← Chapters

တောရိုင်းဒေသမျိုးနွယ်စုတစ်ရာ

Vol. 3 Ch. 39

တောရိုင်းဒေသမျိုးနွယ်စုတစ်ရာ

Vol. 3 Ch. 39

ခုန်မင်က မော့မျိုးနွယ်မောင်နှမကိုလက်ခံပြီးနောက် ဆိုင်ရှင်ဝမ်အား နှုတ်ဆက်လိုက်သည်။

ဆိုင်ရှင်ဝမ်က ခုန်မင်ကို အလွန်လေးစားသည့်အလား အကြိမ်ကြိမ်ဦးညွှတ်အရိုအသေပေးရင်း ကျန်ရစ်ခဲ့သည်။

ခုန်မင် ‌စျေးမြို့တော်သို့လာစဉ်က မြင်းရထားတစ်စီးဖြင့် ရောက်လာခြင်းဖြစ်သည်။

ယခု အိမ်ပြန်သည့်အခါမှာတော့ မော့ဖေးက သွက်လက်စွာပင် မြင်းရထားမောင်းသူဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ့အမူအရာက ပြောင်းလဲခြင်းမရှိသော မြေသားပြင်ပမာ တည်ငြိမ်လို့နေသည်။

မော့ယွဲ့က ဘာလုပ်ရမှန်းမသိ ခဏတုံ့ဆိုင်းနေပြီးမှ ခုန်မင်နောက်သို့လိုက်ကာ မြင်းရထားအတွင်း ဝင်ရောက်လိုက်သည်။

သူမက ခုန်သခင်‌လေး၏ အစေခံဖြစ်လာပြီဖြစ်ရာ သင့်လျော်သည့်အဆင့်အတန်းနှင့် ယဉ်ကျေးမှုကိုပြသရန် သန္နိဋ္ဌာန်ချထားသည်။

ထိုခဏတွင် မော့ယွဲ့စိတ်ထဲမှအတွေးများက ကျောက်စိမ်းချပ်လွှာလေးများပမာ ဖြူစင်ရိုးရှင်းနေပြီး လောက၏ အရှုပ်အထွေးများကြောင့် ညှိုးနွမ်းနေခြင်း အလျဉ်းမရှိခဲ့ပေ။

ခုန်မင်အသုံးပြုသော မြင်းရထားက ခွန်းကာမြို့တွင် အကောင်းဆုံးနှင့် အခမ်းနားအထည်ဝါဆုံး မြင်းရထား ဖြစ်၏။

တောရိုင်းဒေသမျိုးနွယ်စုတစ်ခုမှ ဆင်းသက်လာသည့် မော့ယွဲ့အတွက်တော့ ဤမြင်းရထားက နတ်ဘုံနတ်နန်းမှဆင်းသက်လာသည့် နတ်ရထားပမာ အံ့သြဖွယ်ရာ ဖြစ်နေတော့သည်။

မော့ယွဲ့က မွေးရာပါ ဉာဏ်ရည်ထက်မြက်သူဖြစ်သော်လည်း သူမက ငယ်ရွယ်သည့် ကလေးတစ်ယောက်သာပင်။

မြင်းရထားထဲသို့ရောက်သည်နှင့် သူမက စူးစမ်းလိုစိတ်ကိုထိန်းမရဘဲ အံ့အားသင့်စွာဖြင့် ဟိုကြည့်ဒီကြည့် အကဲခတ်နေတော့သည်။

သူမကို ပြုံးပြီးကြည့်နေသည့်ခုန်မင်ကို သတိပြုမိတော့မှ ကလေးမက မျက်နှာနီရဲသွားကာ ထပ်မံစပ်စုခြင်းမပြုတော့ဘဲ ဣန္ဒြေရရ ကိုယ်ဟန်မတ်မတ်ဖြင့် ထိုင်လိုက်တော့သည်။

မော့ယွဲ့ကမျက်နှာကို အနက်ရောင်ပုဝါဖြင့် ဖုံးလွှမ်းထားသဖြင့် သူမ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်ကို ခုန်မင် မတွေ့မြင်လိုက်ရပေ။

မဟုတ်ပါက သူမက ပို၍ပင် ရှက်သွားမည် ဖြစ်၏။

ခုန်မင်က သိမ်မွေ့စွာပြုံးလိုက်ပြီး နူးညံ့သောအသံဖြင့်...

“ယွဲ့အာ... မင်း ဒီလောက် ရိုကျိုးနေစရာမလိုပါဘူး ၊ အဆင်ပြေသလို လွတ်လွတ်လပ်လပ် နေလို့ရပါတယ် ၊ စောစောက မော့ဖေးက မင်းကို ယွဲ့အာလို့ခေါ်တာကြားလိုက်တယ် ၊ ငါလည်းမင်းကို အဲဒီလိုပဲခေါ်မယ်နော် ၊ စိတ်မဆိုးဘူး မဟုတ်လား”

မော့ယွဲ့က နူးညံ့သိမ်မွေ့စွာဖြင့်...

“သခင်လေးက ယွဲ့အာရဲ့ အရှင်သခင်ပါ ၊ သခင်လေး ယွဲ့အာကို ဘယ်လိုပဲခေါ်ခေါ် ယွဲ့အာ စိတ်မဆိုးဝံ့ပါဘူး”

ခုန်မင်က မော့ယွဲ့နှင့် မိသားစုပမာ ရင်းနှီးမှုရရန် အချိန်ယူရဦးမည်ကိုသိရှိသဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ယွဲ့အာ... ငါက တောရိုင်းဒေသမျိုးနွယ်စုတွေအကြောင်း သိပ်မသိဘူး ၊ မင်းတို့ နတ်သားရဲမျိုးနွယ်အကြောင်း ငါ့ကိုပြောပြနိုင်မလား”

မော့ယွဲ့က ဉာဏ်ရည်ထက်မြက်သူလေးဖြစ်သော်လည်း အသက်(၁၂)နှစ်မျှသာရှိသေးသည်ဖြစ်ရာ စိတ်ရင်းဖြူစင်ပြီး လောကြီးအကြောင်း ဘာမှနားမလည်သေးပေ။

ခုန်မင်နှင့် မြင်းရထားထဲတွင် နှစ်ယောက်တည်းရှိနေသည့်အခါ သူမ၏ သိမ်မွေ့သောစိတ်က မထိန်းနိုင်ဘဲ လွယ်ကူစွာလှုပ်ရှားသွားပြီး ခုန်မင်မေးသမျှ မမြင်ရသည့်ရေစီးကြောင်းပမာ ဖြေဆိုတော့သည်။

ခုန်မင်က နွေးထွေးဖော်ရွေသောအမူအရာရှိသည့်အတွက် သူမက ခုန်မင်ကို ပိုပြီးယုံကြည်လာမိသလို ၊ ခုန်သခင်လေးက သူမအတွက် နတ်ဘုရားတစ်ပါးသဖွယ်ဖြစ်နေလေရာ သူမသိသမျှ အရာအားလုံးကို ပြောပြလေသည်။

တောရိုင်းဒေသက လီပေါင်းတစ်သောင်းကျယ်ပြန့်သည့် ဒေသကြီးဖြစ်ပြီး သာမန်လူသားများ နားလည်နိုင်စွမ်းကိုကျော်လွန်သည့်နေရာတစ်ခု ဖြစ်၏။

တောရိုင်းဒေသ၏ တောနက်ကြီးများထဲတွင် ရှေးဟောင်းသစ်ပင်များက မိုးကောင်းကင်ထိတိုင်အောင် မြင့်မားပြီး သစ်ရွက်များက ထူထဲလှသဖြင့် နေရောင်ခြည်ပင်မမြင်ရသည်ဖြစ်ရာ မြေပြင်တစ်ခုလုံးမှာ ထာဝရအမှောင်ရိပ်ထဲ ကျရောက်လျှက်ရှိသည်။

ထိုတောနက်ကြီးများတွင် သာမန်လူများကို တွေ့ရလေ့မရှိသဖြင့် ကမ္ဘာဦးဆန်သည့်ခံစားချက်က ဖုံးလွှမ်းနေသည်။

လျန်ကျိုးနယ်မှ တောင်ပိုင်းပင်လယ်ဒေသ ’နန်ယန်’ သို့ခရီးနှင်ရန်အတွက် တောရိုင်းဒေသတွင် တိုက်ရိုက်လမ်းဖောက်လုပ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ခရီးသွားများက တောရိုင်းဒေသနယ်နိမိတ်ကို ကွေ့ပတ်ရှောင်တိမ်းပြီး ခရီးသွားကြရသဖြင့် လျန်ကျိုးနယ်မှ ကမ်းရိုးတန်းဆိပ်ကမ်းများသို့ရောက်ရှိရန် လပေါင်းများစွာ ခရီးနှင်ကြရသည်။

တောရိုင်းဒေသကသာ ပင်လယ်သို့သွားရာလမ်းကို ပိတ်ဆို့ကာဆီးမထားခဲ့လျှင် လျန်ကျိုးနယ်သည်လည်း အရှေ့ပင်လယ်၏ စိမ်းပြာရေလှိုင်းများနှင့်အတူ ကုန်သွယ်ရေးသာယာဝပြောသော ချင်ကျိုး ၊ ဟိုင်ကျိုးနယ်များကဲ့သို့ ကမ်းရိုးတန်းဒေသများနှင့် ယှဉ်ပြိုင်နိုင်သည့် ကုန်သွယ်ရေးစနစ်ထွန်းကားသော ဒေသတစ်ခု ဖြစ်လာနိုင်သည်။

“တောရိုင်းဒေသမျိုးနွယ်စုတစ်ရာ” ဆိုသည်က တောရိုင်းဒေသတွင်နေထိုင်သော လူရိုင်းမျိုးနွယ်စုများအားလုံးကို ခြုံငုံအမည်ပေးထားခြင်း ဖြစ်သည်။

လူရိုင်းမျိုးနွယ်များက ညကောင်းကင်ယံမှ ကြယ်စင်များပမာ မရေမတွက်နိုင်အောင်များပြားလေရာ အရေအတွက်အတိအကျ (၁၀၀) ရှိမရှိ မည်သူမှ ရေတွက်မကြည့်နိုင်ကြပေ။

ဤသည်က ခေတ်အဆက်ဆက် ထားရစ်ခဲ့သော ပဟေဠိတစ်ခုသာ ဖြစ်သည်။

“တောရိုင်းဒေသမျိုးနွယ်စုတစ်ရာ” ဆိုသော အမည်က လွှမ်းမိုးနိုင်စွမ်းရှိသည့်အသွင်ကိုဆောင်သော်လည်း တောရိုင်းဒေသတွင်နေထိုင်သူများက အရှင်သခင်တစ်ပါးတည်းကို ဦးညွှတ်နာခံကြသူများ မဟုတ်ပေ။

ထိုဒေသတွင် လူရိုင်းမျိုးနွယ်များအပြင် ရှေးဟောင်းမျိုးနွယ်များဖြစ်သည့် မြေကြီးမှမွေးဖွားလာသူများနေထိုင်ကြသလို မှော်ဝင်သားရဲများလည်း နေထိုင်ကြသည်။

မှော်ဝင်သားရဲများက ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်ပြီး ကောင်းကင်ကိုလှုပ်ခါနိုင်သည်အထိ စွမ်းအားကြီးမားကြသည်။

မှော်ဝင်သားရဲများက သာမန်သားရဲများနှင့်မတူဘဲ ထူးခြားသောမွေးရာပါစွမ်းရည်နှင့် ကောင်းချီးမင်္ဂလာခံစားရသော မျိုးနွယ်များ ဖြစ်ကြသည်။

သူတို့က မွေးဖွားလာသည်နှင့် မိုးမြေအနှစ်သာရ ၊ ဒြပ်စင်စွမ်းအားများကို စုပ်ယူနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ထဲတွင် ဒြပ်စင်စွမ်းအား ပုံဆောင်ခဲတစ်ခု ဖန်တီးနိုင်ကြသည်။

ထို့ကြောင့် သူတို့၏စွမ်းအားက မိုးကောင်းကင်ကိုပင်လှုပ်ခါနိုင်ပြီး ကျင့်ကြံသူများ၏တန်ခိုးစွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်။

ထျန်းယွမ်ကုန်းမြေတွင် နေထိုင်သူများက သူတို့လက်လှမ်းမီသလောက် အသိဉာဏ်ဖြင့် မှော်ဝင်သားရဲများကို အဆင့်(၉)ဆင့် ခွဲခြားသတ်မှတ်ထားသည်။ အဆင့်တစ်ခုချင်းစီတိုင်းတွင် သားရဲများ၏ ရက်စက်မှုနှင့် တန်ခိုးစွမ်းအားကို ထင်ဟပ်စေသည်။

ပထမဆင့်မှ တတိယဆင့်မှာ ကနဦးအဆင့်နှင့် အလယ်ဆင့် မှော်ဝင်သားရဲများဖြစ်ပြီး ကျယ်ပြန့်သောကုန်းမြေတစ်လျှောက် သာမန်ပင်တွေ့ရလေ့ရှိသည်။

သူတို့၏ခွန်အားက သာမန်လူသားများအတွက် ကြောက်မက်ဖွယ်ရာဖြစ်သော်လည်း ကျင့်ကြံသူများ၏ စစ်မှန်သောတန်ခိုးစွမ်းအားနှင့်နှိုင်းယှဉ်ပါက ထင်ရှားခြင်း မရှိတော့ပေ။

ထို့ကြောင့် ဤသားရဲများမှာ ကျင့်ကြံသူများ၏သားကောင်ဖြစ်လာကြရသည်။

ကျင့်ကြံသူများက သူတို့ကျင့်ကြံခြင်းအဆင့်မြင့်တက်ရန်အတွက် ထိုသားရဲများ၏ ဒြပ်စင်စွမ်းအားပုံဆောင်ခဲများရရှိရန် အဆက်မပြတ် လိုက်လံဖမ်းဆီးကြသည်။

စတုတ္ထဆင့်မှ ဆဋ္ဌမဆင့်ကတော့ နှောင်းပိုင်းအဆင့် မှော်ဝင်သားရဲများဖြစ်ပြီး နက်ရှိုင်းသောတန်ခိုးစွမ်းအားရှိသည့် သတ္တဝါများလည်း ဖြစ်သည်။

ဤအဆင့်မြင့်သားရဲများက လူသားများအောက် မနိမ့်ကျသောဉာဏ်ရည်ကိုပိုင်ဆိုင်ထားပြီး သူတို့စွမ်းအားက လူသားကျင့်ကြံသူ ဒြပ်စင်စွမ်းအားဆရာသခင် သို့မဟုတ် ဒြပ်စင်စွမ်းအားအရှင်သခင်နှင့် နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့် နှောင်းပိုင်းအဆင့်မှော်ဝင်သားရဲတစ်ကောင်ကို သတ်ဖြတ်မည်ဆိုလျှင် သေချာပေါက် အန္တရယ်များပေမည်။ သို့သော် သူတို့၏ ဒြပ်စင်စွမ်းအားပုံဆောင်ခဲက အလွန်ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်သည်ဖြစ်ရာ တပ်မက်စရာကောင်းသည့် ရတနာတစ်ပါးအဖြစ် သတ်မှတ်နိုင်၏။

သတ္တမဆင့်မှ နဝမဆင့် မှော်ဝင်သားရဲများကိုတော့ ထိပ်တန်းအဆင့် မှော်ဝင်သားရဲများဟုခေါ်ဆိုပြီး တောရိုင်းဒေသများ၏ ထိပ်တန်းဘုရင်များအဖြစ် သရဖူဆောင်းနိုင်သူများ ဖြစ်ကြသည်။

သတ္တမအဆင့်သားရဲတစ်ကောင်သည်ပင် လူသားကျင့်ကြံသူ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်နှင့် ယှဉ်နိုင်သော တန်ခိုးစွမ်းအားကို အသုံးပြုနိုင်သည်။

ဒြပ်စင်စွမ်းအားထိပ်တန်းသခင်ဆိုသည်က ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းအဆင့်ဟု ဆိုနိုင်၏။

ထိုအဆင့်သားရဲများက သူတို့၏သားရဲပုံစံကိုစွန့်လွှတ်ပြီး လူသားအသွင် ပြောင်းလဲနိုင်စွမ်းရှိကြသည်။ လူသားများကဲ့သို့ပင် တန်းတူရည်တူ စကားပြောဆိုနိုင်စွမ်းလည်း ရှိကြပေသည်။

နဝမအဆင့်ထက်ကျော်လွန်သော မှော်ဝင်သားရဲများကတော့ ဒဏ္ဍာရီဆန်သည့်ကောလဟလများအဖြစ်သာ ရှိကြသည်။ သူတို့က လူအများလိုက်မမီနိုင်သည့် ဖြစ်တည်မှုများသာပင်။

လူသားများတွင်လည်း ဒြပ်စင်စွမ်းအားသူတော်စင်အဆင့်ကို ကျော်လွန်ပြီးလျှင် မည်သည့်နယ်ပယ်သို့ တက်လှမ်းသွားကြောင်း မည်သူမှ မသိကြပေ။

ထို့အတူ နဝမအဆင့်ထက်ကျော်လွန်သော မှော်ဝင်သားရဲများကိုလည်း ဤလောကတွင် မည်သူမှ တွေ့မြင်ဖူးခြင်း မရှိကြပေ။

သူတို့၏ဖြစ်တည်မှုက သာမန်လူသားမျက်စိဖြင့် သက်သေမပြနိုင်သည့် စိတ်ဝင်စားဖွယ်လျှို့ဝှက်ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေပြီး ရှေးဟောင်းဒဏ္ဍာရီပုံပြင်များထဲတွင်သာ တည်ရှိလေသည်။

အထွတ်ထိပ်အဆင့် မှော်ဝင်သားရဲများက ဒဏ္ဍာရီဆန်ကြသော်လည်း ထိပ်တန်းမှော်ဝင်သားရဲများကတော့ တောရိုင်းဒေသ တားမြစ်နယ်မြေများတွင် အမှန်တကယ် နေထိုင်ကြသည်။

သူတို့က လူသားများအတွက် နားလည်ရန်ခက်ခဲသည့် ကြောက်မက်ဖွယ်ရာသတ္တဝါများဖြစ်ကြလေရာ သူတို့၏တန်ခိုးအာဏာကို လေးစားသည့်အနေဖြင့် တောရိုင်းဒေသမှ ရှေးဟောင်းမျိုးနွယ်များပင်လျှင် သားရဲဘုရင်များအုပ်စိုးရာနယ်မြေသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိကြပေ။

တောရိုင်းဒေသ၏ ဥပဒေက မိုးကောင်းကင်ကဲ့သို့မယိမ်းယိုင်ပေ။ အင်အားကြီးမားသူကသာလျှင် အုပ်စိုးခွင့်ရရှိသည်။

မျိုးနွယ်စုများ သိမ်းပိုက်ထားသည့်နယ်မြေများတွင် ရက်စက်ကြမ်းတမ်းသောတိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး အနိုင်ရသူကသာလျှင် ဆက်လက်ရှင်သန်နိုင်ခွင့်ရှိသည်။

ဤသည်က အသက်ရှင်သန်ရန်အတွက် ကြီးမားသောစမ်းသပ်မှုလည်း ဖြစ်၏။

ထို့ကြောင့် တောရိုင်းဒေသမျိုးနွယ်စုတစ်ရာ ဆိုသည်က မဆုတ်မနစ်သောတိုက်ပွဲများကြား ရှင်သန်နေကြသူများဖြစ်ပြီး အဆက်မပြတ်ဖြစ်ပွားနေသည့် တိုက်ပွဲမီးလျှံများကြား ပုံသွင်းခံထားရသည်။

သူတို့၏ဖြစ်တည်မှုက သူတို့၏ မဆုတ်နစ်သော ၊ မယိမ်းယိုင်သော အောင်နိုင်လိုစိတ်ကို သက်သေထူထားသည်။

တောရိုင်းဒေသမျိုးနွယ်စုတစ်ရာက မျိုးနွယ်စုအလိုက် အရွယ်အစား ကွဲပြားသည်။

အလွန်အင်အားကြီးသော လူရိုင်းမျိုးနွယ်စုများက သေးငယ်သည့် မျိုးနွယ်စုများ၏ နယ်မြေများကိုသိမ်းပိုက်လေ့ရှိသည်။ ထိုသို့သော အင်အားကြီးမျိုးနွယ်စုများက ရှေးဟောင်းမျိုးနွယ်များ သို့မဟုတ် ထိပ်တန်းအဆင့် မှော်ဝင်သားရဲများနှင့် တန်းတူရပ်တည်နိုင်သည့် အခွင့်အာဏာရှိသည်။

သို့သော် နတ်သားရဲမျိုးနွယ်နှင့် ချီတိမျိုးနွယ်တို့ကတော့ တောရိုင်းဒေသအစွန်အဖျားတွင်နေထိုင်ကြသည့် မျိုးနွယ်စုငယ်လေးများသာ ဖြစ်သည်။

ခွန်အားအရဆိုလျှင် သူတို့က ကြီးမား‌သော လူရိုင်းမျိုးနွယ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသလို တောရိုင်းဒေသမျိုးနွယ်စုများအတွက် အိမ်ဖြည့်သာသာ မျိုးနွယ်စုငယ်များဟု သတ်မှတ်နိုင်သည်။

သို့ပေသိ မျိုးနွယ်စုငယ်များဆိုသော်လည်း တောရိုင်းဒေသ မျိုးနွယ်စုများအကြား ရက်စက်ကြမ်းတမ်းသည့်တိုက်ပွဲများကိုတော့ ရင်ဆိုင်ကြရသည်ပဲ ဖြစ်၏။

တိုက်ပွဲရှုံးနိမ့်သွားသော မျိုးနွယ်စုက အဆုံးသတ်ပျက်ဆီးခြင်း ဘေးအန္တရယ်ကိုပင် ကြုံတွေ့ရနိုင်သည်။

ထိုသို့ဖြင့် မျိုးနွယ်စုငယ်များ ဖြစ်ပေါ်လာလိုက် ပြိုလဲသွားလိုက် အကြိမ်ကြိမ် ဖြစ်ပွားနေသဖြင့် တောရိုင်းဒေသမျိုးနွယ်စုတစ်ရာဆိုသည့်အရေအတွက် ဘယ်သောအခါမှ အတိအကျ မသတ်မှတ်နိုင်ခြင်း ဖြစ်သည်။

လက်ရှိတွင် နတ်သားရဲမျိုးနွယ်များက အင်အားဆုတ်ယုတ်နေပြီ ဖြစ်သည်။

သို့သော် သူတို့က တောရိုင်းဒေသမျိုးနွယ်စုတစ်ရာတွင် သက်တမ်းအကြာရှည်ဆုံးသမိုင်းကိုပိုင်ဆိုင်ထားသော ရှေးကျသည့်မျိုးနွယ်စုတစ်ခုဖြစ်သည်။

ထျန်းယွမ်ကုန်းမြေ၏ ရှေးဦးဒဏ္ဍာရီပုံပြင်များအရ အတိတ်တစ်ချိန်က ဤကုန်းမြေကို နတ်မိစ္ဆာမင်းဆက်တစ်ဆက်က အုပ်စိုးခဲ့သည်ဟု ဆိုကြသည်။

ကုန်းမြေကိုအုပ်စိုးသောမင်းဆက်က နတ်မိစ္ဆာမျိုနွယ်များဖြစ်သလို ကုန်းမြေတွင်နေထိုင်သူများကလည်း နတ်မိစ္ဆာမျိုးနွယ်များပင် ဖြစ်သည်။

သူတို့၏ပုံပန်းသွင်ပြင်က လူသားများနှင့်ဆင်တူသော်လည်း ယောကျ်ားလေးရော မိန်းကလေးများပါ လူသားများထက် သိသိသာသာ အင်အားကြီးမားကြသည်။

ထိုနတ်မိစ္ဆာမျိုးနွယ်များက သူတို့၏ သွေးမျိုးရင်းအလိုက် ဆံပင်အရောင် အမျိုးမျိုးရှိကြသည်။

ဥပမာ - ဆံပင် အဝါရောင် ၊ ခရမ်းရောင် ၊ အနီရောင် ၊ အစိမ်းရောင်တို့ ဖြစ်သည်။

ထိုအချက်ကပင် သာမန်လူသားများနှင့် နတ်မိစ္ဆာမျိုးနွယ်များ၏ အထင်ရှားဆုံး ရုပ်ပိုင်းဆိုင်ရာကွဲပြားမှု ဖြစ်သည်။

ထို့ပြင် အသန့်စင်ဆုံး သွေးမျိုးရင်းရှိသည့် နတ်မိစ္ဆာများဆိုလျှင် သူတို့မျက်ဝန်းများထဲတွင် ငွေရောင်ကြက်ခြေခတ်ကြယ်စင်ပုံစံကို ပြသနိုင်ကြသည်။

ထိုမျက်ဝန်းများကို “ကြယ်စင်မျက်ဝန်း” ဟုခေါ်ဆိုပြီး နတ်မိစ္ဆာမျိုနွယ် တော်ဝင်သွေး၏ အမှတ်သင်္ကေတလည်း ဖြစ်သည်။

နတ်မိစ္ဆာမျိုးနွယ်များက ထူးခြားသည့်ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များပိုင်ဆိုင်သည်ဖြစ်ရာ အရွယ်ရောက်ပြီးသော နတ်မိစ္ဆာတိုင်းက အလွန်တရာခွန်အားကြီးကြပြီး မယုံနိုင်စရာကောင်းလောက်အောင် လျှင်မြန်ကြသည်။

ပင်ကိုယ် တုံ့ပြန်နိုင်စွမ်းနှင့် ခုခံကာကွယ်နိုင်စွမ်းလည်း ထက်မြက်ကြသည်ဖြစ်ရာသူတို့ကို လူသားအသွင်ရှိသော မှော်ဝင်သားရဲဟု ပြောဆိုပါက ချဲ့ကားသည်မဆိုသာပေ။

နတ်မိစ္ဆာမျိုးနွယ်များက မွေးရာပါ မာနကြီးကြသည်။

သူတို့က လူသားများနှင့် ပုံပန်းသွင်ပြင်တူညီသည့်တိုင် သူတို့ကိုယ်သူတို့ ဘယ်သောအခါမှ “လူသား” များဟု မပြောဆိုကြပေ။

သူတို့အတွက်တော့ “လူသား” ဆိုသည်က သူတို့ကိုအစေခံရသည့် ကျေးကျွန်များသာ ဖြစ်သည်။

သို့သော် နတ်မိစ္ဆာမျိုးနွယ်များက အလွန်အင်အားကြီး၍လားမသိ မျိုးပွားနှုန်းနည်းသလို လူဦးရေလည်း နည်းပါးကြသည်။

ထို့ကြောင့် သူတို့နှင့်ပုံပန်းသဏ္ဌန်ဆင်တူပြီး လူဦးရေများပြားသောလူသားများကို “ကိုယ်လုပ်တော်” များအဖြစ် အသုံးတော်ခံခဲ့ကြသည်။

ထိုမှတစ်ဆင့် နတ်မိစ္ဆာနှင့် လူသားမျိုးနွယ်မှ ပေါက်ဖွားလာသည့် သွေးနှောများ မွေးဖွားလာတော့သည်။

ယခု “နတ်သားရဲမျိုးနွယ်” ဆိုသည်က လူသားနှင့်နတ်မိစ္ဆာမျိုးနွယ် သွေးနှောများမှဆင်းသက်လာသည့် မျိုးနွယ်စုတစ်ခုပင် ဖြစ်လေ၏။

All Chapters