← Chapters

စကားစမြည်

Vol. 3 Ch. 41

စကားစမြည်

Vol. 3 Ch. 41

ခုန်မင်နှင့် မော့ယွဲ့တို့ တစ်လမ်းလုံး စကားပြောလာကြသည်။

မော့ယွဲ့၏စကားများမှတစ်ဆင့် ခုန်မင်က လျှို့ဝှက်ထားသော အမှန်တရားများစွာကိုသိရှိခဲ့သည်။

ထို့ပြင် စကားတစ်ခွန်းချင်းစီတိုင်းက သူတို့နှစ်ယောက်၏နှလုံးသားများကို ပိုမိုနီးကပ်စေခဲ့ပြီး အတားအဆီးများကို ဖယ်ရှားပေးခဲ့သည်။

မော့ယွဲ့အတွက်တော့ ခုန်အိမ်တော်မှသခင်လေးက ထူးခြားသည့်ပုံရိပ်တစ်ခုဖြစ်သည်။

ချဉ်းကပ်ရလွယ်ကူပြီး မာနထောင်လွှားခြင်းလည်းမရှိပေ။ သူ၏ အပြုအမူအပြောအဆိုများက နွေဦးလေပြေပမာ နူးညံ့သိမ်မွေ့လွန်းသည်။

အဆင့်အတန်းချင်းမတူသည့်တိုင် သခင်လေး၏ရှေ့တွင် ဖိနှိပ်မှု ၊ ဖိစီးမှုများကို မခံစားရဘဲ သက်သောင့်သက်သာ ခံစားရသည်။

မကြာမီ မြင်းရထားက ခုန်အိမ်တော်တံခါးဝတွင် ရပ်တန့်သွားသည်။

အိမ်တော်ထိန်းက အလျှင်အမြန်ထွက်လာပြီး ခုန်မင်ကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး အစီအရင်ခံလိုက်သည်။

“သခင်လေး... ချီတိမျိုးနွယ်စုကလူတွေရောက်လာပြီး ကျွန်တွေလာပို့သွားပါတယ် ၊ သူတို့က ဒုတိယသခင်လေးဝယ်ထားလို့ လာပို့တာပါလို့ ပြောတယ် ၊ ကျွန်တော်တို့က သခင်လေးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြတာပါ”

ခုန်မင်က အနည်းငယ်ခေါင်းညိတ်လိုက်သည်။

သူက တည်ငြိမ်သော်လည်း ပြတ်သားသည့်အမူအရာဖြင့်...

“သူတို့ပြောတဲ့အတိုင်း မှန်တယ်”

ဟု အတည်ပြုလိုက်၏။

“ဘဏ္ဍာထိန်းကို ငွေပေးချေဖို့ ညွှန်ကြားလိုက်ပါ ၊ ဒီ တောရိုင်းဒေသမျိုးနွယ်စုတွေအပေါ် အမြတ်မထုတ်ပါစေနဲ့ ၊ နောက်ဆို ချီတိမျိုးနွယ်စုက ငါတို့နဲ့ အရောင်းအဝယ်ထပ်လုပ်ချင်တယ်ဆိုရင် သူတို့အဆင်ပြေသလို ညှိနှိုင်းခွင့်ပေးလိုက်ပါ”

ခုန်မင်က အသက်အရွယ်ငယ်သော်လည်း ခုန်အိမ်တော်တွင် သြဇာကြီးမားသည်။

ဖခင်ဖြစ်သူ’ခုန်ကျွင်း’ ပြီးလျှင် ခုန်မင်က ဒုတိယသြဇာအရှိဆုံးဖြစ်ပြီး သူ့စကားက မည်သူမှမေးခွန်းပြန်မထုတ်ဝံ့သော အမိန့်တစ်ခု ဖြစ်သည်။

အိမ်တော်ထိန်းက အလွန်အမင်းရိုသေလေးစားဟန်ဖြင့် ဦးညွှတ်အရိုအသေပေးလိုက်ပြီး ခုန်မင်ပြောသည့်အတိုင်း အကောင်အထည်ဖော်ရန် ထွက်ခွာသွားသည်။

အသေးစိတ်တစ်ချက်မှ လွဲချော်ခြင်းမရှိကြပေ။

ခုန်မင်ကတော့ မော့မျိုးနွယ်မောင်နှမကို သူ၏ကိုယ်ပိုင်နေအိမ်ရှိရာ ခြံဝင်းဆီသို့ခေါ်ဆောင်လာခဲ့သည်။

သူက ထိုမောင်နှမအပေါ် နွေးထွေးရိုးသားမှုဖြင့်စကားဆိုလိုက်၏။

“ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် ငါ့အနားမှာ အမှုထမ်းရမယ် ၊ ဒီအိမ်တော်မှာ ပင်မအခန်းက ငါနေတဲ့အခန်းပဲ ၊ ကျန်တဲ့အခန်းတွေက လွတ်နေတယ် ၊ မင်းတို့စိတ်ကြိုက်ရွေးပြီးနေရာယူကြပါ ၊ သက်သောင့်သက်သာ အနားယူကြပါ”

ထိုစကားကြားတော့ မော့မောင်နှမ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှလုံးသားများက ပြောမထွက်သောမေးခွန်းများဖြင့် လှုပ်ရှားလို့နေသည်။

နောက်ဆုံးမှာတော့ မော့ဖေးက ရိုသေလေးစားသောအမူအရာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ကျုပ် အတင့်ရဲပြီးမေးပါရစေ ဒုတိယသခင်လေး ၊ ကျုပ်တို့ နတ်သားရဲမျိုးနွယ်တွေက လူ(၂၀၀)ကျော် ရှိပါတယ် ၊ သခင်လေး သူတို့အတွက် ဘယ်လိုစီစဉ်မလဲဆိုတာ သိချင်မိပါတယ်”

မော့ဖေးမေးသည်ကိုကြားတော့ ခုန်မင်နှုန်ခမ်းများက နူးညံ့သောအပြုံးတစ်ခုဖြင့် ကွေးညွှတ်သွားပြီး မျက်ဝန်းများကလည်း ရိုးသားမှုဖြင့် တောက်ပလာသည်။

“ဟုတ်ပြီ ၊ ငါ ရှင်းအောင်ပြောပြမယ်”

သူက ဆက်ပြောပြသည်။

“ငါက မင်းတို့မောင်နှမအတွက် နတ်သားရဲမျိုးနွယ်တစ်ခုလုံးကို ဝယ်လိုက်တာ ၊ မင်းတို့ကို စိတ်မပူပန်စေချင်လို့ပါ ၊ စိတ်ချပါ... ခုန်အိမ်တော်က သူတို့အားလုံးကို မျှမျှတတ ဆက်ဆံမှာပါ ၊ သက်ကြီးရွယ်အိုတွေ ၊ အားနည်းတဲ့သူတွေ ၊ မိန်းကလေးတွေနဲ့ကလေးတွေက အိမ်တော်ရဲ့နေ့စဉ်လိုအပ်ချက်တွေကိုကူညီပြီး အမှုထမ်းလို့ရတယ် ၊ ဉာဏ်ရည်ထက်မြက်ပြီး သွက်လက်တဲ့သသူတွေက ခုန်အိမ်တော်ရဲ့ ကျယ်ပြန့်တဲ့စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်အကိုင်ရနိုင်တယ် ၊ သန်မာပြီးစွမ်းအားကြီးတဲ့သူတွေကိုတော့ အစ်ကိုမော့ဖေးကတာဝန်ယူပြီး အုပ်စုတစ်ခုဖွဲ့လိုက်ပါ ၊ သူတို့က ငါ့အနားမှာအမှုထမ်းမယ့် ငါ့ရဲ့သစ္စာခံတပ်ဖွဲ့ဖြစ်လာလိမ့်မယ်”

ထိုစကားများကိုကြားတော့မှ မော့မောင်နှမ မျက်နှာများဝင်းလက်သွားကြပြီး ထိန်းချုပ်မရနိုင်စွာ ပျော်ရွှင်သွားကြသည်။

သူတို့က ချက်ချင်းပင်ဒူးထောက်လိုက်ကြသည်။

“သခင်လေးရဲ့ အဆုံးမရှိတဲ့ကျေးဇူးကို ကျုပ်တို့ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ပါဘူး ၊ ဒီနေ့ကစပြီး ကျုပ်တို့မောင်နှမ သခင်လေးအတွက် အသက်ပေးပြီးတာဝန်ထမ်းဆောင်ပါ့မယ်”

မော့ဖေးက ခိုင်မာစွာ ပြောလိုက်သည်။

ခုန်မင်က နတ်သားရဲမျိုးနွယ်များကို ဝယ်ယူလိုက်သော်လည်း ကျွန်ပြုမည့်အစီအစဉ်မရှိဘဲ အဆင်ပြေသလို အလုပ်စေခိုင်းသွားရန်သာ စီစဉ်ထားသည်မဟုတ်ပါလား။

ထို့ပြင် မျိုးနွယ်စုအတွက် ရိုးရှင်းသည့်အသက်မွေးလမ်းကြောင်းများကို ပေးအပ်ပြီး ဂုဏ်သိက္ခာဖြင့်ရပ်တည်နိုင်သည့် အခွင့်အရေးတစ်ခု ပေးအပ်ခဲ့သည်။

နတ်သားရဲမျိုးနွယ်မှ ကျန်ရစ်သူများအတွက် ဤသည်က အံ့သြဖွယ်ရာတစ်ခုသာမက မြို့ပြဘဝထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်နိုင်မည့် ရှားပါးအခွင့်အရေးလည်း ဖြစ်သည်။

တောရိုင်းဒေသတွင် နေ့စဉ် သေမင်းနှင့်ကခုန်နေရသော ကြောက်ရွံ့မှုများနှင့်နှိုင်းယှဉ်လျှင် ခုန်အိမ်တော်တွင် နေထိုင်ရသောကံကြမ္မာက မရေမတွက်နိုင်သော ကောင်းချီးတစ်ခုဖြစ်သည်။

နတ်သားရဲမျိုးနွယ်များက ပျက်ဆီးမှုအစွန်းတစ်ဖက်တွင် ယိမ်းယိုင်နေခဲ့ပြီး သူတို့၏အမွေအနှစ်များသည်လည်း ပျက်သုဉ်းလုနီးပါး ဖြစ်နေပေပြီ။

သို့သော် ခုန်မင်နှင့်တွေ့ဆုံခြင်းက သူတို့အတွက် ကံကြမ္မာစက်ဝန်းတစ်ပတ်လည်ပြီး ကံကောင်းခြင်းများကို သယ်ဆောင်လာနိုင်ခဲ့သည်။

သူတို့မျိုးနွယ်စု လုံးဝပျက်ဆီးခြင်းမှသည် ပြန်လည်မွေးဖွားခြင်းအရုဏ်ဦးဆီသို့ ဦးတည်နိုင်ခဲ့သည်။

မော့မျိုးနွယ်မောင်နှမမှာ ကျေးဇူးတင်လွန်းသဖြင့် မျက်ဝန်းများထက် မျက်ရည်များပင်ပြည့်လျှံလာပြီး သူတို့နှလုံးသားထဲတွင် ခုန်မင်ကို နတ်ဘုရားတစ်ပါးပမာ ကိုးကွယ်လိုစိတ်များပင် ဖြစ်ပေါ်လာသည်။

ခုန်မင်က နူးညံ့သည့်အမူအရာဖြင့် ဒူးထောက်နေသည့်မောင်နှမ(၂)ယောက်ကို အသာအယာ ပင့်ထူပေးလိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။ သူ၏အပြုံးက အရုဏ်ဦးနေရောင်ခြည်ပမာ နွေးထွေးလွန်းသည်။

သူက ပေါ့ပါးစွာဖြင့်...

“မင်းတို့ ငါ့အနာမှာ အမှုထမ်းရုံပါပဲ”

သူက ဆက်ပြောလိုက်သည်။

“အသက်ပေးပြီးတာဝန်ထမ်းဆောင်မယ်လို့ ပြောစရာမလိုပါဘူး ၊ ငါ့အနားမှာ ဒီလောက်အန္တရယ်များတဲ့ကိစ္စတွေရှိမယ်လို့ ထင်လို့လား”

သူ့စကားသံထဲတွင် နောက်ပြောင်သည့်အငွေ့အသက်များပါဝင်နေလေရာ မော့မျိုနွယ်မောင်နှမ(၂)ယောက်သည်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။

ထိုခဏမှာပင် သူတို့၏စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းသည့်ချည်နှောင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူတို့နှလုံးသားထဲတွင် ခုန်မင်ကို လက်ခံသွားခဲ့ပြီး ဤသို့သောအရှင်သခင်ထံတွင် အမှုထမ်းခြင်းက မိုးကောင်းကင်မှပေးအပ်သည့် အခွင့်ထူးပင်ဖြစ်ကြောင်း ယုံကြည်လိုက်ကြ၏။

ခုန်မင်ကတော့ မော့မောင်နှမ၏ သစ္စာစောင့်သိမှုကို သံသယမရှိခဲ့ပေ။

ခုန်မင်၏ဉာဏ်ရည်က ကြယ်စင်ပမာထက်မြက်ပြီး အခြားသူများ၏စိတ်သဘောကို ကျွမ်းကျင်စွာနားလည်နိုင်စွမ်းရှိသည်။ အခြားသူများ၏စိတ်နှလုံးကို သူ့ဘက်သို့စည်းရုံးရန် မည်သို့ချုပ်နှောင်ရမည်ကို သိရှိသည်။

ဥပမာ - မော့ဖေး၏နှလုံးသားကို ချုပ်နှောင်ရင် ရိုးသားဖြူစင်ခြင်းကို အသုံးပြုရမည်ဖြစ်၏။

မော့ဖေးက သူ့ကို ယုံကြည်ထိုက်သူဟု သတ်မှတ်လိုက်သည်နှင့် ရင်းနှီးသောမိတ်ဆွေ ၊ သစ္စာရှိသောငယ်သား ၊ ချည်နှောင်ထားသော ညီရင်းအစ်ကိုတစ်ယောက်ပမာ သူ့အမိန့်ကို နာခံပေလိမ့်မည်။

ခုန်မင်က ထက်ရှသောမျက်ဝန်းများဖြင့် မော့ဖေးကို စူးစမ်းသလို အကဲခတ်လိုက်သည်။

ဤလူငယ်စစ်သည်တော်၏ ခန္ဓာကိုယ်က အလွန်အံ့သြစရာကောင်းပြီး မည်သူမှမယှဉ်နိုင်သော စွမ်းအားကြီးမားမှုကို ပြသထားသည်။

သုံးပြည်ထောင်ခေတ် ရန်သူတစ်သာင်းကို ရင်ဆိုင်နိုင်စွမ်းရှိသော စစ်သည်တော်များဖြစ်သည့် ကွမ်းယွီ ၊ ကျန်းဖေးနှင့် ကျောက်ယွင်တို့ပင်လျှင် မော့ဖေး၏ ထူးခြားသောစွမ်းအားနှင့်နှိုင်းယှဉ်လျှင် မှေးမှိန်သွားမည် ဖြစ်သည်။

ဤကဲ့သို့ မိုးကောင်းကင်၏ကောင်းချီးခံစားရသော ခန္ဓာကိုယ်ဖွဲ့စည်းမှုဖြင့်ဆိုလျှင် မော့ဖေးအနေဖြင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်ကို ကျင့်ကြံနိုင်မည်လား မဆိုနိုင်ပေ။

ခုန်မင် စိတ်ထဲမှ တိတ်ဆိတ်စွာတွက်ချက်လိုက်ပြီး သူ၏အတွေးများက ဖြစ်နိုင်ခြေများကို ခန့်မှန်းနေသည်။

နောက်ဆုံးမှာတော့ မော့ဖေး၏အလားအလာကိုစမ်းသပ်ရန်အတွက် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်၏ နိဒါန်းပိုင်း ကျင့်စဉ်များကို သူ့အားသင်ပြပေးရန် ဆုံးဖြတ်လိုက်သည်။

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်က သာမန်ပညာတစ်ခု မဟုတ်ပေ။ ထိုပညာရပ်က နတ်မျိုးနွယ်ကျင့်စဉ် ထိပ်တန်းပညာရပ်တစ်ခုဖြစ်ပြီး ရုပ်ခန္ဓာသန့်စင်ရာတွင် ထူးခြားသော ကျင့်စဉ်တစ်ခုဖြစ်သည်။

အဆင့်တစ်ခုချင်းစီးကို ကျွမ်းကျင်လာသည်နှင့်အမျှ ကျင့်ကြံသူ၏အသွေးအသားများက နက်ရှိုင်းသောအသွင်ပြောင်းမှုကိုခံယူပြီး မယိမ်းယိုင်စွာ သန်မာလာသည်။

ထူးခြားသော မွေးရာပါ ရုပ်ခန္ဓာဖွဲ့စည်းမှုရှိသူများအတွက် ဤကျင့်စဉ်က အမြင့်ဆုံးကျင့်စဉ်တစ်ခုဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များကို ပြိုင်ဘက်ကင်းစွမ်းအားများရရှိလာစေရန် ကောင်းကင်မီးပြင်းဖိုပမာ သွန်းလုပ်ပေးသည်။

သုံးပြည်ထောင်ခေတ်တွင် ခုန်မင်၏ရုပ်ခန္ဓာက ထိုကျင့်စဉ်ကိုကျင့်ကြံရန်မသင့်တော်သဖြင့် နတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် သူက ဤလျှို့ဝှက်ကျင့်စဉ်ကို ကွမ်းယွီ ၊ ကျန်းဖေးနှင့် အခြားသူများထံ လွှဲပြောင်းပေးခဲ့ပြီး ကျင့်ကြံရန် အခွင့်အရေးပေးခဲ့သည်။

သူတို့၏စွမ်းရည်များက တတိယအဆင့်အောက်သာ ကန့်သတ်ထားသည့်တိုင် သူတို့၏ရုပ်ခန္ဓာများ မြင့်မားစွာပြောင်းလဲသွားကြပြီး ပြိုင်ဘက်ကင်းစစ်သူရဲများ ဖြစ်လာခဲ့ကြသည်။

ဤသို့ နတ်မျိုးနွယ်ကျင့်စဉ်ဖြင့် ပြုပြင်နိုင်ခြင်းမရှိခဲ့လျှင် ထိုဒဏ္ဍာရီဆန်သော စစ်သူကြီးများမှာ စစ်မြေပြင်တွင် နတ်ဘုရားများသဖွယ် အောင်မြင်မှုများ ဖန်တီးနိုင်မည် မဟုတ်သလို သူတို့အမည်များသည်လည်း သမိုင်းထဲတွင် ထာဝရထင်ကျန်ရစ်မည် မဟုတ်ပေ။

မော့ဖေး၏ ထူးခြားသော ရုပ်ခန္ဓာနှင့် မွေးရာပါ ပါရမီတို့က အလားအလာညီမျှသည်ဖြစ်ရာ တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံမည်ဆိုပါက သေချာပေါက် သူ့ကိုယ်ထဲတွင် နတ်ဘုရားစွမ်းအား ပေါက်ဖွားလာနိုင်သည်။

အကယ်၍ သူသည်လည်း သုံးပြည်ထောင်ခေတ်မှ ကွမ်းယွီနှင့် ကျန်းဖေးတို့ကဲ့သို့ နတ်မျိုးနွယ်ကျင့်စဉ်၏ ကနဦးအဆင့်များကိုသာ ကျင့်ကြံနိုင်သည်ဆိုဦးတော့ မော့ဖေး၏ တိုက်ခိုက်မှုစွမ်းရည်က ထူးခြားစွာ တကြော့ပြန် တိုးတက်လာပေမည်။

ကျင့်ကြံသူများထဲတွင် တန်ခိုးစွမ်းအားကြီးမားသူများဖြစ်သော ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ကိုပင် စိန်ခေါ်နိုင်စွမ်း ရှိလာနိုင်၏။

သို့မဟုတ် မော့ဖေး၏အရည်အချင်းက သာမန်ထက်ကျော်လွန်ပြီး တိမ်လွှာလေပြင်း ရုပ်ခန္ဓာကျင့်စဉ်၏ ပိုမိုမြင့်မားသောအဆင့်များသို့ တက်လှမ်းနိုင်ခဲ့လျှင် သူ၏အလားအလာမှာ မိုးကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သောစွမ်းအားမျိုး ရရှိလာပေမည်။

သူ့အနေဖြင့် အဆုံးမရှိသော မိုးကုတ်စက်ဝိုင်းကို လင်းထိန်စေသည့် ကြယ်တစ်စင်းအလား တောက်ပနေပေလိမ့်မည်။

ရှေးခေတ်အချိန်က နတ်သားရဲမျိုးနွယ်များ ပြည်နှင်ဒဏ်ခံရပြီး သန့်စင်မှုမရှိသော အမှိုက်များအဖြစ် မထီမဲ့မြင်ပြုကာ အပြစ်တင်ခံခဲ့ရသည်။

သူတို့၏မွေးရာပါစွမ်းရည်များသည် သန့်စင်သော နတ်မိစ္ဆာမျိုးနွယ်များရှေ့တွင် မှေးမှိန်နေခဲ့ပြီး ဒြပ်စင်စွမ်းအားကိုလည်း ကျင့်ကြံနိုင်ခြင်းမရှိသဖြင့် စစ်မှန်သော ကျင့်စဉ်လမ်းမှ ဖယ်ကြဉ်ခံခဲ့ရသည်။

ထို့ကြောင့် သူတို့ထဲမှ ထူးချွန်သော ကျင့်ကြံသူများ တစ်ယောက်မှထွက်ပေါ်မလာသည်မှာ သဘာဝကျသည်ဟု ယူဆခံရပြီး ဂုဏ်သိက္ခာမရှိသူများအဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်။

ယခု သုံးပြည်ထောင်ခေတ်မှဆင်းသက်လာသည့် နတ်ဘုရားကျင့်စဉ်က သူတို့၏ ဆိုးရွားသည့်ကံကြမ္မာကို ပြန်လည်ရေးသားနိုင်ရန် ကူညီပေးနိုင်မည်လား။

သူတို့အနေဖြင့် မိုးကောင်းကင်ကိုအံတိုပြီး နတ်သားရဲမျိုးနွယ်အတွက် ကြီးကျယ်သော အမွေအနှစ်တစ်ခုကိုဖန်တီးပြီး မီးပွားပမာ တောက်လောင်နိုင်စေမည်လား။

ထို့ပြင် မော့ယွဲ့၏ အားနည်းသောခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလည်း ခုန်မင်စိတ်ထဲ တွေးတောနေခဲ့သည်။

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်က သူမအတွက် ကျင့်ကြံခြင်းစွမ်းအားကိုမပေးနိုင်လျှင်တောင်မှ အနည်းဆုံးတော့ သူမ၏ခန္ဓာကိုယ်ကိုသန်စွမ်းစေပြီး ကျန်းမာလာစေမည်လားဟု တွေးတောမိသည်။

အကျိုးအမြန်နှင့် ဘေးအန္တရယ်ကို ဂရုတစိုက်ချိန်ဆပြီးနောက် ခုန်မင်က မော့ဖေးကိုကြည့်ပြီး နွေးထွေးစွာပြုံးလိုက်သည်။

“အစ်ကိုမော့ဖေး ၊ မင်းက စျေးမြို့တော်မှာ ချီတိမျိုးနွယ်စုက လူ(၁၀)ယောက်ကျော်ကို မြေပြင်ပေါ် ပစ်ပေါက်လိုက်တာ မြင်ခဲ့ရတယ် ၊ မင်းရဲ့စွမ်းအားက အံ့မခန်းပါပဲ ၊ အခု အချိန်အားနေတော့ ငါတို့နှစ်ယောက် တစ်ပွဲလောက် လက်ရည်စမ်းကြည့်ရင်မကောင်းဘူးလား”

ခုန်မင်၏အသံတွင် စိန်ခေါ်မှုအနည်းငယ် ပါဝင်လို့နေသည်။

မော့ဖေးက ခေါင်းကိုကုတ်လျှက် သူ၏ကြမ်းတမ်းသောမျက်နှာထက် ရှက်ကိုးရှက်ကန်းအပြုံးတစ်ခု ဖြတ်သန်းသွားသည်။

သူက ရိုသေနှိမ့်ချဟန်ဖြင့်...

“သခင်လေး... ကျုပ်မှာ စွမ်းအားနည်းနည်းပါးပါးရှိပေမယ့် ကျုပ်တို့ နတ်သားရဲမျိုးနွယ်တွေရဲ့ မွေးရာပါဗီဇအရ ကျင့်ကြံနိုင်ခြင်း မရှိကြဘူး ၊ ကျုပ်က သခင်လေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

ခုန်မင်က မော့မျိုးနွယ်မောင်နှမရှေ့တွင် သူ၏အစွမ်းကို ပြသဖူးခြင်းမရှိသေးသော်လည်း နှောင်းပိုင်းဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏စွမ်းအားရောင်ဝါက ခမ်းနားစွာ ထွက်ပေါ်နေသည်ပင်။

တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးသော’မော့ဖေး’အတွက်တော့ ခုန်မင်ထံမှထွက်ပေါ်နေသည့် ဒြပ်စင်စွမ်းအားအတက်အကျကို သိသာစွာခံစားနိုင်ပြီး သူ၏ကျင့်ကြံခြင်းနက်ရှိုင်းမှုကို သဘောပေါက်နိုင်သည်။

မော့ဖေးက သူ့ကိုယ်သူနှိမ့်ချသော်လည်း ရဲရင့်ပြီး နားလည်လွယ်သူဖြစ်သည်။

သူ့အား မိုးကောင်းကင်မှအပ်နှင်းထားသော စွမ်းရည်နှင့် နတ်မိစ္ဆာသံချပ်ကာပေါင်းစည်းလိုက်လျှင် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အပြည့်အဝ ရင်ဆိုင်နိုင်စွမ်းရှိသည်။

ခုန်မင်က မေ့ဖေး သူ့ကိုယ်သူနှိမ့်ချနေသည်ကို ထိုးထွင်းသိမြင်ခဲ့သည်ပင်။

ထို့‌ကြောင့် သူက ရယ်မောရင်းပင် စနောက်လိုက်သည်။

“မော့ဖေး... မင်းက ဖြောင့်မတ်တဲ့စိတ်ရှိတဲ့သူပါ ၊ ဘာလို့ ဒီလို လှည့်စားတဲ့စကားတွေပြောနေရတာလဲ ၊ ဘာလဲ... မင်း ငါ့ကိုအနိုင်ယူမိရင် ငါက အငြိုးထားမှာစိုးလို့လား”

ထိုစကားကြားတော့ မော့ဖေး မျက်နှာကြီးနီသွားပြီး အခြားရွေးချယ်စရာမရှိသဖြင့် ခုန်မင်ကို ဦးညွှတ်ရင်း စိတ်ရင်းအတိုင်းသာ စကားဆိုလိုက်တော့သည်။

“ဒါဖြင့် သခင်လေး ကျုပ်ကို သင်ပြပေးဖို့ တောင်းဆိုပါတယ်”

All Chapters