မော့ယွဲ့
Vol. 3 Ch. 37
ခုန်မင် ဘေးတွင်တိတ်တဆိတ်ရပ်ကြည့်နေရင်း ခေါင်းကိုသာ ခပ်ဖြည်းဖြည်းယမ်းလိုက်မိသည်။
သူက စိတ်ထဲတွင် မော့ဖေးကို အနည်းငယ်ခင်မင်နေခဲ့ပြီး စုချီ၏ လှည့်စားမှုအောက်တွင် မော့ဖေး ကျရှုံးသွားမည်ကို မခံစားနိုင် ဖြစ်နေရသည်။
ထို့ကြောင့် ခုန်မင်က မော့ဖေး အမှန်တရားကိုသိသွားအောင် ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
သူဝင်ပါလိုက်သဖြင့် စုချီ ဒေါသထွက်မည်လားဆိုသည်ကိုတော့ ခုန်မင် အရေးမစိုက်ပေ။
အကြောင်းမှာ သူက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရှိသော ဖူစန်းကိုပင် သတ်ဖြတ်ခဲ့သူဖြစ်ရာ ကနဦးအဆင့်ရှိသော စုချီကို အဘယ်ကြောင့်ကြောက်ရွံ့ရပါမည်နည်း။
သို့သော် ခုန်မင် စကားဝင်မပြောခင်မှာပင် မော့ဖေးရင်ခွင်ထဲ ခေါင်းဝှက်လျှက် တိတ်ဆိတ်စွာရှိနေသော မော့ယွဲ့က ဖြည်းညင်းစွာ ခေါင်းမော့လာသည်။
အလွန်တိုးလျသည့်အသံလေးက မော့ဖေးနားထဲ ဝင်ရောက်လာသည်။
“အစ်ကိုကြီး... သူ့စကားကို မယုံနဲ့ ၊ သူက ကျွန်မကို ကျွန်စျေးမှာမရောင်းရင်တောင် တခြားနေရာမှာရောင်းပစ်လိမ့်မယ် ၊ ချီတိမျိုးနွယ်စုရဲ့ ရည်မှန်းချက်က ငွေကြေးအမြောက်အမြားရဖို့ပဲ ၊ သူတို့က ကတိစကားတွေကို အရေးစိုက်နေမှာ မဟုတ်ဘူး”
မော့ဖေးက ငတုံးမဟုတ်ပေ။
မော့ယွဲ့၏စကားသံကြားသည်နှင့် သူမျက်ဝန်းများ မီးဝင်းဝင်းတောက်သွားပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
စုချီက အခြေအနေ ဤသို့ဖြစ်မည်ဟု မျှော်လင့်မထားခဲ့ပေ။
မော့ယွဲ့က ငယ်ရွယ်နူးညံ့သည်ဟု ထင်ရသော်လည်း မော့ဖေးထက်ပိုပြီး ထက်မြက်သည်။ စုချီစကားထဲမှ ထောင်ချောက်ကို သတိပြုခဲ့မိသည်။
ထိုခဏမှာပင် စုချီမျက်နှာထက် ရှက်ရွံ့မှုနှင့် ဒေါသတို့ထင်ဟပ်လာပြီး မျက်ဝန်းများက မီးဝင်းဝင်းတောက်လာသည်။ မော့မျိုးနွယ်မောင်နှမကို နေရာမှာပင် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားလိုစိတ် ပြင်းပြစွာ လွှမ်းမိုးလာမိသည်။
ဤကိစ္စ ဆက်လက်နှောင့်နှေးနေပါက အရှုပ်အထွေးများပိုမိုများပြားလာမည်ဖြစ်ရာ အိပ်မက်ဆိုးမက်သဖြင့် ညတာရှည်သည်နှင့် ဆင်တူပေတော့မည်။
သို့သော် ခုန်မင်ကတော့ အလွန်ပင် အံ့သြမှင်တက်နေပြီး မျက်ဝန်းများကလည်း မယုံကြည်မှုများဖြင့် ပြူးကျယ်ဝိုင်းစက်နေသည်။
သူက တုန်ယင်နေသော လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး မော့မျိုးနွယ်မောင်နှမကိုထိုးညျွန်လျှက် ပါးစပ်မှလည်း အခြားသူများနားလည်သော စကားတစ်ခွန်းကို တီးတိုးရေရွတ်လိုက်သည်။
အနီးတွင်ရပ်နေသောဆိုင်ရှင်ဝမ်က ထူးဆန်းစွာဖြင့် ခုန်မင်ကို ကြည့်လိုက်မိ၏။
နောက်ဆုံး သူက မအောင့်နိုင်တော့ဘဲ ခုန်မင်ပခုံးကို ခပ်ဖွဖွအသာပုတ်ရင်းမေးလိုက်သည်။
“ခုန်သခင်လေး... ဘာဖြစ်နေတာလဲ။ ဒီတောရိုင်းဒေသမျိုးနွယ်စုတွေက မင်းကို တစ်ခုခုများ အနှောင်အယှက်ဖြစ်စေလို့လား”
စကားသံကြားမှ ခုန်မင် အိပ်မက်မှနိုးထလာသူပမာ ရုတ်တရက် သတိပြန်ဝင်လာသည်။
သူက အမြန်ပင် ခေါင်းခါယမ်းရင်း...
“ဆိုင်ရှင်ဝမ်ကို စိတ်ပူသွားစေမိလို့ တောင်းပန်ပါတယ် ၊ အတိတ်ကအကြောင်းတွေ တွေးမိသွားလို့ စိတ်လွတ်သွားမိတာပါ ၊ အခု ဘာမှမဖြစ်တော့ပါဘူး”
ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာပြီးကတည်းက ခုန်မင်က မယိမ်းယိုင်သောယုံကြည်မှုဖြင့် သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်ခဲ့သည်။
အခြေအနေတိုင်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်ပမာ ရဲတင်းစွာ ပြုမူခဲ့သည်။
သို့သော် ယနေ့လောက် သတိလက်လွတ်အံ့အားသင့်ရသည့်အဖြစ်မျိုး တစ်ခါမှ မကြုံတွေ့ဖူးခဲ့ပေ။
ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာသည့် စစ်ရေးဗျူဟာပညာရှင်ကြီးအတွက် ဤမျှ စိတ်တည်ငြိမ်မှု ယိမ်းယိုင်သွားရသည်မှာ မဖြစ်စဖူး အဖြစ်ထူးသည့်ကိစ္စသာပင်။
သူ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခဏတာစိတ်လွတ်သွားရသည့်အကြောင်းရင်းမှာ မော့ယွဲ့ စကားပြောရန် ခေါင်းမော့လိုက်သည့်အချိန်တွင် ဖြစ်၏။
ပထမဆုံးအကြိမ်အဖြစ် ခုန်မင် သူမ၏မျက်နှာတစိတ်တပိုင်းကို တွေ့မြင်လိုက်ရခြင်းဖြစ်သည်။
အဘယ့်ကြောင့် မျက်နှာတစိတ်တပိုင်းဟု ပြောရသနည်းဆိုသော ထိုမိန်းကလေးက မျက်နှာကို အနက်ရောင်ပုဝါတစ်ခုဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးများကိုသာ တွေ့မြင်ရသောကြောင့်ဖြစ်သည်။
သို့သော် လင်းလက်တောက်ပနေသည့် ထိုမျက်ဝန်းတစ်စုံက ခုန်မင်ကို ထိတ်လန့်အံ့သြသွားစေရန် လုံလောက်ခဲ့သည်။
ထိုလင်းလက်တောက်ပနေသော မျက်ဝန်းများက ခုန်မင်အတွက် ရင်းနှီးမှုတစ်ခုကိုသယ်ဆောင်လာပြီး သူ၏ စိတ်အတွင်းပိုင်းတစ်နေရာမှာ နက်နဲသောခံစားချက်တစ်ခုကို လှုံ့ဆော်နှိုးဆွပေးခဲ့သည်။
ဤရင်းနှီးသည့်ခံစားချက်က ဆယ်စုနှစ်များစွာ အတူဖြတ်သန်းခဲ့သည့် အချိန်ကာလ ၊ တစ်ယောက်နှင့်တစ်ယောက် စွဲလန်းချစ်ခင်စွာဖြင့် နေ့ညများစွာကို ဖြတ်သန်းခဲ့သည့် ခံစားချက်မျိုး ဖြစ်သည်။
ထိုခံစားချက်က ခုန်မင်၏ ဝိညာဉ် ၊ ခုန်မင်၏ နှလုံးသားထဲတွင် နက်နဲစွာထွင်းထုထားသည့်အရာဖြစ်ပြီး ဘဝပေါင်းမည်မျှ ပြန်လည်မွေးဖွားစေကာမူ ဘယ်သောအခါမှ မေ့လျော့သွားမည်မဟုတ်သော အမှတ်တရ ဖြစ်သည်။
ဤရင်းနှီးမှုက သုံးပြည်ထောင်ခေတ်တွင် ခုန်မင် တစ်ယောက်တည်းသာ ချစ်ခဲ့ရပါသော ဇနီးဖြစ်သူ “ဟွမ်ယွဲ့ယင်း” အပေါ် ထားရှိသည့် ခံစားချက်ပင်။
ဟွမ်ယွဲ့ယင်းက ကျင်းကျိုးမှထင်ရှားသော စာပေပညာရှင်’ဟွမ်ချန်ယန့်’ ၏ သမီးဖြစ်ပြီး ထူးခြားသောဉာဏ်ပညာနှင့် ကျက်သရေရှိစွာ လင်းလက်တောက်ပသူတစ်ယောက် ဖြစ်သည်။
ခုန်မင်နှင့် အိမ်ထောင်ကျပြီးနောက် သူမက ခုန်မင်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကူညီပေးခဲ့သည်။
သားသမီးများကို ပျိုးထောင်ပေးရုံသာမက အိမ်တွင်းရေးနှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများအားလုံးကို စီမံပေးခဲ့သည်။
ထို့ကြောင့်ပင် ခုန်မင်က ရှူဟန့်တိုင်းပြည်၏ ကြီးကျယ်သော ရည်မှန်းချက်ထဲသို့ သူ၏ ကိုယ်စွမ်းဉာဏ်စွမ်းအားလုံး ထည့်သွင်းပေးဆပ်နိုင်ခဲ့သည်။
ဟွမ်ယွဲ့ယင်းက ဉာဏ်ရည်ထက်မြက်ရုံသာမက စက်ယန္တရားနှင့် ပစ္စည်းကိရိယာများပြုလုပ်ခြင်းတွင်လည်း ဆရာတစ်ဆူဖြစ်သည်။
ခုန်မင်၏ခေတ်ကာလတွင် ထင်ရှားသည့်ဖန်တီးမှုများမှာ သစ်သားနွားရုပ်များ ၊ စီးဆင်းနေသောမြင်း ၊ ယွမ်ရုန်ဒူးလေး__ အားလုံးက ဟွမ်ယွဲ့ယင်း၏ ထက်မြက်သောဉာဏ်ရည်၏ အမှတ်အသားများကို သယ်ဆောင်ထားသည်။
အောင်မြင်သောယောကျ်ားတိုင်း၏ နောက်ကွယ်တွင် ထူးချွန်သောမိန်းမတစ်ဦးရှိသည်ဆိုလျှင် ဟွမ်ယွဲ့ယင်းသည် ခုန်မင်၏နောက်ကွယ်မှ မိန်းကလေးဖြစ်သည် ဧကန်ပင်။
သူတို့အိမ်ထောင်ရေးက နက်ရှိုင်းသောမေတ္တာနှောင်ကြိုးဖြင့်ချည်နှောင်ထားပြီး သုခဒုက္ခ ဖြစ်လာသမျှကို အတူတကွဖြတ်သန်းရင်း တစ်သက်တာ သစ္စာစောင့်သိခဲ့ကြသည်။
တစ်ခါမှ ယိမ်းယိုင်ခြင်းမရှိသလို ၊ တစ်ခါမှ ခွဲခွာခြင်းလည်း မရှိခဲ့ပေ။
ရှူဟန့်တိုင်းပြည်တွင် ခုန်မင်၏ ကြီးမြတ်သည့်အဆင့်အတန်းအရ ဇနီးများစွာ ၊ ကိုယ်လုပ်တော်များစွာယူခြင်းက အဆန်းမဟုတ်ပေ။
သို့သော် ခုန်မင်က ဘဝတစ်လျှောက်လုံး မည်သည့်ကိုယ်လုပ်တော်မှမယူခဲ့ဘဲ တစ်ဦးတည်းသောဇနီးဖြစ်သူ ဟွမ်ယွဲ့ယင်းအပေါ်တွင်သာ တည်ကြည်စွာ သစ္စာစောင့်သိခဲ့သည်။
ဤသည်က သူတို့၏ နက်ရှိုင်းသော မေတ္တာကို သက်သေထူသည့် သင်္ကေတတစ်ခုပင် ဖြစ်သည်။
“ငါ ဒီလောက်ချစ်မြတ်နိုးရတဲ့မိန်းကလေးကို ဘယ်လိုလုပ်မေ့ပျောက်နိုင်မှာလဲ ၊ သူ့ပုံရိပ်က ငါ့နလုံးထားမှာ နက်နက်ရှိုင်းရှိုင်းရေးထွင်းထားခဲ့တာ”
ခုန်မင်၏စိတ်ထဲ ထိုသို့ပင် ရေရွတ်နေခဲ့သည်။
သူ့ရှေ့မှ မော့ယွဲ့၏မျက်ဝန်းများက ထူးခြားစွာ ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို သယ်ဆောင်လာသည်။ ထိုမျက်ဝန်းများက ဟွမ်ယွဲ့ယင်း၏မျက်ဝန်းများဖြင့် ခွဲမရအောင် ချွပ်စွပ်တူနေပြီး အလွန်ပင် ရင်းနှီးလှပေသည်။
တောက်ပလင်းလက်စွာဖြင့် အသက်ဝင်နေသော ၊ စီဆင်းနေသည့်ရေသဖွယ် နူးညံ့သိမ်မွေ့သော ၊ ဆောင်းရာသီ ရေလှိုင်းလေးများသဖြင့် တမ်းတဖွယ်ရာ လှုပ်ခတ်မှုများဖြင့်ပြည့်နေသော ထိုမျက်ဝန်းများက အမှန်ပင် ဟွမ်ယွဲ့ယင်းနှင့် ဆင်တူလှသည်။
မည်သို့ ဖြစ်နိုင်ပါမည်နည်း။
မတူညီသောလောက(၂)ခုမှ မတူညီသော လူ(၂)ယောက်__ သူတို့မျက်ဝန်းများက အဘယ့်ကြောင့် ဤမျှဆင်တူနေရပါသနည်း။
နောက်ထပ် ထူးဆန်းသောတိုက်ဆိုင်မှုမှာ မော့ယွဲ့သည်လည်း ဟွမ်ယွဲ့ယင်းကဲ့သို့ပင် သူမ၏မျက်နှာကို အနက်ရောင်ပုဝါဖြင့် ဖုံးကွယ်ထားသည်။
ဟွမ်ယွဲ့ယင်းက ငယ်စဉ်ကပင် ထူးခြားသောအရည်အချင်းများကြောင့် ထင်ရှားခဲ့သူ ဖြစ်သည်။
ခုန်မင်နှင့် အိမ်ထောင်ကျပြီးနောက် သူမက ဆန္ဒအလျောက် အရိပ်ထဲသို့ဝင်ရောက်သွားပြီး နောက်ကွယ်မှာပင် သူ့ကို ကူညီထောက်ပံ့ပေးကာ ဘဝကို ရောင့်ရဲစွာ နေထိုင်ခဲ့သည်။
သူမ လူရှေ့သူရှေ့ထွက်ရမည့် ရှားပါးအချိန်များတွင်လည်း အမြဲတမ်း အနက်ရောင်ပုဝါဖြင့် မျက်နှာကို အမြဲဖုံးကွယ်ထားလေ့ရှိသည်။
သူမ၏ မျက်နှာအစစ်ကို ဘယ်သောအခါမှ မဖော်ပြခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ သာမန်လူထုကြားတွင် ကောလဟလများ ပျံ့နှံ့လာခဲ့သည်။ ဟွမ်ယွဲ့ယင်းက ရုပ်ဆိုးသည့်မိန်းကလေးဖြစ်သောကြောင့် သူမ၏မျက်နှာကို အခြားသူများအား မပြသရဲသဖြင့် ဖုံးကွယ်ထားသည်ဟု တီးတိုးစကားတင်းဆိုကြသည်။
ခုန်မင်ရော ယွဲ့ယင်းရောက ဉာဏ်ပညာရှိသူများဖြစ်လေရာ ထိုသို့သော ကောလဟလများကို အနည်းငယ်ပင် အရေးမစိုက်ခဲ့ကြပေ။
လောကီလူသားတို့၏ သေးသိမ်သော တီးတိုးရေရွတ်သံများထက် သူတို့၏စိတ်ဓာတ်က ပိုမိုအဆင့်အတန်းမြင့်မားခဲ့သည်ပင်။
သို့သော် ယွဲ့ယင်း၏ အနက်ရောင်ပုဝါဖြင့် ဖုံးကွယ်ထားသောမျက်နှာသည် သာမန်လူများကြား ပါးစပ်ရာဇဝင်အဖြစ် မဖြစ်တွယ်သွားခဲ့ပြီး သူမကို အရုပ်ဆိုးသူတစ်ယောက်အဖြစ် ခေတ်အဆက်ဆက် စွပ်စွဲပြောဆိုခဲ့ကြသည်။
ယခု ထိုမျက်ဝန်းများနှင့် အလွန်ဆင်တူသောမျက်ဝန်း ၊ တိုက်ဆိုင်စွာပင် အနက်ရောင်ပုဝါဖြင့် ဖုံးအုပ်ထားသောမျက်နှာကို တွေ့မြင်ရသည့်အခါ ခုန်မင်ရင်ထဲ မလှုပ်ခတ်ဘဲ မည်သို့နေနိုင်ပါမည်နည်း။
သူမက ယွဲ့ယင်းလား ၊ မော့ယွဲ့လား...။
“ယွဲ့” ဆိုသည်က လမင်းဆိုသော အဓိပ္ပါယ်ရှိသည်။
သို့သော် လမင်းမရှိသော ဤလောက “ထျန်းယွမ်ကုန်းမြေ” တွင် အဘယ့်ကြောင့် လူတစ်ယောက်ကို “လမင်း” ဟု အမည်ပေးထားရပါသနည်း။
ဤသည်မှာ စကြာဝဠာအရိပ်များထဲမှ ကံကြမ္မာ၏ လှည့်ဖြားမှုအရိပ်များ ဖြစ်နိုင်မည်လား။
သူနှင့်ယွဲ့ယင်း၏ ခိုင်မာသောမေတ္တာနှောင်ကြိုးကြောင့် အခြားကမ္ဘာသို့ရောက်သည့်တိုင် ပြန်လည်ဆုံစည်းရန် အခွင့်အရေးတစ်ခု ပေးအပ်ခြင်းလား။
ထိုသို့တွေးမိသည့်တစ်ခဏတွင် တည်ငြိမ်လှပါသည်ဆိုသော ခုန်မင်မှာ စိတ်လှုပ်ရှားမှုများဖြင့် ယိမ်းယိုင်သွားပြီး တည်ငြိမ်မှုကို ထိန်းမထားနိုင်ခဲ့ပေ။
သူက နဂိုကပင် စစ်သူကြီး’ကျန်းဖေး’ နှင့်ဆင်တူသည့် မော့ဖေးကို ရင်းနှီးသည်ဟု ခံစားခဲ့ရသည်။
ယခု ဟွမ်ယွဲ့ယင်း၏မျက်ဝန်းများနှင့် အလွန်ဆင်တူသော မော့ယွဲ့၏မျက်ဝန်းများကိုတွေ့မြင်ရသည့်အခါ လုံးဝဖမ်းစားခံလိုက်ရပြီး အကြည့်မလွှဲနိုင်တော့ပေ။
ခုန်မင်၏ ကိုယ်ကျင့်တရားအရ နဂိုကပင် မော့မျိုးနွယ်မောင်နှမကို ကူညီပေးရန် ဆုံးဖြတ်ထားသည်ဖြစ်လေရာ ယခုတော့ လုံးဝကြည့်မနေနိုင်တော့ဘဲ ရှေ့သို့ခြေလှမ်းလိုက်တော့သည်။
သူက စုချီက ယဉ်ကျေးစွာပင် ဦးညွှတ်ဂါရဝပြုလိုက်ပြီး...
“ဆရာစုချီ... ခင်ဗျားတို့ ချီတိမျိုးနွယ်စုကလူတွေက အရောင်းအဝယ်လုပ်ဖို့ စျေးကိုရောက်လာတာ မဟုတ်လား ၊ တော်ကြာ လမ်းပေါ်မှာ တိုက်ပွဲဖြစ်ပြီး သွေးထွက်သံယိုတွေဖြစ်ကုန်မယ်ဆိုရင် ခင်ဗျားတို့မျိုးနွယ်စု ဂုဏ်သတင်းညှိုးနွမ်းပြီး နောက်ဆို မြို့ပေါ်လာပြီး အရောင်းအဝယ်လုပ်ဖို့ ခက်သွားလိမ့်မယ်”
စုချီက ခုန်မင်ကို မည်သူမည်ဝါမှန်း မသိပေ။
သို့သော် လူငယ်၏ ယဉ်ကျေးသိမ်မွေ့သောအမူအရာနှင့် ဝတ်ပုံစားပုံကိုကြည့်ပြီး အဆင့်အတန်းမြင့်မားသည့် အိမ်တော်တစ်ခုမှ သခင်လေးတစ်ပါးဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့် စုချီက ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။
“ဒီကသခင်လေး... သခင်လေးရဲ့စကားတွေက အဓိပ္ပါယ်ရှိပါတယ် ၊ ဒါပေမဲ့ ထွက်ပြေးတဲ့ကျွန်တွေက ကျုပ်တို့မျိုးနွယ်စုက ပိုင်ဆိုင်တဲ့ကျွန်တွေပါ ၊ သူတို့လွတ်သွားရင် ကျုပ်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပေါ်စေမှာပဲ ၊ ဒီတော့ သူတို့ကို လိုက်ဖမ်းရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ ၊ စျေးထဲမှာ အနှောက်အယှက်ပေးသလိုဖြစ်သွားတဲ့အတွက် ကျုပ်ကပဲ မျိုးနွယ်စုကိုယ်စား တောင်းပန်စကားဆိုချင်ပါတယ်”
စုချီသည် တောရိုင်းဒေသမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သော်လည်း ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။
ခုန်မင် မည်သူမည်ဝါမှန်းမသိသော်လည်း သူက သိမ်မွေ့စွာပင်စားဆိုနိုင်သည်မှာ ချီတိမျိုးနွယ်စု၏ အရောင်းအဝယ်ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်လာရန် အရည်အချင်းရှိသည်ဟု ဆိုနိုင်၏။
ခုန်မင်ကတော့ မော့မျိုးနွယ်မောင်နှမကို ဒုက္ခပေးနေသော စုချီအပေါ် သိပ်သဘောမတွေ့လှသော်လည်း လူအများရှေ့ဖြစ်သောကြောင့် ယဉ်ကျေးသောအမူအရာကို ထိန်းသိမ်းထားသည်။
ခုန်မင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း...
“ဆရာစုချီ... ခင်ဗျားတို့စိုးရိမ်နေတာက မော့မျိုးနွယ်မောင်နှမကိုရောင်းရင် စျေးကောင်းမရတော့မှာကို မဟုတ်လား ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်လည်း အစောင့်တစ်ယောက်နဲ့ အစေခံတစ်ယောက် လိုနေတာ ၊ မော့မျိုးနွယ်မောင်နှမကို ကျုပ်ဆီရောင်းပါလား ၊ ဘယ်လိုသဘောရလဲ”
ခုန်မင်၏စကားက ပေါ့ပေါ့ပါးပါးဟန်ပန်ရှိသော်လည်း သူ၏မျက်နှာအမူအရာကတော့ သူတောင်းဆိုသည်ကို ငြင်းဆန်ခြင်းမပြုနိုင်ရန် တည်ငြိမ်သောလွှမ်းမိုးနိုင်စွမ်းဖြင့် ပြည့်နက်နေသည်။
စုချီက ခုန်မင် မည်သူမည်ဝါဖြစ်ကြေင်း မသိသေးဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
သူက...
“ဒီကသခင်လေး... သခင်လေးက အစောင့်တစ်ယောက်နဲ့ အစေခံတစ်ယောက် ရှာနေတယ်ဆိုရင်... ကျုပ်တို့ ချီတိမျိုးနွယ်စုမှာ သေချာလေ့ကျင့်ပေးထားတဲ့ကျွန်တွေ အများကြီးရှိပါတယ် ၊ သခင်လေးစိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ဒီ မော့မျိုးနွယ်မောင်နှမက... ထူးခြားတယ် ၊ ရိုင်းစိုင်းပြီး နာခံမှုလည်းမရှိတော့ ထိန်းသိမ်းရခက်ခဲနိုင်ပါတယ် ၊ တကယ်လို့ သခင်လေးဝယ်သွားပြီးမှ ပြဿနတစ်ခုခုဖြစ်တယ်ဆိုရင် ကျုပ်တို့မျိုးနွယ်စုက တာဝန်ယူပေးနိုင်မှာ မဟုတ်ပါဘူး”
ခုန်မင်က သိမ်မွေ့စွာ ပြုံးလိုက်သည်။
သူ၏အသံက တည်ငြိမ်သော်လည်း သံမဏိပမာ ခိုင်မာသည်။
“ကျုပ်က အာဏာကိုအလွဲသုံးစားလုပ်တယ်လို့ ခင်ဗျားက ထင်နေတာလား ၊ ဒါမှမဟုတ် ခင်ဗျားတို့ကမ်းလှမ်းတဲ့စျေးနှုန်းကို မတတ်နိုင်ဘူး ထင်လို့လား”