နတ်သားရဲမျိုးနွယ်
Vol. 3 Ch. 40
ရှေးခေတ်ကာလ သမိုင်းမှတ်တမ်းများအရ နတ်မိစ္ဆာမျိုးနွယ်များက အလွန်မာနကြီးပြီး လူသားများကို အိမ်မွေးတိရိစ္ဆန်သာသာ သဘောထားကြသည်။
သူတို့က လူသားများကို သူတို့ခြေထောက်အောက်မှ မြေမှုန့်ပမာ သဘောထားပြီး ပတ်သက်ဆက်နွယ်ခြင်း မပြုလုပ်ကြပေ။
လူသားများက သူတို့ကိုဖျော်ဖြေရန်ပင် ထိုက်တန်သူများမဟုတ်ဟု ယူခဲ့ကြသည်။
သို့သော် အချို့သော အကျင့်ပျက်ဆိုးယုတ်သည့်နတ်မိစ္ဆာများက လူသားမိန်းမပျိုများကို ပျော်ပါးဖျက်ဆီးခဲ့ကြသည်။
သူတို့က လူသားမိန်းမပျိုများကို ခဏမျှစိတ်ဖျော်ဖြေရုံသဘောထားပြီး ၊ ဤသည်က သူတို့၏ မရေမတွက်နိုင်သော ယုတ်မာမှုများထဲမှ သေးငယ်သည့် နောက်ပြောင်မှုတစ်ခုသာ ဖြစ်သည်။
နတ်မိစ္ဆာမျိုးနွယ်များက တန်ခိုးစွမ်းအားကြီးမားသော်လည်း အားနည်းချက်တစ်ခုရှိသည်။ မျိုးပွားနိုင်စွမ်းနည်းပါးပြီး သားသမီးအရေအတွက် နည်းပါးခြင်း ဖြစ်သည်။
သို့သော် မိုးကောင်းကင်က ရက်စက်သည့် လှည့်ကွက်တစ်ခုဖြင့် ကစားခဲ့သည်။
နတ်မိစ္ဆာနှင့် လူသားများပေါင်းစည်းမှုမှ မွေးဖွားလာသည့် သွေးနှောများက အံ့သြစရာကောင်းလောက်အောင် များပြားလာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သွေးနှောအရေအတွက်က သွေးသန့်စင်နတ်မိစ္ဆာများထက် များပြားလာသည်။
မာန်မာနထောင်လွှားသော နတ်မိစ္ဆာမျိုးနွယ်များမှာ ခမ်းနားထည်ဝါသောစည်းစိမ်တွင် ယစ်မူးနစ်မျောရင်း သူတို့ကျဆုံးမည့်လမ်းကို သူတို့ကိုယ်တိုင်ခင်းခဲ့ကြသည်။
သူတို့၏ မဆုံးနိုင်သောဖောက်ပြန်မှုများက သူတို့အတွက် ကျဆုံးခြင်းမျိုးစေ့များကို ကြဲချခဲ့သည်။
နောက်ဆုံးမှတော့ နတ်မိစ္ဆာများ၏ သံခြေကျင်းအောက်တွင် ဖိနှိပ်ခံရသောလူသားများမှာ အမျက်ဒေါသမထိန်းနိုင်တော့ဘဲ ထကြွလာကြသည်။
လူသားများက သံခြေကျင်းများမှရုန်းထွက်ပြီး ပုန်ကန်ခြင်းအလံများလွှင့်ထူခဲ့ကြသည်။ ငရဲမှလာသောသူများပမာ ဆိုးသွမ်းလွန်းသော သူတို့၏အရှင်သခင်များကို ဆန့်ကျင်ခဲ့ကြသည်။
သို့သော် လူသားများက အရေအတွက်များပြားသ့်တိုင် နတ်မိစ္ဆာများ၏ အလွန်အမင်းသာလွန်စွမ်းအားကို မယှဉ်နိုင်ခဲ့ပေ။
ထို့ပြင် နတ်မိစ္ဆာများက စစ်ရေးစွမ်းရည်မြင့်မားလွန်းသဖြင့် မည်သည့်လူသားမှ မတက်ရောက်နိုင်သော မြင့်မားသည့်ချောက်ကမ်းပါးတစ်ခုပမာ ဖြစ်ခဲ့သည်။
သို့ရာတွင် လူသားများ၏ ဉာဏ်ပညာက နတ်မိစ္ဆာမျိုးနွယ်များ စိတ်ကူးသည်ထက် ကျော်လွန်ခဲ့ကြသည်။
လူသားများထဲမှ ထူးချွန်သည့် အသိညာဏ်ရှိသူများ ၊ ထူးခြားသောပညာရှိများထွက်ပေါ်လာပြီး ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းဆိုသည့် ရှေးဟောင်းပညာရပ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဤလျှို့ဝှက်ကျင့်စဉ်ကို လူသားတိုင်း ကျင့်ကြံနိုင်ခြင်းမရှိပေ။ သို့သော် ပုန်ကန်သူများထဲမှ ဒြပ်စင်စွမ်းအားကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာလျှင်ပင် လုံလောက်နေပြီဖြစ်သည်။
လူသားများက အဆုံးမရှိ အရေအတွက်များကပြားသည်ဖြစ်ရာ သူတို့၏အလားအလာက အတားအဆီးမရှိသော ရေစီးကြောင်းတစ်ခုပမာ ဖြစ်၏။
အဆုံးသတ်မှာတော့ စစ်ပွဲချိန်ခွင်လျှာက လူသားများဘက်သို့ ပြတ်ပြတ်သားသားယိမ်းယိုင်သွားပြီး မည်သူမှ ဟန့်တားနိုင်စွမ်းမရှိသော ကံကြမ္မာအပြောင်းအလဲတစ်ခု လှိုင်းထန်လာခဲ့သည်။
အလွန်တရာအစွမ်းထက်ခဲ့သော နတ်မိစ္ဆာမင်းဆက်မှာ နှစ်အနည်းငယ်အတွင်း ပြိုကျသွားပြီး သူတို့၏ခမ်းနားမှုသည်လည်း ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
လူသားများက ထျန်းယွမ်ကုန်းမြေကိုသိမ်းပိုက်ပြီး တရားဝင်အုပ်ချုပ်သူများအဖြစ် ကြေညာခဲ့ကြသည်။
သူတို့၏ အုပ်ချုပ်မှုက နှစ်ပေါင်းတစ်သောင်းကြာ တည်တံ့ခဲ့ပြီး ယခင်ကရှိခဲ့သမျှသော ယဉ်ကျေးမှုများအားလုံးကိုလွှမ်းမိုးသွားပြီး သမိုင်းမှတ်တမ်းတွင် ထာဝရတည်တံ့သည့် ရွှေခေတ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
နတ်မိစ္ဆာမင်းဆက် အကြီးအကျယ် ပြိုလဲပျက်ဆီးသွားပြီးနောက် သွေးသန့်စင်သော နတ်မိစ္ဆာမျိုးနွယ်များ လုံးဝနီးပါး ပျက်ဆီးသွားခဲ့ကြသည်။
တစ်ချိန်က စွမ်းအားကြီးမားခဲ့သော နတ်မိစ္ဆာမျိုးနွယ်များမှာ လေတွင်လွင့်ပြယ်သွားသည့်ပမာ ပျောက်ကွယ်သွားခဲ့ကြသည်။
လူသားများ ထျန်းယွမ်ကုန်းမြေကိုသိမ်းပိုက်ပြီးနောက် သူတို့၏ အုပ်ချုပ်ရေးအသစ်ကိုဒုက္ခပေးမည့် ရှုပ်ထွေးသောပြဿနာတစ်ခု ပေါ်လာသည်။
အခြားပြဿနာမဟုတ် ၊ နတ်မိစ္ဆာနှင့်လူသားများပေါင်းစည်းခြင်းမှ မွေးဖွားလာသော သွေးနှောနတ်မိစ္ဆာများက သန်းပေါင်းများစွာရှိနေခြင်းပင်။
ထိုသွေးနှောများကို မည်သို့လုပ်ဆောင်ရပါမည်နည်း။
ထိုသွေးနှောများက နတ်မိစ္ဆာနှင့်လူသားများ၏ တားမြစ်ချက်ကိုဖောက်ဖျက်ကာ မွေးဖွားလာသူများဖြစ်လေရာ သူတို့အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲလှသည်။
သူတို့က သွေးသန့်စင် နတ်မိစ္ဆာများထက် ရုပ်ပိုင်းဆိုင်ရာစွမ်းအား နိမ့်ကျသည်။
ပိုပြီးဆိုးရွားသည်မှာ သန်းပေါင်းများစွာသော သွေးနှောနတ်မိစ္ဆာများတွင် ဒြပ်စင်စွမ်းအားကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိကြပေ။
သူတို့က နတ်မိစ္ဆာဘိုးဘေးများကဲ့သို့ ထိတ်လန့်ဖွယ်ရာစွမ်းအားကို မပိုင်ဆိုင်ကြသလို လူသားများကဲ့သို့လည်း ကျင့်စဉ်လမ်းကို မလျှောက်လှမ်းနိုင်ကြပေ။
သူတို့အဖြစ်က သနားစရာ ဟိုမရောက်ဒီမရောက်ဖြစ်နေပြီး မိုးကောင်းကင်၏ အပယ်ခံများပမာ ဖြစ်နေခဲ့သည်။
နောက်ဆုံးမှာတော့ သန်းပေါင်းများစွာသော သွေးနှောနတ်မိစ္ဆာများကို တောရိုင်းဒေသ နယ်မြေရိုင်းထဲသို့ ပြည်နှင်ဒဏ် ပေးခဲ့လေသည်။
သူတို့က တောရိုင်းဒေသတွင် မျိုးနွယ်စုတစ်ခုအဖြစ် ဖွဲ့စည်းနေထိုင်ကြပြီး သူတို့ကိုယ်သူတို့ ‘နတ်သားရဲမျိုးနွယ်’ ဟု ကြွေးကြော်ခဲ့ကြသည်။
သူတို့၏ရုပ်ခန္ဓာက စစ်မှန်သော နတ်မိစ္ဆာမျိုးနွယ်များကဲ့သို့ သန်မာခြင်းမရှိသော်လည်း သာမန်လူများနှင့်ယှဉ်လျှင်တော့ စွမ်းအားကြီးမားနေဆဲ ဖြစ်သည်။
နတ်သားရဲမျိုးနွယ်များကလူအင်အားလည်းများသည်ဖြစ်ရာ တောရိုင်းဒေသ၏ အပြင်းထန်ဆုံး အင်အားစုတစ်ခုအဖြစ် လျှင်မြန်စွာတိုးတက်လာခဲ့သည်။
သူတို့၏စွမ်းအားက တောရိုင်းဒေ၏ အခြေခံအုတ်မြစ်ကိုပင် လှုပ်ခတ်စေခဲ့သည်။
သို့သော် ကံတရားက ရက်စက်ခဲ့လေသည်။
နတ်သားရဲမျိုးနွယ်များအတွက် အကြီးမားဆုံးရန်သူက တောရိုင်းဒေသအပြင်ဘက်တွင်ရှိသော လူသားများ မဟုတ်ခဲ့ပေ။ အမှောင်ရိပ်များဖုံးလွှမ်းနေသည့် တောရိုင်းဒေသ ဗဟိုချက်နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်၏။
တောရိုင်းဒေသတွင် ရှေးကျပြီး မယိမ်းယိုင်သောစိတ်ထားရှိသည့် မျိုးနွယ်စတစ်ခုရှိနေခဲ့သည်။
ထိုမျိုးနွယ်စုက မိုကောင်းကင်၏အခွင့်မရှိဘဲ မွေးဖွားလာကြေသော နတ်သားရဲမျိုးနွယ်များနှင့် ကမ္ဘာမကြေရန်သူများ ဖြစ်လာကြသည်။
ထိုမျိုးနွယ်စုက အခြားမဟုတ် ၊ နတ်သူငယ်မျိုးနွယ်များပင် ဖြစ်၏။
သူတို့က မြင့်မြတ်ပြီး ရှေးကျသောမျိုးနွယ် ၊ ထူးခြားသည့် မှော်ယဉ်ကျေးမှုသမိုင်းကို တည်ထောင်ခဲ့ကြသည့် ဗိသုကာပညာရှင်များ ဖြစ်သည်။
သို့သော် နတ်သူငယ်များ၏ မှော်ယဉ်ကျေးမှုက သမိုင်းတွင် ခဏမျှသသာတောက်ပခဲ့သည်။
နတ်မိစ္ဆာမျိုးနွယ်များက အလွန်အမင်းသာလွန်စွမ်းအားဖြင့် သုတ်သင်ပစ်လိုက်သဖြင့် နတ်သူငယ်များ၏ မှော်ယဉ်ကျေးမှု ပျောက်ကွယ်ခဲ့ရသည်။
ထို့ကြောင့် နတ်မိစ္ဆာများဆိုသည်က နတ်သူငယ်များရင်ထဲတွင် ထိုးစိုက်ခံထားရသော ဓားတစ်စင်းပမာ ဖြစ်ခဲ့သည်။ နတ်မိစ္ဆာများ၏ ကြောက်မက်ဖွယ်ရာသာလွန်စွမ်းအားများက နတ်သူငယ်များကို အကြီးအကျယ် ဒုက္ခပေးခဲ့သည်။
နတ်မိစ္ဆာများက မိုးကောင်းကင်က ကောင်းချီးပေးသော ရုပ်ခန္ဓာကို ပိုင်ဆိုင်သည်ဖြစ်ရာ ၊ သူတို့က နတ်သူငယ်များ၏ မှော်ပညာစွမ်းကို ခံနိုင်ရည်ရှိကြသည်။
သိမ်မွေ့နူးညံ့သော နတ်သူငယ်များအတွက် နတ်မိစ္ဆာများက လူသတ်စက်ကြီးများပမာဖြစ်ပြီး သူတို့ပိုင်ဆိုင်သည့်မှော်ပညာအတွက် စော်ကားမှုတစ်ခုလည်း ဖြစ်ခဲ့သည်။
နတ်မိစ္ဆာများ၏ဖိနှိပ်မှုအောက်တွင် မှော်ယဉ်ကျေးမှု ပြိုကျသွားပြီး နတ်သူငယ်များ၏ တောက်ပသောအမွေအနှစ်များသည်လည်း ပြာပုံအဖြစ် ပြောင်းလဲခဲ့ရသည်။
နတ်သူငယ်မျိုးနွယ်များ၏ ဂုဏ်ကျက်သရေကျဆင်းသွားပြီး သူတို့၏ ဘိုးဘွားပိုင်မြေဖြစ်သော တောရိုင်းဒေသ နက်ရှိုင်းရာသို့ ဆုတ်ခွာသွားရန် ဖိအားပေးခံခဲ့ရသည်။
ထောင်စုနှစ်များကြာပြီးနောက် နတ်မိစ္ဆာမင်းဆက်သည်လည်း လူသားများ၏ မယိမ်းယိုင်သော သန္နိဋ္ဌာန်အောက်တွင် ပြိုလဲသွားပြီး သူတို့၏အုပ်ချုပ်ရေး ပြိုပျက်ခဲ့ရသည်။
ထိုသို့သောအပြောင်းအလဲဖြစ်ပွားပြီးနောက် နတ်မိစ္ဆာသွေးနှောများဖြစ်သည့် နတ်သားရဲမျိုးနွယ်များက တောရိုင်းဒေသသို့ရောက်လာပြီး ခိုလှုံရာ ရှာဖွေခဲ့ကြသည်။
နတ်သူငယ်များက နတ်မိစ္ဆာများအပေါ် မငြိမ်းသောမီးတောက်ပမာ အမုန်းတရားများ တောက်လောင်နေဆဲဖြစ်လေရာ ၊ ထိုအမုန်းတရားက နတ်သားရဲမျိုးနွယ်များဆီသို့ ပျံ့နှံ့သွားခဲ့သည်။
နတ်သူငယ်မျိုးနွယ်များက နတ်သားရဲမျိုးနွယ်များကိုပါ ပြင်းထန်စွာ မုန်းတီးခဲ့သည်။
နတ်သားရဲမျိုးနွယ်က သွေးနှောနတ်မိစ္ဆာများဖြစ်လေရာ နတ်သူငယ်များက သူတို့ကို ရန်သူ၏စက်ဆုပ်ဖွယ်သွေးကို သယ်ဆောင်ထားသူများအဖြစ် သဘောထားသည်။
ဤအမုန်းတရားက တောရိုင်းဒေသ၏ ရှားပါးသောရင်းမြစ်များအတွက် ပြင်းထန်သောရုန်းကန်မှုများနှင့် ပေါင်းစပ်လိုက်သည့်အခါ နတ်သူငယ်မျိုးနွယ်နှင့် နတ်သားရဲမျိုးနွယ်များကြား ရန်ငြိုးဖွဲ့မှုက တောမီးပမာ တောက်လောင်ပျံ့နှံ့သွားတော့သည်။
သူတို့၏ကံကြမ္မာက ရေနှင့်မီးပမာ မဖြစ်မနေ ဆန့်ကျင်ဘက်ဖြစ်သွားရသည်။
တောရိုင်းဒေသဆိုသည်က နတ်သူငယ်မျိုးနွယ်များအတွက် သန့်ရှင်းသောနယ်မြေဖြစ်သည်။ ဤနယ်မြေတွင် သဘာဝတရားက နတ်သူငယ်များကို ကူညီပေးထားပြီး အင်အားကြီးအုပ်စိုးသူများဖြစ်လာစေရန် အပ်နှင်းထားသည်။
နတ်သူငယ်များဘက်မှ မြေမျက်နှာသွင်ပြင် အားသာချက်ရှိသည်ဖြစ်ရာ နတ်သားရဲမျိုးနွယ်များမှာ နတ်သူငယ်များကို ရင်ဆိုင်နိုင်ခြင်းမရှိခဲ့ပေ။
နတ်သားရဲမျိုးနွယ်၏စွမ်းအားမှာလည်း နတ်မိစ္ဆာများ၏ အရိပ်မျှသာဖြစ်လေရာ နတ်သူငယ်များ၏ဖိနှိပ်ခြင်းကို အလွန်အမင်း ခံစားခဲ့ကြရသည်။
နတ်သားရဲမျိုးနွယ်များအတွက်တော့န တ်သူငယ်များက ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာကောင်းလှသည်။
မျိုးနွယ်စု (၂)ခု၏ စစ်မီးက ထောင်စုနှစ်တစ်ခုကျော်ကြာ ပြင်းထန်စွာတောက်လောက်ခဲ့ပြီး နောက်ဆုံးမှာတော့ နတ်သားရဲမျိုးနွယ်များမှာ မီးပွားတစ်ခုပမာ မှိန်ဖျော့သွားရသည်။
တစ်ချိန်က သန်းနှင့်ချီပြီးရှိခဲ့သော နတ်သားရဲမျိုးနွယ်များမှာ ယခုတော့ အနည်းငယ်သာလျှင် ကျန်ရစ်တော့သည်။ အင်အားကျဆင်းသွားသဖြင့် နတ်သားရဲမျိုးနွယ်များက နတ်သူငယ်များကို ဆန့်ကျင်နိုင်စွမ်း မရှိတော့ပေ။
နောက်ဆုံး နတ်သားရဲများမှာ တောရိုင်းဒေသ ဗဟိုမှ နှင်ထုတ်ခံလိုက်ရပြီး အန္တရယ်များသည့် အစွန်အဖျားနယ်မြေများတွင် အသက်ရှင်ရန်အတွက် အပြင်းအထန် ရုန်းကန်ခဲ့ကြရသည်။
သူတို့၏ ဂုဏ်ကျက်သရေသည်လည်း လေထဲတွင်လွင့်ပြယ်သွားရလေသည်။
နတ်သူငယ်မျိုးနွယ်များက နတ်သားရဲမျိုးနွယ်များကို အမြစ်ပြတ်လိုက်လံသုတ်သင်ခြင်းမရှိသော်လည်း လူသိရှင်ကြားဖြစ်စေ ၊ လျှို့ဝှက်၍ဖြစ်စေ ဖိနှိပ်ညှင်းပန်းရန် မဆုတ်မနစ် ကြိုးစားခဲ့သည်။
နောက်ဆုံး နတ်သားရဲမျိုးနွယ်များမှာ ဖိနှိပ်ခံရလွန်းသဖြင့် တောရိုင်းဒေသ လူမျိုးစုတစ်ရာတွင် အင်အားအနည်းဆုံးဖြစ်ခဲ့ရသည်။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာ၏ အိမ်ဖြည့်အဆင့်မျှသာရှိသော အဆင့်နိမ့်မျိုးနွယ်စုတစ်ခုဖြစ်သည့် ချီတိမျိုးနွယ်စုသည်ပင် နတ်သားရဲမျိုးနွယ်များကို အနိုင်ယူသည်အထိ အားနည်းသွားရသည်။
သို့သော် နတ်သားရဲမျိုးနွယ် နေဝင်လုနီးပါးဖြစ်ချိန်တွင် မော့ဖေးနှင့် မော့ယွဲ့ဆိုသော မောင်နှမ(၂)ယောက် ထွက်ပေါ်လာခဲ့သည်။
သူတို့က နတ်သားရဲမျိုးနွယ်ခေါင်းဆောင်၏ မျိုးဆက်များ ဖြစ်ကြ၏။
“မော့ယွဲ့” ဆိုသောအမည်ကို နတ်သားရဲမျိုးနွယ်စု၏ မဟာနတ်ဆရာကြီးက ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုနာမည်က လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နက်နေသည်။
ထျန်းယွမ်ကုန်းမြေတွင် “လ” မရှိသည်ဖြစ်ရာ “လမင်း” ဟု အဓိပ္ပါယ်ရသည့် “ယွဲ့” ဆိုသောအမည်၏ စစ်မှန်သော အဓိပ္ပါယ်ကို မည်သူမျှ နားမလည်နိုင်ခဲ့ပေ။
မဟာနတ်ဆရာက ထိုနာမည်က နတ်ဘုရားများ၏ ဗျာဒိတ် ၊ ဘိုးဘေးများ၏ သန့်စင်သောဝိညာဉ်မှပေးအပ်သောလက်ဆောင်ဟု ကြွေးကြော်ခဲ့သည်။
ထို့ကြောင့် နတ်သားရဲမျိုးနွယ်များက မော့ယွဲ့ကို မိုးကောင်းကင်မှချီးမြှင့်သူ “သူတော်စင်မ” အဖြစ် ချီးကျူးဂုဏ်ပြုကြသည်။
သူတို့၏ အမှောင်မိုက်ဆုံးအချိန်တွင် မျှော်လင့်ချက်မီးရှူးတန်ဆောင်အဖြစ် သတ်မှတ်ခဲ့ကြသည်။
မျိုးနွယ်စုတစ်ခုလုံးက သူမကို အလွန်အမင်း တန်ဖိုးထားချစ်ခင်ကာ ကောင်းကင်ထက်မှဆင်းသက်လာသည့် ကြယ်တစ်စင်းသဖွယ် သဘောထားကြသည်။
သူတို့၏ အပယ်ခံ ၊ အစွန့်ပစ်ခံဘဝကို လမ်းပြနိုင်မည်ဟုယူဆပြီး သူမကို ရိုသေလေးစားစွာ ဆက်ဆံကြသည်။
လွန်ခဲ့သောလအနည်းငယ်က နတ်သားရဲမျိုးနွယ်များ အခြေချနေထိုင်ရာသို့ ချီတိမျိုးနွယ်စုရောက်ရှိလာပြီး မတရားအင်အားသုံး တိုက်ခိုက်ခဲ့သည်။
နတ်သားရဲမျိုးနွယ်ခေါင်းဆောင်နှင့်အတူ မဟာနတ်ဆရာကြီးနှင့်ထိပ်တန်းစစ်သည်များက ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြသော်လည်း အဆုံးသတ်မှာတော့ ကျရှုံးခဲ့ရသည်။
မော့ဖေးက ညီမဖြစ်သူ မော့ယွဲ့ကို ကာကွယ်ရန်အတွက် သူ၏လူမျိုးစုမှ ကျန်ရစ်သူများကို လက်နက်ချရန် ရွေးချယ်စရာမရှိ အမိန့်ပေးခဲ့ရသည်။
ထိုသို့ဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့ကြသော နတ်သားရဲမျိုးနွယ်များမှာ ချီတိမျိုးနွယ်စုလက်အောက်တွင် သံကြိုးများဖြင့် ချုပ်နှောင်ခံရသည့် သုံ့ပန်းများအဖြစ် ပြောင်းလဲသွားကြရသည်။
တစ်ချိန်က နတ်သားရဲမျိုးနွယ်များက သန်းပေါင်းများစွာရှိခဲ့သော်လည်း ယခုတော့ လူ(၂၀၀)မျှသာကျန်တော့သည့် သနားစရာမျိုးနွယ်စုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူတို့၏ ဂုဏ်သိက္ခာသည်လည်း အရိပ်တစ်ခုမျှသာ ကျန်ရစ်တော့သည်။
သူတို့၏ ခမ်းနားသောသမိုင်းသည် မှတ်တမ်းများထဲတွင်သာကျန်ရစ်ခဲ့ပြီး ယခုတော့ သွေးမျက်ရည်ကျရသည့်ဇာတ်လမ်းတစ်ပုဒ်အဖြစ် စိတ်ပျက်ခြင်းနှင့် ရှုံးနိမ့်ခြင်းများသာ ပြည့်နက်နေခဲ့သည်။
နတ်သားရဲမျိုးနွယ်များက နတ်မိစ္ဆာမျိုးနွယ်၏သွေးကို ဆက်ခံသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏စွမ်းအားများကလည်း နတ်မိစ္ဆာများကဲ့သို့ပင် မတူကွဲပြားကြသည်။
မော့ဖေးနှင့် မော့ယွဲ့တို့မောင်နှမ၏ အဆက်အနွယ်က နတ်မိစ္ဆာမျိုးနွယ်များ၏ သွေးမျိုးဆက်ကို အကောင်းဆုံးဆက်ခံထားနိုင်သော မျိုးဆက်ဖြစ်ပြီး နတ်သားရဲမျိုးနွယ်စု၏ တရားဝင်ခေါင်းဆောင်များအဖြစ် သရဖူဆောင်းထားသူများ ဖြစ်၏။
အထူးသဖြင့် မော့ဖေးက ပြိုင်ဘက်ကင်းသောစွမ်းအားဖြင့် ကောင်းချီးပေးခံရသူဖြစ်သည်။ ဤသည်မှာ သူ၏သွေးထဲတွင် စီးဆင်းနေသည့် နတ်မိစ္ဆာသွေး၏ လက်ဆောင်တစ်ခု ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထက်တွင် ရှုပ်ထွေးသောသေင်္ကတများ ရေးထိုးထားလေသည်။
အပြင်လူများအနေဖြင့် သာမန်တက်တူးများဟု ထင်စရာရှိသော်လည်း ၊ အမှန်တော့ ထိုအရာများက မွေးရာပါ နတ်မိစ္ဆာသင်္ကေတများ ဖြစ်သည်။
ထိုသင်္ကေတများက ထူးခြားသောစွမ်းအားရှိပြီး အလွန်လည်းလျှို့ဝှက်ဆန်းကြယ်သည်။
မော့ဖေး၏ သွေးစွမ်းအားနှင့် ချီစွမ်းအား အထွတ်ထိပ်ရောက်ရှိသွားသည်နှင့် ထိုနတ်မိစ္ဆာသင်္ကေများမှ နက်မှောင်သည့်မြူခိုးများထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား ထိခိုက်မှုမရှိစေရန် သံချပ်ကာတစ်ခုပမာ ပြောင်းလဲသွားလေ့ရှိသည်။
မော့ဖေး၏ မိုးကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သောစွမ်းအားနှင့် နတ်မိစ္ဆာသံချပ်ကာ ပေါင်းစပ်လိုက်သည့်အခါ ဒြပ်စင်စွမ်းအားကျင့်ကြံသူများကိုပင် စိန်ခေါ်နိုင်သူတစ်ယောက်ဖြစ်လာသည်။
ဤသည်က မိုးကောင်းကင်ကိုပင်တွန်းလှန်နိုင်သော အောင်မြင်မှုတစ်ခုပင်။
မော့ဖေး၏ထူးခြားသောပါရမီက နတ်သားရဲများအတွက် ရှားပါးသောအရာတစ်ခုဖြစ်ပြီး မှေးမှိန်သွားသော မျိုးနွယ်စုတစ်ခု၏ မီးပွားတစ်ခုပမာ ဖြစ်လာခဲ့သည်။
မိုးကောင်းကင်မှ ကောင်းချီးပေးခံရသော သူတော်စင်မ’မော့ယွဲ့’ ကတော့ သူမ၏အစ်ကိုနှင့် လားလားမျှမတူပေ။
သူမတွင် မည်သည့်မွေးရာပါစွမ်းရည်မှမရှိသလို ကြီးမားသည့်ခွန်အားလည်းမရှိပေ။
သူမ မွေးဖွားလာကတည်းက အားနည်သူဖြစ်ပြီး ရောဂါများစွာခံစားခဲ့ရသည်။ သူမက ကျန်းမာသော သာမန်လူများထက်ပင် အားနည်းပြီး လေပြင်းထဲမှ မိုးမခပင်ပမာ အလွန်နူးညံ့သိမ်မွေ့လှသည်။
သူမ အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကို မည်သူမှနားမလည်ခဲ့ကြပေ။ မဟာနတ်ဆရာကြီးပင်လျှင် ဤသို့ဖြစ်ရသည့်အကြောင်းရင်းကို မဖော်ထုတ်နိုင်ခဲ့ပေ။
သို့သော် မိုးကောင်းကင်က မော့ယွဲ့အား ကြယ်စင်များပမာ တောက်ပသောဉာဏ်ရည်ကို ပေးအပ်ခဲ့သည်။
သူမ၏ ဉာဏ်ပညာကို မည်သူမှမယှဉ်နိုင်ကြပေ။ သူမ၏ မှတ်ဉာဏ် ၊ အသိပညာကြွယ်ဝမှုက ကြီးမားလှသလို သူမ၏စိတ်ဓာတ်ကလည်း ထက်မြက်ပြီး ယိမ်းယိုင်ခြင်းကင်းမဲ့သည်။
သူမသာ ထူးချွန်ထက်မြက်သော ဉာဏ်ရည်မရှိလျှင် တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာအကြောင်းကို ခုန်မင်ကို ပြောပြနိုင်မည် မဟုတ်ပေ။
ခုန်မင်သည်လည်း မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြည့်ပြည့်ဝဝ သိရှိခွင့်ရမည် မဟုတ်ပေ။
ထျန်းယွမ်ကုန်းမြေက လူသားတို့ နားလည်နိုင်စွမ်းထက်ကျော်လွန်သည့် နယ်မြေတစ်ခုဖြစ်သည်။ အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး စိတ်ကူးယဉ်စရာများဖြင့် လွှမ်းမိုးထားသည်။
လျန်ကျိုးပြည်နယ်တစ်ခုတည်းသည်ပင် တရုတ်ပြည်တစ်ပြည်လုံးအကျယ်အဝန်းထက် အဆပေါင်းများစွာ ကြီးမားသည်။
ထို့ကြောင့် တောရိုင်းဒေသဆိုသည်က ထျန်းယွမ်ကုန်းမြေ ပန်းချီကားထက်မှ အစက်အပျောက်ငယ်လေးတစ်ခုမျှသာ ဖြစ်သည်။
တောရိုင်းဒေသ မျိုနွယ်စုတစ်ရာဆိုသည်မှာလည်း ထျန်းယွမ်ကုန်းမြေ၏ခမ်းနားခြင်းနှင့်နှိုင်းယှဉ်လျှင် အလွန်သေးငယ်သည်ဖြစ်ရာ လူအများအာရုံစိုက်မှု ရရှိရန် ခက်ခဲသည်။
ဤမျိုးနွယ်စုများအကြောင်း စိတ်ဝင်တစား လေ့လာလိုသူများရှိကြသော်လည်း အမှန်တရားသို့သွားရာလမ်းကြောင်း အနည်းငယ်သာရှိပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းထားသည်။
ယခု ခုန်မင်က မော့ယွဲ့ဖြင့် ဆုံတွေ့ခဲ့သည်ဖြစ်ရာ ၊ ဤမိန်းကလေးငယ်မှတစ်ဆင့် တောရိုင်းဒေသအကြောင်း အမှန်တရားကိုသိရှိနိုင်မည့် သဲလွန်စတစ်ခု ဖွင့်လှစ်နိုင်ခဲ့သည်။
နတ်သူငယ်မျိုးနွယ် ၊ နတ်မိစ္ဆာမျိုးနွယ် ၊ နတ်သားရဲမျိုးနွယ်...။
ရှေးခေတ် သမိုင်းမတင်မီကာလ ယဉ်ကျေးမှုတစ်ခုချင်းစီသည် ဂုဏ်အသရေများ ၊ ပျက်သုဉ်းမှုများဖြင့် ရက်လုပ်ထားသော ချည်ထည်တစ်ခုပမာ ဖြစ်သည်။
လူသားမျိုးနွယ်များ ကျွန်ပြုခံရခြင်း ၊ ကျွန်ဘဝ ပြာပုံထဲမှရုန်းထလာပြီး လောကကို အုပ်ချုပ်သိမ်းပိုက်ခြင်း __ အစရှိသောဇာတ်လမ်းများသည် အရိပ်ထဲတွင် ဖုံးကွယ်ထားခြင်းခံရပြီး လူသားတို့၏သမိုင်းမှတ်တမ်းတွင် ရေးမှတ်ထားခြင်း မရှိပေ။
တစ်ချိန်က နတ်မိစ္ဆာများထံ ကျွန်ပြုခံခဲ့ရသည်ဆိုသောအမှန်တရားက လူသားများအတွက် အရှက်ရစရာကိစ္စတစ်ခုဖြစ်သဖြင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်၏။
လက်ရှီကာလမှာတော့ အတိတ်တစ်ချိန်က လူသားများ ကျွန်ပြုခံခဲ့ရသည်ဆိုခြင်းမှာ လျှို့ဝှက်ချက်တစ်ခုသာဖြစ်ခဲ့ပြီး မည်သူမှ မသိရှိကြတော့ပေ။
ခုန်မင် ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။
သူ၏စိတ်အစဉ်က အံ့အားသင့်မှုများဖြင့် လှုပ်ရှားနေပြီး...
“အမှန်ပဲ ၊ ဒီကမ္ဘာက ငါတွေးတောကြည့်နိုင်တာထက် အဆပေါင်းများစွာ ပိုပြီးနက်နဲရှုပ်ထွေးတယ်”
ဟု တွေးလိုက်မိလေသည်။