← Chapters

အရွယ်မရောက်သေးတဲ့မိန်းကလေး

Vol. 3 Ch. 38

အရွယ်မရောက်သေးတဲ့မိန်းကလေး

Vol. 3 Ch. 38

ခုန်မင်၏အသံက သိမ်မွေ့တည်ငြိမ်နေသော်လည်း စုချီကတော့ ခုန်မင်ထံမှ ဖိအားတစ်ခုကို ခံစားနေရသည်။

တိတ်ဆိတ်သည့်တိုင် ငြင်းဆန်မရသော ခံစားချက်မျိုး ဖြစ်၏။ ထို့ကြောင့် သူက ခုန်မင်အပေါ် ပိုပြီး နက်နက်ရှိုင်းရှိုင်း သတိထားနေခဲ့မိသည်။

ဤလူငယ်လေးကို ခပ်ပေါ့ပေါ့သဘောထား၍မရကြောင်း သူ နားလည်လိုက်သည်။

သို့သော် ဤမြို့ထဲမှ မော့ယွဲ့ကို ထူးခြားစွာစိတ်ဝင်စားနေသည့် ထူးဆန်းသော လူချမ်းသာတစ်ယောက်၏ ကမ်းလှမ်းမှုကိုလည်း စုချီ လျစ်လျူရှု၍ မရနိုင်ပေ။

ထို့ပြင် မော့ဖေး၏ ထူးကဲသောအရည်အချင်းကြောင့် ကျွန်စျေးလေလံပွဲတွင် အံ့မခန်းဈေးနှုန်းကို ရရှိစေမည်ဖြစ်သည်။

ဤလူငယ်ထံသို့ မော့မျိုးနွယ်မောင်နှမကို ရောင်းချမည်ဆိုပါက ၊ အစောင့်တစ်ယောက်နှင့် အစေခံတစ်ယောက်သာလိုအပ်သည်ဆိုသူတစ်ယောက်က မည်သည့်စျေးနှုန်း ကမ်းလှမ်းနိုင်ပါမည်နည်း။

စုချီက ခုန်မင်၏ မြင့်မားသောအဆင့်အတန်းကို မသိသဖြင့် သူ့အတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တစ်ချိန်တည်းတွင် မော့မျိုးနွယ်ညီမောင်နှမှ ရရှိနိုင်သော အမြတ်အစွန်း ဆုံးရှုံးရမည်ကို စုချီသည် မလိုလားပေ။

အကြောက်တရားနှင့် လောဘတပ်မက်မှုအစွန်းနှစ်ဖက်တွင် စုချီ စိတ်ရှုပ်ထွေးနေပြီး ဆုံးဖြတ်ချက်မချနိုင်ဘဲ ပိတ်မိနေသည်။

ထိုအချိန် ဘေးတွင်ရှိနေသည့် ဆိုင်ရှင်ဝမ်က မနေနိုင်ဘဲ စကားဝင်ပြောတော့သည်။

သူ၏လေသံက ယုံကြည်မှုအပြည့်နှင့်ဖြစ်၏။

“ချီတိမျိုးနွယ်စုက ဆရာကြီး ၊ မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်းပါ ၊ အခု ခင်ဗျားရှေ့မှာရှိနေတဲ့သူက ခွန်းကာမြို့ ၊ ခုန်အိမ်တော်ရဲ့ ဒုတိယသခင်လေးပဲ ၊ ခုန်သခင်လေးက ခင်‌ဗျားတို့ရောင်းမယ့်ကျွန်တွေကို စိတ်ဝင်စားတယ်ဆိုတာ ချီတိမျိုးနွယ်စုအတွက် ကံကောင်းတဲ့ကိစ္စပဲ ၊ တကယ်လို့ နောက်ပိုင်း သူသာ ခင်ဗျားကို မျက်နှာသာပေးမယ်ဆိုရင် ခင်ဗျားတို့မျိုးနွယ်စုအတွက် အများကြီးအကျိုးရှိလိမ့်မယ်”

ထိုစကားကြားတော့ စုချီ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထိတ်လန့်မှုတစ်ခုက သူ့မျက်နှာထက် ဖြတ်သန်းသွားသည်။

ခုန်မင်ကို ထပ်ကြည့်လိုက်သည့် သူ့အကြည့်များထဲတွင် ရိုသေလေးစားမှုများ ပါဝင်လာသည်။

စုချီက တစ်နှစ်တစ်ကြိမ် သို့မဟုတ် (၂)နှစ်တစ်ကြိမ် ခွန်းကာမြို့စျေးတွင် အရောင်းအဝယ်ပြုလုပ်ရန် လာရောက်လေ့ရှိလေရာ ခုန်အိမ်တော်၏ ဂုဏ်သတင်းကျော်ကြားမှုကို ကောင်းစွာ သိရှိထားသည်။

ခုန်အိမ်တော်ကဲ့သို့ မြင့်မြတ်ပြီး အင်အားကြီးမားသော မျိုးနွယ်သည် ချီတိမျိုးနွယ်စုအနေဖြင့် အပြစ်မပြုထိုက်သော တည်ရှိမှုတစ်ခု ဖြစ်၏။

သူ့အနေဖြင့် ခုန်အိမ်တော်နှင့် အဆက်အသွယ်တစ်ခုပြုလုပ်နိုင်လျှင် ချီတိမျိုးနွယ်စုအတွက် ရေရှည်အကျိုးအမြတ် ကြီးမားလှပေသည်။

ခွန်းကာမြို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ၏ သုံးပုံတစ်ပုံခန့်မှာ ခုန်အိမ်တော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သူတို့၏အလုပ်သမားလိုအပ်ချက်မှာလည်း အလွန်များပြားသည်။

ခုန်အိမ်တော်က ချီတိမျိုးနွယ်စုမှ ကျွန်များကို ပုံမှန်ဝယ်သူမည်ဆိုလျှင် စုချီအနေဖြင့် ဖမ်းဆီးရမိသည့်ကျွန်များ ရောင်းမထွက်မည်ကို ပူစရာမလိုတော့ပေ။

ဤသို့ အင်အားကြီးမားသော နောက်ခံရှိနေခြင်းဖြင့် ချီတိမျိုးနွယ်စုကံကြမ္မာက လက်ရှိအတိုင်းအတာထက် များစွာမြင့်တက်သွားပေလိမ့်မည်။

ခုန်ဒုတိယသခင်လေးက မော့မျိုးနွယ်မောင်နှမကို အာရုံစိုက်သည်ဆိုလျှင် စုချီက အရှုံးခံ၍ပင် ပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။

ဤကိစ္စကိုအကြောင်းပြုပြီး ခုန်အိမ်တော်နှင့် အသက်အသွယ်ရရှိသွားခြင်းက သူ၏မျိုးနွယ်စုသို့ ပြန်လည်ယူဆောင်နိုင်မည့် အောင်ပွဲတစ်ခုပင် ဖြစ်သည်။

ထို့ပြင် သူ၏စွမ်းဆောင်ရည်ကြောင့် နောင်နှစ် မျိုးနွယ်စုအတွင်း ကျင့်ကြံခြင်းရင်းမြစ်ပစ္စည်းများခွဲဝေသောအခါ သူက ဝေစုအမြောက်အမြား ရရှိနိုင်ပေမည်။

ဤအတွေးဖြင့် စုချီ၏ နှလုံးသားထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာသည်။

မြို့ထဲမှ လူချမ်းသာ၏ ကမ်းလှမ်းမှုကို မေ့လျော့သွားပြီး စုချီမှာ ခုန်မင်ထံမှမျက်နှာသာရရန် မည်သို့လုပ်ဆောင်ရမည်ကိုသာ အာရုံစိုက်လိုက်သည်။

စုချီ၏ ပြောင်းလဲနေသော မျက်နှာအမူအရာတိုင်းကို ခုန်မင်က သတိပြုမိပြီး ထိုသူ၏ တွက်ချက်မှုများကိုလည်း သူက ကြိုတင်ခန့်မှန်းထားပြီးဖြစ်၏။

ဆိုင်ရှင်ဝမ်က ခုန်မင် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောစဉ်က ခုန်မင်က ဝင်ရောက်ဟန့်တားခဲ့ခြင်း မဟုတ်ပေ။

ဤသည်က သတိလက်လွတ်ပြုမူခြင်းမဟုတ်ပေ။

သူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားလျှင် စုချီက ပညာရှိသော ရွေးချယ်မှုတစ်ခု ပြုလုပ်လိမ့်မည်ဟု သူကြိုမြင်ထားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် စုချီက ခုန်မင်အား အလေးအနက် ဦးညွှတ်ဂါရဝပြုလိုက်သည်။ ယခု သူ၏အမူအရာက လုံးဝ ရိုသေလေးစားမှုများဖြင့် ပြည့်နက်နေပေပြီ။

“ခုန်အိမ်တော်က ဒုတိယသခင်လေးကို မရိုမသေပြုမိတဲ့အတွက် တောင်းပန်ပါတယ် ၊ ကျုပ်တို့ ချီတိမျိုးနွယ်စုက ကျွန်တွေကို သခင်လေး မျက်စိကျတယ်ဆိုတာ ကျုပ်တို့အတွက် ကံကောင်းခြင်းပါပဲ ၊ မော့မျိုးနွယ်မောင်နှမလည်း ဂုဏ်သိက္ခာရှိတဲ့အရှင်သခင်ဆီမှာ အမှုထမ်းခွင့်ရတာပေါ့ ၊ သခင်လေး စိတ်ချပါ ၊ အခုချိန်ကစပြီး သူတို့က သခင်လေးအပိုင် ဖြစ်စေရပါ့မယ်”

ခုန်မင်က သိမ်မွေ့စွာပင် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက တည်ငြိမ်ခိုင်မာသည့်လေသံဖြင့်...

“ဆရာစုချီ စိတ်မပူပါနဲ့ ၊ ခုန်အိမ်တော်က အာဏာအသုံးပြုပြီး အနိုင်ကျင့်တဲ့အလုပ်မျိုး မလုပ်ပါဘူး ၊ သင့်တင့်မျှတတဲ့ စျေးနှုန်းပေးမှာဖြစ်လို့ ဆရာစုချီတို့ဘက်က တစ်ပြားတစ်ချပ်မှ မနစ်နာစေရပါဘူး ၊ ပြီးတော့ ခင်ဗျားရောင်းမယ့်ကျွန်တွေထဲမှာ တခြား မော့မျိုးနွယ်တွေလည်း ရှိဦးမှာမလား ၊ သူတို့အားလုံးကို ခုန်အိမ်တော်ကိုပို့လိုက်ပါ ၊ ကျုပ် တစ်ယောက်မကျန် ဝယ်မှာပါ”

ခုန်မင် မော့မျိုးနွယ်တစ်ခုလုံးကို ဝယ်ယူရန်ဆုံးဖြတ်လိုက်ခြင်းမှာ မော့မျိုးနွယ်မောင်နှမကို စိတ်သက်သာရာ ရစေလိုသောကြောင့် ဖြစ်သည်။

မော့ဖေးနှင့် မော့ယွဲ့တို့၏စကားများမှ သိရှိနိုင်သည်မှာ သူတို့က နတ်သားရဲမျိုးနွယ်တွင် ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ပြီး သူတို့မျိုးနွယ်စု၏ ကံကြမ္မာကိုလည်း စိုးရိမ်နေဟန် ရှိသည်။

အကယ်၍ နတ်သားရဲမျိုးနွယ်တစ်ခုလုံးကို ခုန်အိမ်တော် အကာအကွယ်အောက်သို့ခေါ်ဆောင်နိုင်ခဲ့လျှင် တကွဲတပြား ရောင်းချခံရခြင်းထက် ပိုမိုကောင်းမွန်သည့်ကံကြမ္မာကို ရရှိနိုင်သည်။

ထို့ကြောင့် မော့ယွဲ့နှင့် မော့ဖေးတို့နှစ်ယောက်လုံး ခုန်မင်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်းများထဲတွင် ကျေးဇူးတင်စိတ်ဖြင့် ပြည့်နက်လို့နေ၏။

မော့ယွဲ့၏ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စိတ်ပြည့်နှက်နေသော မျက်ဝန်းများဖြင့်ဆုံမိသည့်အခါ ခုန်မင်၏နှလုံးသား ထပ်မံယိမ်းယိုင်သွားပြီး ခဏမျှ အတွေးထဲနစ်မျောသွားမိပြန်သည်။

သုံးပြည်ထောင်ခေတ်နေ့ရက်များတွင် သူနှင့် ယွဲ့ယင်းတို့ လုန်ကျုန်းရှိ လယ်ကွင်းများတွင် အတူတူအလုပ်လုပ်ခဲ့ကြစဉ်က သူတို့အိမ်ထောင်ရေးက အပြန်အလှန်လေးစားမှုဖြင့် အဆင်ပြေချောမွေ့ခဲ့သည်။

ယွဲ့ယင်းနှင့်အတူ နေရသည့်အချိန်များက သူ့ဘဝတွင် ရှားပါးသော တည်ငြိမ်အေးချမ်းမှုတစ်ခု ရရှိခဲ့သည်။

ယွဲ့ယင်းက ယန္တရားပညာတွင် ဆရာတစ်ဆူဖြစ်ပြီး ရှုပ်ထွေးသော စက်ပစ္စည်းများဖန်တီးရာတွင် ဝါသနာပါသည်။ ခုန်မင်က အမြဲတမ်း သူမ၏ဖန်တီးမှုများအတွက် အကြံဉာဏ်များပေးပြီး လှုံ့ဆော်ပေးလေ့ရှိသည်။

အောင်မြင်မှုတစ်ခုရတိုင်း ယွဲ့ယင်းက သူ့ကို ကျေးဇူးတင်စိတ်ဖြင့်ပြည့်နေသည့်မျက်ဝန်းများဖြင့် ကြည့်တတ်သည်ပင်။ ထိုမျက်ဝန်းများတွင် သူမ၏ခင်ပွန်းကို လေးစားမှုများဖြင့် ပြည့်နေခဲ့သည်။

ဤသို့ နူးညံ့စွာ တွယ်တာခဲ့ရခြင်းများက သူတို့နှစ်ယောက်ကြား ထာဝရပြတ်တောက်ခြင်းမရှိသည့် နှောင်ကြိုးတစ်ခုနှယ် ဖြစ်သည်။

ခုန်မင် ဤသို့သောခံစားချက်မျိုး နောက်ဆုံးအကြိမ် ခံစားခဲ့ရသည်မှာ အချိန်မည်မျှကြာပြီလဲ မပြောနိုင်တော့ပေ။

သို့သော် နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ ၊ ဘဝပေါင်းမည်မျှခြားသည်ဖြစ်စေ ဤခံစားချက်ကို ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

တစ်ဖက်မှာတော့ ခုန်မင်က နတ်သားရဲမျိုးနွယ် ကျွန်များအားလုံးကို ဝယ်ယူမည်ဟု ကမ်းလှမ်းသည့်အခါ စုချီ၏စိတ်က ဝမ်းမြောက်မှုဖြင့် လှုပ်ခါသွားသည်။

ယခုတစ်ခေါက် ချီတိမျိုးနွယ်များ ကျွန်စျေးတွင်ရောင်းချမည့်သူများထဲတွင် နတ်သားရဲမျိုးနွယ်များက (၉၀)ရာနှုန်းကျော် ပါဝင်ပြီး လူဦးရေ(၂၀၀) ကျော်ခန့် ရှိသည်။

ထိုသူများအားလုံးကို တစ်ချီတည်းဖြင့်ရောင်းချနိုင်ခြင်းက စုချီတစ်သက် မကြုံစဖူး ထူးခြားသည့်အရောင်းအဝယ်ပင် ဖြစ်၏။

အထူးသဖြင့် ခုန်အိမ်တော်နှင့် တိုက်ရိုက်အရောင်းအဝယ်ဖြစ်သည့်အတွက် ကြားခံပွဲစားများကို ကျော်လွှားနိုင်သည်ဖြစ်ရာ ပွဲခများသက်သာသဖြင့် ငွေကြေးပိုမိုရရှိနိုင်သည်။

ပွဲခသက်သာသွားခြင်းကပင် သူတို့မျိုးနွယ်စု ရရှိမည့်ဝင်ငွေ သိသိသာသာ တိုးပွားသွားနိုင်၏။

ပြီးတော့ စုချီသည်လည်း အရောင်းအဝယ်တွင် ကြီးမားသောအောင်မြင်မှုရရှိသည်ဖြစ်ရာ သူ့အနေဖြင့် ချီတိမျိုးနွယ်စုတွင် နေရာတစ်ခု ခိုင်မာစွာ ရရှိလာနိုင်သည်။

ဝမ်းမြောက်ဝမ်းသာဖြစ်နေသော စုချီက ပိုမိုရိုသေလေးစားစွာဖြင့် ခုန်မင်ကို ဦးညွှတ်လိုက်ပြီး...

“ခုန်သခင်လေး စိတ်ချပါ ၊ ကျွန်တော်ကိုယ်တိုင် ဒီကျွန်တွေကို သခင်လေးအိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါ့မယ် ၊ နတ်သားရဲမျိုးနွယ်တွေက ထူးခြားတဲ့အရည်အချင်းတွေရှိကြတာမို့ သခင်လေးရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှာပါ”

ခုန်မင်က သိမ်မွေ့စွာခေါင်းညိတ်ရင်း...

“နောက်ပိုင်း ကျုပ်တို့ခုန်အိမ်တော်နဲ့ အရောင်းအဝယ်လုပ်ချင်တယ်ဆိုရင် အိမ်တော်က စီမံခန့်ခွဲသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ် ၊ ဆရာစုချီအတွက် အကျိုးမယုတ်စေရပါဘူး”

ဤစကားဖြင့် ခုန်မင်က ချီတိမျိုးနွယ်စုအနေဖြင့် ခုန်အိမ်တော်နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ရန် မမျှော်လင့်နိုင်ကြောင်း အချက်ပြလိုက်သည်။

ထိုစကားကိုကြားတော့ စုချီမှာ ဖုံးမရ ဖိမရ ဝမ်းသာရွှင်မြူးလျှက် ရှိတော့၏။

ထို့နောက် သူက အချိန်မဆွဲတော့ဘဲ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့လူများကိုခေါ်ကာ အလျင်စလိုပင် ထွက်ခွာသွားတော့သည်။

သို့သော် စုချီက မထွက်ခွာခင် မနေနိုင်မထိုင်နိုင် သူ၏စွမ်းရည်ကို ပြသလိုက်သေးသည်။

သူက တိကျသောထိန်းချုပ်မှုဖြင့် ရွှေရောင်ဒြပ်စင်စွမ်းအားတစ်ခု သိမ်မွေ့စွာထုတ်လွှတ်လိုက်ပြီး မော့ဖေးကို ချည်နှောင်ထားသည့်ကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။

မော့ဖေးက လွတ်မြောက်သွားသည်နှင့် သူက မော့ယွဲ့ကို ညင်သာစွာ အောက်သို့ချပေးလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ခုန်မင်ရှေ့သို့ရောက်လာကာ ဒူးထောက်ချလိုက်သည်။

သူက ကျေးဇူးတင်စိတ်ဖြင့်ပြည့်နေသောအသံဖြင့်...

“ခုန်သခင်လေး... ကျုပ်တို့ နတ်သားရဲမျိုးနွယ်ကို ကူညီပေးတဲ့အတွက် ပြောမပြနိုင်အောင် ကျေးဇူးတင်မိပါတယ် ၊ ဒီနေ့ကစပြီး ကျုပ်’မော့ဖေး’ ဘဝက သခင်လေးအပိုင်ပါ”

ခုန်မင်က မော့ဖေးကို အသာထူလိုက်ရင်း မျက်နှာထက် နွေးထွေးသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

“ကျုပ်က မင်းရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကိုလေးစားလို့ပါ ၊ ဒီနေ့ကစပြီး ကျုပ်ဘေးမှာ အမှုထမ်းပါ”

ထို့နောက် သူမက မော့ယွဲ့ကိုလှမ်းကြည့်လိုက်ရင်း...

“ကျုပ် တကယ်ပဲ အစေခံတစ်ယောက်လိုနေခဲ့တာပါ ၊ ဒီမိန်းကလေးက ဉာဏ်ရည်ထက်မြက်လို့ အရမ်းအထင်ကြီးမိတယ် ၊ သူလည်း ကျုပ်ဘေးမှာပဲနေရမယ်”

မော့ယွဲ့က ညင်သာစွာခေါင်းညိတ်လိုက်ပြီး သိမ်မွေ့စွာဖြင့်...

“ဟုတ်ကဲ့ပါ သခင်လေး...”

မော့ယွဲ့ မြေပြင်ထက် မတ်တတ်ရပ်နေတော့မှ ခုန်မင်က သူမကို သေချာအကဲခတ်ခွင့် ရခဲ့သည်။

သူမ၏ခန္ဓာကိုယ်က အလွန်ပင်သေးသွယ်ပြီး အရပ်က ခုန်မင်၏ ရင်ဘတ်ခန့်သာ ရှိသည်။

မျက်နှာကိုပုဝါဖြင့် ဖုံးကွယ်ထားသဖြင့် သူမ၏ မျက်လုံး ၊ မျက်ခုံးဖြင့် နဖူးပြင်တို့ကိုသာ တွေ့မြင်ရသည်။

သူမက အသက် (၁၂)နှစ်ခန့်မျှသာရှိသေးသော အရွယ်မရောက်သေးသည့် ကလေးမလေးမျှသာ ဖြစ်သည်။ သူမပုံစံလေးသည်လည်း ကလေးဆန်ပြီး ရင့်ကျက်ခြင်း မရှိသေးပေ။

ခုန်မင် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချရင်း...

“ငါနဲ့ ယွဲ့ယင်းက မင်္ဂလာဆောင်တဲ့နေ့ကျမှ တွေ့ခဲ့ကြတာ ၊ သူငယ်ငယ်က ဘယ်လိုပုံစံမျိုးလဲဆိုတာ မသိခဲ့ရဘူး ၊ အခု မော့ယွဲ့ကို ငါ့ဘေးမှာထားမယ်ဆိုရင် ယွဲ့ယင်းကြီးပြင်းလာတာကို ကြည့်နေရတာနဲ့ အတူတူပဲ ဖြစ်မှာပဲ”

All Chapters