရဲ့စည်းကမ်းအရ မင်းတို့ နတ်သားရဲမျိုးနွယ်တွေက ငါတို့ ချီတိမျိုးနွယ်တွေကို ရှုံးနိမ့်သွားလို့ ကျွန်ပြုခံရတာလေ ၊ မင်းတို့က ကျွန်တွေဖြစ်သွားပြီဆိုတော့ ငါတို့စိတ်တိုင်းကျဆက်ဆံခံရမှာပဲ ၊ ဒါပေမဲ့ မင်းက ဒီနေ့ ကျွန်စျေးကိုရောက်ရောက်ချင်း ထွက်ပြေးဖို့ကြိုးစားတယ် ၊ မင်းရဲ့ ထူးကဲတဲ့ခွန်အားက ရန်သူတစ်သောင်းနဲ့ယှဉ်နိုင်တယ်လို့ ချီးကျူးခံရပေမယ့်... ငါ စုချီမျက်လုံးထဲမှာ မင်းက ဘာမှမဟုတ်ဘူး ၊ မင်းရဲ့တန်ဖိုးကျဆင်းသွားမှာစိုးလို့ မင်းကို ဒဏ်ရာရအောင် မလုပ်ချင်ဘူး ၊ ဒီတော့ အကြံပေးလိုက်မယ် ၊ အမိန့်နာခံပြီး လက်နက်ချလိုက်ပါ”
မော့ဖေးဆိုသည် လူထွားကြီးက နက်နဲကျယ်လောင်သောအသံဖြင့်...
“စုချီ... ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အနေနဲ့ မင်းရဲ့စကားတွေက ဘာအဖိုးတန်လို့လဲ ၊ ငါတို့ နတ်သားရဲမျိုးနွယ်က မင်းတို့ ချီတိမျိုးနွယ်စုကို ရှုံးနိမ့်ခဲ့တယ် ၊ အဲဒီအတွက် ငါ့မှာ ပြောစရာမရှိဘူး ၊ ဒါပေမဲ့ ငါတို့လက်နက်ချခဲ့တဲ့နေ့က ယွဲ့အာကို ကျွန်အဖြစ်မရောင်းဘူးလို့ သဘောတူခဲ့ကြတယ် ၊ ဒါပေမဲ့ မြို့ကိုရောက်တော့ မင်းတို့က ကတိဖျက်ပြီး ယွဲ့အာကို ကျွန်အဖြစ်ရောင်းဖို့ ကြံစည်ကြတယ် ၊ ငါ မော့ဖေးက အသုံးမကျတဲ့သူတစ်ယောက်ဆိုပေမယ့် ဒီနေ့ ဒီနေရာမှာ အသက်ပေးရမယ်ဆိုရင်တောင် အလျှော့ပေးမှာမဟုတ်ဘူး”
ချီတိမျိုးနွယ်စုမှ စုချီက မျက်နှာထားတင်းမာလျက် မော့ဖေးကို စူးစိုက်ကြည့်ရင်း မထီမဲ့မြင်ပြုံးလိုက်သည်။
“အသက်ပေးမယ် ဟုတ်လား ၊ မင်းမှာ အဲဒီလောက်အစွမ်းမရှိမှာ စိုးရိမ်မိပါတယ် ၊ ပြီးတော့ ငါတို့က မော့ယွဲ့ကို ကျွန်အဖြစ်ရောင်းတာ မဟုတ်ဘူး ၊ သူ့ကို ချမ်းသာတဲ့အိမ်တော်တစ်ခုမှာ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးမှာ ၊ သူ့ဘဝတစ်ခုလုံး ပိုးသားအင်္ကျီဝတ်ပြီး အရသာရှိတဲ့အစားအသောက်တွေနဲ့ နေထိုင်ရလိမ့်မယ် ၊ တောရိုင်းဒေသရဲ့ မသေချာတဲ့ဘဝနဲ့ယှဉ်ရင် ဒါက အဆပေါင်းများစွာ သာလွန်တာပဲ ၊ ဒါကို ကတိဖျက်တယ်လို့ မခေါ်နိုင်ဘူး”
စုချီ၏ ကျင့်ကြံခြင်းစွမ်းအားက ထူးခြားစွာ အစွမ်းထက်လှသည်။ စူးစိုက်ကြည့်နေသည့် သူ၏မျက်ဝန်းအစုံမှပင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ဖိအားများ ထွက်ပေါ်နေသည်။
သို့သော် မော့ဖေးကလည်း အလျှော့မပေးခဲ့ပေ။
သူက စုချီကို ပြန်လည်စူးစိုက်ကြည့်ရင်း...
“စုချီ... မင်းက ချီတိမျိုးနွယ်စုထဲက ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ယောက်ပါ ၊ ဘာလို့ ဒီလိုအရှက်မဲ့တဲ့စကားမျိုး ပြောရတာလဲ ၊ ယွဲ့အာက အခုမှ ကလေးအရွယ်ပဲရှိသေးတယ် ၊ သူ့ကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးမယ်ဆိုတာ မီးထဲတွန်းချလိုက်တာနဲ့အတူတူပဲ ၊ ငါတို့ နတ်သားရဲမျိုးနွယ် ညီအစ်ကိုတွေ ဒီနေ့ ဒီမှာ သေရမယ်ဆိုရင်တောင် အလျှော့မပေးနိုင်ဘူး”
မော့ဖေး စကားပြောနေစဉ် သူ့ရင်ခွင်ထဲတွင်ရှိနေသည့် အားနည်းပိန်သွယ်သောပုံရိပ်လေးက ကြောက်ရွံ့မှုကြောင့် တုန်ယင်လျှက် ရှိလေသည်။
ထိုသွယ်လျသည့်ပုံရိပ်လေးက မော့ယွဲ့ဆိုသည့်မိန်းကလေး ဖြစ်ခဲ့ပါမူ သူမ၏ခန္ဓာကိုယ်က အမှန်တကယ်ပင် ကလေးမလေးတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။
သူမ၏အသက်က ခုန်မင်ထက်ပင် ငယ်ရွယ်နိုင်သေးသည်။
ဤမျှငယ်ရွယ်သော ကလေးမလေးကို ကိုယ်လုပ်တော်အဖြစ် အတင်းအကျပ်ပြုလုပ်ခိုင်းသည်မှာ...
မည်သို့သောလူမျိုးက ဤမျှ လူမဆန်အကျင့်ပျက်သည့်လုပ်ရပ်များ လုပ်ဆောင်နိုင်ပမည်နည်း။
မော့ဖေးက ကျန်းဖေးနှင့်ဆင်တူလွန်းသဖြင့် ခုန်မင်၏စိတ်ထဲ ရင်းနှီးမှုတစ်ခု ခံစားခဲ့ရသည်။
ယခု သူ့စိတ်ထဲတွင် မော့ယွဲ့ကို အလွန်ပင်သနားနေမိပြီး အခွင့်အရေးရှိပါက နတ်သားရဲမျိုးနွယ်မောင်နှမကို ကူညီပေးရန် ဆုံးဖြတ်လိုက်၏။
မော့ဖေး၏မွေးရာပါစွမ်းအား မည်မျှထူးခြားသည်ဖြစ်စေ ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်သူ စုချီကို ရင်ဆိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သို့သော် မော့ဖေးက ရဲရင့်ပြီး သူရဲကောင်းဆန်သောစရိုက် ၊ ခိုင်မာသောစိတ်ဓာတ်ဖြင့် စုချီကို လုံးဝ မကြောက်ရွံ့ခဲ့ပေ။
စုချီသည်ပင် အနည်းငယ် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။
တောရိုင်းဒေသတွင် သူတို့ကဲ့သို့သော မျိုးနွယ်စုများက စိတ်ထင်တိုင်းလွတ်လပ်စွာလှုပ်ရှားပြီး အကြောင်းမရှိအကြောင်းရှာကာ ဓားကိုဆွဲထုတ်လျှက် သတ်ဖြတ်လုယင်ခြင်းများကို လုပ်ဆောင်လေ့ရှိကြသည်။
သို့သော် ခွန်းကာမြို့တွင်တော့ စည်းမျဉ်းစည်းကမ်းအတိုင်းလိုက်နာရပြီး တရားဥပဒေကို မဆင်မခြင် ချိုးဖောက်၍မရပေ။
တောရိုင်ဒေသ မျိုးနွယ်စုများက မည်သည့်ပစ္စည်းမှ ထုတ်လုပ်နိုင်ခြင်းမရှိကြပေ။
အစားအသောက် ၊ အဝတ်အထည် ၊ ကျင့်ကြံသူများလိုအပ်သော ဆေးဝါးများ သို့မဟုတ် ဒြပ်စင်စွမ်းအားလက်နက်များကဲ့သို့သောပစ္စည်းများအားလုံးကို စျေးမြို့တော်တွင်သာ ဝယ်ယူအသုံးပြုကြရသည်။
အကယ်၍ စုချီက မြို့ထဲတွင် မလိုလားစရာလူတစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး လိုအပ်သောပစ္စည်းများဝယ်ယူခွင့် မရတော့ပါက သူ၏မျိုးနွယ်စုကို မည်သို့ရှင်းပြရမည် မသိပေ။
ပိုပြီးအရေးကြီးသည်မှာ မော့ဖေးက ဒြပ်စင်စွမ်းအားကျင့်ကြံသူ မဟုတ်သော်လည်း သူ့တွင် ထူးကဲသော မွေးရာပါစွမ်းရည်များ ရှိသည်။
သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသာမက အခြားသော တိုက်ခိုက်ရေးနည်းလမ်းများလည်း ရှိသေးသည်။
စုချီအနေဖြင့် မော့ဖေးကို အနိုင်ယူရန် ယုံကြည်မှုရှိသော်လည်း သူ့ကို ထိခိုက်ဒဏ်ရာမရစေဘဲ အနိုင်ယူနိုင်မည်ဟု အာမခံချက်မရှိပေ။
အကယ်၍ မော့ဖေးထိခိုက်ဒဏ်ရာရသွားပါက သူ့အားရောင်းချမည့်တန်ဖိုး သိသိသာသာလျော့ကျသွားမည်ဖြစ်ရာ ထိုတာဝန်ကို တိမျိုးနွယ်စုတွင် စုချီတစ်ယောက်တည်း တာဝန်ခံရပေမည်။
ထို့ပြင် မော့ယွဲ့က လေပြေပမာ နူးညံ့ပြီး အလွန်သိမ်မွေ့သော မိန်းကလေးငယ်တစ်ယောက် ဖြစ်သည်။
အကယ်၍ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သူမ ထိခိုက်ဒဏ်ရာရသွားပါက မိန်းကလေးငယ်များကို ထူးဆန်းစွာသဘောကျတတ်သည့် မြို့ထဲမှ လူချမ်းသာများက သူမကို စျေးကြီးပေးပြီး ဝယ်ယူမည် မဟုတ်တော့ပေ။
ထို့ကြောင့် နောက်ထပ်ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာနိုင်သည်။
တောရိုင်းဒေသမျိုးနွယ်စုများက များသောအားဖြင့် ရိုးသားဖြူစင်သော စိတ်ထားရှိကြသော်လည်း မြို့တော်တွင် အရောင်းအဝယ်ပြုလုပ်နေသည့် စုချီကတော့ တွက်ချက်တတ်ပြီး လူရည်လည်သူ ဖြစ်၏။
အမြတ်အစွန်းရမည်ဆိုလျှင် သူက အလျင်စလို မလုပ်ဆောင်တတ်ပေ။
ယခု သူ့အတွက် အကောင်းဆုံးလမ်းကြောင်းမှာ တောရိုင်းဒေသမျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်းများကို အသုံးပြု၍ မော့ဖေးအား ဖိအားပေးရန်ဖြစ်သည်။
မော့ဖေးက အလွန်တည်ကြည်ပြီး တောင်တန်းကြီးပမာ မယိမ်းမယိုင်သော သူဖြစ်သည်။
သူတိုက်ခိုက်မလာစေရန် စည်းရုံးနိုင်မည်ဆိုလျှင် နောက်ပိုင်း သူ့ကိုကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိလာပေမည်။
ထို့ကြောင့် စုချီက တည်ကြည်သောလေသံဖြင့်...
“မော့ဖေး... ငါတို့ တောရိုင်းဒေသမျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးတမ်းတွေကို မင်း ချိုးဖောက်လို့မရဘူး ၊ အနိုင်ရသူက သခင် ရှုံးနိမ့်သူက ကျွန်ပဲ ၊ ဒီကိစ္စက မင်းအတွက်လည်း ခြွင်းချက်မရှိဘူး”
မော့ဖေးက သူ၏ကျယ်လောင်သောဟိန်းဟောက်သံကြီးဖြင့်...
“ငါ မော့ဖေးက အသုံးမကျပေမယ့် ကတိပျက်တဲ့သူမဟုတ်ဘူး ၊ ကတိဖျက်တဲ့သူတွေက မင်းတို့ ချီတိမျိုးနွယ်စုပဲ ၊ ဒါကြောင့် ငါက အသက်အသေခံမယ်လို့ ဆုံးဖြတ်ခဲ့တာ ၊ ရာနဲ့ချီတဲ့ တောရိုင်းဒေသမျိုးနွယ်စုတွေရဲ့ ဘိုးဘေးတွေရှေ့မှာ ငါ မော့ဖေး လိပ်ပြာလုံလုံနဲ့ ရပ်တည်နိုင်တယ်”
မော့ဖေးက ကြမ်းတမ်းရိုးသားသူတစ်ယောက်ဖြစ်သော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။
စုချီနှင့်စကားစစ်ထိုးရမည်ဆိုလျှင် အကြောင်းပြချက်ပေးနိုင်သလို ယုံကြည်ချက်ဖြင့် တန်ပြန်ရင်ဆိုင်နိုင်သူလည်းဖြစ်သည်။
စုချီက သာမန်လူမဟုတ်ပေ။
သူက လျင်မြန်စွာ ဆုံးဖြတ်ချက်ချပြီး ကြွေးကျော်လိုက်သည်။
“ကောင်းပြီ... ငါ့ဘက်က ကတိဖျက်တယ်ဆိုရင်တောင် ဒါက ရည်ရွယ်ချက်ကောင်းနဲ့လုပ်မိတာပဲ ၊ မင်းတို့ မော့မျိုးနွယ်ညီအစ်ကိုတွေက ဒါကို တန်ဖိုးမထားဘူးဆိုရင် ဒီနေ့ရဲ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်မယ် ၊ ငါတို မူလသဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်မယ် ၊ မော့ယွဲ့ကို ကျွန်အဖြစ် မရောင်းဘူး! ဒါပေမဲ့ မင်းကတော့ ကျွန်တစ်ယောက်ပဲ ၊ မပြောင်းလဲဘူး ၊ မင်း ကတိဖျက်ပြီး ငါတို့ချီတိမျိုးနွယ် ဆုံးရှုံးမှုဖြစ်အောင် မလုပ်သင့်ဘူးမလား”
သူက ဆက်ပြောလိုက်သည်။
“ဒီမြို့ထဲမှာ တိုက်ပွဲဖြစ်ရင် မြို့ခံတွေက ငါတို့ကို လူရိုင်းတွေဆိုပြီး လှောင်ပြောင်ကြလိမ့်မယ်”
မော့ဖေးက ဝိုင်းအုံလာသော လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရင်ခွင်ထဲမှ ညီမလေးကို ငုံ့ကြည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ရင်း...
“ကောင်းပြီ ၊ ဒါဖြင့် ငါ မင်းတို့နဲ့အတူ ပြန်လိုက်ခဲ့မယ် ၊ ဒါပေမဲ့ မင်း ကတိမဖျက်တဲ့အကြောင်း လူအများရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုရမယ်”
စုချီ ခေါင်းညိတ်ပြီး လက်တစ်ဖက်ကိုမြှောက်ကာ ရင်ဘတ်ထက်သို့ တင်လိုက်သည်။
ထို့နောက် ရှင်းလင်းပြတ်သားသောအသံဖြင့်...
“ငါ စုချီ ၊ ချီတိမျိုးနွယ်စု ဘိုးဘေးများအမည်နဲ့ ကျမ်းသစ္စာကျိန်ဆိုတယ် ၊ မော့ယွဲ့ကို ကျွန်အဖြစ် မရောင်းဘူးလို့ ကတိပေးတယ် ၊ ဒီသစ္စာဖောက်ဖျက်ခဲ့ပါက တောရိုင်းဒေသ မျိုးနွယ်စု(၁၀၀)လုံးက ငါ့ကို စွန့်ပစ်ပါစေ”
စုချီ၏ ကျမ်းသစ္စာကျိန်ဆိုမှုကို မြင်လိုက်ရတော့ မော့ဖေး၏ မျက်လုံးထဲမှ ရိုင်းစိုင်းသော အငွေ့အသက်များ သိသိသာသာ လျော့ပါးသွားပြီး သူ၏တင်းကြပ်နေသော ကြွက်သားများသည်လည်း တဖြည်းဖြည်း ပြေလျော့လာသည်။
မော့ဖေးက အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်သော်လည်း၊ တောရိုင်းဒေသ မျိုးနွယ်စု(၁၀၀)၏ ဓလေ့ထုံးတမ်းများကို နက်ရှိုင်းစွာ ရိုသေလေးစားသူပင်။
စုချီက ဘိုးဘေးများအမည်ဖြင့်ကျိန်ဆိုလိုက်တော့ မေ့ဖေးက (၁၀)ပုံ (၈)ပုံ ယုံကြည်လိုက်သည်။
မော့ယွဲ့ကို ကျွန်အဖြစ်မရောင်းချသရွေ့ မော့ဖေးက သူ့ကိုယ်ပိုင်ကံကြမ္မာကိုပင် အရေးစိုက်မည် မဟုတ်ပေ။
သို့သော် မော့ဖေး အရေးကြီးသော အသေးစိတ်အချက်တစ်ခု လွဲချောသွားခဲံသည်။
စုချီက “မော့ယွဲ့ကို ကျွန်အဖြစ် ရောင်းချမည်မဟုတ်” ကတိပြုရုံသာ ဖြစ်သည်။
ဤသည်က မော့ယွဲ့ကျို ကျွန်စျေးပြင်ပတွင် အခြားနည်းလမ်းဖြင့် ရောင်းချနိုင်သည်ဟု ဆိုလိုသည်။ သို့ဖြစ်ရာ သူမ၏ကြမ္မာဆိုးက ပြောင်းလဲမည် မဟုတ်ပေ။
အကြိမ်ပေါင်းများစွာ အရောင်းအဝယ်ပြုလုပ်နေသည့် စုချီအနေဖြင့် ကုန်သည်များ၏ ထူးဆန်းသော ရောင်းဝယ်ဖောက်ကားသည့်နည်းလမ်းများကို ကောင်းစွာကျွမ်းကျင်နေပြီဖြစ်သည်။
သူ၏အတွေ့အကြုံက မော့ဖေးစဉ်းစားနိုင်သည်ထက် များစွာကျော်လွန်သည်။
မော့ဖေးကို လက်တစ်လုံးခြားစကားများဖြင့် သိမ်မွေ့စွာလှည့်စားရန်မှာ ရှုချီအတွက် အားစိုက်စရာမလိုသော လွယ်ကူသည့်အလုပ်သာ ဖြစ်ပေ၏။